အခန်း (၂၉)
Vol. 3 Ch. 29
လင်းယောင်မှာ တစ်စုံတစ်ယောက်ကြောင့် ညသန်းခေါင်အထိ လူးလှိမ့်နေခဲ့ရပြီး ၂ နာရီ ၃ နာရီအထိ သူမ အိပ်မပျော်ပေ။
မနေ့ညက ထိုကိစ္စများဖြစ်ပြီးနောက် လင်းယောင်နောက်တစ်နေ့တွင် မထနိုင်တော့ပေ။
မနက် ၅:၃၀ တွင် ကုရှီအန်းထကာ ထုံးစံအတိုင်းပြေးတော့သည်။ စစ်တပ်ထဲတွင် သူနှစ်ပေါင်းများစွာကြာအောင် မနက်ခင်းလေ့ကျင့်ခန်းများလုပ်ရသည်ကို ကျင့်သားရနေလေပြီ။ သူနေ့တိုင်း လမ်းကိုပတ်ပြီး ၂ ခေါက်ပြေးလေသည်။ တစ်ခေါက်ကို မီတာ ၂၀၀၀ ဖြစ်ပြီး ၂ ခေါက်ဆိုတော့ မီတာ ၄၀၀၀ ဖြစ်သည်။ သူပြေးပြီးလျှင် ဟောဟဲဆိုက်မနေပဲ ပြန်ရောက်သောအခါ ရေပါသယ်နိုင်သေးသည်။
လင်းယောင် သူမတစ်ကိုယ်လုံးပျော့ခွေနေသလိုခံစားရပြီး တွေးကြည့်သည်နှင့်ပင် မထနိုင်သောကြောင့် စောင်ကိုဖက်ကာပြန်အိပ်လိုက်တော့သည်။
မည်သို့ပင်ဆိုစေ သူမကအမြဲအိပ်ယာထဲတွင်နေနေသောကြောင့် မိသားစုဝင်များအားလုံး ထိုသည်ကိုကျင့်သားရနေလေပြီ။
ကုရှီအန်းလည်း သူမ မနေ့က အရမ်းပင်ပန်းသွားသည်ကိုသိလေသည်။ သူပြေးပြီးနောက် ကုရှီတုန်း ကန်တင်းသို့ စားစရာသွားယူနေချိန်တွင် မြန်မြန်ရေချိုးလိုက်လေသည်။
ကန်တင်းမှ အစားအစာများမှာ တစ်နေ့ထက်တစ်နေ့ပိုပိုဆိုးလာလေသည်။ မနေ့က ထမင်းခြောက်ဖြစ်သည်။ ဒီနေ့မနက်တွင် မနက်စာမှာ ဆားရည်စိမ်များနှင့် အသီးအရွက်ဆန်ပြုတ်ဖြစ်လေသည်။
သုန်ဇီမှာဒေါသတကြီးခုန်ပေါက်နေလေသည်။ "အမေ ကြည့်ပါဦး။ ဒါကဘယ်လိုစားစရာလဲ။ သောက်လိုက်ပြီးဆီးသွားလိုက်တာနဲ့ကုန်သွားမှာ။ ဗိုက်မပြည့်ပဲဘယ်လိုအလုပ်လုပ်နိုင်မှာလဲ"
ကုချွင်မေ သူ့မောင်လေးကို ရိုက်လိုက်သည်။ "နင်ဘယ်လို စကားပြောရမယ်မှန်းမသိရင် မပြောနဲ့"
ကုရှီတုန်း သူ့ခေါင်းကိုအုပ်ကာပြေးတော့သည်။ နောက်ဖက်တွင် သူ့အစ်မကို ကျားမကြီးဟုလည်း တိုးတိုးတိုးတိုးပြောနေသေးသည်။
ကျန်းဆွေ့လန်ညိုမည်းနေသော အသီးအရွက်ဆန်ပြုတ်အားကြည့်လိုက်သည်။ သူမသည် ခက်ခဲသောအချိန်များမှလာခဲ့ရသည်။ ထိုသို့သော အသီးအရွက်ဆန်ပြုတ်မှာ အဆာပြေအဖြစ်စားလျှင် ခါးပြီးအနံ့ပြင်းလေသည်။ အတိတ်ကာလတုန်းက ရွာထဲရှိအဆင်းရဲဆုံးသူများမှာ ဆန်ကောင်းကောင်းဝယ်မစားနိုင်ကြပေ။ဆာလောင်မှုကို ပြေပျောက်စေရန်အတွက် အသီးအရွက်ဆန်ပြုတ်ကို သောက်ခဲ့ကြရသည်။
ကုမန်ဆန်သက်ပြင်းချကာ တစ်ဒေါ်လာနှင့် အစားအသောက်လက်မှတ်အချို့ကို သူ့အိတ်ကပ်ထဲမှထုတ်လိုက်သည်။ စားဖို့ကအရေးကြီးတယ်။ မနက်စာမစားလို့မဖြစ်ဘူး။ "လမ်းပေါ်မှာရှိတဲ့ နိုင်ငံတော်ပိုင်စားသောက်ဆိုင်မှာ ဖက်ထုပ်နည်းနည်းရှိတယ်။ သုန်ဇီ ဖက်ထုပ်နည်းနည်းဝယ်လာခဲ့"
ကုရှီတုန်း၏ မျက်လုံးများမှာ တောက်ပနေလေသည်။ဖက်ထုပ်လေးတွေတဲ့။ နိုင်ငံတော်ပိုင်စားသောက်ဆိုင်မှဖက်ထုပ်များမှာ အခွံသားပါးပါးလေးများနှင့်ဖြစ်သည်။၄င်းတို့အား အရသာရှိသောအစာများဖြင့် အစာသွပ်ထားလေသည်။ သူတစ်ကိုက်တည်းနှင့် တစ်ဇလုံကြီးစားနိုင်လေသည်။
ကျန်းဆွေ့လန်မျက်နှာထားတည်သွားသည်။ "ဘာလို့အဲ့ဒီဖက်ထုပ်ကိုစားမှာလဲ။ အိမ်မှာပြောင်းဖူးမှုန့် အိတ်ဝက်ရှိသေးတယ်။ ချွင်မေ ပြောင်းမှုန့်အနှစ်တစ်အိုးချက်၊အိမ်က သခွားသီးဆားရေစိမ်နဲ့ မနက်စာစားကြမယ်"
ကုချွင်မေ အသံပြုလိုက်ပြီး အင်္ကျီလက်ကိုခေါက်တင်လိုက်ကာ ထင်းများကိုရွှေ့ပြီး စချက်ပြုတ်တော့သည်။ကောင်တီတွင် အောက်တိုဘာလ အေးသောအခါ လောင်စာတောင့်များကို သူမ မီးရှို့လေသည်။ သူမထိုသ်ို့လုပ်သည်မှာ နှစ်ဝက်ကျော်ပြီဖြစ်သည်။ အခြားအချိန်များတွင်တော့ သစ်တိုသစ်စများ ရောင်းသည့်ဆိုင်တွင်သာ သစ်သားအကျိုးအပဲ့များကို ဝယ်လေသည်။
ကျန်းဆွေ့လန် ကုမန်ဆန်ကို အိမ်ပြန်ခေါ်လာလေသည်။အသက်ကြီးကြီးစုံတွဲ ၂ ဦးမှာ ဆာလောင်မှုဒဏ်ကို ခံစားနေကြရသည်။
သူတို့ငတ်မွတ်သည့်ခံစားမှုကို သူတို့ဘဝတွင် ဘယ်တုန်းကမှ မခံစားလိုခဲ့ပေ။ အခုတွင် အခြေအနေမှာမကောင်းသောကြောင့် သူတို့ ၂ ဦးမှာအပြင်ထွက်ကာ ဆန်၊ ဂျုံနှင့် အခြားအစေ့အဆန်များကို ဝယ်ပြီးအိမ်တွင်သိုလှောင်ထားရန် ဆွေးနွေးနေကြလေသည်။
ကုမန်ဆန်မှာ ဉာဏ်သိပ်မပြေးသော်လည်း သူကအရမ်းတွေးလေသည်။ သူခဏလောက်တွေးနေပြီး ဝန်းထဲတွင်အစားအသောက်များ သိုလှောင်ရန်မှာ မလုံခြုံဟုခံစားရလေသည်။ သူ့မွေးရပ်မြေမှ မြေအောက်ခန်းထဲတွင်သိမ်းထားတာက ပိုပြီးကောင်းလိမ့်မည်။
ကုအိမ်မီးခိုးခေါင်းတိုင်မှ မီးခိုးဖြူဖြူများ ထွက်လာလေသည်။ လင်းယောင် နောက်ဆုံးတွင် သူမမျက်လုံးများအားဖွင့်လိုက်သည်။ သူမ မနေ့ကဝယ်လာခဲ့သောစံပယ်ပန်းခြင်းတောင်းတစ်ဝက်အား ရေနွေးကြမ်းလုပ်ရန်အတွက် နေလှန်းထားပြီး တစ်ဝက်ကိုပန်းအိုးထဲတွင်ထိုးထားလေသည်။ တိတ်ဆိတ်နေသောအရှေ့ဆောင်တွင် ပန်းများဖြင့်ပြည့်နေလေသည်။ စံပယ်ပန်းနံ့သင်းပျံ့နေသည်။
သူမပိုးဖလံတစ်ကောင်ကဲ့သို့ တွေဝေနေပြီး အချိန်အတော်ကြာသည်တိုင်အောင် မထနိုင်ပေ။ သူမ ခါးနှင့်ခြေထောက်များမှာ အလွန်နာကျင်နေပေသည်။ သူမ၏ ညဝတ်ဂါဝန်လေးကို မ,ပြီးကြည့်လိုက်သည်။ သူမ၏နူးညံံ့ဖြူဖွေးသောအသားအရေမှာ တစ်စုံတစ်ယောက်၏ လက်ကြီးကြီးများဒဏ်ကြောင့် အနီရောင်အမှတ်များဖြင့်ဖုံးလွှမ်းနေလေသည်။
လင်းယောင် ထိုဟာကိုထိကြည့်လိုက်ပြီး သူမ၏လှပသောမျက်နှာလေးမှာ နာကျင်မှုကြောင့်ရှုံတွသွားတော့သည်။
အဲ့လူကြီးက ညင်ညင်သာသာ ဘယ်လိုလုပ်ရမယ်မှန်းကိုမသိဘူး!
သူမ အလွန်ပင် ဒေါသထွက်နေပြီး ထိုသူအားသင်ခန်းစာပေးရန် ခေါင်းအုံးအား ထိုသူအမှတ်နှင့် ထုရိုက်နေနေတော့သည်။
ထို့ကြောင့် လက်ထောက်ဒါရိုက်တာကုက လင်းယောင်အား မနက်စာစားရန် လာပြောသောအခါ မိန်းမငယ်လေးမှာတမင်ပင် စောင်အောက်ကိုတိုးနေပြီး ထရန်ငြင်းဆန်လေသည်။
ကုရှီအန်းမှာလည်း လင်းယောင် ပင်ပန်းနေတာကြောင့် ဖြည်းဖြည်းချင်းသာ နှိုးရန်ပြင်လိုက်သည်။ သူဖြတ်သွားသည်နှင့် စောင်အောက်တွင်လှုပ်နေသော ခြေထောက်ဖြူဖြူလေးကို တွေ့လိုက်ရသည်။ သူပြုံးလိုက်ပြီး ဆက်၍တိတ်တိတ်လေးနေလိုက်သည်။
လင်းယောင် သူမမျက်လုံးများကို မှိတ်ထားလိုက်ပြီး အတော်ကြာအောင် စောင့်လိုက်ပေမယ့် မည်သူ့ကိုမျှမတွေ့ရပေ။ သူမတိတ်တိတ်လေး မျက်လုံးဖွင့်ကြည့်လိုက်သည်။ "ကောင်းပြီ ငါစားပွဲမှာထိုင်ပြီး စာအုပ်ဖတ်နေလိုက်မယ်" သူမ လှည့်ကြည့်လိုက်သောအခါ ထိုသူကသူ့မျက်ခုံးများကိုပင့်လာပြီး "နိုးပြီလား?"
လင်းယောင် - "!"
ဒီလူကသူ့ပါးကိုဖြတ်ရိုက်လိုက်တာပဲ!
လင်းယောင်၏ မျက်နှာမှာ ဒေါသဖြင့်နီမြန်းသွားကာ သူမမြန်မြန်ဆန်ဆန်ပင် ကုရှီအန်းအား ပေစောင်းစောင်းတစ်ချက်ကြည့်လိုက်သည်။ သူမအမြန်သွားပြီး ထိုသူအားကုတ်ဖဲ့နေလိုက်ပြီး မကြာမီမှာပင် ကုရှီအန်း၏ လက်မောင်းများထဲသို့ ပွေ့ချီခံလိုက်ရကာ လှုပ်လို့မရတော့ပေ။
ကုရှီအန်းမှာ အနည်းငယ်ပြုံးလိုက်ပြီး သူ့လည်ဇလုတ်မှထွက်လာသောအသံမှာသြပြီး သာယာနာပျော်ဖွယ်ကောင်းလေသည်။ "ယောင်ယောင်က ကိုယ့်ကိုသင်ခန်းစာပေးချင်တာလား?"
လင်းယောင် ရွှန်းလဲ့နေသောမျက်လုံးများဖြင့် စိုက်ကြည့်လိုက်ပြီး "ဟုတ်တယ်!"
ရှင် ကျွန်မကို အနိုင်ကျင့်တာကိုပဲ ခံနေရတာ!
ထိုသို့ပြောပြီးနောက် သူမ အကြိမ်အနည်းငယ်အပြင်းအထန် ကြိုးစားလိုက်သည်။ သူမမှာ ကြက်တစ်ကောင်ကဲ့သို့ပင် အားနည်းကာ ကုရှီအန်းနှင့် ဆော့နေသကဲ့သို့ပင်။
သူမ မလွတ်မြောက်နိုင်သော်လည်း မျက်နှာတော့အပျက်မခံနိုင်ပေ!
လင်းယောင် ထိုလူကြီးအားဆက်ပြီး အေးစက်စက်ဆက်ဆံလိုက်သည်။
ကုရှီအန်း၏ မျက်လုံးနက်နက်များမှာ ပို၍ပင်ပြုံးလာကာ သူကဆွဲဆောင်ပြီးပြောလာသည်။ "ယောင်ယောင် မင်းကိုယ့်ကို သင်ခန်းစာပေးချင်တယ်ဆိုရင် ကိုယ့်မှာနည်းလမ်းကောင်းကောင်းရှိတယ်"
လင်းယောင်ဘုမသိဘမသိနှင့် လှမ်းကြည့်လာသည်ာယ "ဘာနည်းလမ်းလဲ?"
ကုရှီအန်းမှာအသံတိုးတိုးနှင့် စကားလုံးအချို့ကို ရေရွတ်ပြလိုက်သည်။ လင်းယောင်မှာ ရှက်လွန်းပြီး နှုတ်ခမ်းစူတော့မည်မှာပင် သူမ၏နူးညံ့သောနှုတ်ခမ်းများကိုတစ်စုံတစ်ယောက်က အမိအရဖမ်းသွားတော့သည်။
*
အပြင်တွင်နေမှာ အလွန်ပူပြင်းနေကာ ကောင်းကင်တွင်တိမ်တစ်ခုမှမရှိပဲ လမ်းပေါ်မှလူများမှာချွေးများရွှဲနေကြသည်။
ကုရှီအန်းမှာ သူ့အစ်ကိုကြီး ဝယ်လာသော ရေခဲချောင်းကိုဝါးနေကာ ခြံထဲတွင်ထိုင်ပြီးဝါးပင်များ မည်သို့မည်ပုံကြီးထွားသည်ကို လေ့လာနေလေသည်။
လင်းယောင်၏ လက်စားချေမှုမှာ ကျရှုံးသွားပြီး သူမသာ အစားခံလိုက်ရသည်။ သူမ တစ်နေကုန်နီးပါး ဒေါသတကြီးနှင့် အိမ်ထဲတွင်ပုန်းနေပြီး လက်ထောက်ဒါရိုက်တာကုမှာ အရင်စ၍သူ့အားကိုက်ပြီး ရိုက်ရန်ပြောလိုက်ရသည်။ မနက်စာအတွက် သူမ ကြိုက်သောဖက်ထုပ်ကြော်များကိုလည်း ဝယ်ကျွေးသေးသည်။ သူမမှာ ထိုသူအား ခွင့်မလွှတ်ချင် လွှတ်ချင်နှင့် ခွင့်လွှတ်လိုက်ရသည်။
ခွင့်လွှတ်လိုက်သည်က ခွင့်လွှတ်လိုက်သည်ပင်။ လင်းယောင်ဆေးကြောဖို့ အပြင်ထွက်လာသည်နှင့် ကောင်စုတ်လေးက မျောက်တစ်ကောင်ကဲ့သို့ပင် ခုန်ပြီးရောက်လာကာ သူမပါးစပ်အားကြည့်၍ အော်တော့သည်။ "မရီး မရီးပါးစပ်ကဘာဖြစ်တာလဲ။ ဘာလို့အရမ်းနီရဲနေတာလဲ။ မနေ့တုန်းက ခြင်တွေကိုက်သွားတာလား"
လင်းယောင်သီးကာ ကုရှီအန်း၏ ခါးကိုလိမ်ဆွဲလိုက်ပြီး သူမဘာမှမလုပ်ခဲ့သလိုပင် နေလိုက်သည်။
သူမ ခေါင်းကိုမသိမသာငြိမ့်ပြလိုက်သည်။
ကုရှီတုန်းက သက်ပြင်းချလေသည်။ "နွေရာသီက အဲ့ဒါဆိုးတာပဲ။ခြင်တွေအရမ်းများလွန်းတယ်"
ကောင်စုတ်လေးမှာ ထိုကိစ္စကိုသူ့မရီးဖြစ်သူနှင့် ဆက်ဆွေးနွေးချင်သော်လည်း ကုရှီအန်းမှာ ရေခပ်ရန် လှစ်ခနဲ ဆွဲခေါ်သွားတော့သည်။
"အစ်ကိုကြီး ကျွန်တော်မရီးနဲ့စကားပြောနေတာကို ဘာလို့ကျွန်တော့ကို အတင်းဆွဲခေါ်နေတာလဲ"
"ရေစည်ထဲမှာ ရေမရှိဘူး"
"ဘယ်သူပြောတာလဲ။ တစ်ဝက်ကျော်တောင် ကျန်သေးတာကြီးကို!"
"မင်းမှားပြီးမြင်တာ"
"ဟုတ်တယ်"
"မဟုတ်ပါဘူး!"
"ဟုတ်တယ်"
“…”
ညီအစ်ကို ၂ ယောက်မှာ စကားလိမ်များပြောနေသကဲ့သို့ပင် တစ်ယောက်ပြီး တစ်ယောက်ပြောနေကြသည်။အဆုံးတွင်တော့ ကုရှီတုန်းမှာ ရှုပ်ထွေးသွားတော့သည်။ "ကျွန်တော် အမြင်မှားတာများဖြစ်နေမလား"
လင်းယောင်မှာ ကောင်စုတ်လေး၏ ကြောင်တောင်တောင် မျက်နှာကိုကြည့်ကာ ဖက်ထုပ်ကြော်များစားရန် အိမ်ထဲသို့ဖြည်းညင်းစွာပြန်သွားတော့သည်။
သူမ မနက်စာမစားရသေးပေ။ မဟုတ်ဘူး အခုက ၁၀ နာရီကျော်သွားပြီဆိုတော့ မနက်လည်စာပေါ့။
ယွင်ရွှေကောင်တီမှ ဖက်ထုပ်ကြော်များမှာ အရသာကောင်းသည်။ ရွှေဝါရောင်သမ်းကာ ကြွပ်ရွပြီး စားလို့ကောင်းလေသည်။ အပေါ်ယံအသားမှာလည်း ကြေမနေကာ လင်းယောင်တစ်ခုကို တစ်လုတ်စားလိုက်တော့ အလွန်ပင် အရသာရှိနေတော့သည်။
ကုရှီတုန်း ရေခပ်ရာမှ ပြန်ရောက်သောအခါ သူက အဘိုးကြီးလေးတစ်ယောက်ကဲ့သို့ မြည်တွန်တောက်တီးနေတော့သည်။ "မရီး မရီးက အိပ်ယာထတာနောက်ကျတော့ ကန်တင်းမှာဘာကျွေးလဲဆိုတာမသိလိုက်ဘူး။ ခန့်မှန်းကြည့် ဝေါ်ထို့လား? မဟုတ်ဘူး ပန်းဂျုံပန်ကိတ်ဆိုရင်တောင်စားလို့ကောင်းဦးမယ်။ အသီးအရွက်ဆန်ပြုတ်ပဲ။ အသီးအရွက်ဆန်ပြုတ်က တကယ်ကိုကျွေးမနေသင့်ဘူး။ ကျွန်တော်မြိုချလို့တောင်မရဘူး။တကယ်မကျွေးသင့်တာ!"
ရက်အနည်းငယ်အတွင်း ကန်တင်းမှအစားအသောက်များမှာ အလွန်လျင်မြန်စွာ ကုန်သွားလ်ိမ့်မည်ဟု လင်းယောင် မတွေးထားမိပေ။
တကယ်တော့ တွေးကြည့်မည်ဆိုလျှင်လည်း ယုတ္တိရှိလေသည်။ ကန်တင်းတွင် လူတစ်ရာမျှရှိပြီး သူတို့ကတစ်နေ့ကို ထမင်း ၃ နပ်စားလေသည်။ သူတို့တစ်နေ့ကိုဘယ်လောက်စားမလဲ။ အခုဆိုရင် အရင်ကလို အစိုးရကထောက်ပံ့တဲ့ အစားအစာတွေလည်း မရှိတော့ဘူး။
အစိုးရတွင်လည်း အစားအစာများ ကုန်သွားလေပြီ။
လင်းယောင် မိသားစုဝင်များ မနက်စာဘာစားကြသလဲဆိုတာကိုမေးလိုက်သည်။
ကုရှီတုန်း သူ့ပါးကို ကိုင်လိုက်ပြီးပြောသည်။ "ပြောင်းဖူးကိုပျစ်နေအောင် ကြိုထားတဲ့ဟာ။ ကျွန်တော်တို့မှာတစ်ခြားစားစရာဘာရှိသေးလို့လဲ?"
ကောင်စုတ်လေးကလထိုသို့ပြောလိုက်တော့ လင်းယောင်၏ စိတ်များထိုးကျသွားသည်။ သူမထမင်းဘူးထဲမှ တူများကြားရှိဖက်ထုပ်ကြော်များကိုကြည့်လိုက်ပြီး သူမဆက်မစားနိုင်တော့ပေ။
"နင်ဗိုက်ဆာနေလား သုန်ဇီ"
ကုရှီတုန်းမှာ သူ့ဗိုက်ကိုသူပြန်စမ်းကြည့်လိုက်ပြီး သူအလွန်ပင်ဆာလောင်နေသည်ကို တွေ့လိုက်ရသည်။ သူကခုန်ပေါက်နေရတာကိုကြိုက်ပြီး မနက်တုန်းက ဝဝလင်လင်မစားခဲ့ရပေ။
လင်းယောင် သူ့ကို ထမင်းဘူးထဲမှဖက်ထုပ်ကြော်များကိုကျွေးလိုက်သည်။
ကုရှီတုန်း၏ မျက်လုံးများတောက်ပသွားပြီး သူ့ခေါင်းကိုခါလိုက်ပြန်သည်။ "မရီး မရီးအဲ့ဒါကိုစားလိုက်ပါ။ကျွန်တော် ပြောင်းဖူးကျိုထားတာကိုပဲ သောက်လိုက်မယ်"
ထိုကောင်စုတ်လေးမှာ အလွန်ပင်သိတတ်နေတော့ လင်းယောင် မျက်ရည်များပင် ဝဲလာတော့သည်။
အဆုံးတွင်တော့ ထမင်းဘူးထဲမှ ဖက်ထုပ်ကြော်များမှာ ကုရှီတုန်း၏ ဗိုက်ထဲတွင်သာ အဆုံးသတ်သွားခဲ့လေသည်။
လင်းယောင် ရုတ်တရက် သူမ မွန်းလွဲချိန်တွင် လက်ထပ်မှတ်ပုံတင်သွားယူရမည်ကို သတိရသွားသည်။ သူမအရမ်းစားလို့မရပေ။ မဟုတ်လျှင် ဗိုက်ထွက်နေပြီး ကြည့်လို့ လှမည်မဟုတ်ပေ။
ထို့အပြင် သူမ ရေလည်းမချိုးထားပေ။ ထိုသည်မှာဘဝတွင်တစ်ခါသာ ယူရသော လက်ထပ်မှတ်ပုံတင်ဖြစ်၍ မည်သို့ပင်ဖြစ်စေ သူမ လှနေရပေမည်။
လင်းယောင် ကုရှီအန်းအား သူမအတွက် ရေနွေးကျိုပေးရန်ပြောလိုက်ပြီး ထိုအချိန်တွင် သူမမှာ အိပ်ယာပေါ်တွင်အရိုးမရှိသကဲ့သို့ လှဲနေလေသည်။
သူမမှာဗိုက်တင်းပြီး အိပ်ငိုက်နေသောကြောင့် ရေချိုးလိုက်လေသည်။
ကုရှီတုန်းမှာ သူ့မရီးဖြစ်သူ ပျင်းရိလေးတွဲနေတာကို ကျင့်သားရနေပြီ ဖြစ်လေသည်။ သူထမင်းဘူးထဲမှဖက်ထုပ်များအားလုံးကို အကုန်စားလိုက်သည်။ထို့နောက်မီးဖိုချောင်ထဲသွားကာ ထမင်းဘူးကို ဆေးပြီး သူ့အစ်ကိုကြီးအား ရေနွေးတည်ရန် ကူညီလိုက်သည်။
ဒီနေ့သူ့အစ်ကိုကြီးနဲ့ မရီးတို့သွားပြီး လက်ထပ်မှတ်ပုံတင်ကြမှာ ဟီးဟီး ကောင်းလိုက်တာ။
ကုညီအစ်ကို ၂ ယောက်အလုပ်ရှုပ်နေတုန်း လင်းယောင်မှာ နာရီဝက်အတွင်း ရေချိုးပြီးသွားလေသည်။ သူမဖြည်းဖြည်းချင်း ရေချိုးနေပြီး ကျန်းဆွေ့လန်အလုပ်မှပြန်မလာမချင်း သူမ ထွက်မလာခဲ့ပေ။
ကျန်းဆွေ့လန်မှာ သူမ၏ သားအကြီး လက်ထပ်မှတ်ပုံတင်သွားလုပ်မည်အား အလွန်ပင်ပျော်ရွှင်နေလေသည်။ လင်းယောင်မှာ ရေချိုးသည့်နေရာ၏ အပူရှိန်ကြောင့် မျက်နှာနီနေပြီး သူမက သူ့ချွေးမလေးလက်ကိုကိုင်ကာ ပျော်ရွှင်စွာပြုံးပြလိုက်သည်။
"ယောင်ယောင် လက်ထပ်မှတ်ပုံတင်လုပ်တဲ့ကိစ္စက မိန်းကလေးတစ်ယောက်ရဲ့မိသားစုအတွက် တကယ့်ကိုကြီးကြီးမားမားကိစ္စကြီးပဲ။ အဲ့ဒါကြောင့် ကောင်းကောင်းမွန်မွန်ဝတ်စားရမယ်။ ကောင်တီကဝူမိသားစုရဲ့သမီးက သူလက်ထပ်မှတ်ပုံတင်သွားလုပ်တုန်းက ဝတ်စုံပြည့်နဲ့ အရမ်းစတိုင်ကျတာပဲ။ အနီရောင်ဂါဝန်လေးဝတ်နော်။ သမီးက အရောင်တောက်တောက်စကပ်လေးနဲ့လိုက်တယ်"
လင်းယောင်ပြုံးကာ ခေါင်းငြိမ့်လိုက်သည်။ "သမီးသိပါပြီ အမေ"
အိုး ဒီအမေဆိုပြီးပြောလိုက်တာလေးက အရမ်းချိုမြန်တာပဲ။ ၎င်းက ကျန်းဆွေ့လန်အား တစ်ညလုံးပြုံးနေစေတော့သည်။
အရင်က ဝူတာ့ဟုမှာ ယွင်ရွှေကောင်တီတွင်အချမ်းသာဆုံးသူဖြစ်လေသည်။ ဘဏ်များ၊စားသောက်ဆိုင်များ၊ဈေးဆိုင်များ၊အထည်ဆိုင်များ စသည်တို့မှာ သူ့နာမည်အောက်မှ ပိုင်ဆိုင်မှုများဖြစ်ကြလေသည်။ နောက်ပိုင်းတွင် လွတ်လပ်ရေးရပြီးနောက် ဝူတာ့ဟုမှာသူ့နာမည်အောက်မှပိုင်ဆိုင်မှုများကို လှူဒါန်းပစ်လိုက်လေသည်။
သူ့အားကြည့်ရှုစောင့်ရှောက်ရန် အစိုးရက ဝူတာ့ဟုအတွက် ဆိုင် ၂ ဆိုင်ချန်ထားပေးလေသည်။ အခုတွင်ထိုဟာက ၂ ဦးပိုင်ဖြစ်ကာ ဝူတာ့ဟုမှာ နှစ်တိုင်းအစုပေါ်အမြတ်များရပြီး အလွန်ပင် ချမ်းချမ်းသာသာရှိလေသည်။
မနှစ်က သူ့မိသားစုမှ တစ်ဦးတည်းသော သမီးလက်ထပ်မှတ်ပုံတင်လုပ်တော့ ခေတ်မီသည့်နိုင်ငံခြားဖြစ်ဂါဝန်ကို ဝတ်ဆင်ခဲ့ပြီး ကောင်တီတွင်အတော်လေးဟိုးလေးတကျော်ကျော် ဖြစ်သွားခဲ့သေးသည်။
လင်းယောင် ဒေသထုံးတမ်းစဉ်လာများအတိုင်း ကျစ်ဆံမြီး ၂ ခုနှင့် အနီရောင်ဂါဝန်ကို ဝတ်ဆင်လိုက်သည်။ သူမ၏ခါးလေးမှာ အလွန်သေးသွယ်ပြီး အသားအရေမှာ ကျောက်စိမ်းကဲ့သို့ပင်ဖြစ်ကာ မျက်ခုံးထူထူလေးနှင့် မယုံနိုင်စရာကောင်းလောက်အောင် လှပနေတော့သည်။
များသောအားဖြင့် ကုရှီအန်းမှာ စစ်ဝတ်စုံ သို့မဟုတ် ရဲဝတ်စုံကို ဝတ်လေ့ရှိလေသည်။ ဒီနေ့တော့ သူရှားရှားပါးပါးအနေဖြင့် ရဲဝတ်စုံမဝတ်ထားပေ။ အဖြူရောင်ရှပ်အင်္ကျီနှင့် အနက်ရောင်ဘောင်းဘီများကို လဲဝတ်ထားလေသည်။ ပိန်သွယ်ပြီးချောမောကာ လူများကိုမျက်လုံးမလွှဲနိုင်အောင်ပင်ဖြစ်စေသည်။
အဒေါ်တာ့ဖုမှာ ထိုမောင်နှံ လက်ထပ်မှတ်ပုံတင်သွားယူမည်ဟုကြားတော့ ဂုဏ်ပြုရန် ရောက်လာခဲ့လေသည်။
ကျန်းဆွေ့လန်နှင့် ကုမန်ဆန်တို့မှာ သားဖြစ်သူနှင့် ချွေးမဖြစ်သူတို့ ထွက်ခွာသွားသည်ကိုကြည့်ကာ ပြုံးနေကြတော့သည်။
ငယ်ငယ်ရွယ်ရွယ် စုံတွဲလေးသည် လက်ထပ်မှတ်ပုံတင်ရန် ကောင်တီပြည်သူ့ဒေသန္တရရုံးသို့ စက်ဘီးဖြင့်သွားကြသည်။ တစ်ချိန်တည်းတွင် လင်းဟုန်နမှာ အိမ်၌ ချိုမြိန်သော အိမ်မက်ကလေးတစ်ခုကို မက်နေခဲ့လေသည်။