အခန်း (၃၀)
Vol. 3 Ch. 30
လင်းဟုန်နမှာ မြို့ထဲရှိမီးသီးစက်ရုံသို့အလုပ်ဝင်ပြီး တစ်ပတ်လျှင် ၆ ရက် အလုပ်လုပ်ရလေသည်။ သူမ နေ့တိုင်း ၃၅ ၃၆ ဒီဂရီဆဲစီးယပ်စ်လောက် ပူပြင်းသောအပူချိန်တွင် ဟင်းလင်းပြင်ထဲ၌ ၈ နာရီ ၉ နာရီမတ်တပ်ရပ်ရလေသည်။
ဒါတင် မကသေးပေ။ စက်ရုံအဆောင်ရှိ အမျိုးသမီးအလုပ်သမားများမှာ ဆူညံကြလေသည်။ ကျေးလက်ဒေသမှ ရုန့်ရင်းကြမ်းတမ်းသောမိန်းမများနှင့် ဘာမှမကွာပေ။ သူတို့က ညပိုင်းတွင် လေချဉ်တက်ကာ အီးပေါက်ကြလေသည်။ အဆောင်တွင် စားတာသောက်တာလည်း ညစ်ပတ်ကြသည်။
လင်းဟုန်နမှာ တကယ်ပင်စိတ်ကုန်နေလေပြီ။ သူမစွင်းကျားလျန်အား နားပူနားဆာလုပ်ကာ စွင်းမိသားစုထဲသို့ ပြောင်းနေချင်လေသည်။
စွင်းမိသားစုတွင် မြို့ထဲ၌ မိသားစုတစ်စုစာခြံဝန်းလေးရှိပြီး ထိုတွင်နေထိုင်ကြသူများမှာ မြို့ထဲမှ ထင်ရှားသောမိသားစုများဖြစ်ကြသည်။ သူမသာ ထိုတွင်နေရပါက အလွန်ပင် ဂုဏ်ရှိပေမည်။
လင်းဟုန်န စပြောလိုက်သည်နှင့် စွင်းကျားလျန်မှာ သူမအားစိတ်မရှည် လက်မရှည် ဆူပူမာန်မဲလိမ့်မည်ဟု မည်သူက တွေးထင်ထားပေမည်နည်း။
"မင်းက ငါ့အိမ်ကိုသွားချင်တယ်။ ငါ့အမေရဲ့မင်းအပေါ်သဘောထားကို မသိဘူးလား။ ငါ့အမေက မင်းကြောင့်အမြဲနေမကောင်းဖြစ်နေတာ။ လွယ်တာမဟုတ်ဘူး။ အခုမှ ကျန်းမာရေး ပြန်ကောင်းလာရုံရှိသေး ဘာလို့ပြသနာရှာနေရတာလဲ။ စက်ရုံအဆောင်မှာပဲ ဆက်ပြီးနေနေစမ်းပါ။ မင်းဒီလိုသာ ဆက်လုပ်နေမယ်ဆိုရင် ငါတို့ဆက်ဆံရေး ပျက်ပြားသွားရင် ငါ့ကိုအပြစ်မတင်နဲ့"
စွင်းကျားလျန်၏ သဘောထားမှာ အလွန်ပင်ရှင်းလင်းသည်ပင်။ သူမဆက်တောင်းဆိုနေလျှင် သူ သူမကို ကန်ထုတ်တော့မည်။
လင်းဟုန်နမျက်နှာမဲ့သွားကာ စွင်းမိသားစုမှ မိန်းမကြီးအားစိတ်ထဲတွင် အကြိမ်ပေါင်းများစွာ ကြိမ်ဆဲနေတော့သည်။ စွင်းကျားလျန်မှာ အမေချစ်သားလေးဖြစ်ကာ ထိုမိန်းမကြီးပါးစပ်မှ စကားတစ်ခွန်းက သူမပါးစပ်မှစကားအခွန်း ၁၀၀ ထက် ပိုပြီးထိရောက်လေသည်။
ယခင်ဘဝတုန်းက ထိုစွင်းမိသားစုမှ မိန်းမကြီးမှာ လင်းယောင်အား အလွန်ပင်သဘောကျခဲ့လေသည်။
အဲ့ဒီမိန်းမလည် လင်းယောင်မှာ မျက်နှာလေးကလွဲပြီး ဘာမှရှိတာမဟုတ်ဘူး။ အဲ့ဒီစွင်းမိသားစုက မိန်းမကြီးက စိတ်ကျန်းမာရေးချို့တဲ့နေတာပဲဖြစ်ရမယ်။
ကြည့်ရတာစွင်းမိသားစုထဲကို ဝင်ချင်လျှင် သားယောက်ျားလေးတစ်ယောက်ကို ကိုယ်ဝန်ဆောင်နိုင်မှရပေလိမ့်မည်!
လင်းဟုန်န စွင်းကျားလျန်အား ညင်ညင်သာသာဖြင့်ချော့မော့ကာ သူ့အားတိတ်တဆိတ် ဆေးခတ်လိုက်ပြီး ၂ ဦးသား ကိုယ်လက်နှီးနှောခဲ့ကြသည်။ စွင်းကျားလျန်၏ ခြေသံများပျောက်သွားမှသာ လင်းဟုန်နစိတ်ကျေနပ်စွာဖြင့် သူမ မွေးရပ်မြေသို့ ပြန်လာခဲ့တော့သည်။
သူမ မနက်ဖြန်အလုပ်ပိတ်ရက်ဖြစ်ကာ သူမလက်ထဲတွင် ဖြောင်ဖြောင်ရှန်းအမှုန့်လည်း အများကြီးမရှိတော့သောကြောင့် အိမ်ပြန်ပြီးထပ်ယူရပေမည်။
လင်းဟုန်န အိမ်ပြန်လာတိုင်း လီအိုက်ဖုန်းမှာ သူမလွယ်အိတ်အားမွှေနှောက်ကာ ပိုက်ဆံ လက်မှတ်စသည့်အသုံးဝင်သောအရာမှန်သမျှကို ယူသွားတော့သည်။
ဒီတစ်ကြိမ်တော့ သူမအထာနပ်သွားပြီး လွယ်အိတ်အလွတ်တစ်လုံးဖြင့်သာ ပြန်လာခဲ့သည်။
သူမ ဝင်လာတော့ လီအိုက်ဖုန်းမှာ မီးဖိုချောင်ထဲတွင် ရေနွေးကျိုနေလေသည်။ သူမမှာအပြင်မှအသံကို အခြားသူများထက် ပို၍ကျယ်ကျယ်ကြားလေသည်။သူမလင်းဟုန်နကို အပေါ်အောက် အပြန်ပြန်အလှန်လှန်ကြည့်လိုက်သည်။
သူမဘာမှ ပါမလာတာကိုတွေ့တော့ "မသိတတ်လိုက်တာ။ အရင်တစ်ပတ်ကမှ အိမ်ပြန်လာပြီး မိဘတွေဖို့အသားဝယ်လာရကောင်းမှန်းမသိဘူး။ သူကတော့အစားကောင်း အသောက်ကောင်းတွေ စားသောက်နေတာ။ ဒီအမေမှာတော့ အသီးအရွက်ဆန်ပြုတ်ကိုပဲနေ့တိုင်းသောက်ရတယ်။ ဘယ်တော့လခထုတ်မှာလဲ။ ဘာတွေလုပ်နေတာလဲ။ လခထုတ်ရင်ပြန်ပေး။ နင့်အစ်ကိုကြီးက မိန်းမယူဖို့ပိုက်ဆံတွေလိုနေတာ။ အိမ်မှာပိုက်ဆံမရှိတာကို ဘာလို့ပိုက်ဆံမရှာတာလဲ။ နင့်အစ်ကိုကြီးလက်ထပ်ပြီးရင် တူလေးတွေမွေးလာတော့မှာ။ နင်ကတော့ ယောက်ျား အိမ်မှာအနှိပ်စက်ခံရမှာပဲ။ ကူပါကယ်ပါဖြစ်နေမယ် အဲ့ကျမှ..."
လီအိုက်ဖုန်းမှာ ပွစိပွစိလုပ်နေကာ အလွန်ပင်စိတ်ရှုပ်စရာကောင်းလှသည်။ လင်းဟုန်နဆက်ပြီးသည်းမခံနိုင်တော့ပဲ ငွေ ၂ ဆင့် ပေးလိုက်သည်။
လီအိုက်ဖုန်းမှာ အမြန်ယူလိုက်ကာ ပြုံး၍ခါးကြားထဲထိုးထည့်လိုက်သည်။
"သမီးက အမေကို ရိုသေသမှုနဲ့ဆိုတော့လည်း လက်ခံရမှာပေါ့"
လင်းဟုန ဘာမျှပင်ပြန်မပြောပဲ သူမအခန်းသို့ပြန်သွားကာ လှဲချလိုက်တော့သည်။
သူမတစ်နေကုန်နီးပါး ကုန်တင်ယာဉ်ပေါ်တွင်ထိုင်နေရကာ သူမအရိုးများ ပြုတ်ထွက်တော့မလိုပင်။
လင်းဟုန်နမှာ တကယ်ပင်ပန်းနေကာ အလျင်အမြန်ပင် အိပ်ပျော်သွားတော့သည်။ သူမ အိပ်မပျော်တပျော်ဖြစ်နေသည့်အချိန်တွင် မယုံကြည်နိုင်စရာကောင်းလောက်အောင်လှပသော အိပ်မက်ရှည်ကြီးတစ်ခုကို မက်နေခဲ့သည်။
အိပ်မက်ထဲတွင် သူမမှာ ဆန္ဒများပြည့်ဝပြီး စွင်းကျားလျန်နှင့် လက်ထပ်ကာ စွင်းမိသားစုနှင့်အတူ ဟောင်ကောင်သို့ ပြောင်းရွှေ့သွားပြီး လူတိုင်းအားကျသောချမ်းသာသည့် အမျိုးတစ်ယောက် ဖြစ်လာခဲ့လေသည်။
ကိုယ်ပိုင်ဂျက်လေယာဉ်နှင့် ခရီးထွက်ကာ ပြင်သစ်မှတင်သွင်းသော အစားအသောက်နှင့် ဝိုင်များကို စားသောက်နေခဲ့လေသည်။ သို့သော် လင်းယောင်မှာတော့ ဝန်းကျယ်ကြီးထဲမှ မိသားစုထဲသို့ လက်ထပ်ကာ သူမခြေထောက်အောက်တွင် နင်းခြေခံရပြီး တစ်ဘဝလုံးဆင်းရဲစွာ နေထိုင်သွားရလေသည်။
သူမမှာ အကောင်းစား သားရေရှူးဖိနပ်များကို စီးပြီးအပြင်ထွက်တော့ လင်းယောင်မှာ အသီးအရွက်များကိုရောင်းနေရလေသည်။
သူမ US ဒေါ်လာများကို ကမ်းပေးလိုက်ပြီး လင်းယောင်မှာ ခေါင်းငြိမ့်ကာ သူမအားကျေးဇူးတင်ရန် ဦးညွတ်နေလေသည်။ ထိုမြင်ကွင်းမှာ အံ့အားသင့်စရာကောင်းလွန်းသောကြောင့် အိပ်မက်ထဲတွင် လင်းဟုန်နမှာ မနေနိုင်ပဲ အကျယ်ကြီး အော်ရယ်မိတော့သည်။
ခြံထဲတွင်မြက်များကို ထွန်ခြစ်ဖြင့် ခြစ်နေသော လီအိုက်ဖုန်းမှာ ငြီးတွားလိုက်သည်။ "အိမ်က ဝက်တွေအကုန်လုံးကိုတပ်ဖွဲ့ဆီကိုခေါ်သွားကြပြီ။ ဒါကဘယ်သူ့မျိုးစေ့လဲ။ ဘာလို့အဲ့လောက်အကျည်းတန်ရတာလဲ"
*
ယွင်ရွှေကောင်တီ ပြည်သူ့ဒေသန္တရရုံးတွင် မိန်းမငယ်လေးမှာ လက်ထပ်မှတ်ပုံတင်ပေါ်တွင် တရားဝင်အနီရောင်တံဆိပ်ခေါင်းနှင့် တံဆိပ်တုံးနှိပ်ပြီး ပြုံးကာကမ်းပေးလေသည်။ "ဂုဏ်ယူပါတယ်"
လင်းယောင် ထိုဟာကို သူမ၏လက်သွယ်သွယ်များနှင့်ယူလိုက်ပြီး အစစ်အမှန် မဟုတ်သကဲ့သို့ ခံစားနေရသည်။ သူမ ဒီလိုပဲလက်ထပ်ရတော့မှာလား။
သူမ ၁၉၅၀ ခုနှစ်မှ လူအိုကြီးနှင့် လက်ထပ်လိုက်လေပြီ။
သူမ ဘေးတွင်ရှိနေသော ကုရှီအန်းအား စိုက်ကြည့်လိုက်သည်။ အေးစက်ပြီး ထူးမခြားနားရှိနေခဲ့သူမှာ သူ့နှုတ်ခမ်းထောင့်မှ အပြုံးများကို ထိန်းမထားနိုင်တော့ကာ သူ့မျက်ခုံးများမှာလည်း ဆောင်းရာသီတွင်ပထမဆုံးအရည်ပျော်သောနှင်းလေးကဲ့သို့ ပြေလျော့နေလေသည်။
ကုရှီအန်း လင်းယောင်စိုက်ကြည့်နေတာကို သတိထားမိပြီးမေးလိုက်သည်။ "ယောင်ယောင်?"
လင်းယောင် မျက်နှာနီသွားတော့သည်။ နေ့ခင်းကြောင်တောင်ကြီးမှာ ဘာလို့ဒီလိုကြင်ကြင်နာနာခေါ်နေရတာလဲ!
သည်ရက်များတွင် စုံတွဲလေးများမှာ သူတို့လက်ထပ်မှတ်ပုံတင်လုပ်ပြီးသည်နှင့် ပျော်ပွဲရွှင်ပွဲလုပ်ကြသော်လည်း လင်းယောင်မှာ ချွင်းချက်ဖြစ်လေသည်။
သူမ၏လက်ထပ်မှတ်ပုံတင်ကို သေချာခေါက်လိုက်ပြီး ဘေးလွယ်အိတ်ထဲသို့ ဂရုတစိုက် ထည့်ထားလိုက်သည်။ထို့နောက် စက်ဘီးပေါ်ခုန်တက်လိုက်ပြီး သူမ အရှေ့တွင်ရှိနေသော ကုရှီအန်းအား ပုတ်လိုက်သည်။
အသားစားရဖို့အတွက် ယုန်မလေးတစ်ကောင်မွေးရမည်။
ကမ္ဘာကြီးက အလွန်ကြီးမားကာ အသားစားရရန်မှာ အကြီးမားဆုံးဖြစ်လေသည်။
ပွင့်လင်းမြင်သာစွာ အသားစားနိုင်ရန်အတွက် လင်းယောင်တကယ်ပင် ကြိုးစားနေလေသည်။
လက်ထောက် ဒါရိုက်တာကုအဖြစ်မှ ဒရိုက်ဘာကုအဖြစ်သို့ ကူးပြောင်းသွားသူ ကုရှီအန်း - “...”
မွန်းလွဲပိုင်း ၂ နာရီ ၃ နာရီတွင် ယွင်ရွှေကောင်တီသည် အပူလှိုင်းကိုဘခံစားနေရဆဲဖြစ်လေသည်။
လယ်သမားဈေးမှာ ရှေးဟောင်းပစ္စည်းများရောင်းသောလမ်း၏ တစ်ဖက်တွင်ဖြစ်လေသည်။ ကောင်တီ၏ အဓိကကန်တင်းများနှင့် နိုင်ငံတော်ပိုင်စားသောက်ဆိုင်များ၏ ဟင်းပွဲအများစုကို လယ်သမားဈေးမှဝယ်ကြလေသည်။
လယ်သမားဈေးမှ အသီးအရွက်ရောင်းသူများသည် ကြက်များ၊ဘဲများနှင့် ယုန်များအစရှိသည်တို့ကိုလည်း ရောင်းကြသည်။
မည်သို့ပင်ဆိုစေ သည်အချိန်တွင် မြို့ပြမှဝန်းကျယ်ကြီးများတွင် လူအများအပြား နေထိုင်ကြသည်။ သူတို့ ယုန်များ၊ကြက်များ၊ဘဲများကို ဝန်းထဲတွင်မွေးကာ စိတ်ရှိသလို စားသောက်နိုင်လေသည်။
လင်းယောင် ယုန်ထီးလေးတစ်ကောင်နှင့် ယုန်မလေးတစ်ကောင်ဝယ်ချင်လေသည်။
လယ်သမားဈေးတွင် ယုန်ရောင်းသောဈေးသည်အများအပြားပင်ရှိသည်။ လင်းယောင် လှည့်ပတ်ကြည့်ပြီး ရွေးနေလေသည်။ ယုန်လေးများမှာ ဝဖြိုးကာ အမွေးဖွားဖွားလေးများ ဖြစ်သည်။ သူမ မြင်သည့်အကောင်တိုင်းကိုပင် ဝယ်ချင်မိသည်။
အဆုံးတွင်တော့ ကုရှီအန်းအကြံပေးသည့် မီးခိုးရောင်ယုန်လေးတစ်စုံကိုဝယ်ခဲ့သည်။ တစ်ကောင်ကို ၃၀ ဆင့်ဖြစ်ကာ တစ်စုံဆိုတော့ ၆၀ ဆင့်ကျသည်။ လင်းယောင် ၅၅ ဆင့်နှင့်ဈေးဆစ်လိုက်ပြီး ယုန်ရောင်းသောအဘိုးကို သကြားလုံး ၂ ခုပေးလိုက်သည်။ ဝါးလှောင်အိမ်လေးတစ်ခုကိုပါ ရှာတွေ့သွားခဲ့သည်။
ယုန်လေးများ ရောင်းသည့်အဘိုးမှာ စိတ်ထားကောင်းလေသည်။ သူ့အိတ်ထဲသို့ သကြားလုံးများကို ပျော်ရွှင်စွာထည့်လိုက်ပြီး အိမ်ပြန်ရောက်လျှင် သူ့မြေးလေးအားကျွေးရမည်ဟုဆိုကာ ခြေထောက်များဖြင့် ကန်နေသောယုန်လေး ၂ ကောင်အား လှောင်အိမ်ထဲသို့ ထည့်ပေးလေသည်။
လင်းယောင်မှာ စပ်စုနေသော ကလေးလေးတစ်ယောက်ကဲ့သို့ ယုန်လေးများ ဘာစားကြလဲ။ အများကြီးစားလို့ရောဖြစ်ရဲ့လား။ သူတို့က တစ်နေ့မှာ ဘယ်လောက်ကြီးထွားကြသလဲ။ ဘယ်အချိန်မှာ သူတို့ကိုစားလို့ရပြီလဲ အစရှိသည်တို့ကို မေးနေလေသည်။ ယုန်လေးများကိုရောင်းလို့ရသည်ပင်။
အဘိုးမှာ တစ်ခုပြီးတစ်ခု ဖြေပေးလေသည်။ သည်ရက်များတွင် ယုန်လေးများအား အစာကျွေးရန် အလွန်လွယ်သည်ပင်။ သူတို့က မုန်လာဥ၊အသီးအရွက်များ၊ပြောင်းဖူးများစသည်တို့ကို စားကြသည်။
လင်းယောင် ပျော်ရွှင်သွားပြီး ကုရှီအန်းဖက်လှည့်ကာပြောလိုက်သည်။ "ကျွန်မတို့ ယုန်လေးတွေမှာ စားစရာဘာမှမရှိဘူး။ ရွာကိုသွားပြီး သူတို့စားဖို့ အသီးအရွက်တွေသွားတူးရအောင်လေ"
ကုရှီအန်း သဘာဝကျကျပင် ခေါင်းငြိမ့်ပြလေသည်။
ထုံးစံအတိုင်းပင် အသီးအရွက်များကို တူးရသူမှာ လက်ထောက်ဒါရိုက်တာကုဖြစ်ကာ လင်းယောင်မှာ ဘေးတွင် အပျင်းတစ်နေလေသည်။
သို့သော်ယုန်ရောင်းသည့် အဘိုးမှာ ထိုဟာကိုမသိပေ။ သူက ပြုံးကာပြောခဲ့သည်။ "ဒီစုံတွဲလေးက အရမ်းချစ်ကြတာပဲ။ မင်းတို့ဘယ်တော့ ကလေးယူကြမလဲကွဲ့"
လင်းယောင်မှာ ရူးချင်ယောင်ဆောင်ကာ ယုန်လေးများနှင့် ဆော့နေလေသည်။ ကုရှီအန်းအနည်းငယ်ပြုံးကာဖြေလိုက်သည်။ "ရတော့မှာပါ"
အဘိုးမှာ သူ့အားဘယ်နှယောက် လိုချင်တာလဲလို့ မေးချင်နေခဲ့သော်လည်း လင်းယောင်မှာ မနေနိုင်တော့ပဲ ကုရှီအန်းအား ခပ်မြန်မြန်အဝေးသို့ ဆွဲသွားတော့သည်။
ကလေးယူရန်မှာ အရမ်းစောသေးသည်လေ။
အိမ်ပြန်သည့် လမ်းမှာအရိပ်ရနေကာ လင်းယောင်မှာမကြာမီအိမ်ပြန်ရောက်တော့မည်ဖြစ်သောကြောင့် စိတ်အခြေအနေ ကောင်းနေတော့သည်။
ကုမိသားစုတွင်တစ်ဦးတည်းကျန်ခဲ့ရသောသူမှာ ကုရှီတုန်းဖြစ်ကာ ကောင်စုတ်လေးမှာပျင်း၍ အိမ်တွင်အိပ်နေလေသည်။
လင်းယောင်မှာ ကုရှီအန်းနှင့် စကားပြောနေလေသည်။ကုရှီတုန်း၏ နားရွက်များလှုပ်ရှားသွားပြီးနောက် သူ "ယုန်လေး၊ ယုန်လှောင်အိမ်လေးဆောက်ရမည်" စသည်တို့ကို ဝိုးတဝါးကြားနေရလေသည်။ သူချက်ချင်းပင်အိပ်ယာပေါ်မှ ခုန်ဆင်းလိုက်ပြီး ခြံဝန်းထဲသို့ ပြေးသွားတော့သည်။
"မရီး အစ်ကိုကြီး ယုန်လေးတွေဝယ်လာတာပဲ"
ကောင်စုတ်လေးမှာ ရောက်ချလာကာ ယုန်နားရွက်လေးများအား လှမ်းကိုင်နေလေသည်။
လင်းယောင် ယုန်လေးကို နောက်တွင်ထားလိုက်ကာ ကုရှီတုန်းအား ဒေါသတကြီးပြောတာ့သည်။ "ဘာလုပ်တာလဲ။ လက်ပြန်ရုတ်လိုက်။ နင်ယုန်လေးတွေကို ကြောက်အောင်လုပ်လိုက်ရင် စားဖို့အသားရတော့မှာမဟုတ်တော့ဘူးနော်"
ငါ့ယုန်သားစပ်ချက်လေးကို မလှန့်နဲ့။
ကုရှီတုန်းမှာ သူ့လက်ကိုပြန်ရုတ်လိုက်ကာ သက်ပြင်းချပြီး အသားစားရဖို့ ဘာလို့ဒီလောက်ခက်နေရလဲဆိုတာတွေးနေလေသည်။
လင်းယောင် သူ့ကိုလျစ်လျူရှုလိုက်ကာ ကုရှီအန်းအားလာပြီး ယုန်လေးများအတွက် ကျောက်တုံးများနှင့်အသိုက်ဆောက်ပေးရန် ခေါ်လိုက်လေသည်။
ယုန်လေးများမှာ တွင်းများတူးနိုင်ပြီး အသိုက်များကိုဝါးစားနိုင်ကြောင်းလည်း သူမ အခုလေးတင် သိလာခဲ့လေသည်။ အဒေါ်တာ့ဖုမှာ ယုန်အိမ်ကိုသံဖြင့်ဆောက်ထားသည်ကို မအံ့သြတော့ပါပေ။
ကုအိမ်တွင် သံလှောင်အိမ်တော့မရှိပေမယ့် အဆင်ပြေပါသည်။
အိမ်တွင် ကုရှီအန်းရှိနေကာ သူမ၏လက်ထောက်ဒါရိုက်တာကုမှာ အရာရာကိုလုပ်နိုင်လေသည်!
ကုရှီအန်းမှာ ကူကယ်ရာမဲ့စွာဖြင့်ညပြုံးလိုက်သည်။ သူယုန်အိမ်ဘယ်လိုဆောက်ရမည်မှန်းမသိကာ သူ့မိန်းကလေးမှာ မလုပ်နိုင်သောကြောင့် သူပဲလုပ်ပေးရပေမည်။
ကုရှီအန်းမှာ ယုန်အိမ်ဘယ်လိုလုပ်ရမည်ကို ကိုယ့်ဘာသာ ကြိုးစားလေ့လာနေလေသည်။ အိမ်မှကောင်စုတ်လေးကတော့ ဝန်းထဲမှနေရာတိုင်းတွင်လိုက်ပြီး ကြွားနေလေသည်။ သူတစ်ယောက်ယောက်ကို တွေ့တာနှင့် "ကျွန်တော်တို့ အိမ်မှာယုန်လေးရှိတယ်။ ကျွန်တော့မရီးဝယ်ထားတာ" ဟုပြောနေတော့သည်။
အဒေါ်တာ့ဖု သူ့အားတမင်စလိုက်သည်။ "မင်းမရီးဝယ်တာက မင်းနဲ့ဘာဆိုင်လို့လဲ"
ကောင်စုတ်လေးက အတည်ပေါက်ပင်ပြန်ဖြေလေသည်။ "ဘာလို့မဆိုင်ရမှာလဲ။ မရီးက ကျွန်တော်တို့မိသားစုဝင်ပဲကို။ ပြီးတော့ ကျွန်တော်တို့က အစ်ကိုကြီးနဲ့ထက်တောင် ပိုပြီးရင်းနှီးကြသေးတယ်။ အစ်ကိုကြီးကသာကျွန်တော့်ကို အီးစားခိုင်းမယ်ဆိုရင် ကျွန်တော်စားမှာမဟုတ်ပေမယ့် မရီးက စားခိုင်းရင်တော့စားမှာ"
အဒေါ်တာ့ဖု - "......"
မည်သို့ပင်ဆိုစေ ထိုကောင်စုတ်လေးမှာ ကြွားလွန်းလို့ လူများပင် သူ့ကိုကြည့်မရတော့ပေ။
လင်းယောင်မှာ သူ့ကိုပေါ်ပေါ်ထင်ထင် မလုပ်ရန်ပြောလေသည်။
ကုရှီတုန်း ခေါင်းငြိမ့်လိုက်သည်။ သူအရမ်းပေါ်ပေါ်ထင်ထင်လုပ်နေပြီး အရှေ့ခြံက ကျန်းကြွက်သိသွားလို့မဖြစ်ပေ။ သူ့ယုန်လေးတွေ အခိုးခံလိုက်ရရင် ဘယ်လိုလုပ်မလဲ။
သူပေါ်ပေါ်မထင်မနေဖို့က အရမ်းနောက်ကျသွားလေပြီ။ အရှေ့ခြံဝန်းမှ ကျန်းကြွက်မှာ အိမ်တွင်ကုရှီတုန်းအော်နေသည်ကိုကြားပြီး ကြောင်တစ်ကောင် သူ့ခေါင်းအားကုတ်နေသကဲ့သို့ ယားလာတော့သည်။
ကုအိမ်မှာ ယုန်လေးတွေ မွေးထားတယ်။ ဒါကြောင့် သူခွင်ဖန်ပြီး အဲ့ကိုခိုးသွားပြီးတော့ ကင်စားပစ်ရမယ်။
ကျန်းကြွက်မှာသစ်ပင်နောက်တွင် ပုန်းကာ ချောင်းပြီး ညရောက်လျှင် လုပ်ငန်းစနိုင်ရန် ယုန်လေးများအားဘယ်နေရာတွင် ထားထားလဲဆိုတာကိုကြည့်ရန်ကြိုးစားနေလေသည်။
သူ မကြည့်ခဲ့လျှင်ကောင်းပေလိမ့်မည်။ မတော်တဆသူ့ခြေထောက်အောက်မှ သစ်ကိုင်းကို သူနင်းမိသွားလေသည်။ နားပါးသောကုရှီအန်းမှာ ထိုအသံကိုကြားပြီး သူ့အား မျက်လုံးစူးစူးများနှင့် ကြည့်လာလေသည်။ ကျန်းကြွက်မှာ အလွန်ပင်ကြောက်သွားပြီး သူ့ခြေထောက်များပျော့ခွေသွားကာ မြေပေါ်သို့လဲကျသွားတော့သည်။သူခြေခေါက်လဲသွားပြီး အိမ်သို့ငိုပြန်သွားတော့သည်။
လင်းယောင်မှာ အိမ်ထဲတွင် ဖရဲသီးစားနေပြီး ဆူညံသံကိုကြားတော့လာကြည့်လေသည်။ "ဘယ်သူ့ကလေးငိုနေတာလဲ?"
ကုရှီအန်း သူ့ပါးစပ်ထောင့်မှ ဖရဲသီးအစွန်းအစများကိုသုတ်လိုက်ကာ သူ့မျက်လုံးများမှာ နူးညံံ့နေလေသည်။ "ဘာမှမဟုတ်ပါဘူး။ မှားကြားမိတာဖြစ်လိမ့်မယ်"
လင်းယောင် နာခံစွာပင် "အိုး" ဟုပြောလိုက်ကာ ဆက်စားရန် အိမ်ထဲပြန်ဝင်သွားတော့သည်။
ကုရှီတုန်းမှာ ဘေးဖက်တွင် ပုန်းနေကာ သူ့ပေါင်ကိုရိုက်လိုက်ပြီး ရယ်နေတော့သည်။ ကျန်းကြွက်က ဒါမျိုးနဲ့ပဲတန်တယ်။
မွန်းလွဲပိုင်းတွင် အစ်ကိုကြီးထို့ထို့မှာ ဝန်းထဲသို့ချွေးများရွှဲလျက်ရောက်လာကာ ပြည်သူ့လုံခြုံရေးဌာနတွင်အရေးကြီးကိစ္စရှိသည်ဟု ပြောလေသည်။ ကုရှီအန်းကြားပြီးနောက် ၂ ယောက်သားအမြန်သွားကြတော့သည်။
ထိုညတွင် မစ်စ်ကျန်းတာ့ချန်ပြန်ရောက်လာပြီး သူ့သားပါးစပ်မှာ ယောင်ကိုင်းနေသည်ကို တွေ့ရလေသည်။ကျန်းကြွက်နောက်လိုက်ပြီးဘာဖြစ်တာလဲဟုမေးတော့သည်။ ကျန်းကြွက်မှာ ဘယ်လိုလုပ်အမှန်အတိုင်းပြောနိုင်မည်နည်း။ သူသီးသွားကာ ဝမ်ရှန်းဆိုင်တို့ မိသားစုမှလုပ်တာဟူ၍ ပြောလိုက်သည်။ ထိုကောင်လေးမှာ သူ့ကိုအနိုင်ကျင့်သည်ဟူ၍။
ထိုဟာမှာ ပျားအုံကို တုတ်နှင့်ထိုးလိုက်သလိုပင် ဖြစ်တော့သည်။ ကျန်းတာ့ချန်၏ ဇနီးမှာ ခုန်ပေါက်နေကာ ခြံထဲတွင် ဆူဆဲနေတော့သည်။
ဝမ်ရှန်းဆိုင်၏ဇနီး အလုပ်မှအိမ်ပြန်ရောက်လာသည်နှင့် ကျန်းတာ့ချန်၏ ဇနီးမှာ သူမ၏ဆံပင်ကိုဆွဲကာ မြေပေါ်သို့လှဲချတော့သည်။