အခန်း (၂၅)
Vol. 3 Ch. 25
မနေ့ညက မုန်တိုင်းကြောင့် မိုးများကနှင်းသစ်တော်ပန်းပွင့်ဖတ်များကို တိုက်ချသွားပြီး ငှက်ပျောသီးများကဲ့သို့ ပြန့်ကျဲနေကာ ပန်းပွင့်များမှာလည်း အပြင်ဖက်တွင် ပန်းရောင်သန်းနေတော့သည်။
ဘေးအိမ်ရှိ အဒေါ်တာ့ဖုမှာ မိုးရေများကို လှဲထုတ်နေပြီး နှင်းသစ်တော်ပင်ကလည်း လူများကို ဒုက္ခပေးသည်ဟုပြောဆိုနေကာ လမ်းမှတစ်ယောက်ယောက်ကိုခေါ်ပြီး အပင်ကိုခုတ်လှဲပစ်ချင်နေသည်။
လင်းယောင် တံမြက်စည်းအသေးလေးနှင့် ကူညီရန်ရောက်လာသည်။ “အဒေါ် အဲ့ပန်းတွေကို သုံးလို့ရတဲ့နည်းတွေ အများကြီးရှိတယ်။ တကယ်လို့ဖြစ်နိုင်ရင်ခုတ်မပစ်ပါနဲ့လား”
“ပန်းတွေက ပန်းတွေပဲလေ။ သူတို့က လှတာကလွဲပြီးဘာသုံးလို့ရလို့လဲ”
အဒေါ်တာ့ဖု အနည်းငယ် တွေးတွေးဆဆဖြစ်သွားသည်။
လင်းယောင်ရယ်ကာ သူမကိုတစ်ခုပြီး တစ်ခုပြောပြတော့သည်။ “များသောအားဖြင့်တော့ နှင်းသစ်တော်ပန်းပွင့်တွေကို စားလို့မရဘူး ။သူတို့ကို ရေထဲမှာစိမ် ဒါမှမဟုတ် ကောင်းတဲ့အပွင့်တွေကိုရွေးပြီးအဝတ်နဲ့ပတ်၊အရည်ညှစ်ပြီး သူတို့ကိုလက်သည်းနီအဖြစ်ဆိုးလို့ရတယ်။ ကျွန်မတို့ ဝန်းထဲမှာရှိတဲ့ပန်းပွင့်တွေကို နှင်းသစ်တော်ပန်းပွင့်တွေလို့ ခေါ်တယ်။ သူ့အရသာကဟော်သွန်းလိုပဲ။ ချိုပြီးတော့သကြားနဲ့ သကြားလုံးလိုလုပ်လို့ရတယ်။ နှင်းသစ်တော်အမြစ်နဲ့အသီးတွေကို တရုတ်တိုင်းရင်းဆေးမှာဆို အစာမကြေတာတို့ လိပ်ခေါင်းတို့ကိုကုဖို့သုံးတယ်”
နှင်းသစ်တော်သီးတွေကို လိပ်ခေါင်းကုဖို့အတွက် သုံးလို့ရတယ်လား။
အဒေါ်တာ့ဖု၏ မျက်လုံးများရုတ်တရက် အရောင်တောက်သွားသည်။
အဲ့ဒါမှန်တာလား မမှန်တာလား။ သူမ ခင်ပွန်းငယ်ငယ်တုန်းက အစပ်တွေ အများကြီးစားခဲ့သည်။ ရလာဒ်အနေနှင့် သူအသက်ကြီးလာတော့ လိပ်ခေါင်းရောဂါဖြစ်လာခဲ့သည်။ လိပ်ခေါင်းများမှာ အလွန်ပင်နာလှသည်။
သောက်ဆေးနှင့် ထိုးဆေးများမှာ လက္ခဏာများကိုသာသက်သာစေနိုင်ပြီး ရောဂါအရင်းမြစ်ကိုမကုသနိုင်ပေ။ကျန်းမာရေးဌာနမှ ဆရာဝန်က လိပ်ခေါင်းများကိုဖယ်ရှားရန် ခွဲစိတ်မှုခံယူရန် လိုအပ်သည်ဟုပြောလေသည်။
ဦးလေးဖုမှာ ခေါင်းမာသောလူကြီးဖြစ်သည်။ သူ့လိုလူကို ကျန်းမာရေးဌာနသို့ သွားခိုင်းရန်မှာ လုံးဝမဖြစ်နိုင်ပေ။
ကျန်းမာရေးဌာနသို့ သွားကာ သူ့ဖင်ကိုပြပြီးဆရာဝန်အား သူ့လိပ်ခေါင်းကို စမ်းခိုင်းရမည်ထက် လိပ်ခေါင်းကို မကုပဲသာထားလိုက်မည်။
အဒေါ်တာ့ဖုမှာ စိတ်ညစ်ကာ ဘာလုပ်ရမှန်းမသိဖြစ်နေခဲ့သည်။ ထို့ကြောင့် ထိုလူကြီးအတွက် သူမ အိမ်တွင်းကုထုံးများ ရှာဖွေနေခဲ့သည်။
လင်းယောင် ထိုသို့ပြောလိုက်တော့ သူမချက်ချင်းပင်နှင်းသစ်တော်ပင်အား မခုတ်သင့်တော့ဟုပြောလာသည်။ ပန်းတွေပွင့်နေတာ ဘယ်လောက်တောင်တောက်ပပြီး လှလိုက်သလဲ။ နီနီလေးတွေ၊ပန်းရောင်လေးတွေနဲ့ သစ်လွင်တောက်ပနေတာပဲ။
အဒေါ်တာ့ဖု နှင်းသစ်တော်ပင်အား ချီမွမ်းပြီးသွားတော့ သူမလင်းယောင်ဖက်လှည့်လာကာ သူမအားချီးမွမ်းပြန်တော့သည်။
“ယောင်ယောင်က တကယ်ရိုးသားတဲ့ ကောင်မလေးပဲ။ကျောင်းတက်တာ တကယ်ကောင်းတာပဲနော်။ လူတစ်ယောက်က စာများများဖတ်လေ ပိုပြီးသိနားလည်လေပဲ။ ယောင်ယောင်က အထက်တန်းအောင်တယ်။တကယ်လို့ အထက်တန်း ဒုတိယနှစ်ကို ရောက်ရင် တကယ်ကို ပညာတတ်တဲ့လူဖြစ်ပြီ။ မင်းအဒေါ်နဲ့ဒီအဒေါ်က ဘဝမှာတစ်ခါမှကို စာအုပ်မကိုင်ဖူးဘူး။ စာလည်းမတတ်ဘူး။ ခက်ခဲတဲ့အချိန်ဆိုတော့ ကျောင်းတက်ချင်ရင်တောင် မတက်နိုင်ဘူး။ အခုတော့အခြေအနေက ပိုကောင်းလာပြီး ကလေးတွေကျောင်းတက်နိုင်လာပြီ။ ဘဝတွေက ပိုပြီးလွယ်ကူလာပြီ။မျက်စိတစ်မှိတ်အတွင်းမှာပဲ အဒေါ်က အသက် ၅၀ ကျော်အဒေါ်ကြီးဖြစ်သွားပြီ”
အဒေါ်တာ့ဖုမှာ လင်းယောင်ကို ပျော်ရွှင်စွာပင်ပြောပြနေကာ သူမနှလုံးသားမှာ ပျော်ရွှင်မှုများနှင့် ပြည့်နေပြီး သူမမျက်နှာမှာလည်း ပြုံးနေတော့သည်။
လင်းယောင် သူမပြောသမျှကို နာနာခံခံနှင့် နားထောင်နေခဲ့ကာ မိန်းကလေး၏ အပြုံးမှာလည်း တကယ်ပင်ချစ်မြတ်နိုးစရာကောင်းလှသည်။
အဒေါ်တာ့ဖု အိမ်ပြန်ရောက်သောအခါ သူမပါးစပ်မှာဘယ်တော့မှ မပိတ်တော့ပေ။
လင်းယောင် တံမြက်စည်းလေးကို နံရံပေါ်တွင်ချိတ်လိုက်သည်။ မိုးရွာပြီးနောက် နေမှာအလွန်ပင်တောက်ပသာယာနေခဲ့သည်။ သူမမျက်နှာကိုဖြည်းဖြည်းချင်းဆေးကြောလိုက်ပြီး တွေးနေသည်။ 'သုန်ဇီက အရှေ့ခြံကိုရေသွားခပ်တာ ဘာလို့ပြန်မလာသေးတာလဲ။ ဘာလို့ဒီကောင်စုတ်လေးက ခိုးထွက်ပြန်တာလဲ။ ရူးနေတာလားပဲ။'
ဒီကောင်စုတ်လေးက အရင်တုန်းကလည်း ဒီလိုမလုပ်ဖူးတာမဟုတ်ပေ။ ဦးလေးမန်ဆန်က ရေခပ်ရန်ခေါ်သော်လည်း ခေါ်ပြီးခဏကြာတာတောင်တစ်ယောက်မှမတွေ့ရပေ။
ဦးလေးမန်ဆန်သွားရှာတော့ ခြံထဲမှာ ထိုကောင်စုတ်လေး၏ အရိပ်အယောင်ကိုပင် မတွေ့ရချေ။ သံရေပုံးလေးသာ ရေစည်ပိုင်းဘေးမှာ ကျန်ခဲ့လေသည်။
ညရောက်တော့ ထုံးစံအတိုင်း ထိုကောင်စုတ်လေးမှာ တံမြက်စည်းစာ မိလေတော့သည်။
လင်းယောင် ကြွေကရားလေးကိုကိုင်ကာ ရေသောက်နေလေသည်။ အထဲတွင် သကြားပါလေသည်။
သူမရေကရားကို ချချချင်းပင် ကုရှီတုန်းမှာ ဟောဟဲဟောဟဲနှင့် ရေပုံးကို လွှဲလျက် ပြန်ရောက်လာကာ သူကြားလာသော သတင်းအကြီးစားကို လင်းယောင်အား ဖောက်သည်ချတော့သည်။
“မရီး ကျွန်တော်နဲ့မြန်မြန်လိုက်ခဲ့။ လင်းတာ့ကော် အဲ့လူက လီအိုက်ဖုန်းနဲ့ လမ်းပေါ်မှာရန်ဖြစ်နေတယ်”
လင်းယောင် ရှုပ်ထွေးသွားသည်။ “လင်းတာ့ကော်မှာ ဘာမှလုပ်စရာမရှိတာကို ဘာလို့မြို့ကိုလာပြီးရန်ဖြစ်တာလဲ”
“လီအိုက်ဖုန်းနဲ့ ရန်ဖြစ်တယ်။ ဘယ်နေရာမှာ ရန်ဖြစ်တာလဲ”
“လောင်ကျဲ ဆန်နဲ့ဆီအသင်းရှေ့မှာ”
“မင်းက ရေသွားခပ်တာကို ဘယ်လိုသိတာလဲ”
“ကျွန်တော့်အတန်းဖော် ဟူဇီပြောတာ”
ဟူဇီ ဒါဆိုအံ့သြစရာမရှိပေ။ ဟူဇီ၏အဘွားမှာ လင်းကျားကျွမ်မှလာလေသည်။
မြို့ထဲသို့ရောက်သောအခါ အိပ်နေသောနဂါးနှင့် ဖီးနစ်ငှက်တို့မှ ပြဿနာထပ်ပြီး ရှာပြန်ဦးမည်ဟု လင်းယောင်ခံစားမိသွာသည်။
“ရန်ပွဲက ဘယ်တုန်းကစတာလဲ”
“ဘယ်သိမှာလဲ။ မရီး သွားမှာလားမသွားဘူးလား။ မသွားဘူးဆိုရင်လည်း ကျွန်တော်မစောင့်တော့ဘူး”
ကုရှီတုန်းမှာ ခြံဝန်းထဲတွင်း စိတ်လှုပ်ရှားစွာနှင့် ခုန်ပေါက်နေတော့သည်။
ပွဲကောင်းကောင်းက ဘယ်သူ့ကိုမှ စောင့်မည်မဟုတ်ပေ။ သူတို့ရန်ဖြစ်ပြီး ပြေးသွားရင်ရော။
အိမ်တံခါးဝကို ရောက်လာတဲ့ပွဲကိုတော့ သွားကြည့်ရုံပေါ့။
လင်းယောင် ချက်ချင်းမတ်တပ်ရပ်လိုက်ပြီး သူမအိတ်ထဲမှ သော့အသေးလေးကို ထုတ်ကာ တုံ့ဆိုင်းခြင်းမရှိပဲ အရှေ့ဆောင်တံခါးကို သော့ခတ်လိုက်သည်။ ကုရှီတုန်းက သူမကိုဆွဲကာ ပြေးထွက်သွားတော့သည်။
လူကြီးတစ်ယောက်နှင့် ကလေးတစ်ယောက်တို့မှာ လျင်မြန်စွာပြေးသွားကြပြီး ရောက်သောအခါ ဆန်နှင့်ဆီအသင်းမှာ စပ်စုအတင်းတုပ်နေသော လူများနှင့်အပြင်ဖက်တွင် ပြည့်ကျပ်ညပ်နေသည်ကို မြင်လိုက်ရသည်။ တိုးလို့မရသော အဒေါ်ကြီးအချို့လည်းရှိသည်။ထို့ကြောင့်သူတို့မှာ နံရံကိုကျော်တက်ကာ ကြည့်ပြီး စပ်စုအတင်းတုပ်နေကြသည်။
အသက်ကြီးကြီး အမျိုးသမီးတစ်စုမှာလည်း သူတို့ခြေထောက် သေးသေးလေးများနှင့် အမြန်ပြေးနေသည်မှာ ပြောစရာပင်မလိုချေ။
လင်းယောင်နှင့် ကုရှီတုန်းမှာ တစ်ယောက်ကိုတစ်ယောက်ကြည့်၊ အသက်ပြင်းပြင်းရှုလိုက်ပြီး မျက်လုံးပိတ်ကာ ပွဲကြည့်နေသည့် လူအုပ်ကြီးကြားထဲသို့ ပွဲကြည့်ရန် အတင်းတိုးဝင်သွားတော့သည်။
လင်းယောင် အရှေ့က ဦးဆောင်ပြီး လူအုပ်ကြားထဲတိုးသွားကာ နောက်ဆုံးတွင်တော့ ပွဲ၏ရှေ့တန်းသို့ ရောက်သွားကာ သူမနောက်မှ ကုရှီတုန်း ကပ်ပါလာလေသည်။
ဆန်နှင့်ဆီအသင်း၏ အရှေ့မြေကွက်လပ်တွင် ဖုန်မှုန့်များပျံဝဲနေကာ လီအိုက်ဖုန်းနှင့် လင်းတာ့ကော်တို့မှာလည်း ရန်ဖြစ်နေသည်မှာ အကျိတ်အနယ်ပင်။
အတိအကျ ပြောရမည်ဆိုလျှင် လီအိုက်ဖုန်းမှာ လင်းတာ့ကော်နှင့် သူ့မယားငယ် လောင်ပိုင်ဟွားတို့အား တစ်ဖက်သတ် ထိုးကျိတ်နေလေသည်။
“လင်းတာ့ကော် ရှင်က တကယ်အရှက်မရှိတာပဲ။ ကျွန်မရှင်နဲ့လက်ထပ်တာ နှစ်ပေါင်း ၂၀ ရှိပြီ။ ကျွန်မ ရှင့်အတွက် ကလေးတွေမွေးပြီး ပြုစုပျိုးထောင်ပေးခဲ့တယ်။ ငံပြာရည်ပုလင်းမှောက်တော့တောင် ရှင် မကူဘူး။ ဟုန်ဝူက လက်မထပ်ရသေးဘူး။ ရှင်ကတော့အပြင်မှာလျှောက်ပွေရှုပ်နေတယ်။ ဒီအသက်အရွယ်ကြီးမှာတောင် မိန်းမပွေချင်သေးတယ်။ ဘာနားလည်မှုလွဲတာလဲ။ ရှင်ကျွန်မကိုပြောစမ်းပါ။ ရှင် ဒီခွေးမနဲ့ ခိုးစားနေတာကြာပြီလား”
လီအိုက်ဖုန်းမှာ ယခင်အတိုင်းပင် သန်မာနေဆဲဖြစ်ကာ လောင်ပိုင်ဟွား၏ ဆံပင်ကို လက်တစ်ဖက်နှင့်ဆွဲပြီး လင်းတာ့ကော်၏ ပေါင်ကြားကို အခြားလက်တစ်ဖက်နှင့် မလွှတ်တမ်း ထိုးနေတော့သည်။
လင်းတာ့ကော်မှာနာပြီး မြေပြင်ပေါ်တွင် လူးလိမ့်နေလေကာ သူ့ကိုယ်သူ မကာကွယ်လို့မရတော့ပေ။ “အိုက်ဖုန်း အဲ့ဒါတွေ အကုန်အထင်လွဲတာပါ။ ပိုင်ဟွားနဲ့ ငါနဲ့က မောင်နှမတွေပါ။ မြန်မြန်လွှတ်ပါဦး အား …”
လောင်ပိုင်ဟွားမှာ ရုန်းကန်နေသော်လည်း လီအိုက်ဖုန်း၏ အညှာအတာမဲ့ဖိနှိပ်ခြင်းကို ခံလိုက်ရကာ သူမ နားကိုပါ အချခံလိုက်ရသည်။ “ချီးပဲ။ လင်းတာ့ကော် ရှင်က ကျွန်မကို ၃ နှစ်သားထင်နေတာလား။ ကျွန်မရှင်တို့ ၂ ယောက်ကို မိပြီးချတော့ ရှင်ကအပြစ်ကင်းချင်ယောင်ဆောင်နေတယ်။ ရှင်အပြင်က ချီးကိုဘာလို့သွားမစားလဲ”
လီအိုက်ဖုန်းမှာ အသက်ပင်မရှုပဲ ဆဲဆိုနေတာပြီးသွားတော့ လင်းတာ့ကော်ကို လက်ထဲမှခြစ်နှင့် ရိုက်တော့သည်။
အရှေ့ဖက်တွင်ပွဲကြည့်နေသောလင်းယောင် - ဒီနေ့ပွဲကတကယ်စိတ်လှုပ်ရှားစရာပဲ
ပွဲကိုပိုပြီးအရသာရှိစေရန် သူမအချိန်ကြာတည်းကပြင်ဆင်ထားသော ကွာစေ့များကို ထုတ်လိုက်ကာ ကုရှီတုန်းအား လက်တစ်ဆုပ်စာပေးလိုက်သည်။
“ကွာစေ့အခွံတွေကို လျှောက်မပစ်နဲ့နော်။ နောက်ကျရင်အမှိုက်ပုံးထဲထည့်”
“သိပါပြီ”
၂ ယောက်သား ခွပ်ခနဲအခွံခွါကာ ကွာစေ့စားရင်း ပွဲကိုစိတ်အားထက်သန်စွာ ကြည့်နေကြသည်။
ကောင်စုတ်လေးမှာ နားမလည်သေးချင်ယောင်ဆောင်ကာ ဘေးရှိအဒေါ်ကြီးထံသို့ ကွာစေ့လက်တစ်ဆုပ်စာလောက်ထည့်ပေးကာ တိတ်တိတ်လေး မေးလိုက်သည်။ “အဒေါ် ဘာဖြစ်တာလဲဟင်”
ဘေးရှိအဒေါ်ကြီးမှာ ချက်ချင်းပင်ပြောပြတော့သည်။ “အဲ့လိုတွေဖြစ်တာပဲ …”
အဒေါ်ကြီးပြောပြတော့ လင်းယောင်နှင့်အခြားသူများနောက်ဆုံးတွင် နားလည်သွားကြသည်။
ရိုးရိုးရှင်းရှင်း ပြောပြရမည်ဆိုလျှင် လင်းတာ့ကော်မှာ ယောက်ျားသားများ အားလုံး ကျူးလွန်ကြသောအမှားကို ကျူးလွန်ခဲ့ခြင်းပင်။ အိမ်ရှိပန်းမှာ ပန်းရိုင်းများကဲ့သို့ မမွှေးဟုခံစားရသောကြောင့် အပြင်ဖက်ရှိပန်းပွင့်အိုကြီးနှင့်တွေ့ပြီး ၂ ယောက်သားမှာ မကြာခဏပင်ချိန်းချက်ပြီး တွေ့ကြသေးသည်။
လီအိုက်ဖုန်းမှာ ၎င်းကိုသိတာကြာပြီဖြစ်သော်လည်း သူမတွင် သက်သေမရှိသောကြာင့် ထိုကိစ္စကိုလူသိရှင်ကြား ဖြစ်အောင် လုပ်လို့မရသေးခြင်းသာ။
ဒီနေ့မှသာ လင်းတာ့ကော်နှင့် လောင်ပိုင်ဟွားတို့ တိတ်တိတ်လေးလမ်းတွင် ခိုးတွေ့ကြသည်ကိုမိကာ လီအိုက်ဖုန်းမှာကျားတစ်ကောင် တောင်ပေါ်က ဆင်းလာသကဲ့သို့ပင် အော်ဟစ်သောင်းကျန်းကာ ဒီနေ့ပွဲဖြစ်ပေါ်လာတော့သည်။
ဒီနေ့အဖြစ်အပျက်မှာ အလွန်ပင်ကြီးမားကာ ဆန်နှင့်ဆီအသင်း၏ ဥက္ကဌမှာ တစ်ခုခုဖြစ်မည်စိုးသောကြောင့် တစ်ယောက်ယောက်ကို ပြည်သူ့လုံခြုံရေးဌာနသို့ သွားပြီး ရဲကိုခေါ်ရန်လွှတ်လိုက်သည်။
ကောင်တီ ပြည်သူ့ လုံခြုံရေးဌာနမှ သတင်းကို ရလျှင်ရချင်း ရဲများကို အမြန်လွှတ်လိုက်တော့သည်။
တိုက်တိုက်ဆိုင်ဆိုင်ပင် ကုရှီအန်းမှာလည်း လွှတ်လိုက်သောရဲများထဲတွင် ပါဝင်နေလေသည်။
လက်ထောက် ဒါရိုက်တာကုနှင့် ရဲများရောက်ရောက်ချင်းပင် ပွဲကြည့်နေသူများမှာ ပြန့်ကျဲသွားကာ အနည်းစုမှာထွက်ပြေးကြပြီး ကျန်သည့်သူများမှာ ဆက်ပြီးပွဲကြည့်နေကြလေသည်။
ကုရှီအန်းမှာ ရဲဝတ်စုံကို သပ်သပ်ရပ်ရပ် ဝတ်ဆင်ထားပြီး တည်ကြည်သောသွင်ပြင်၊ပုခုံးကျယ်ကျယ်၊ခြေထောက်ရှည်ရှည်များနှင့် အေးစက်စက်ပုံစံမှာ လူအုပ်ကြားထဲမှ ထင်းထွက်နေလေသည်။ ပွဲကြည့်နေသူများမှာ သိပင်မသိလိုက်ပဲ သူ့အတွက် လမ်းဖယ်ပေးမိကြသည်။
ကုရှီအန်းမှာ ထိုနေရာတွင် ရှိနေသော ဝန်ထမ်းကို မေးမည့်အချိန်မှာပင် သူမော့ကြည့်လိုက်သော မျက်နှာချင်းဆိုင်မှ လူအုပ်ထဲတွင် ပျော်ရွင်စွာနှင့်ပွဲကြည့်နေသော မျက်နှာလှလှလေးကို တွေ့လိုက်ရသည်။
သူမဘေးတွင် ပျော်ရွှင်စွာ ပွဲကြည့်နေသော ကုရှီတုန်းလည်းရှိနေလေသည်။
“လောင်ကု မင်းဒီမှာဘာလုပ်နေတာလဲ”
ရွှီရှန်းချန် စစ်ကားပေါ်မှ ဆင်းလာသည်။ ဒီလိုပူလောင်နေသောနေ့တွင် သူ့နဖူးမှ ချွေးများစီးကျနေလေသည်။သူ့ခေါင်းပေါ်မှ ဦးထုပ်ကြီးကို ချွတ်လိုက်ပြီး ယပ်ခတ်နေလေသည်။ သူလမ်းလျှောက်လာရင်း ပြည်သူ့လုံခြုံရေးဌာန၏ စုတ်နေသော ဂျစ်ကားအကြောင်းကိုလည်း အထွန့်တက်နေလေသည်။
“ငါတို့ပြည်သူ့လုံခြုံရေးဌာနက ဒီဂျစ်ကားအစုတ်ကို ပစ်လိုက်သင့်တာကြာပြီ။ အဲ့ဒါ ၁၉၅၀ တည်းက အမေရိကန်တွေဆီကနေ လက်ဆင့်ကမ်းလာတာ။ ကြည့်လိုက်ရင်တော့ကောင်းပေမယ့် စုတ်နေတဲ့ဘီးတွေကခုန်လိုက်တာများကွာ။ လောင်ကု မင်းတစ်နေ့လောက်အကြီးအကဲတွေကို လဲပေးဖို့ပြောပေးပါဦးကွာ…”
အစ်ကိုကြီးထို့ထို့မှာ ဆက်ပြီးတကျီကျီပြောနေလေသည်။ လာပြီးကြည့်လိုက်သော သူ့မျက်နှာတွင်လည်း ကြောင်အ,နေသောအကြည့်ရှိနေလေသည်။
“လောင်ကု ငါ့မျက်စိတော့မမှုန်သေးပါဘူး။ အဲ့ဒါငါတို့သုန်ဇီနဲ့ ယောင်ယောင်မလား”
အဆုံးတွင်တော့ ပွဲကြည့်ရန် ပျော်ရွှင်နေသောလင်းယောင်မှာ လက်ထောက် ဒါရိုက်တာကု၏ ဖမ်းဆီးကာ အိမ်ပြန်ခေါ်သွားခြင်းကို ခံလိုက်ရသည်။
ကုရှီတုန်းမှာတော့ အစ်ကိုကြီးထို့ထို့ခေါ်သွားသည်ကို ခံလိုက်ရလေသည်။ သူ့ယောက်ဖလောင်းက ဒီကောင်စုတ်လေးအား သေသေချာချာကို သွန်သင်ရမည်ဟုပြောလေသည်။
လင်းတာ့ကော်တို့ ၃ ယောက်ကိုတော့ ရဲများက ဖြန်ဖြည်ရန်ခေါ်သွားလေသည်။
လင်းယောင်မှာ သူမကို ကုရှီအန်းမိသွားလိမ့်မည်ဟုမထင်မိပေ။
အဲ့ဒါတောင် နေရာတွင်ပင် လူမိသွားသေးသည်။
မည်သို့ပင်ဖြစ်စေ သူမ အခုကုရှီအန်းအား မကြောက်ပေ။
သူမအရေထူနေသရွေ့ ဘာမှရှက်စရာမလိုချေ။
အိမ်ပြန်ရောက်သောအခါ ကုရှီအန်းအိမ်သို့သွားကာ အဝတ်လဲပြီး ထိုအချိန်တွင်လင်းယောင်မှာ ခြေထောက်ကိုချိတ်ပြီး ဝက်သားပေါင်းကို စားနေလေသည်။
အပြန်လမ်းတွင် ကုရှီအန်းမှာ နိုင်ငံတော်ပိုင်စားသောက်ဆိုင်သို့ ဝက်သားပေါင်းဝယ်ရန်သွားခဲ့လေသည်။ သူကံကောင်းပြီး တန်းစီရန်ပင်မလိုခဲ့ပေ။ ဝက်သားပေါင်းမှာ သကြားရောင်ကဲ့သို့ပင် အနီရောင်တောက်နေပြီး အဆီပါသော်လည်း ဆီရွဲနေသည် မဟုတ်ကာ နူးညံ့လေသည်။ ကောက်ညှင်းမှာလည်း အသားနံ့မွှေးပျံ့နေကာ မြင်ရုံနှင့်သွားရည်ကျစေသည်။
လင်းယောင် မျက်လုံးများကို မှေးကြည့်လိုက်ပြိး ဝက်သားပေါင်း ၂ တုံးစားပြီးနောက် စိတ်ကျေနပ်စွာဖြင့် ပါးစပ်အား လျှာဖြင့်သပ်လိုက်သည်။
ကုရှီအန်း ထွက်လာသောအခါ သူမဖိတ်ခေါ်သမှုပြုလိုက်သည်။ “ဟေး ဒီဝက်သားပေါင်းကစားလို့ကောင်းလိုက်တာ။ ရှင် တစ်တုံးလောက်စားမလား”
လင်းယောင်၏ နှုတ်ခမ်းများမှာ နီရဲနေကာ ကုရှီအန်းမှာ အမူအရာကင်းမဲ့နေသော မျက်နှာဖြင့် လျှောက်လာပြီး သူမအား ပွေ့ချီလိုက်သည်။