အခန်း (၂၇)
Vol. 3 Ch. 27
လင်းယောင်သည်လည်း ရှက်တတ်ကြောက်တတ်သောမိန်းကလေး တစ်ယောက်မဟုတ်ပေ။ သူမသည်လည်းလက်ထပ်မှတ်ပုံတင်ယူမည့်အကြောင်းကို တွေးနေခဲ့လေသည်။
ကုရှီအန်းက ထိုကိစ္စကိုပြောလာသောကြောင့် သူမသဘာဝကျကျပင် ခေါင်းငြိမ့်လိုက်လေသည်။
ဘာပြောပြော လက်ထပ်မှတ်ပုံတင်မရှိသောသူ ၂ ယောက်၏ ဘဝက မည်သို့ဖြစ်မည်နည်း?
ထို့ပြင် လက်ထောက်ဒါရိုက်တာကု၏ ကြည့်ကောင်းသောရုပ်ရည်နှင့် ကိုယ်လုံးကိုယ်ပေါက်၊ ကျယ်ပြန့်သောပုခုံးများ၊ ခါးသိမ်သိမ်နှင့် ခြေထောက်ရှည်ရှည်များ၊ အဝတ်အစားဝတ်ထားလျှင်လည်း ဆွဲဆောင်မှုရှိကာ မဝတ်ထားလျှင်ပို၍ပင် ဆွဲဆောင်မှုရှိလေသည်။ လတိုင်းသူမ သူ၏လစာနှင့် အကျိုးခံစားခွင့်များကိုရရှိမည်ဆိုပါက သူမတွင် ကျိန်းသေပေါက်ပင်ဘာမှအရှုံးမရှိပေ။
လင်းယောင်၏ မျက်နှာလေးမှာ ပျော်ရွှင်မှုနှင့်ပြည့်နေပြီး ကြည့်လိုက်သည်နှင့်ပင် စိတ်ကြည်လင်နေကြောင်းသိနိုင်လေသည်။ သူမ၏ ခြေသလုံးသွယ်သွယ်လေးများမှာလည်း လှုပ်ယမ်းနေကာ ကုရှီအန်းလက်လှမ်းပြီး ဆုပ်ကိုင်ချင်လာမိသည်။
သို့သော် မနေ့ညက သူရရှိခဲ့သော လက်ဖြင့်ရိုက်ချက်သေးသေးလေးများကို ပြန်တွေးမိသောအခါ ပူနွေးနေသောလက်များကိုဖိလိုက်ပြီး မျက်နှာအမူအရာမပြောင်းလဲပဲတံခါးမှထွက်သွားတော့သည်။
သူထွက်မသွားပါက ထပ်ပြီးသည်းမခံနိုင်တော့မှာကို သူစိုးမိသည်…
*
ခြံဝန်းမှာမွန်းလွဲချိန်တွင် တိတ်ဆိတ်နေပြီး လင်းယောင်မှာ သက်တောင့်သက်သာရှိသည်ဟု ခံစားရကာ အခန်းထဲတွင်တစ်ရေးတစ်မော အိပ်နေလေသည်။
သည် ၂ ရက်တွင် အလွန်ပင်ပူကာ ပြတင်းပေါက်အပြင်ဖက်ရှိဝါးတောသည်လည်း မည်သည့်အရိပ်အာဝါသကိုမှ မပေးစွမ်းနိုင်ချေ။ လင်းယောင် ခဏသာအိပ်လိုက်ပြီး သူမမျက်နှာအပူကြောင့်နီနေကာ သူမလက်ထဲတွင် သင်ယပ်တောင်ကို ကိုင်ထားလေသည်။
အရင်က သူမ၏ စတုရန်းမီတာ ၅၀ ကျယ်ဝန်းသော တိုက်ခန်းလေးအားလွမ်းမိလေသည်။ အိပ်ခန်းတစ်ခန်းသာရှိသည့် တိုက်ခန်းဖြစ်သော်လည်း လေအေးပေးစက်နှင့်ပန်ကာပါရှိလေသည်။ နွေရာသီတွင် ဆိုဖာပေါ်၌ လှဲနေရသည်မှာ အလွန်ပင်သက်တောင့်သက်သာရှိပြီး အအေးခံထားသော ဖရဲသီးကို စားကာ တီဗွီမှဒရာမာဇာတ်လမ်းများအား ကြည့်နိုင်လေသည်။
မနေ့က အဖြစ်အပျက်များကိုလည်း လိုက်လံဖမ်းဆုပ်လို့မရနိုင်ပေ။
လင်းယောင် အတိတ်က သာယာခဲ့သောဘဝကို ပြန်ပြောင်းအောက်မေ့ပြီးနောက် သူမကိုယ်သူမကံကိုသာပုံချလိုက်သည်။ အစ်မချွင်မေ သူ့ကိုသင်ပေးထားသည့်နည်းလမ်းအားအသုံးချ၍ သူမကြွေဇလုံထဲသို့ ရေတွင်းထဲမှရေကိုထည့်ကာ အိမ်ထဲတွင်ဖြန်းလိုက်သည်။
သူမ ပြတင်းပေါက်များကိုဖွင့်ကာ သင်ယပ်တောင်ကိုညင်သာစွာကိုင်ထားသည်။ ယပ်ခပ်တာက အလုပ်ဖြစ်သည်လား လေတိုက်လာသည်လား မသိသော်လည်း တစ်ခဏအကြာတွင် အေးမြသောလေညင်းများကဖြည်းညင်းစွာ ဝင်လာလေသည်။
လင်းယောင် အတော်လေး ပိုပြီးအေးသွားသည်ဟု ခံစားလိုက်ရသည်။ နူးညံ့သော အိပ်ယာထဲသို့ သူမ ရောက်သောအခါ သူမတစ်ကိုယ်လုံးကို ဆန့်လိုက်သည်။ သူမကိုယ်သူမ ယပ်ခတ်နေသည်အားရပ်ကာ စောင်ကိုဖက်ပြီး နှစ်နှစ်ခြိုက်ခြိုက်ပင် အိပ်တော့သည်။
သူမညနေ ၃ နာရီအထိအိပ်ခဲ့သည်။ ထိုအချိန်တွင် လေညင်းများ တိုက်ခတ်နေခဲ့သည်။ လင်းယောင်အလွန်သက်တောင့်သက်သာရှိစွာပင် အိပ်နေခဲ့သည်။ သူမ ထပြီး အကြောဆန့်လိုက်သည်။ သူမ ဖိနပ်များကို ကုတင်အောက်မှထုတ်ကာ တဘက်အစိုကို ညှစ်လိုက်ပြီး မျက်နှာကို သုတ်လိုက်သည်။ လက်ကိုင်ပုဝါမှာ အေးစက်နေလေသည်။ မျက်နှာပေါ်သို့ ပွတ်လိုက်သောအခါ အေးမြပြီး ချွေးပေါက်လေးများ ပွင့်လာပေမည်။
ခြံဝန်းထဲတွင် ကုရှီတုန်းမှာ ဇလုံအသေးလေးကိုသယ်ကာ သီချင်းလေးငြီးပြီး အဝတ်လျှော်နေလေသည်။
ကုမိသားစုမှ အမျိုးသားများမှာ ၉ နှစ်အရွယ်မှစ၍ သူ့တို့အဝတ်များအား ကိုယ့်ဘာသာလျှော်ကြသည်။ ကောင်စုတ်လေးသုန်ဇီမှာ ဆိုးသွမ်းသော်လည်း သူ့မိဘများ၏ စကားကိုတော့ နားထောင်ရလေသည်။
သူအဝတ်မလျှော်သောအခါ ကုချွင်မေက သူ့ကို အလုပ်မကြိုးစား၊ စားဖို့မရှာဖွေသော ယောက်ျားတစ်ယောက်အဖြစ် ရယ်လေသည်။ အရမ်းပျင်းလျှင် သူ့ကိုလက်ထပ်မည့်မိန်းကလေးတစ်ယောက်မှ ရှိမည်မဟုတ်ပေ။ ကောင်စုတ်လေးမှာ တစ်သက်လုံးလူပျိုကြီးဖြစ်သွားရပေမည်!
ကောင်လေးမှာ ဒေါသတကြီးအော်တော့သည်။ ဘာလို့သူက အဝတ်မလျှော်နိုင်ရမှာလဲ?
လွန်ခဲ့သည့်အပတ်ကစပြီး ကုရှီတုန်း သူ့အဝတ်များကို စတင်လျှော်လေသည်။ သူ့ကိုယ်ပိုင်အဝတ်များကိုလျှော်ရုံသာမကပဲ သူ့အစ်မ၏ အဝတ်များကိုပါ လျှော်လေသည်။
မဟုတ်ပါက သူ့အစ်မသည် သူမနက်တုန်းက လီအိုက်ဖုန်းတစ်ယောက် လင်းတာ့ကော်နှင့် လောင်ပိုင်ဟွားတို့အားဆော်သည်ကို ခိုးပြီးသွားကြည့်သည်ကို ကျန်းဆွေ့လန်အား တိုင်ပြောပေလိမ့်မည်။
လင်းယောင် ချန်းပိုင်ကိတ်ကို ဝါးကာ ခုံတန်းရှည်လေးပေါ်တွင်ထိုင်ပြီး ပွဲကြည့်နေကာ သူမမှာညစ်တစ်တစ်စိတ်လေးရှိပြီး ကောင်လေးအားစလိုက်သည်။ “သုန်ဇီ မင်းခုလေးတင် ဝယ်လာတဲ့ချန်းပိုင်ကိတ်ကို ဘာလို့မစားတာလဲ?”
ကုရှီတုန်း ဟင်းခနဲလုပ်လိုက်သည်။ “ချန်းပိုင်ကိတ်ကဘယ်လောက်များ အရသာရှိလို့လဲ။ ကျွန်တော်တော့မနေ့ကကြက်သားကိတ်နဲ့တင် ဝပြီး ဒါကိုမစားချင်တော့ဘူး”
တကယ်တော့ ကောင်စုတ်လေးအား မုန့်မစားခင် အဝတ်လျှော်ပြီးလှန်းရန် ပြောထားသူမှာ ကျန်းဆွေ့လန်ဖြစ်လေသည်။
လင်းယောင် “အော်” ဟုပြောလိုက်ပြီး သူ့ပါးကို တို့လိုက်သည်။ “အာ သွားရည်တောင်ကျနေပြီ”
ကုရှီတုန်း အမြန်ပင်လက်ဆန့်ပြီး သူ့မျက်နှာကိုသုတ်ပြီးနောက် သူ့လက်မှာသန့်ရှင်းနေလေသည်။
ကုရှီတုန်းမှာ အော်လေတော့သည်။ “မရီး ကျွန်တော့်ကိုညာတယ်”
လင်းယောင်ပြုံးလိုက်ပြီး သူ့ခေါင်းပြောင်ပြောင်ကိုကိုင်လိုက်ကာ ပျော်ရွှင်စွာပြောလေသည်။ “ငါတို့ သုန်ဇီတောင်ကြီးပြင်းလာပြီး တွေးတတ်ခေါ်တတ် ယုံကြည်ရတဲ့လူကြီးလေးဖြစ်လာပြီပဲ”
ကုရှီတုန်းမှာ သူ့ရင်ဘတ်ကိုကား၍ ပါးစပ်နားရွက်တက်ချိတ်မတတ် ပြုံးနေတော့သည်။
ဟီးဟီး သူ့မရီးက သူ့ကိုလူကြီးလေးတစ်ယောက်ဟု ချီးမွမ်းလေသည်။
ကောင်လေးမှာ ပျော်ရွှင်နေတော့ လက်သုတ်ပုဝါများနှင့် လင်းယောင် ယူလာသော အဝတ်စုတ်များကိုပါ လျှော်နေကာ အိမ်အတွင်းအပြင် တံခါးပေါက်များနှင့် ပြတင်းပေါက်များကို ကြိုးကြိုးစားစားနှင့် သန့်ရှင်းနေတော့သည်။
သည်တစ်ခေါက်တွင်တော့ မိုးရေလုံလုံလောက်လောက်ရကာ ကုမိသားစု၏ အသီးအရွက် ခြံလေးထဲမှ အသီးအရွက်များမှာ ကောင်းစွာကြီးထွားနေကြလေသည်။သပွတ်သီးပျိုးပင်များနှင့် ပန်းဝါဝါပျိုးပင်များမှာ မြေကြီးတွင် စိုက်ပြီးမကြာမီမှာပင် အလွန်လျင်မြန်စွာ ကြီးထွားနေကြသည်။ သူတို့လုပ်ထားသောစင်များမှာ အသီးများနှင့် ပြည့်နေကာ စိမ်းလန်းပြီး အလွန်ပင်ကြည်နူးဖို့ကောင်းလေသည်။
နေ့ကောင်းလေး တစ်နေ့ဖြစ်လေသည်။ လင်းယောင်နှင့်သုန်ဇီတို့ အသီးအရွက်ခင်းကို ရေလောင်း၊ပေါင်းပင်များကိုဆွဲနှုတ်ကာ ဆူဖြိုးနေသောသခွားသီးများကို ခူးလိုက်သည်။ ခဏကြာသောအခါ သူတို့ခူးသောခြင်းတောင်းမှာ ပြည့်သွားတော့သည်။
အိမ်တွင်စိုက်သော သခွားသီးများမှာ လတ်ဆတ်ပြီး ပိုးသတ်ဆေးကင်းစင်ကာ အသုပ် သို့မဟုတ် ဆားစိမ်သခွားသီးများ လုပ်လို့ကောင်းလေသည်။ အတိုချုံ့ပြောရမည်ဆိုလျှင် သူတို့ဟာ အလဟဿမဖြစ်ပေ။
မွန်းလွဲပိုင်းတွင် အလုပ်ဆင်းရန် အချိန်မရောက်သေးပေ။ ကုချွင်မေ သူမစက်ဘီးကိုတွန်းကာ အိမ်ကိုအမြန်ပြေးလာလေသည်။ သူမတံခါးမှ ဝင်လျှင်ဝင်ချင်းပင် လင်းယောင်အား ခေါ်လိုက်သည်။ “ယောင်ယောင်ရေ အဟောင်းဆိုင်က သစ်တိုသစ်စတွေက ဈေးသက်သာတယ်။ သွားတန်းစီပြီးဝယ်ရအောင်”
လင်းယောင် ထိုသည်ကိုကြားသောအခါ သူမ အိမ်ထဲသို့မြန်မြန်ပြန်ဝင်ပြီး ထင်းလက်မှတ်များကို ယူလိုက်သည်။
ဆောင်းရာသီ၌ မီးသွေးတောင့်များကို မီးရှို့သည့်အပြင် ကုမိသားစုသည် သစ်တိုသစ်စများနှင့် သစ်သားအကျိုးအပဲ့များကိုပါ မီးရှို့ရန်ဝယ်လေသည်။ မဟုတ်ပါက ဆောင်းရာသီတစ်ခုလုံး အစိုးရက ပေးသောမီးသွေးပေါ်တွင်သာ မှီခိုပြီးအသက်ရှင်နိုင်မည်မဟုတ်ပေ။
ကုရှီတုန်းမှာ အသီးအရွက်ခြံထဲတွင်ထိုင်ကာ ပေါင်းပင်များကို နှုတ်နေလေသည်။ လင်းယောင် လှည့်ပြီးသူ့ကိုပြောလိုက်သည်။ “သုန်ဇီ အိမ်ထဲမှာ ချန်းပိုင်ကိတ်ရှိတယ်။ စားချင်တယ်ဆိုရင် လက်အရင်ဆေး”
ညစ်ပေနေသော လက်များဖြင့် မကိုင်ခိုင်းပေ။
ကုရှီတုန်း နာနာခံခံပင်ခေါင်းငြိမ့်သည်။ “မရီး ကျွန်တော်သိပါပြီ”
ကုချွင်မေ “ဟေး” ဟုပြောလိုက်သည်။ ထိုကောင်စုတ်လေး ဒီနေ့အရမ်းစကားနားထောင်နေသည်မှာ တကယ်ထူးဆန်းနေလေသည်။
လင်းယောင် မသွားခင် သူမ၏အိတ်ထဲမှ ထင်းလက်မှတ်များ ပြုတ်ကျနေခြင်း ရှိမရှိကို သေချာစစ်ဆေးလေသည်။ ကုချွင်မေ တွန်းလှည်းပေါ်တွင် ခြင်းတောင်းကြီး ၂ ခုကိုတင်ပြီး သစ်သားအကျိုးတစ်ခုကိုအထဲတွင် ထည့်လိုက်သည်။
အဟောင်းဆိုင်မှာ ဝန်းမှတစ်လမ်းအကျော်တွင် ရှိလေသည်။ သူတို့ ၂ ယောက် မြန်မြန်လမ်းလျှောက်သွားကြပြီး အဟောင်းဆိုင်ရှေ့တွင် တန်းစီနေသော လူအတန်းလိုက်ကြီးမှာ ရှည်နေပြီဖြစ်သည်။
လင်းယောင် ဤရက်များတွင် သစ်တိုသစ်စဝယ်မည့်သူများ အရမ်းများလိမ့်မည်ဟု မျှော်လင့်မထားမိပေ။
အပြင်တွင်အရမ်းပူနေပြီး သူမ တန်းစီရတာပျော်မနေပါပေ။
ကုချွင်မေ သူမ၏မှုန်ကုပ်ကုပ် မျက်နှာလေးကို မြင်တော့ လင်းယောင်၏ ကျစ်ဆံမြီးလေးကိုဆွဲပြီးပြုံးလိုက်သည်။ “ဘာလဲ။ အစ်ကိုကြီးနဲ့ရုပ်ရှင်သွားကြည့်တုန်းကတော့စောင့်နိုင်တယ်။ ဒါပေမယ့်ငါနဲ့ထင်းလာဝယ်တော့ကျ တန်းမစီနိုင်တော့ဘူးလား။ ယောင်ယောင် တကယ်ပဲ ကြင်စဦးဇနီးမောင်နှံတွေကတော့ မတူဘူးပဲ”
လင်းယောင် မရှက်မိပေ။ သူမ အပြင်ဖက်ကိုကြည့်လိုက်ပြီး ခပ်လှမ်းလှမ်းမှ အရပ်ရှည်ရှည်ပုံရိပ်တစ်ခုကို မြင်လိုက်ရသည်။ သူမပြုံးလိုက်ပြီး ကုချွင်မေအား တို့လိုက်သည်။ “အစ်မချွင်မေ အစ်မရဲ့တွေးပေးတတ်တဲ့အစ်ကိုကြီးထို့ထို့လာတယ်”
ကုချွင်မေ လှမ်းကြည့်လိုက်ပြီး ရွှီရှန်းချန်တစ်ယောက်ချွေးများရွှဲနေကာ မျက်နှာပေါ်တွင် အပြုံးတစ်ခုနှင့် ပြေးလာနေသည်ကို တွေ့လိုက်ရသည်။
“ချွင်မေ ထင်းတွေက လေးတယ်။ မင်းက အားမသန်ဘူး။ ကိုယ်ကူပေးမယ်”
လင်းယောင် ကုချွင်မေကိုဘေးဖက်မှမျက်စိတစ်ဖက်မှိတ်ပြလိုက်သည်။ “အိုး သူကပူပူနွေးနွေး စေ့စပ်ထားတဲ့အတွဲလေးပဲ။ ဒါပေမယ့် တကယ်ကိုမတူဘူးပဲ”
ရွှီရှန်းချန် ခေါင်းကုတ်ကာ သွားဖြူဖြူများပေါ်အောင်ပြုံးနေပြီး ကုချွင်မေအား တောက်ပသောမျက်လုံးများနှင့် ကြည့်လာလေသည်။
ကုချွင်မေ - “…”
အရည်ထူသော ယောင်ယောင်နှင့်ယှဉ်လျှင်တော့ သူမ ကျေကျေနပ်နပ်ကြီးပင် အရှုံးပေးလိုက်တော့သည်။
*
ဤရက်များတွင် အဟောင်းဆိုင်မှ ပစ်သော ဟာများမှာ အသုံးမဝင်တော့သော သစ်သားအတိုအစများဖြစ်သည်။ အရှေ့တွင်ရှိသော သစ်သားများကိုတော့ အရင်ရောက်သော ဦးလေးကြီးနှင့် အဒေါ်ကြီးတို့ ယူသွားကြပြီဖြစ်လေသည်။
လင်းယောင်နှင့် အခြားသူများ၏ အလှည့်သို့ရောက်သောအခါ သစ်သားအပိုင်းအစ သေးသေးလေးများသာကျန်လေသည်။ ကုချွင်မေတစ်ယောက် စိတ်မပျက်ပဲ မီးကြာကြာစွဲသော သစ်သားများကို ရွေးရန် ဒူးထောက်ထိုင်ချလိုက်သည်။ လင်းယောင် သူမနှင့်အတူရွေးလေသည်။ သစ်သားပုံထဲတွင် ရတနာကို ရှာဖွေနေရသကဲ့သို့ ပျော်စရာတော့ကောင်းသည်ပင်။
လူတစ်စုသည် သစ်သားများကိုရွေးပြီး ခြင်းတောင်းကြီး ၂ ခုကိုအပြည့်ထည့်တော့သည်။ တွန်းလှည်းပေါ်တင်ပြီးတွန်းရသည်မှာ အတော်လေးသော်လည်း အစ်ကိုကြီးထို့ထို့မှာက အခမဲ့လုပ်အားပေးနေတာ့ ကုချွင်မေနှင့်လင်းယောင်တို့ တွန်းစရာမလိုတော့ပေ။
ချစ်သူ ၂ ဦး ချိန်းတွေ့နေချိန်တွင် လင်းယောင်ကြားထဲ၌ ရှုပ်နေမည်မဟုတ်ပေ။
သူမ အိမ်တွင်လုပ်စရာရှိသည်ဟု အကြောင်းပြပြီး အရင်ပြန်ပြေးသွားတော့သည်။
အမှန်တော့ လင်းယောင်တွင် ဘာမှလုပ်စရာမရှိပေ။အစ်ကိုကြီးထို့ထို့က အစ်မချွင်မေကို လာတွေ့တာကို သူမ တွေ့လိုက်ရတော့ သူမလည်း လက်ထောက်ဒါရိုက်တာကို ကြည့်ရှုစောင့်ရှောက်ပေးချင်လာသည်။
ကုရှီအန်း ဒီနေ့ရော အိမ်စောစောပြန်လာမလားမသိပေ။
ထိုသူမှာတစ်နေကုန် အချိန်ပိုဆင်းနေပြီး အိမ်စောစောပြန်လာကာ သူမနှင့် … သူ့မိသားစုတို့ဖြင့် ဘယ်လိုအချိန်ကုန်ဆုံးရမည်မှန်း မသိသည့်လူဖြစ်သည်။
လင်းယောင် လမ်းပေါ်တွင် လမ်းလျှောက်နေလေသည်။လမ်းဘေးတွင် စံပယ်ပန်းများ ရောင်းနေသာ မိန်းမကြီးတစ်ဦးရှိသည်။ သူမလက်တစ်ဆုပ်စာ ဝယ်လိုက်ပြီး အိမ်ပြန်ကာ ပန်းအိုးထဲတွင် ထိုးထားရန်ကြံထားလိုက်သည်။
အခုမှာရုံးဆင်းချိန်ဖြစ်ကာ အဓိကစက်ရုံများမှ အမျိုးသမီး အလုပ်သမားများသည် အဝတ်အိတ်များကိုသယ်ပြီး အိမ်သို့မြန်မြန်လမ်းလျှောက်ပြန်လာကြသည်။
အခုပူနေသောကြောင့် အမျိုးသမီးစက်ရုံအလုပ်သမားများမှာ နက်ပြာရောင် နွေရာသီအလုပ်ရုံအဝတ်အစားများ ဝတ်ထားကြသည်။ လှည့်ပတ်ကြည့်လိုက်လျှင် လမ်းများမှာ အပြာရောင် သို့မဟုတ် မီးခိုးရောင်ဖြစ်ကာ နည်းနည်းလေးမှ လှမနေပေ။
လင်းယောင် လမ်းကြားထဲ ဝင်လိုက်ပြီး ခြံဝန်းဖက်သို့ လမ်းလျှောက်သွားလိုက်သည်။ ဖုန်ပေနေသော အလုပ်ရုံဝတ်စုံကိုဝတ်ထားပြီး သုန်မှုန်နေသော လင်းဟုန်နကို သူမ သတိမပြုမိပေ။
လင်းဟုန်နကို မစ်ချီမိသွားကတည်းက သူမလင်းကျားကျွမ်တွင် ဆက်နေလို့မရတော့ပေ။
အခုလိုခေတ်တွင် လူများမှာ အလွန်အရှက်အကြောက်ကြီးကြပြီး ကျေးလက်တောရွာတွင်မပြောနှင့် အတော်လေး ပွင့်လင်းမြင်သာရှိသော မြို့ကြီးတွင်ပင် လင်းဟုန်နနှင့် စွင်းကျားလျန်တို့၏ အချစ်ဇာတ်လမ်းမှာ လူတစ်ယောက်အားဖျက်ဆီးပစ်ရန် လုံလောက်လေသည်။
လင်းဟုန်နသည်လည်း အရူးတစ်ယောက်မဟုတ်ပေ။သူမ ကျေးလက်တောရွာတွင် နေလို့မရတော့ မြို့ကိုသွားနိုင်ရန် စွင်းကျားလျန်အား အပူကပ်တော့သည်။
စွင်းကျားလျန်သည်လည်း အလွန်ပင် စိတ်ဖိစီးနေလေသည်။ ဒုက္ခရောက်နေသော လင်းတာ့ကော်တို့ မိသားစုကို ကျေနပ်အောင် လုပ်ပေးရန်အတွက် လင်းဟုန်နအား မီးသီးစက်ရုံတွင် အလုပ်စီစဉ်ပေးဖို့သာ တတ်နိုင်တော့လေသည်။
လင်းဟုန်နက သူမ မမှားဟု တွေးလေသည်။ သူမဘဝကောင်းကောင်းမှာ နေလိုခဲ့ခြင်းသာ။ မည်သို့ပင်ဆိုစေ သူမစွင်းမိသားစုထဲသို့ အနှေးနှင့်အမြန် လက်ထပ်တော့မည်ဖြစ်သည်။ သူမ ထိုသူနှင့်မကြာခင်တွင် လက်ထပ်တော့ပေမည်။ သူမ စွင်းကျားလျန်နှင့် ဘာလို့အဲ့မတိုင်ခင် ရင်းရင်းနှီးနှီးနေလို့ မရရမှာလဲ။ သူမသာ စွင်းမိသားစုအတွက် မြေးယောက်ျားလေးတစ်ယောက်မွေးဖွားပေးနိုင်လျှင် စွင်းမိသားစုမှ အဘွားကြီး သူမအပေါ်အထင်သေးနိုင်တော့မည် မဟုတ်ပေ!
လင်းဟုန်န စိတ်ထဲတွင် အကြံကောင်းရှိနေသော်လည်း သူမအဖေက အပြင်တွင် မယားငယ်ထားနေလိမ့်မည်ဟုတော့ သူမဘယ်တုန်းကမှ မတွေးထားဖူးပေ!
မယားငယ်ထားသည့်အပြင် သူမအမေကပါ အဲ့ဒါကိုမိသွားသေးသည်။
ယောက်ျားများအားလုံး ကိုယ်ကျင့်သီလမကောင်းနိုင်ကြပေ။ သူမဘာသာသူမပင် အလုပ်ရှုပ်နေသည်ဖြစ်သော်လည်း သူမ၏ စိတ်ပျက်စရာကောင်းသော မိဘများ၏ အရှုပ်များကိုပါ ရှင်းရပေဦးမည်။ စိတ်ကုန်ဖို့ကောင်းလိုက်တာ!