အခန်း (၃၁)
Vol. 3 Ch. 31
"လျို့အာ့ဆွေ့ ရှင်ရူးနေတာလား။ ရူးနေရင်လည်းဆရာဝန်သွားပြလေ။ ဘာလို့ ကျွန်မကို လာလုပ်နေတာလဲ"
ဝမ်ရှန်းဆိုင်၏ ဇနီးမှာစိတ်အခြေအနေကောင်းနေခဲ့လေသည်။ သူမ မကြာသေးမီက ဆပ်ပြာစက်ရုံတွင်ယာယီအလုပ်တစ်ခုရလေသည်။ အလုပ်မှာမပင်ပန်းကာ တစ်လလျှင် ၁၆ ယွမ်ရလေသည်။
ဝမ်ရှန်းဆိုင်၏ ဇနီးမှာပိုက်ဆံရှာနိုင်ကာ အိမ်တွင်ခပ်မာမာ ခပ်တင်းတင်းပင်။
မစ်စ်ဝမ်က ပြဿနာရှာတော့ သူမခါးထောက်ပြီးယောက္ခမဖြစ်သူကို ပြန်ရန်တွေ့လေသည်။ မစ်စ်ဝမ်မှာဒေါသထွက်လွန်းပြီး မေ့ပင်လဲတော့မလိုပင်။
တစ်ဖက်တွင်တော့ ဝမ်ရှန်းဆိုင်မှာ သူတစ်ယောက်တည်း မိသားစုအား ခက်ခက်ခဲခဲရှာဖွေကျွေးမွေးရလေသည်။ သူ့မိန်းမအလုပ်သွားပြီး လတိုင်းလစာရတော့ သူအများကြီး ပိုပြီးသက်တောင့်သက်သာရှိသွားသည်။ သူရူးချင်ယောင်ဆောင်ကာ သူ့အမေ၏ အသံကိုမကြားချင်ယောင် ဆောင်နေလေသည်။
မစ်စ်ဝမ်မှာဆူဆောင့်ကာ အထုပ်ပြင်ပြီး သူ့သမီးအိမ်သို့သွားတော့သည်။
အဲ့ဒါကြောင့်ပင် ဝမ်ရှန်းဆိုင်၏ ဇနီးမှာအလွန်ပင်ကျေနပ်ကာ ရက်ပေါင်းများစွာကြာအောင် ရုံးမှဆင်းသည့်လမ်းတွင် သီချင်းများပင် ဆိုလိုက်သေးသည်။
မမျှော်လင့်ထားစွာပင် သူမ ခြံဝန်းထဲသို့ဝင်လိုက်သည်နှင့် သူမ အမြင်အာရုံများ မှောင်မိုက်သွားလေသည်။ မစ်စ်ကျန်းတာ့ချန်က ရုတ်တရက်ကြီး သူမဆံပင်အားဆွဲပြီး မြေကြီးပေါ်ဖိချလိုက်တော့ သူမ နာကျင်သောကြောင့်အော်ဟစ်နေရတော့သည်။
သူမ တွန့်လိမ်အော်ဟစ်ကာ ပြန်လုပ်ချင်သော်လည်း ကျန်းတာ့ချန်၏ ဇနီးဖြစ်သူ လျို့အာ့ဆွေ့က သူမအားထိုသို့မလုပ်နိုင်ရန် တားထားလေသည်။ လက်တစ်ဖက်နှင့်ဆံပင်ကိုဆွဲကာ နောက်တစ်ဖက်နှင့် ဝမ်ရှန်းဆိုင်၏ ဇနီးဖြစ်သူ၏ နူးညံ့သောရင်ဘတ်နှင့် ပေါင်သားတို့ကိုညှစ်ထားလေသည်။
သူမက ပြင်းပြင်းထန်ထန်ပြောသေးသည်။ "ငါနင့်ကိုဖမ်းမယ်။ တစ်နေကုန်အပြင်မှာဖင်သရမ်းနေပြီး နင်မွေးထားတဲ့ သောက်ကောင်စုတ်က ငါတို့ဟောင်ဇီကို အနိုင်ကျင့်ရဲတယ်။ ဒီနေ့နင့်ကို ငါမဆော်ရင် ငါ့မျိုးရိုးနာမည်က လျို့မဟုတ်တော့ဘူး"
လျို့အာ့ဆွေ့ ထိုအကြောင်းကိုတွေးလေလေ သူမဒေါသထွက်လေလေပင်။သူမ ဝမ်ရှန်းဆိုင်ဇနီး၏ ဗိုက်ပေါ်တွင်ထိုင်ကာ သူမအားအချက်ပေါင်းများစွာချနေတော့သည်။
ဝမ်ရှန်းဆိုင်၏ ဇနီးမှာငယ်သော်လည်း သူမမှာနိမ့်ကျသောအလုပ်မျိုးကို မလုပ်ဖူးပေ။ သူမမှာ လီအာ့ဆွေ့နှင့်ဘယ်လိုမှ ယှဉ်လို့မရပေ။ သူမအကြိမ်ပေါင်းများစွာအချခံလိုက်ရပြီး သူမခေါင်းမှာ တဝီဝီမြည်နေတော့သည်။ သူမမျက်နှာတစ်ခြမ်းမှာ ဖူးယောင်နေလေသည်။ သူမလူးလိမ့်ကာ ရှိသမျှခွန်အား အားလုံးဖြင့် အပြင်ကို လေးဖက်ထောက်သွားလိုက်ပြီး ပြေးကာအသားကုန် အော်တော့သည်။
"ကျွန်မကို သေအောင်သတ်နေပါတယ်! လျို့အာ့ဆွေ့ကရူးနေပြီ!"
ဝန်းထဲမှ အိမ်နီးချင်းများမှာ ရန်ပွဲအားလာကြည့်ကြသည်။ ဝမ်ရှန်းဆိုင်၏ ဇနီးမှာကြောက်လန့်နေပြီး အဆော်ခံလိုက်ရကာ ထွက်ပြေးနေရမည်ဟု မည်သူကတွေးထင်ထားမည်နည်း။ သူမ မော့ကြည့်လိုက်တော့ ခြံဝန်း၏ အဝင်ပေါက်တွင် သားရေဖိနပ်စီးထားသောခြေထောက်ကြီးကြီးတစ်စုံကို တွေ့လိုက်ရသည်။
ရှန်းဆိုင် သူမ၏ရှန်းဆိုင်ပြန်လာပေပြီ!
ဝမ်ရှန်းဆိုင်၏ ဇနီးမှာပျော်သွားပြီး ငိုကြွေးနေလေသည်။ သူမမြေကြီးပေါ်တွားသွားလိုက်ပြီး ထိုယောက်ျား၏ ပေါင်ကိုဖက်ကာ မျက်ရည်များရွှဲနေတော့သည်။
"ရှန်းဆိုင် ရှင်ပြန်လာပြီ။ ရှင် ကျွန်မ အနိုင်ကျင့်ခံနေရတာကို တရားမျှတမှု ပြန်ယူပေးရမယ်"
ဝမ်ရှန်းဆိုင်၏ ဇနီးမှာ အလွန်ပင် ငိုကြွေးနေသောကြောင့် မျက်ရည်များ၊နှပ်များပင် ထိုလူ၏ ဘောင်းဘီအား စွန်းပေသွားတော့သည်။ သူမမှာငိုတာကိုသာအာရုံရောက်နေသောကြေင့် သူမကိုင်ထားသောသူမှာ သူမယောက်ျား မဟုတ်တာကိုမသိလိုက်ပေ။ ထိုလူမှာစတီးစက်ရုံမှပြန်လာသော ကျန်းတာ့ချန်ဖြစ်လေသည်။
ကျန်းတာ့ချန်၏ ခန္ဓာကိုယ်မှာ အေးခဲသွားသည်။ သူ မလှုပ်ရှားနိုင်တော့ပေ။
သူမ နောက်သို့လိုက်လာသော လျို့အာ့ဆွေ့မှာ ထိုမြင်ကွင်းအား မြင်သွားပြီး သူမမျက်လုံးများမှာသွေးထွက်တော့မလိုပင် နီရဲနေလေသည်။
ဒီအကြံပက်စက်တဲ့ ခွေးမက မသေနိုင်သေးဘူး။
လျို့အာ့ဆွေ့ အတင်းပြေးသွားလေသည်။ ဝမ်ရှန်းဆိုင်၏ဇနီးမှာ တုန်ယင်သွားတော့သည်။ ကျန်းတာ့ချန်မှာ သူ့ခြေထောက်များ အေးသွားသည်ကို ခံစားလိုက်ရလေသည်။ သူခေါင်းငုံ့ကြည့်လိုက်သောအခါ သူ့ခြေထောက်များကို မြင်လိုက်ရသည်။ သူဘောင်းဘီကျွတ်သွားလေပြီ။
ဝန်းထဲတွင်ရှိနေသောလူများ - “!!!”
ဘုရားရေ ဝမ်ရှန်းဆိုင်ရဲ့မိန်းမက ကျန်းတာ့ချန်ရဲ့ဘောင်းဘီကို ဆွဲချွတ်လိုက်တယ်။
ကျန်းတာ့ချန် ဘောင်းဘီကျွတ်သွားလေသည်။
မြင်ကွင်းမှာ ရုတ်ခြည်းပင် ပြောင်းလဲသွားတော့သည်။
အမှန်တော့ ထို ၂ ယောက်ရန်စဖြစ်စဉ်က ကုရှီတုန်းမှာ ပြေးသွားပြီး အငြင်းပွားကာ ရန်မဖြစ်ကြရန် ပြဿနာကိုရှင်းပြချင်ခဲ့လေသည်။
ဝမ်ရှန်းဆိုင်၏ ဇနီးမှာ သူ့ကိုလက်ယမ်းပြကာ ထွက်သွားရန်ပြောခဲ့သည်။
ကုရှီတုန်း အမြန်ထွက်သွားလေသည်။ ကျွန်တော့်ကိုထွက်သွားဖို့ပြောတာနော်။ နောက်မှ နောင်တမရနဲ့။
ဝန်းထဲမှအိမ်နီးချင်းများမှာ ပျော်ရွှင်စွာခုန်ပေါက်ကာ ဖရဲသီးစား(စပ်စု)နေကြလေသည်။
ကျန်းဆွေ့လန် သူမသားကိုအိမ်ထဲပြန်ပို့လိုက်သည်။ကောင်စုတ်လေးမှာ ခုံတန်းရှည်ပေါ်တွင် မတ်တပ်ရပ်ကာ ပြတင်းပေါက် ဘောင်ကို မှီပြီး လည်ပင်းရှည်ကာအပြင်ကိုကြည့်နေလေသည်။
အခန်းထဲတွင် မှေးနေသောလင်းယောင်မှာ အပြင်ဖက်မှဆူညံသံများကို ကြားသွားသည်။ သူမအိပ်ယာမှ ယိမ်းယိမ်းယိုင်ယိုင်ဖြင့် ထလိုက်ကာ ခြေထောက်စင်းထိုင်လိုက်ပြီး မျက်လုံးများကိုပွတ်နေလေသည်။ သူမ ကုရှီတုန်းအား ပြောလိုက်သည်။ "အပြင်မှာ ဘာတွေဖြစ်နေတာလဲ သုန်ဇီ"
ဘာလို့ အရမ်းဆူညံနေရတာလဲ။
"ဘာမှမဖြစ်ပါဘူး။ ဝန်းထဲမှာ အဲ့လိုပဲ အလုပ်ဆင်းချိန်ဆိုရင်ဖြစ်နေကျ"
ကုရှီတုန်း ပြတင်းပေါက်ကိုပိတ်၊ ခုံတန်းလေးပေါ်မှ ခုန်ဆင်းလိုက်ကာ သေသေချာချာ ပြောပြလေသည်။
လင်းယောင် သူမခေါင်းအား အနည်းငယ်စောင်းလိုက်ကာ အပြင်ဖက်မှ အသံများကိုနားထောင်လိုက်သည်။ ကြည့်ရတာ တကယ်ပဲ အဲ့လိုဖြစ်ပုံရလေသည်။
များသောအားဖြင့် ခြံဝန်းမှာ မီးခိုးများနှင့် ပြည့်နေကာ အရှေ့ခြံမှ ကျန်းတာ့ချန် မိသားစုတို့အား ဘာပြောရမှန်းပင်မသိပေ။
သူမသမ်းဝေကာ စောင်ကိုဖက်ပြီး အိပ်ပျော်သွားပြန်သည်။
မနေ့ညက တစ်စုံတစ်ယောက်က သူမအား အလွန်ပင်ပန်းအောင် လုပ်ခဲ့လေသည်။ ညနေ ၇ နာရီ ဝန်းကျင်သာရှိသေးသည်။ လင်းယောင် အကြာကြီးအိပ်ပြီးနောက်နိုးလာလေသည်။ သူမ၏ မျက်ခွံများမှာစင်းနေတုန်းပင်ဖြစ်ကာ အိပ်ချင်နေသေးလေသည်။
ကျန်းဆွေ့လန်မှာ စိတ်မကောင်းဖြစ်သွားကာပြောလာသည်။ "ယောင်ယောင်လေး ပင်ပန်းနေတာ။ တစ်နေကုန်လက်ထပ်မှတ်ပုံတင်လုပ်ရ ယုန်လေးတွေဝယ်ရနဲ့။ပင်ပန်းသွားပြီ။ အမေ သမီးစားဖို့ ခေါက်ဆွဲတစ်ပန်းကန်လုပ်ပေးမယ်နော်။ အခုအိပ်လိုက်တော့"
လင်းယောင် ခေါင်းငြိမ့်ပြလိုက်ပြီး ခေါက်ဆွဲပန်းကန်တစ်ဝက်ကို အစ်မကုချွင်မေအား ပေးလိုက်လေသည်။သူမ ၂ လုတ်သာစားပြီး အိပ်ပျော်သွားခဲ့သည်။
ကုရှီတုန်း ခေါက်ဆွဲအရည်ကိုသောက်ကာ သူ့ဗိုက်ကိုသူကိုင်ပြီး လေချဉ်များပင် တက်နေလေသည်။
"ခေါက်ဆွဲတွေက အရသာရှိတယ် အမေ။ ကျွန်တော်တို့ဘယ်အချိန်ထပ်စားရဦးမှာလဲ"
"ချည်တွေကိုပဲစားလိုက်။ အပြင်မှာဒီလောက်ဗြောင်းဆန်နေတာကို ကောင်စုတ်လေးက စားဖို့သောက်ဖို့ပဲသိတယ်။ အိမ်မှာ မင်းအစ်မနဲ့နေ။ အပြင်ကိုလျှောက်သွားမနေနဲ့"
ဝန်းထဲတွင် လူများနှင့် ပြည့်နေလေသည်။ သတင်းကြားပြီးပြန်ရောက်လာသော ဝမ်ရှန်းဆိုင်မှာ ရှက်သွားတော့သည်။ သူ့မျက်နှာမှာ ကြောက်စရာကောင်းလောက်အောင် မှုန်မှိုင်းနေလေသည်။ သူလက်သီးဆုပ်လိုက်ကာ အသက်ပြင်းပြင်းရှူနေရသည်။ ဒါရိုက်တာကောသာ ဒီမှာမရှိဘူးဆိုလျှင် လျို့အာ့ဆွေ့နှင့်သူ့မိန်းမကို သူလက်သီးနှင့် ထိုးမိပေမည်။
ကျန်းတာ့ချန်၏ မျက်နှာမှာ အင်မတန်ပင်အကျည်းတန်နေသည်။ သူသည် စတီးစက်ရုံကန်တင်းမှ ဆရာကြီးတစ်ယောက်ဖြစ်သည်။ သူ့ကိုဘယ်သူက အရှက်ခွဲဝံ့မည်နည်း။
ယနေ့တွင်တော့ သူ လူကြားထဲတွင် အရှက်ကွဲခဲ့ရလေသည်။
အတိုချုံ့ပြောရမည်ဆိုလျှင် ကျန်းတာ့ချန်မှာ အလွန်ပင်နစ်နာသွားသည်ဟု ခံစားနေရလေသည်။ မိန်းမ ၂ ဦး၏ ရန်ပွဲကြားတွင် သူက ဘယ်လိုကြားညပ်သွားလေသနည်း။
ထို့ပြင် အာ့ဆွေ့မှာ ဝမ်ရှန်းဆိုင်၏ ဇနီးကိုဘာလို့ အရင်သွားလိုက်လေသနည်း။ အဲ့ဒါက အဲ့မိန်းမ သူ့သားကိုသေချာမဆုံးမထားလို့ သူ့သားက သူတို့ဟောင်ဇီကိုအနိုင်ကျင့်တာမလား။ အဲ့တော့ အမေတစ်ယောက်မှာဘယ်လို ဒေါသမထွက်ပဲ နေမည်နည်း။
ဘယ်အမေက ကိုယ့်သားအတွက် စိတ်မကောင်းမဖြစ်ပဲနေမည်နည်။
အဲ့ဒါကြောင့်ဒီကိစ္စကို အရင်းစစ်ရမည်ဆိုလျှင် အားလုံးမှာဝမ်မိသားစု၏ အမှားသာဖြစ်ကာ ကျန်းမိသားစုနှင့်ဘာမှမဆိုင်ပေ။
ကျန်းတာ့ချန်မှာ ကိစ္စကို ရှင်းရှင်းလင်းလင်းဖြစ်အောင်လုပ်ပြီးပြီဟု ထင်ခဲ့သော်လည်း သူ့သားက သူ့ကိုညာလိမ့်မည်ဟုတော့ မထင်ထားခဲ့ပေ။
ဝမ်ရှန်းဆိုင် ပထမငြိမ်နေခဲ့သည်မှာ ဒါရိုက်တာကောကြောင့်သာဖြစ်ကာ ဒုတိယမှာ သူ့သားအကြီးဆုံးက ကျန်းမိသားစုမှ သားအငယ်ကို ဆော်လိုက်သည်မှာ ကျန်းဟောင်၏ ပါးစပ်ပင် ယောင်ကိုင်းသွားသည်ဟု ကြားထားသောကြောင့် ဖြစ်သည်။ ထို့ကြောင့် သူ့ဒေါသကိုချုပ်ထိန်းကာ သူ့သားအကြီးဆုံးပြန်လာပြီးကိစ္စကိုရှင်းလင်းရန် စောင့်နေလေသည်။
ဝမ်မိသားစုမှ သားအကြီးဆုံးမှာ အပြင်ထွက်ကာ ပုရစ်များသွားဖမ်းလေသည်။ သူဘီယာဘူးများကို သယ်လာပြီး အိမ်ထဲဝင်လိုက်သည်နှင့် သူ့အဖေမှာ သင်ယပ်တောင်အား ကောက်လိုက်ပြီး သူ့မျက်နှာကိုပြင်းပြင်းရိုက်လိုက်သည်။
"သောက်ကောင် မင်း ဒီနေ့ ဘာလုပ်လိုက်လဲကြည့်စမ်း!"
ဝမ်မိသားစုမှ အကြီးဆုံးသားမှာ သူ့မျက်နှာအား အုပ်ကိုင်လိုက်ကာ စတင်ငိုကြွေးတော့သည်။
"ဘာလို့ ကျွန်တော့်ကို ရိုက်တာလဲ။ ကျွန်တော် ဘာအမှားမှမလုပ်ထားဘူးလေ"
ကျွန်တော် ပုရစ်လေးတွေပဲ သွားဖမ်းနေတာကို ဘာလို့ရိုက်တာလဲ။
ဝမ်ရှန်းဆိုင် သူ့လက်ကိုမြှောက်လိုက်ပြန်တော့ ဒါရိုက်တာကောမှာ ဝမ်မိသားစုမှ သားအကြီးလေးအားသူ့နောက်တွင်ဖွက်လိုက်ကာ နားချရသည်။ "ရဲဘော်ရှန်းဆိုင် ငါတို့က ကွန်မြူနစ် လူ့အဖွဲ့အစည်းမှာလေ။ မိဘတွေက သူတို့သားသမီးကို တည်တည်ငြိမ်ငြိမ်နဲ့ကိုင်တွယ်ရမယ်။ ကလေးတွေ အမှားလုပ်ရင် ထောက်ပြပြီး သွန်သင်ဆုံးမရမယ်။ ဆူတာတွေ ရိုက်တာတွေကပြဿနာရဲ့အဖြေမဟုတ်ဘူး"
သို့မှသာ ဝမ်ရှန်းဆိုင် သူ့လက်ကိုပြန်ချလိုက်တော့သည်။
ဒါရိုက်တာကောက ဝမ်မိသားစုမှ အကြီးဆုံးသားလေးအား ကျန်းမိသားစုမှ ကလေးများနှင့် မသင့်မမြတ်ဖြစ်သေးလားဟု ထပ်မေးလိုက်လေသည်။
"ဟုတ် ကျန်းကြွက်က ကျွန်တော့ဘောင်းဘီတွေကိုခိုးပြီးဝတ်တယ်"
ဝမ်မိသားစုမှ အကြီးဆုံးသားလေးမှာ ဒေါသတကြီးပြောတော့သည်။
ဒါရိုက်တာကော - “ဒီဟာကြောင့်ကလေးတွေက လက်ပါတဲ့အထိဖြစ်ကြတာလား”
သူထပ်မေးပြန်သည်။ "အဲ့တော့သားက ကျန်းဟောင်ကသားရဲ့ဘောင်းဘီကို ခိုးတာတွေ့ပြီး သူ့ပါးစပ်ကိုထိုးလိုက်တာလား"
ဝမ်မိသားစုမှ သားအကြီးလေးမှာ မျက်လုံးများပြူးကျယ်သွားကာပြောလာသည်။ "ကျွန်တော် ဒီနေ့တစ်နေ့လုံးပုရစ်တွေ သွားဖမ်းနေတာပါ။ ကျန်းကြွက်ပါးစပ် အဲ့လိုယောင်နေတာ ကျွန်တော်နဲ့ ဘာမှမဆိုင်ဘူး"
ဝမ်မိသားစုမှ သားအကြီးလေးမှာ အပြင်တွင် သူတို့နှင့်ပုရစ်များဖမ်းနေခဲ့တာကို သက်သေခံနိုင်သော ကလေးများ အနားတွင်ပင် ရှိနေလေသည်။
လူတိုင်းမှာ ရှုပ်ထွေးသွားကြသည်။ ဒါရိုက်တာကောမှာအိမ်တွင်နေနေသော ကျန်းဟောင်အား ခေါ်လိုက်သည်။သူဘာမှမပြောနိုင်ခင် ထိုကောင်လေးမှာ စငိုတော့သည်။
ဒါရိုက်တာကောမှာ ဖြစ်စဉ်တစ်ခုလုံးကိုရှင်းရှင်းလင်းလင်း ဖြစ်သွားအောင် မေးလိုက်ပြီး ပေါက်ကွဲသွားသော ဝမ်ရှန်းဆိုင်မှာ လက်နှစ်သစ်မျှထူသောခါးပတ်ကို ကောက်လိုက်ကာ ကျန်းတာ့ချန်ကိုလိုက်ပြီး တင်ပါးများကို ဆော်တော့သည်။
ကျန်းတာ့ချန်က သူ့မိန်းမကိုမရိုက်လျှင် သူကရိုက်ပေမည်။
ဒါကိုလက်စားချေတာလို့ ခေါ်တယ်။
အဖြစ်အပျက်မှာ လျင်မြန်စွာပင် ဖြစ်သွားကာ ဒါရိုက်တာကောမှာ တုံ့ပြန်ဖို့ အချိန်ပင် မရလိုက်ပေ။ ကိစ္စမှာ အလွန်ပင်ကြီးသွားပြီး ဒေသန္တရရုံးက မကိုင်တွယ်နိုင်တော့သောကြောင့် ရဲကိုသာ ထိုကိစ္စအားကိုင်တွယ်ခိုင်းရန် ခေါ်လိုက်ရတော့သည်။
အဆုံးတွင်တော့ ကျန်းတာ့ချန်၏ မိသားစုမှာ ဝမ်ရှန်းဆိုင်တို့အား တစ်လစာလုပ်အားခကို ပေးလိုက်ရပြီး လျိုအာ့ဆွေ့မှာ ၂ ရက်ထိန်းသိမ်းခံရပြီး ဒဏ်ငွေပေးဆောင်လိုက်ရလေသည်။
အေးမြသော လေညင်းလေးမှာ ညလယ်ခေါင်တွင်တိုက်ခတ်နေကာ စိုစိုစွတ်စွတ်လေး ဖြစ်နေလေသည်။တစ်ခဏအကြာတွင် မိုးပေါက်ကလေးများ စတင်ကျလာတော့သည်။
လင်းယောင် နိုးလာတော့ ပြတင်းပေါက်များကိုလုံနေအောင်ပိတ်ထားပြီး မိုးရေမှာခေါင်မိုးမှအုတ်ကြွပ်များပေါ်သို့ တပေါက်ပေါက် ကျနေလေသည်။ နောက်ကျမှပြန်ရောက်လာသော ကုရှီအန်းမှာ ပြတင်းပေါက်တွင်မတ်တပ်ရပ်နေပြီး သူ့လက်ကြီးကြီးများနှင့် ရှပ်အင်္ကျီကိုကြယ်သီးဖြုတ်နေကာ ရေချိုးရန်ဇလုံမှာ သူ့ခြေထောက်နားတွင် ရှိနေလေသည်။ သူအခုမှပြန်ရောက်လာကာ ရေချိုးရန်ပြင်နေပုံပင်။
ထိုစုံတွဲလေးမှာ ခဏလောက် စကားပြောလိုက်ကြပြီး ကုရှီအန်းမှာ ရေသွားချိုးတော့သည်။
လင်းယောင်မှာ ၂ ညဆက်တိုက်အိပ်ပြီး ယခုအလွန်ပင်အားအင်ပြည့်ဝနေလေသည်။ သူမအိပ်ယာပေါ်မှခြေပြောင်နှင့် ခုန်ဆင်းလိုက်ကာ ကုရှီအန်းအတွက် ညလယ်စာလုပ်ပေးရန် မီးဖိုချောင်သို့ဘသွားချက်ပြုတ်တော့သည်။
ဒီလူမှာ အပိုချိန်ဆင်းပြီး စားသောက်ရန်ပင် မေ့ကာ သူ့ခန္ဓာကိုယ်ကို ဘယ်လိုဂရုစိုက်ရမည်မှန်းလည်း လုံးဝမသိပေ။
လင်းယောင် နှံစားပြောင်း လက် ၂ ဆုပ်စာကိုယူလိုက်ကာ ရေဆေးပြီး ဆန်ပြုတ်လုပ်လိုက်ကာ ထိုအထဲသို့ကြက်ဥ ၂ လုံးပါထည့်လိုက်သည်။
တစ်ယောက်ယောက် အစာအိမ် မကောင်းဘူးဆိုလျှင် နှံစားပြောင်းဆန်ပြုတ်ကို စားကြလေသည်။
ကုရှီအန်း မြန်မြန်ရေချိုးလိုက်ကာ နှံစားပြောင်းဆန်ပြုတ်တည်နေတုန်းမှာ တစ်ကိုယ်လုံးတွင် ဆပ်ပြာနံ့များ သင်းပျံ့လျက် ထွက်လာလေသည်။ အပြင်တွင်မိုးရွာကာ အေးနေပြီး ထိုလူမှာအဖြူရောင်စစ်တပ်သုံးရှပ်အင်္ကျီနှင့် ဖိနပ်များ၊ ဘောင်းဘီရှည်များကို ဝတ်ဆင်ထားကာ လူတစ်ကိုယ်လုံးမှာ အလုပ်သွားတော့မည့် လူတစ်ယောက်ကဲ့သို့ တိကျသေချာသူတစ်ယောက်ပုံပေါ်နေလေသည်။
လင်းယောင် ဆန်ပြုတ်ပန်းကန်ကို ယူသွားကာ သူ့အားစားရန်ပြောလိုက်သည်။ ပန်းကန်ထဲတွင်တော့ အဝါရောင် ပြောင်းဆန်ပြုတ်ရှိနေကာ အငွေ့တထောင်းထောင်း ထနေလေသည်။
ကုရှီအန်း ဆန်ပြုတ်စားနေသည်နှင့် မိန်းမငယ်လေးမှာ ပြုတ်ထားသောကြက်ဥ၂ လုံးကို ယူလာကာ ချိုသာစွာပြောလေသည်။ "အရမ်းမြန်မြန်မစားနဲ့။ ကြက်ဥတွေလည်းရှိသေးတယ်"
လင်းယောင်၏ ပါးစပ်လေးမှာ တတွတ်တွတ်နှင့်ပြောနေတော့သည်။ "ညပိုင်းအချိန်ပိုဆင်းရမယ်ဆိုရင်လည်းစားတော့စားရမယ်လေ။ ကျန်းမာရေးအတွက် မကောင်းဘူး။ တစ်နပ်မစားရင် ဗိုက်ဆာနေလိမ့်မယ်။ တစ်ညလုံးနေနိုင်မှာမဟုတ်ဘူး။ နောက်ကျတဲ့အထိနေရင် အသက် ၇ နှစ်စာအိုစာတယ်တဲ့"
ကုရှီအန်း တိတ်တဆိတ်ပင် နားထောင်နေကာ သူ့နှလုံးသားမှာ သူ့အရှေ့တွင်ရှိနေသော မိန်းကလေးနှင့်သာ ပြည့်နေတော့သည်။
လင်းယောင် သူမ ပွစိပွစိလုပ်နေမိတာကို သတိထားမိတော့ ပါးစပ်ပိတ်ကာ စကားပြောနေတာကို ရပ်တော့မလို့မှာပင် တစ်စုံတစ်ယောက်မှာ သူမအား သူ့လက်မောင်းများကြားထဲသို့ ပွေ့ချီလိုက်ကာ သူမ၏နူးညံ့ဖြူဖွေးသော နားရွက်လေးအား နမ်းလိုက်လေသည်။
"ကိုယ် အခုကစပြီး ယောင်ယောင် ပြောတာကို နားထောင်ပါ့မယ်"