အခန်း (၂၆)
Vol. 3 Ch. 26
လင်းယောင် အောက်ချပြီး အနမ်းခံလိုက်ရသည်။သူမ၏ ချယ်ရီရောင်နှုတ်ခမ်းများမှာ အင်မတန်နူးညံ့အိစက်နေကာ မျက်လုံးလေးများမှာလည်း မှိုင်းညို့နီရဲနေပြိး သူမအလွန်ပင် အနိုင်ကျင့်ခံလိုက်ရသလိုပင်။
အမှန်ပင် သူမအနိုင်ကျင့်ခံခဲ့ရလေသည်။ ထိုလူကြီးမှာပြန်ရောက်လျှင် ရောက်ချင်းပင် သူမအားအခွင့်မရှိပဲပွေ့ဖက်ပြီး သဘောတူညီမှုမရှိပဲနှင့် နမ်းပင်နမ်းခဲ့သေးသည်။
ထို့ကြောင့် လင်းယောင် ဒေါသတကြီး ပြောတော့သည်။ “မကောင်းတဲ့လူကြီး ကျွန်မကို ဖက်ဖို့ ဘယ်သူက ရှင့်ကိုပြောလို့လဲ”
ကုရှီအန်း ရယ်လိုက်ပြီး သာယာနာပျော်ဖွယ်အသံဖြင့်ပြောလာသည်။ “နောက်တစ်ခါဆိုရင် ကိုယ်မင်းကိုကြိုပြောပါ့မယ် ယောင်ယောင်”
လင်းယောင် - “…”
ဘယ်သူက ရှင့်ကို နောက်တစ်ကြိမ် ထပ်တွေ့ချင်နေလို့လဲ။အရှက်မမဲ့ပါနဲ့။
အပြင်ဖက်ရှိအပူမှာ ပေါင်းအိုးထဲ ရောက်နေသလိုပင်ဖြစ်ကာ ဝန်းထဲရှိမြေကြီးမှာလည်း ကြောက်ခမန်းလိလိပင်ပူနေလေသည်။ ဝန်းထဲရှိအရာအားလုံးကို အပူလှိုင်းများဖြင့် ဖုံးလွှမ်းထားလေသည်။
လင်းယောင် မနက်ပိုင်းတွင် ကျန်နေသေးသောပေါက်စီတစ်ဝက်ကို ဝက်သားပေါင်းနှင့်စားကာ ပဲတီစိမ်းများကိုရေစိမ်ပြီး ပဲတီစိမ်းဟင်းချိုချက်၊ဆေးသကြားထည့်ကာ အေးနေစေရန် ရေတွင်းထဲတွင် ထားလိုက်သည်။သူမမိသားစုဝင်များ ပြန်ရောက်ကြသောအခါ ထုတ်ယူပြီး တစ်ငုံသောက်လိုက်သည်။ ချိုနေကာ ဘယ်လောက်တောင် လန်းဆန်းသွားစေမှန်း ပြောစရာပင်မလိုချေ။
လင်းယောင် တစ်ခဏလောက် အလုပ်ရှုပ်နေပြီး သူမမျက်နှာမှာ အပူရှိန်ကြောင့် နီနေတော့သည်။ သူမသစ်တော်သီးတစ်လုံးကို ဆေးကာစားလိုက်ပြီး သူမျက်လုံးများကို လက်ဖြင့်အုပ်၍ အပြင်ဖက်တွင်တောက်ပနေသောနေကို ကြည့်လိုက်သည်။
သူမသက်ပြင်းချမိသည်။ နေမှာ ဒီနေ့အလွန်ပင် တောက်ပနေလေသည်။ မြောက်ပိုင်းတွင် အလွန်ပင် ဆိုးဆိုးရွားရွား မိုးခေါင်နေသည်ဟု ကြားရသည်။ မကြာသေးမီက ကန်တင်းရှိ အစားအသောက်များမှာ နေ့တိုင်းပိုမိုဆိုးရွာလာလေသည်။
ယခင်တုန်းကတော့ အသားနှင့် ပေါက်စီများကို စားခဲ့ရသော်လည်း အခုတော့ ဆားစိမ်အသီးအရွက်များ၊ပန်းဂျုံပေါက်စီများနှင့် ကန်စွန်းဥပန်ကိတ်များကိုသာ စားရလေသည်။ ဆန်ပြုတ်ကိုလည်း ဂျုံနှင့်လုပ်ထားလေသည်။ အသားငါးတို့ကိုတော့ အစအနပင် ရှာမတွေ့နိုင်ပေ။
အဖွဲ့ဝင်များမှာလည်း စောဒကတက်ကြသော်လည်း ဘာမျှအကျိုးမထူးပေ။
လင်းယောင်၏ နေရာလွတ်တွင် ဆန်၊ခေါက်ဆွဲနှင့် အသားများရှိသော်လည်း သူမ ထုတ်ယူလို့မရချေ။
နောက်ဆုံးတွင်တော့ နေမှာခေါင်မိုးအထိတက်သွားပြီး စတီးစက်ရုံမှ ခေါင်းလောင်းမြည်လာကာ ဦးလေးမန်ဆန်တစ်ယောက် အလုပ်ပြီး၍ အိမ်သို့ ပထမဆုံး ပြန်ရောက်လာလေသည်။ သူ့မိန်းမ၏ ညွှန်ကြားချက်များကို သူသတိရကာ မစ္စတာဝမ်၏ ဆိုင်မှအုတ်ကြွပ်များဝယ်ရန်သွားကြလေသည်။ ရှီအန်းလည်း အိမ်မှာရှိနေသောကြောင့် သားအဖ ၂ ယောက် အတူတကွသွားကြလေသည်။
လင်းယောင်မှာ အိမ်တွင်မနားရပေ။ သူမရေသယ်ကာ အဒေါ်ဆွေ့လန်နှင့် အစ်မချွင်မေတို့ ပြန်ရောက်ပြီး မျက်နှာနှင့် လက်များကို ဆေးကြောရန် စောင့်နေလိုက်သည်။
ကျန်းဆွေ့လန်နှင့် သူမ၏သမီးတို့မှာ ပြန်မလာကြသေးပေ။ ထို့ကြောင့် ကောင်စုတ်လေးသုန်ဇီမှာ အိမ်ကိုအရင်အပြေးပြန်လာခဲ့သည်။
ထိုကောင်စုတ်လေးမှာ ပြန်ရောက်သည်နှင့် မကောင်းဆိုးဝါးတစ်ကောင်ကဲ့သို့ ပြုမူနေတော့သည်။ကျန်းဆွေ့လန် သုံးလေ့ရှိသော သံကပ်ကြေးကိုယူကာ သူ့ဖိနပ်မှ အမျှင်များကို ညှပ်လိုက်ပြီး တောင်ဖက်ဆောင်ရှိ ပြတင်းပေါက်ဘောင်ပေါ်မှ ရှားစောင်းပင်ကို သွားထိနေသည်။ လင်းယောင် အမြန်ပြောလိုက်သည်။ “သုန်ဇီ မင်းဘာလုပ်နေတာလဲ”
ရှားစောင်းပင်မှာ အစ်ကိုကြီးထို့ထို့မှ အစ်မချွင်မေကို လက်ဆောင်ပေးထားခြင်း ဖြစ်လေသည်။ အစ်မချွင်မေအလွန်ပင်တန်ဖိုးထားသော အရာဖြစ်သည်။ သူမထိုအပင်ကို ပြတင်းပေါက်ဘောင်ပေါ်တွင်တင်ထားပြီး ၂ ရက် ၃ ရက်တိုင်းရေလောင်းကာ ထိုအပင်မှာတကယ်ပင်လှလှပပ ကြီးထွားလာလေသည်။
ထိုရှားစောင်းပင်မှာ အဝါရောင်အပွင့်သေးသေးလေးများပင် ပွင့်နေလေသည်။ ရှားစောင်းပင်၏ အပွင့်ပွင့်သောကာလမှာ အလွန်ပင်တိုတောင်းကာ ၁ ရက် ၂ ရက်မျှသာဖြစ်လေသည်။
ကုရှီတုန်း ဒေါသတကြီး ပြောလိုက်သည်။ “ကျွန်တော်ဒီရှားစောင်းပင်ကို သတ်ပစ်မလို့”
လင်းယောင် ရှုပ်ထွေးသွားသည် - ရှားစောင်းပင်ကသတ္တဝါမှမဟုတ်တာ။ ဘယ်လိုသတ်မှာလဲ။
သို့သော် ထိုဟာကအရေးမကြီးပေ။ အရေးကြီးသည်ကထိုကောင်စုတ်လေးအား ပြဿနာရှာခွင့်မပြုရန်ပင်။
ရှားစောင်းအိုးဘေးတွင် ကျန်းဆွေ့လန်က ငရုတ်သီးများကို အခြောက်လှန်းထားလေသည်။ လင်းယောင် ကုရှီတုန်း၏ ကော်လံကိုဆွဲကာ ဘေးကိုပို့လိုက်ပြီး အိမ်တံခါးကိုဖွင့်၊ ကောင်စုတ်လေးကိုထည့်ကာ အခန်းထဲတွင်နေရန်ပြောလိုက်သည်။ မကြာခင်တွင် မုန့်များယူလာမည်ဖြစ်ကာ စောင့်နေရန်ပြောလိုက်သည်။
ကုရှီတုန်းမှာ စားစရာရှိသည်ဟု ကြားလိုက်ရတော့ ပျော်ရွှင်သွားတော့သည်။
ကောင်စုတ်လေးမှာ မျက်နှာပေါ်တွင် ထိန်းချုပ်၍မရသောပျော်ရွှင်မှုများနှင့် ကြက်သားကိတ်ကို စားနေလေသည်။ “မရီး ကြက်သားကိတ်က အရမ်းအရသာရှိတာပဲ။ အခုကစပြီး နေ့တိုင်းသာစားရမယ်ဆို မရီးပြောတာမှန်သမျှ ကျွန်တော်လုပ်ပေးနိုင်တယ်”
လင်းယောင် သူ့ကိုစိုက်ကြည့်ပြီး ပြောလိုက်သည်။ “အဲ့အကြံကောင်းသားပဲ။ မင်းကိုလင်းတာ့ကော်လိုမျိုးနေ့တိုင်းရိုက်ချင်တယ်။ အဲ့လိုရောရလား”
ကုရှီတုန်း - “…ဒါဆိုရင်လည်းထားလိုက်ပါတော့”
လင်းတာ့ကော်လိုဖြစ်မည့်အစား ပြောင်းဖူးမှုန့်ကိုသာစားလိုက်မည်။
ကောင်စုတ်လေးမှာ ကြက်သားကိတ်ကို ကိုက်ဝါးနေပြီး သူ့လက်ပေါ်ကျသော အမှုန်များကိုပါ စားသေးသည်။
လင်းယောင် အနည်းငယ် ဝမ်းနည်းသွားသည်။ သူမထိုကောင်လေး၏ ခေါင်းလေးကိုကိုင်ကာ ပထမဆုံးအကြိမ်သူ့အား ကိတ်မုန့်နောက်တစ်ခုထပ်ကျွေးလိုက်သည်။ ကုရှီတုန်းမှာ ပျော်လွန်းလို့ စကားပင်မပြောနိုင်တော့ချေ။
လင်းယောင် အိမ်ကို ၂ ပတ်လမ်းလျှောက်ပြီးသမ်းကာ ပြန်အိပ်ရန် သွားတော့သည်။
မည်သို့ပင်ဆိုစေ သူမနေ့လည်စာစားပြီးလေပြီ။ သူမအိမ်တွင် ဘာမှလုပ်စရာမရှိသောကြောင့် ပြန်အိပ်လေတော့သည်။
နေ့လည်ပိုင်းတွင် ကျန်းဆွေ့လန်နှင့် ကုချွင်မေတို့မှာ ချွေးများရွှဲကာ တစ်ယောက်ပြီးတစ်ယောက်ပြန်ရောက်လာလေသည်။ အုတ်ကြွပ်များ သွားဝယ်သော ကုရှီအန်းတို့ သားအဖလည်း ပြန်ရောက်လာကြသည်။
ဦးလေးမန်ဆန် မီးဖိုချောင်ရှိတံခါးတွင် လှေကားဆင်လိုက်ပြီး ကုရှီအန်းက အလျင်အမြန်ပင် တက်သွားတော့သည်။ ကုမိသားစု၏ မီးဖိုချောင်ကို သူကိုယ်တိုင်ဆောက်ထားခဲ့လေသည်။ သူအုတ်နှင့် အုတ်ကြွပ်စက်ရုံမှ ဈေးသက်သာသော အုတ်အကျိုးများကို ဝယ်ပြီး မြေကြီးကို တူးကာရောပြီး အပေါ်တွင် သစ်သားဘောင်များကို အသုံးပြုထားလေသည်။ အနီရောင်အုတ်ကြွပ်များနှင့် ဒီခေတ်တွင်တော့ အလွန်ကောင်းသောအိမ်ဟု သတ်မှတ်လို့ရပေသည်။
အဲ့ဒါကိုပင် အိမ်ရှိမီးဖိုချောင်မှာ လအနည်းငယ်ကြာတိုင်း ပြင်ဆင်ရန်လိုအပ်သည်ပင်။ မီးဖိုချောင် ခေါင်မိုးရှိ အုပ်ကြွပ်များမှာ ပြားမနေသော်လည်း ကုရှီအန်းမှာမြေပြင်တွင် လမ်းလျှောက်ရသကဲ့သို့ပင် ခံစားရသောကြောင့် အချက်အနည်းငယ်နှင့်ပင် လဲပြီးသွားသည်။
ကုရှီအန်းမှာ ယခုအချိန်တွင် အဖြူရောင်စွပ်ကျယ်အကျီနှင့် အိမ်နေရင်း ဘောင်းဘီတို့ကို ဝတ်ဆင်ထားပြီး သန်မာသောပုခုံးနှင့် လက်မောင်းများအပြင် သူ့ခါးတွင်ရှိသော ကြွက်သားမြောင်းများကိုပါ ဝိုးတဝါးမြင်နေရလေသည်။ အလုပ်ကြိုးစားနေသော ယောက်ျားတစ်ယောက်တွင် ဆွဲဆောင်မှုတစ်မျိုးရှိနေသည်။
ဘာကြောင့်မှန်းတော့မသိပေ။ လင်းယောင် စိတ်ထဲတွင် ကလေးများအတွက် မသင့်တော်သော မနေ့ညကမြင်ကွင်းများ ပေါ်လာလေသည်။ သူမချက်ချင်းပင်ခေါင်းကို တစ်ဖက်လှည့်လိုက်ကာ အဒေါ်ဆွေ့လန်အား မီးခြစ်ဆံဘူးများ ကပ်ရန်ကူညီဖို့သွားလိုက်သည်။
ယနေ့အခါတွင် လမ်းပေါ်၌ အလုပ်လက်မဲ့ ဇနီးများရှိနေသောကြောင့် ဒါရိုက်တာကောက သူတို့အတွက်မီးခြစ်ဆံဘူးများကပ်သည့် အလုပ်ကိုရှာပေးကာ အခု ၃၀ ကို ၁၀ ဆင့်ပေးလေသည်။
လင်းယောင်မှာ အိမ်တွင်အားနေပြီး တစ်နေ့ကို အခု ၅၀ ၆၀ ရှာနိုင်လေသည်။ သူမ တစ်နေ့လျှင် ၂၀ ဆင့်ရပြီး တစ်လလျှင် ၅ ယွမ် ၆ ယွမ်ရလေသည်။ ထိုပိုက်ဆံမှာအရမ်းမများကာ သူမတွင်လည်း သုံးစရာပြတ်လပ်မနေပေ။ ဒါကိုလုပ်သည်က အချိန်ကိုအကျိုးရှိရှိအသုံးချကာ မုန့်ဖိုးရှာနိုင်လေသည်။
.
သေချာပေါက်ပင် မီးခြစ်ဆံဘူးများကို ကပ်သည်က ရေရှည်အတွက် အဖြေမဟုတ်ပေ။ လင်းယောင်လတ်တလောတွင် အဓိကစက်ရုံကြီးများ၌ အလုပ်ခေါ်ခြင်းရှိမရှိကို တိတ်တဆိတ် အာရုံစိုက်နေလေသည်။ သူမကိုယ်သူမ ထောက်ပံ့နိုင်ဖို့ ပိုက်ဆံရှာရန် သူမအလုပ်နေရာတစ်ခု လိုချင်သည်ပင်။
လက်ထောက်ဒါရိုက်တာကုအား သူမကိုထောက်ပံ့ခိုင်းရန်တော့ မပြောပါနှင့်။ တစ်ခြားသူများအပေါ် မှီခိုသည်ထက် ကိုယ့်အားကိုယ်ကိုးသည်က ပိုကောင်းသည်ပင်။ထို့ပြင် ယောက်ျားသားများအပေါ် မှီခိုဖို့ မတွေးသင့်ပေ။
ကုရှီအန်း၏ သူမအပေါ်စစ်မှန်မှုကို လင်းယောင်သံသယမဖြစ်သော်ငြား သူမအိမ်တွင်သာ အိပ်လိုက်စားလိုက်နှင့်နေနေပါက လူ့အသိုင်းအဝိုင်းနှင့် ကင်းကွာသွားမှာကိုလည်းစိုးလေသည်။
ကုရှီအန်း ခေါင်မိုးကိုပြင်ပြီး သူ့ကျောတွင်မကြာမီ ချွေးကွက်လေးပေါ်လာလေသည်။ အပြင်တွင်အရမ်းပူနေသောကြောင့် သူအေးသွားရန် ရေချိုးရပေမည်။
နေ့လည်စာစားပြီးသောအခါ မိသားစုဝင်များသည် အလုပ်လုပ်ချိန်တွင် အလုပ်လုပ်ကြပြီး တစ်ရေးအိပ်ချိန်ရောက်သောအခါ တစ်ရေးအိပ်ကြသည်။
ကုရှီအန်း ရဲဌာနသို့ ခဏပြန်သွားခဲ့သော်လည်း ယခင်လုယက်မှုမှ သံသယရှိသူကို ဖမ်းမိသွားပြီဖြစ်လေသည်။
သံသယရှိသူ၏ အမည်မှာ ဝမ်ကွေ့ဖာ့ဖြစ်သည်။ သူသည်ယခင်က ကောင်တီကျင်းတွင် မီးသွေးတူးသူဖြစ်ခဲ့လေသည်။ ၁၉၉၅ တွင် မီးသွေးစက်ရုံရေကြီးသောကြောင့်ပြိုကျပြီး လူအများအပြား သေဆုံးခဲ့သည်။ ဝမ်ကွေ့ဖာ့မှာ အလွန်ပင်ကံကောင်းခဲ့သည်။ သူပြိုမကျခင် ဝင်ပေါက်သို့ ပြေးသွားခဲ့ပြီး သူ့ခန္ဓာကိုယ်အစိတ်အပိုင်းအများစုမှာ လွတ်မြောက်ခဲ့သည်။ သို့သော် ဝင်ပေါက်ပြိုကျပြီး သူ့လက်ချောင်းတစ်ချောင်းဆုံးရှုံးခဲ့ရသည်။
နောက်ပိုင်းတွင် မီးသွေးကျင်းအား ဆင်ခြေဖုံးအရပ်သို့ပြောင်းရွှေ့ခဲ့သည်။ ဝမ်ကွေ့ဖာ့မှာ အသက်ကြီးလာပြီဖြစ်ကာ ခွန်အားလည်းမရှိတော့ပေ။ သူ့ကိုကြည့်ရှုရန် မီးသွေးကျင်း ခေါင်းဆောင်က ပေါ့ပေါ့ပါးပါးအလုပ်တစ်ခုပေးခဲ့သည်။ ဓါတ်အားပေးဌာနတွင် သူလောင်စာများအား မီးရှို့ပေးရလေသည်။ တစ်လကို ၁၆ ယွမ်ရသည်။
ဤရက်များတွင် ပိုက်ဆံမှာတန်ဖိုးရှိလေသည်။ ၁၆ ယွမ်နှင့် လူပျိုကြီးဝမ်ကွေ့ဖာ့မှာ စားဖို့သောက်ဖို့လုံလောက်လေသည်။ ဆိုးသည်မှာတော့ ဝမ်ကွေ့ဖာ့တွင် လောင်းကစားလုပ်တတ်သည့် အကျင့်ရှိနေခြင်းပင်။အလုပ်ပြီးသည်နှင့် သူ့သူငယ်ချင်းများဆီသွားကာ ၁ ယွမ် ၂ ယွမ်လောင်းပြီး အကုန်ရှုံးသွားသည်အထိပင်လောင်းလေသည်။
သူ့လက်ထဲတွင် ပိုက်ဆံမရှိသောကြောင့် လောင်းကစားစွဲနေသည်ကို လျစ်လျူရှုပြီး ပိုက်ဆံခိုးကာလောင်းကစားလုပ်ရန် ကြံတော့သည်။
ဖြစ်ချင်သည်နှင့် ကောင်တီရုပ်ရှင်ရုံမှာ ဓါတ်အားပေးဌာနအနီးတွင် တည်ရှိကာ ရုပ်ရှင်ကြည့်ကြသူအများစုမှာ ပိုက်ဆံရှိကြလေသည်။
ဝမ်ကွေ့ဖာ့မှာ ရံဖန်ရံခါ ရုပ်ရှင်ရုံရှေ့တွင်ထိုင်ကာ သူပစ်မှတ်ထားရမည့်သူကို ရှာဖွေလေသည်။ အချိန်ကြာလာသည်နှင့် ရုပ်ရှင်ရုံမှ အရောင်းစာရေးမမှာ သားရေအိတ်ကိုလွယ်ကာ တစ်ရံကို ၁၀ ယွမ်ကျော်ကျသင့်သော သားရေဖိနပ်အားစီးသည်ကို သူရှာတွေ့သွားလေသည်။ သူမမှာ သူ့ပစ်မှတ်ပင်ဖြစ်သည်။ သူ့ခင်ပွန်းမှာလည်း ကောင်တီပါတီကော်မတီမှ ရဲဘော်တစ်ယောက်ဖြစ်လေသည်။
ဒီလိုသိုးဝဝတစ်ကောင်နှင့် တွေ့တော့ ဝမ်ကွေ့ဖာ့၏ မျက်လုံးများမှာ စိတ်လှုပ်ရှားမှုနှင့် သားကောင်ကို ဖမ်းမည့် အရိပ်အယောင်များ ရှိနေခဲ့လေသည်။
ဗိုက်ကြီးနေသော ထိုမိန်းကလေးမှာ အလွန်ပင်ကြမ်းတမ်းပြီး သူ့လက်ထဲမှ လွတ်သွားမည်ဟု သူဘယ်တုန်းကမှ မတွေးထားခဲ့ပေ။
ဝမ်ကွေ့ဖာ့၏ လုယက်မှုမှာကျရှုံးသွားပြီး မိုးသည်းထန်စွာရွာနေစဉ် သူထွက်ပြေးသွားခဲ့သည်။
ထို့နောက် ခါတိုင်းကဲ့သို့ပင် သူနေ့ပိုင်းတွင်အလုပ်သွားပြီး ညပိုင်းတွင် မီးသွေးကျင်းရှိစက်ရုံဟောင်းတွင်ပုန်းကာ ဘာအစီအစဉ်မှမလုပ်ခင် လူကြားထဲဟိုးလေးတကျော်ကျော် ဖြစ်နေသောအမှုငြိမ်သွားရန်စောင့်ဖို့ တွေးနေခဲ့သည်။
ရလာဒ်အနေနှင့် သူမကောင်းဆိုးဝါးဝိညာဉ် ကုရှီအန်းနှင့် တွေ့သွားခဲ့သည်။ သူ့ကိုမိသွားရုံတင်မကပဲ တောက်လျှောက်စုံစမ်းကာ လွတ်လပ်ရေးမရခင်က သူကျူးလွန်ခဲ့သောအမှု ၂ ခုကိုပါ တွေ့သွားခဲ့သည်။ ဒီတစ်ကြိမ်တွင်တော့ အမှု ၂ ခုလုံးအတွက် သူအပြစ်ပေးခံရပေမည်။
ဝမ်ကွေ့ဖာ့ သူ့သက်တမ်းတစ်ဝက်ကို ထောင်ထဲတွင် ကုန်ဆုံးသွားရသည်။
ဝမ်ကွေ့ဖာ့၏ အမှုပြီးရုံပင်ရှိသေးသည်။ လင်းတာ့ကော်တို့ ၃ ယောက်၏ ပြဿနာကပေါ်လာပြန်သည်။
လင်းယောင် သူမ၏ မျက်နှာနှင့်လက်များကိုဆေးကြောလိုက်ကာ အိမ်ထဲပြန်သွားပြီး အသားအရေထိမ်းသိမ်းခြင်းကို စလုပ်တော့သည်။ သူမလည်ပင်းနှင့် လက်များကို ခရင်မ်လိမ်းလိုက်သည်။ သူမထိုဟာကို ဖွင့်ပြီး သေချာဂရုတစိုက် ဖြန့်လိမ်းလေသည်။ သူမခန္ဓာကိုယ်မှာ သင်းသင်းလေးမွှေးပျံ့နေတော့သည်။
သူမကျေနပ်သွားကာ ပြုံးလိုက်ပြီး အဝတ်ဗီရိုကို ဖွင့်ကာ အခန်းထဲတွင် အဝတ်များကို ခွဲနေလိုက်သည်။ ကုရှီအန်းအခန်းထဲသို့ဝင်လာပြီး ရှပ်အင်္ကျီနှင့်ဘောင်းဘီများကို သပ်သပ်ရပ်ရပ်ဝတ်ကာ ကြယ်သီးတပ်လိုက်သည်နှင့် တင်းမာအေးစက်သော လက်ထောက်ဒါရိုက်တာကုဖြစ်သွားတော့သည်။
ကုရှီအန်း အင်္ကျီကြယ်သီးတပ်ပြီးနောက် သူ့လက်သွယ်သွယ်များမှာ လင်းယောင်၏ ခေါင်းကိုလာထိတွေ့လေသည်။
“ယောင်ယောင် ကိုယ်သွားပြီနော်”
ကြောင်လေးတစ်ကောင်အား ထိကိုင်လိုက်သလိုပင်။
လင်းယောင် သူ့အား ဒေါသတကြီး ကုတ်ဖဲ့တော့သည်။ “မြန်မြန်သွား!”
မမျှော်လင့်စွာပင် ထိုသူကမသွားခင်တွင် မနက်ဖြန်သူအားလပ်ရက်ရမည်ဖြစ်ကာ သူတို့လက်ထပ်မှတ်ပုံတင်ယူရန်သွားဖို့ အချိန်ရသည်ဟု ပြောသွားလေသည်။