တာအိုကျင့်စဉ်
Vol. 120 Ch. 1558
“တစ်နည်းပြောရရင် မဟာဧကရာဇ်ရဲ့ တာအိုသစ်ပင်က ဒီရတနာအပေါ်မှာ အမြစ်တွယ်ထားတာပဲ… ဒါကြောင့် တာအိုသစ်ပင်ရဲ့ မဟာတာအိုက ဒီအထွတ်အမြတ်ဓားနဲ့ ငြိတွယ်နေတယ်… ငါ သူ့ရဲ့ တာအိုသစ်ပင်နဲ့ ပေါင်းစည်းပြီး တစ်စိတ်တစ်ပိုင်း ဖြစ်လာတဲ့အချိန်မှာ ငါလည်း ဒီအထွတ်အမြတ်ရတနာနဲ့ ဆက်နွယ်လာခဲ့တယ်”
ကောင်းကင်နတ်အရှင်ယွင်က ပြုံးလိုက်သည်။ “မင်း သူ့တာအိုသစ်သီးကို တိုက်ခိုက်ရင် အထွတ်အမြတ်ဓားကို တိုက်ခိုက်နေတာနဲ့ အတူတူပဲ… မဟာဧကရာဇ်လည်း ငါ့ကို တိုက်ခိုက်ရင် ဒီအထွတ်အမြတ်ဓားကို တိုက်ခိုက်တာနဲ့ သွားတူတယ်… ဒါကြောင့် ငါက အခုအချိန်အထိ မသေသေးဘဲ အသက်ရှင်နိုင်ခဲ့တာ…”
ချင်မူမှာ မျက်လုံးများ ပြူးကျယ်သွားပြီး တခဏကြာသော် အသက်ရှူထုတ်လိုက်သည်။ “တကယ်စွမ်းတာပဲ…”
“မင်းဆိုလည်း လုပ်နိုင်မှာပါ”
ကောင်းကင်နတ်အရှင်ယွင်က သူ့ကိုယ်သူ နှိမ့်ချကာ ပြောလေသည်။ “မင်းက ကောင်းကင်နတ်အရှင်ဟွေ့နဲ့ ကောင်းကင်နတ်အရှင်ဟောင်ကို အနိုင်ယူခဲ့တဲ့ ပြိုင်ဘက်ကင်း လောကသခင်ခန္ဓာပဲလေ… ချိမင်ခေတ်ရဲ့ လမ်းပြဦးဆောင်သူလည်း ဟုတ်တယ်… မင်း မဟာခြုံလွှမ်းကောင်းကင်ဘုံမှာ လုပ်ခဲ့တဲ့အရာ တော်တော်များများကို ငါ မြင်ခဲ့ရပြီးပြီ… သိပ်ကို အံ့ဩခဲ့မိတယ်”
ချင်မူက တည်ကြည်လေးနက်စွာ ပြောသည်။ “ကျွန်တော်လည်း လုပ်နိုင်တာပေါ့… လောကသခင်ခန္ဓာပဲလေ… နောင်တော်ယွင်က ကျွန်တော့်အောက် အားမနည်းတဲ့သူ ဖြစ်နေမယ်ပဲ မထင်ထားတာပါ”
ထိုသို့ပြောလိုက်သော်လည်း သူ့မှာ အနည်းငယ် ယုံကြည်ချက်မရှိသေးပေ။
ကောင်းကင်နတ်အရှင်ယွင်နှင့် ကောင်းကင်နတ်အရှင်ယွီကဲ့သို့ ကြောက်မက်ဖွယ်ကောင်းအောင် အစွမ်းထက်သော ပုဂ္ဂိုလ်များနှင့် ရင်ဆိုင်ရသည့်အချိန်တိုင်း သူသည် သံသယ၀င်မိလိမ့်မည်သာ။
ကောင်းကင်နတ်အရှင်ယွင်သည် လမ်းဆုံးသည့်အချိန်၌ တံတားဆောက်ပေးတတ်သော ပုဂ္ဂိုလ်မျိုးနှင့် တူ၏။ ကျင့်ကြံရန် လမ်း မရှိတော့သည့်အခါတွင် သူက ကောင်းကင်တံတားကို ဖွင့်လှစ်ခဲ့ပြီး ကောင်းကင်နတ်အရှင်ယွီ ကောင်းကင်နန်းဆောင်ကျင့်စဉ်အား တွေးမိသည့်တိုင်အောင် စိတ်ကူးစိတ်သန်း နိုးကြွစေခဲ့သည်။
ထိုသို့ပုဂ္ဂိုလ်မျိုးနှင့် ယှဉ်ရသည့်အခါ၌ သူ့တွင် ယုံကြည်ချက် မရှိပေ။
“တစ်နည်းပြောရရင် ခင်ဗျားက မဟာဧကရာဇ်ရဲ့ အားနည်းချက်ကို ပြင်ပေးခဲ့တာပေါ့”
ချင်မူသည် လင်းလက်နေသော မျက်ဝန်းများဖြင့် လှေဦးဆီသို့ လျှောက်သွား၏။ ထို့နောက် ရပ်လိုက်ပြီး ဆတ်ခနဲ ခေါင်းမော့ကာ ပြောသည်။ “ခင်ဗျား ဒီနေရာမှာ ရှိနေသရွေ့ မဟာဧကရာဇ်မှာ ဘာလျှို့ဝှက်ချက်မှ ရှိမှာ မဟုတ်ဘူး…. ပြီးတော့ ခင်ဗျားက မဟာဧကရာဇ်ရဲ့ တာအိုသစ်ပင်နဲ့ ထိုက်ချူရဲ့ ဧကရာဇ်ဓားမှာ ကပ်တွယ်နေတာ…မဟာဧကရာဇ်ကို တိုက်ခိုက်တာက ခင်ဗျားကို တိုက်ခိုက်နေတာနဲ့ အတူတူပဲ..”
ကောင်းကင်နတ်အရှင်ယွင်က ပြောသည်။ “မဟာဧကရာဇ်ကို ဒီလို ရှင်းလင်းပစ်နိုင်မယ်ဆိုရင် ငါ့မူလဝိညာဉ်ကို စတေးပေးဖို့ အသင့်ပဲ…”
ချင်မူက ခေါင်းခါလိုက်သည်။ “ယွင်၊ ခင်ဗျားက ခင်ဗျားရဲ့ အသက်ကို သိပ်လက်လွတ်စပယ် တွေးတာပဲဗျာ… မဟာဧကရာဇ်ရဲ့အသက်က ခင်ဗျားနဲ့ ဘယ်လိုလုပ် ယှဥ်လို့ရမှာလဲ… မဟာဧကရာဇ်က မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်ဘုံထဲကနေ ကမ္ဘာလောကဆီ ဆင်းသက်မလာနိုင်တဲ့အတွက် အန္တရာယ်သိပ်မကြီးဘူး…. ခင်ဗျားကို ကယ်ဖို့ အတွက်မဟုတ်ရင် ဘာလို့ သိုင်းပညာရှင်တွေအများကြီး ဖိတ်ခေါ်ပြီး မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်ဘုံထဲ ကိုယ်တိုင်၀င်ရောက်ခဲ့ရမှာလဲ…. ခင်ဗျားရဲ့ အသက်က မဟာဧကရာဇ်ထက် အများကြီး ပိုအရေးပါတယ်”
ကောင်းကင်နတ်အရှင်ယွင်မှာ ရင်ထဲတွင် ထိသွားပြီး မေးမြန်းလိုက်သည်။ “ကောင်းကင်နတ်အရှင်ရှောင်နဲ့ ကောင်းကင်နတ်အရှင်ဟောင်တို့ကိုလည်း မင်း ဖိတ်ခဲ့တာလား’
“ဟုတ်တယ်… သူတို့ လာပြီး ကူညီအောင် အတော်လေး ကြိုးစားဖိတ်ခေါ်လိုက်ရတယ်” ချင်မူက ခေါင်းညိတ်၍ မဟာဧကရာဇ်နှင့် ကောင်းကင်နတ်အရှင်ယွင်တို့အကြားရှိ ထူးဆန်းသည့် ကပ်ပါးကောင်ဆက်ဆံရေးကို မည်သို့ဖြေရှင်းရမည်လဲ စဉ်းစားနေသည်။
ကောင်းကင်နတ်အရှင်ယွင်၏ မျက်နှာအမူအရာမှာလည်း ထူးဆန်းနေ၏။
ချင်မူ၊ ကောင်းကင်နတ်အရှင်ဟောင်နှင့် ကောင်းကင်နတ်အရှင်ရှောင်တို့ အကြားရှိ ဆက်ဆံရေးမှာ ကောင်းမွန်သော ဆက်ဆံရေး မဟုတ်ပေ။ သူတို့ကို ကူညီရန် ဖိတ်ခေါ်ခဲ့သည်ဟူသော အဓိပ္ပာယ်က ဉာဏ်နီဉာဏ်နက်မျိုးစုံ ထုတ်၍ အကောက်ကြံရန်သာ ဖြစ်ပေလိမ့်မည်။
ဤသို့ လုပ်ထုံးလုပ်နည်းမျိုးက ကောင်းကင်နတ်အရှင်ယွင်နှင့် မတူတော့ပေ။
ကောင်းကင်နတ်အရှင်ယွင်တွင်လည်း ကိုယ်ပိုင်လှည့်ကွက်များနှင့် အကြံအစည်များ ရှိသည်။ ဉပမာအနေဖြင့် ကျူဝူချိန်ကို အသုံးချကာ ထိုက်ချူကို သတ်ဖြတ်ခဲ့ပြီး မဟာဧကရာဇ်အား သတ်ဖြတ်နိုင်ရန် ထောင်ချောက်ဆင်ခဲ့သည်။ ဤပရိယာယ်နှစ်ခုလုံးကား အလွန်အရှက်ရစဖွယ် ဖြစ်၏။ ဖန်ဆင်းရှင်သန်းပေါင်းများစွာ၏ အသက်ကို အသုံးချကာ မဟာဧကရာဇ်ကို သတ်ဖြတ်ခဲ့သောကြောင့် ချင်မူ့ထက်ပင် ရက်စက်သည်။ ချင်မူသာဆိုလျှင် ထိုသို့လုပ်ရက်မည် မဟုတ်ပေ။
သို့သော် သူသည် ကောင်းကင်နတ်အရှင်ယွီကဲ့သို့ ဖြောင့်မတ်တည်ကြည်သော အရှိန်အဝါနှင့် အဟန့်အထည်ကို ပိုင်ဆိုင်ထား၏။
ချင်မူ့လှည့်ကွက်များနှင့် အကြံအစည်များကမူ ပို၍ပင် လိမ္မာပါးနပ်သည်။ သူသည် အခြားသူများ၏ အင်အားကို ငှားယူ၍ တိုက်ခိုက်ရာတွင် ပိုမိုကျွမ်းကျင်လေသည်။ သူက မဟာဧကရာဇ်၏ စွမ်းအားဖြင့် ကောင်းကင်နတ်အရှင်ရှောင်၊ ကောင်းကင်နတ်အရှင်ဟောင်တို့ကို တိုက်ခိုက်နေသလို ကောင်းကင်နတ်အရှင်ဟောင်နှင့် ကောင်းကင်နတ်အရှင်ရှောင်၏ စွမ်းအားဖြင့်လည်း မဟာဧကရာဇ်အား တစ်ဖန် တိုက်ခိုက်နေပြန်သည် မဟုတ်ပါလော။
ကောင်းကင်နတ်အရှင်ဟောင်၏ စွမ်းအားဖြင့် ကောင်းကင်နတ်အရှင်ရှောင်ကို တိုက်ခိုက်သလို ကောင်းကင်နတ်အရှင်ရှောင်၏ စွမ်းအားဖြင့်လည်း ကောင်းကင်နတ်အရှင်ဟောင်ကို တိုက်ခိုက်သည်။ သူက ကောင်းကင်နတ်အရှင်ဆယ်ပါး၏ စွမ်းအားများကို သုံးကာ ကောင်းကင်နတ်အရှင်ဆယ်ပါးကိုလည်း ပြန်တိုက်ခိုက်တတ်သည်။
သို့သော် ချင်မူ ကျင်လည်ရသည့် ပတ်၀န်းကျင်က ခက်ခဲကြမ်းတမ်လွန်းသည်ကိုလည်း တွေ့မြင်နိုင်ပေသည်။
ကောင်းကင်နတ်အရှင်ဆယ်ပါးသည် တစ်လောကလုံး၏ အာဏာကို ချုပ်ကိုင်ထားခဲ့၏။၊ ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီက ကမ္ဘာလောကများအပေါ် ဖိနှိပ်ထားလေရာ နဂါးဟန်ခေတ်ထက်ပင် မျှော်လင့်ချက်ကင်းမဲ့နေခဲ့သည်။ ထိုသို့ ကြီးမားလှသော ဖိနှိပ်မှုအောက်တွင် မည်သူမှ အင်အားထူထောင်နိုင်ကြမည် မဟုတ်ပေ။ ချင်မူ့အတွက် အခြားသူများ၏ စွမ်းအားကို ငှားယူ၍ တိုက်ခိုက်ရန် လမ်းတစ်လမ်းတည်းသာ ရှိလေသည်။
ကောင်းကင်နတ်အရှင်ယွင်သည် ယခင်က ကိစ္စများကို ဖြေရှင်းရာ၌ လှည့်ကွက်အကြံအစည်များ ရှိခဲ့သော်လည်း မိမိလက်ဖြင့်သာ အကောင်အထည်ဖော်ခဲ့၏။ ဥပမာအနေဖြင့် မဟာဧကရာဇ်နှင့် ကောင်းကင်နတ်ဧကရာဇ်တို့အား သတ်ဖြတ်ခဲ့ခြင်းပင်။
အဘယ့်ကြောင့်ဆိုသော် နဂါးဟန်ခေတ်တွင် မဟာလေဟာနယ်တစ်ဖက်ကမ်း၏ တစ်ဦးတည်းသော ရန်သူမှာ မဟာဧကရာဇ်ဖြစ်ခဲ့ပြိး နဂါးဟန်ကောင်းကင်ဘုံကို အုပ်ချုပ်ကြီးစိုးခဲ့သူ ဟူ၍ ကောင်းကင်နတ်ဧကရာဇ် တစ်ပါးတည်းသာ ရှိခဲ့သည်။ ရန်သူ၏အင်အားကို မခွဲထုတ်နိုင်ခဲ့ပေ။
ရုတ်တရက် ကောင်းကင်နတ်အရှင်ဟောင်က ညည်းညူလိုက်ပြီး ကောင်းကင်ထက်မှ ပြုတ်ကျသွားသည်။ သူသည် တစ်ကိုယ်လုံး သွေးသံရဲရဲ ဖြစ်နေသည့်တိုင်အောင် မဟာဧကရာဇ်၏ ရိုက်နှက်ခြင်း ခံခဲ့ရသည်။
ဝှစ်…
မရေမတွက်နိုင်သော အမြစ်များစွာက သူ၏ခန္ဓာကိုယ်ကို ရစ်ပတ်လွှမ်းခြုံသွားပြီး သူ၏ ခြေလက်များနှင့် ဦးခေါင်းကို လေလယ်တွင် ဆွဲဆန့်ထားလိုက်သည်။
ကောင်းကင်နတ်အရှင်ဟောင်က အားကုန်ရုန်းကန်နေသော်လည်း မလွတ်မြောက်နိုင်ပေ။ သူ့ဒဏ်ရာများက ပြင်းထန်လွန်းသည့်အပြင် သူ၏နှလုံသားမှာလည်း ချင်မူ့ကြောင့် ကွဲကြေခဲ့ရ၏။ သူ့ရင်ဘတ်မှာ အပေါက်ပေါက်နေဆဲ ဖြစ်ကာ ပြန်လည်သက်သာမလာနိုင်သေးပေ။
ချင်မူ ချန်ထားခဲ့သည့် တာအိုဒဏ်ရာများကို နတ်ဘုရားမထိုက်စုပင်လျှင် ကုသမပေးနိုင်ချေ။
ထိုစဉ် သူသည် ချင်မူနှင့် ကောင်းကင်နတ်အရှင်ယွင်ကို တွေ့လိုက်ရသဖြင့် ကြောင်အသွား၏။ ထို့နောက် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ “ကောင်းကင်နတ်အရှင်မူ၊ မင်း ဘာလို့ ငါ့ဒဏ်ရာတွေကို ကုမပေးသေးတာလဲ”
ချင်မူမှာ ဦးနှောက်ကို မနားစတမ်း အလုပ်ပေးလျက် တန်ပြန်တိုက်ကွက်ကို စဉ်းစားနေပြီး လက်လွှဲရမ်းလိုက်သည်။ ကောင်းကင်နတ်အရှင်ဟောင်၏ ရင်ဘတ်ရှိ တာအိုဒဏ်ရာများမှာ ချက်ချင်း ပျောက်ကွယ်သွားပြီး သူ၏ နှလုံးသားနှင့် နံရိုးများ ပြန်လည်ထွက်ပေါ်လာကြချေပြီ။
ကောင်းကင်နတ်အရှင်ဟောင်မှာ စိတ်အားတက်ကြွသွားပြီး ကောင်းကင်နန်းဆောင်ကို ကပျာကယာ အသက်သွင်းလိုက်သည်။ သူ၏မူလဝိညာဉ်က ကောင်းကင်နတ်ဘုံထဲတွင် မားမားမတ်မတ် ရပ်တည်နေပြီး တာအိုတစ်သောင်းကောင်းကင်လှည်းဘီးကို အသက်သွင်းကာ အရပ်လေးမျက်နှာအား ခုတ်ပိုင်းလျက် သူ့ခန္ဓာကိုယ်ပေါ်ရှိ တာအိုသစ်မြစ်များကို ခါထုတ်လိုက်၏။
ကောင်းကင်နတ်အရှင်ဟောင်က ကောင်းကင်ပေါ်သို့ ပျံတက်ကာ မဟာဧကရာဇ်ဆီ ပြေး၀င်သွားသည်။
သူ ပျံတက်လိုက်သည့်အချိန်တွင် ခိုင်ဧကရာဇ်က ကောင်းကင်ပေါ်မှ ပြုတ်ကျလာသည်။
ခိုင်ဇကရာဇ်သည် ဓားတာအိုကိုသာ ကျင့်ကြံထားပြီး တိကျသေချာမှုကို ပို၍အလေးပေး၏။ ဖန်ဆင်းခြင်းကောင်းကင်နတ်သိုင်းကို တစ်ခါမှ မကျင့်ကြံခဲ့သော်လည်း ဓားလမ်းစဉ်ကိုတော့ စိတ်ရောကိုယ်ပါ နှစ်ကာ အမြင့်ဆုံးအဆင့်အထိ တိုးမြှင့်ခဲ့သည်။
ထို့ကြောင့် သူ၏ အစွမ်းအစက မြင့်မားသော်လည်း သူ့ရုပ်ခန္ဓာ၌ ဒဏ်ရာပိုများလာလေလေ အသက်အန္တရာယ် ပိုရှိလာလေလေ ဖြစ်နေ၏။ ဒဏ်ရာများ ပိုပို၍ ပြင်းထန်လာပါက နောက်ဆုံးတွင် သူ၏စွမ်းဆောင်ရည်များ သိသိသာသာ လျော့ကျသွားပေလိမ့်မည်။
ချင်မူက လက်ကို ဝှေ့ရမ်းလိုက်ကာ ဖန်ဆင်းခြင်းကောင်းကင်နတ်သိုင်း ထွက်ပေါ်လာ၏။ ခိုင်ဧကရာဇ် မြေပြင်သို့ မရောက်မီ ၎င်းက သူ၏ ဒဏ်ရာအားလုံး ကုသပေးလိုက်သည်။
ခိုင်ဧကရာဇ်က သံရှည်ဆွဲ၍ ဟိန်းဟောက်လိုက်ရင်း နှစ်ဆပြင်းထန်သော စိတ်ခွန်အားဖြင့် ကောင်းကင်ဆီသို့ နောက်တစ်ကြိမ် ပျံတက်သွား၏။
“ထိုက်ချူဧကရာဇ်ဓား ကောင်းကင်နတ်အရှင်ရှောင်လက်ထဲ ရောက်သွားလို့ မဖြစ်ဘူး…. ကောင်းကင်နတ်အရှင်ရှောင် လက်ထဲ ရောက်သွားရင် မဟာဧကရာဇ်ကို သတ်ပြီးတာနဲ့ ငါတို့ကို သတ်လိမ့်မယ်”
ချင်မူက ကောင်းကင်နတ်အရှင်ယွင်ဆီသို့ တစ်ချက်ကြည့်လိုက်သည်။ ယွင်၏ ကျောက တာအိုသစ်ပင်နှင့် ချိတ်ဆက်နေ၏။ ထို့ကြောင့် မဟာဧကရာဇ် သေဆုံးခြင်းက ကောင်းကင်နတ်အရှင်ယွင်ကိုပါ ထိခိုက်လာနိုင်ခြင်းရှိ၊ မရှိ ချင်မူ မသိချေ။
ယွင်သာ အန္တိမဟင်းလင်းပြင်တွင် သေသွားပါက သူ၏ ရုပ်ခန္ဓာနှင့် မူလဝိညာဉ်တို့မှာ ဟင်းလင်းပြင်အဖြစ် လုံး၀ပြောင်းလဲသွားပြီး ပျောက်ကွယ်သွားမည် ဖြစ်သဖြင့် ချင်မူပင်လျှင် ကယ်တင်နိုင်တော့မည်မဟုတ်ပေ။
ထိုမျှသာမက ထိုက်ချူ၏ အထွတ်အမြတ်ရတနာကို ထုတ်ယူရန် နည်းလမ်းကလည်း ပြဿနာကြီးတစ်ရပ် ဖြစ်နေသေးသည်။
ဤဓားကား တာအိုသစ်ပင်ထဲတွင် နစ်မြုပ်နေသည်။ တာအိုသစ်ပင်ကို ခုတ်ပိုင်း၍ ဧကရာဇ်ဓားကို ထုတ်ယူရန်မှာလည်း ခိုင်ဧကရာဇ်၊ ကောင်းကင်နတ်အရှင်ရှောင်နှင့် ကောင်းကင်နတ်အရှင်တို့ပင်လျှင် တာအိုသစ်ပင်၏ သစ်ခေါက်အား ခြစ်ရာထင်အောင် မလုပ်နိုင်ကြချေ။
ချင်မူမှာ အတော်လေး ခေါင်းခဲလာမိသည်။ လက်ရှိ မဟာဧကရာဇ်သည် ဧကရာဇ်ဓား၌ တာအိုသစ်ပင်ကို အမြစ်တွယ်ထားစေပြီး ကောင်းကင်နတ်ဧကရာဇ်၏ ရုပ်ခန္ဓာကို ငှားယူသိမ်းပိုက်ခဲ့ပြီးဖြစ်၏။ မည်သည့်ပြစ်ချက်မှပင် မရှိတော့ဟု ပြောနိုင်ပေသည်။
ပြစ်ချက်ဟူ၍ ကောင်းကင်နတ်ဧကရာဇ်၏ ရုပ်ခန္ဓာထဲတွင် ချင်မူ ဝှက်ထားခဲ့သော ကမ္ဘာဦးဖရိုဖရဲသင်္ကေတများသာ ရှိကောင်းရှိနိုင်သည်။
“နောင်တော်ယွင်၊ ကျွန်တော့်ကို ခင်ဗျား သိမြင်နားလည်ထားတဲ့ မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်ဘုံကို လွှဲပြောင်းပေးပါ”
ချင်မူ့မျက်လုံးများသည် စူးရှတောက်ပနေပြီး သူက ခပ်တိုးတိုး ပြောလိုက်သည်။ “တစ်ခုခု ပြောင်းလဲသွားရင် ခင်ဗျား အဲ့ဒီအထွတ်အမြတ်ဓားကို သိမ်းပိုက်နိုင်မှ ဖြစ်မယ်…အဲ့ဒါ ကောင်းကင်နတ်အရှင်ရှောင်လက်ထဲ လုံး၀ ရောက်သွားလို့ မဖြစ်ဘူး..”
ကောင်းကင်နတ်အရှင်ယွင်က တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်ပြီး သူ၏အသိစိတ်အလျဉ်က လှိုင်းထသွားသည်။ ထို့နောက် သူ သိမြင်နားလည်ထားသည့် မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်ဘုံကို လွှဲပြောင်းပေးလိုက်လေသည်။
နှိုင်းယှဉ်မရနိုင်အောင် ဆန်းကြယ်၍ ရှုပ်ထွေးခက်ခဲသော ကျင့်စဉ်တစ်ခုက ချင်မူ့စိတ်ထဲတွင် ပေါ်လာ၏။ သူသည်လည်း ယခင်က မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်ဘုံကို သင်ယူခဲ့ဖူးပြီး မဟာဧကရာဇ်၏ အသိစိတ်အလျဉ်ကို အားကိုးကာ မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်ဘုံ၏ မှတ်ဉာဏ်များကို နှုတ်ယူခဲ့ဖူးသည်။ ၎င်းမှတစ်ဆင့် ဤကျင့်စဉ်၏ မပြီးပြည့်စုံမှုကို သိခဲ့ရခြင်းပင်။
ထို့နောက် ချင်မူက သိထားသော အသိပညာတို့နှင့်အတူ မျိုးဆက်သစ်များ၏ ကောင်းကင်ရတနာနှင့် ကောင်းကင်နန်းဆောင်ကျင့်စဉ်စနစ်ဖြင့် ပေါင်းစည်းကာ ပြီးပြည့်စုံစေခဲ့သည်။ ထို့နောက်မှသာ ကျင့်ကြံခဲ့၏။
ထို့နောက် သူ ပြုပြင်ခဲ့သည့် မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်ဘုံမှာ အစောကတည်းက မပြီးပြည့်စုံခဲ့သည့်အတွက် မဟာဧကရာဇ်နှင့် မယှဉ်နိုင်ခဲ့ပေ။ ထိုမျှသာမက သူ၏ အသိစိတ်အလျဉ်အဆင့်မှာလည်း မဟာဧကရာဇ်လောက် မမြင့်မားသဖြင့် နတ်အရှင်မချန်း သို့မဟုတ် မဟာဧကရာဇ်၏ ရုပ်ခန္ဓာနှင့် တွေ့ကြုံတိုင်း သူ၏အသိစိတ်အလျဉ်ကို သုံး၍ မတိုက်ခိုက်နိုင်ချေ။
ကောင်းကင်နတ်အရှင်ယွင် သူ့ကို လွှဲပြောင်းပေးခဲ့သည့် မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ်မှာ မဟာဧကရာဇ်၏ ကျင့်စဉ်အား မျိုးဆက်သစ်များ၏ ကောင်းကင်ရတနာ ကောင်းကင်နန်းဆောင်ကျင့်စဉ်ဖြင့် ပေါင်းစည်းထားသော ရလဒ်ဖြစ်သည်။ ကောင်းကင်နတ်အရှင်ယွင်၏ အသိအမြင်တို့က ဤကျင့်စဉ်၏ အားနည်းချက်များကို ဖြည့်ဆည်းထားပေးသောကြောင့် မဟာဧကရာဇ် သင်ယူခဲ့သည်ထက်ပင် ပို၍ပြီးပြည့်စုံနေ၏။
ထို့နောက် ယွင်က သူ သိမြင်နားလည်ထားခဲ့သည့် ပြစ်ချက်မရှိသော မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်ဘုံကို ခရမ်းနတ်ဘုံကောင်းကင်ပြာကျင့်စဉ်ဖြင့် ပေါင်းစည်းခဲ့ပြီး တမူထူးခြားသော ကိုယ်ပိုင်လမ်းစဉ်ကို လျှောက်လှမ်းခဲ့သည်။
'ဒါက တာအိုရနိုင်မယ့် လမ်းစဉ်ပဲ…’
ချင်မူမှာ ကောင်းကင်နတ်အရှင်ယွင်အပေါ် ပို၍ လေးစားသွားမိသည်။ ‘နှစ်ထောင်သောင်းပေါင်းများစွာ ဖိနှိပ်ခံထားခဲ့ရတာတောင် ကျဉ်းထဲကြပ်ထဲ အခြေအနေကို သူ့အတွက် အကျိုးရှိအောင် ပြောင်းလဲနိုင်ခဲ့သေးတယ်… သူက မဟာဧကရာဇ်ရဲ့ တာအိုရနိုင်မယ့် လမ်းစဉ်ကို သူ့ရဲ့ တာအိုရနိုင်မယ့်လမ်းစဉ်အဖြစ် ပြောင်းလဲခဲ့တာပဲ… သူ့ပါရမီက တကယ်ကို ငါ့အောက် နိမ့်ကျမနေဘူး..’
ကောင်းကင်နတ်အရှင်ယွင်နှင့် မဟာဧကရာဇ်တို့ တိုက်ခိုက်နေခဲ့ကြသည်မှာ နှစ်ထောင်သောင်းပေါင်းများစွာ ကြာခဲ့လေပြီ။
ကောင်းကင်နတ်အရှင်ယွင်သည် သန်းပေါင်းများစွာသော ဖန်ဆင်းရှင်များ သေဆုံးခြင်းမှ ထွက်ပေါ်လာသော ဖရိုဖရဲအသိစိတ်အလျဉ်များနှင့် ကောင်းကင်နတ်အရှင်လင်၏ မပြောင်းလဲသောဒြပ်ထု ကောင်းကင်နတ်သိုင်းကို သုံးကာ မဟာဧကရာဇ်၏ ရုပ်ခန္ဓာကို သတ်ဖြတ်ပြီး အန္တိမဟင်းလင်းပြင်ထဲရှိ မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်ဘုံထဲတွင် ချုပ်နှောင်ထားခဲ့သည်။
ထို့နောက် မဟာဧကရာဇ်၏ မူလဝိညာဉ်က ကောင်းကင်နတ်အရှင် မင်ဖန်းယွီအဖြစ် ဘ၀ပြန်၀င်စားခဲ့သည်။ သူက နဂါးဟန်ခေတ်အဆုံးတွင် ကောင်းကင်နတ်အရှင်ယွင်ကို သတ်ဖြတ်ခဲ့ပြီး ကောင်းကင်နတ်အရှင်ယွင်၏ ရုပ်ခန္ဓာကို မဟာဧကရာဇ်၏ မျက်ခုံးနှစ်ဖက်ကြားတွင် ထည့်ကာ ဖိနှိပ်ထားခဲ့သည်။ ထို့နောက် မူလဝိညာဉ်ကိုတော့ နှိပ်စက်ရန် မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်ဘုံသို့ ပို့ဆောင်ခဲ့၏။
သူတို့နှစ်ယောက်ကြားရှိ ရန်ငြိုးမှာ သမိုင်းတွင် ကျော်ကြားသည်ဟုပင် ပြောနိုင်သည်။
ပို၍ပင် အံ့ဖွယ်ကောင်းသည်ကား ကောင်းကင်နတ်အရှင်ယွင်၏ မူလဝိညာဉ်သည် မဟာဧကရာဇ်၏ ဖိနှိပ်မှုကို အသုံးချ၍ မဟာဧကရာဇ်၏ ကျင့်စဉ်အား တဖန် သိမြင်နားလည်ခဲ့ခြင်းပင်။ သူသည် မဟာဧကရာဇ်၏ အားနည်းချက်များကို ဖြေရှင်းခဲ့သည့်အပြင် သူ၏ကိုယ်ပိုင်တာအိုလမ်းစဉ်တစ်ခုကိုပါ သိမြင်နားလည်နိုင်ခဲ့၏။
သူတို့နှစ်ယောက်လုံး၏ အမှားနှင့် အမှန်၊ အောင်မြင်မှုနှင့် ရှုံးနိမ့်မှုများကို မှန်းဆ၍မရနိုင်သေးပေ။
“နောင်တော်ယွင်၊ ကျွန်တော့်ကို ကာကွယ်ပေးပါ”
ချင်မူက ထိုသို့ပြောပြီးနောက် အိပ်မက်ကမ္ဘာထဲ ၀င်ရောက်သွားသည်။ အိပ်မက်ထဲတွင် မရေမတွက်နိုင်သော ချင်မူလေးများ ပေါ်ထွက်လာကြသည်။ သူတို့အားလုံးက ပြီးပြည့်စုံသော မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်ဘုံအား အချိန်တိုအတွင်း သိမြင်နားလည်နိုင်ရန် ကြိုးစားနေကြ၏။ သူ ဤကျင့်စဉ်ကို သိမြင်နားလည်မှ ဖြစ်ပေလိမ့်မည်။
နားလည်ရမည်သာမက သူ၏ကျင့်ကြံခြင်း၊ စွမ်းဆောင်ရည်နှင့် အသိပညာတို့ တိုးတက်လာရန်အတွက် ဤကျင့်စဉ်အား သူ၏လောကသခင်ခန္ဓာအမြုတေသုံးသွယ်ဖြင့် ပေါင်းစည်းရမည့် နည်းလမ်းကိုလည်း ကိုယ်ပိုင်ဉာဏ်ဖြင့် စဉ်းစားရဦးမည်။
ကောင်းကင်နတ်အရှင်ယွင်က လှေဦးတွင် အိပ်မက်မက်နေသော ချင်မူ့ကို ကြည့်ရင်း ငိုရခက်၊ ရယ်ရခက်ဖြစ်နေသည်။ သူ့မှာ ချင်မူနှင့် တွေ့ဆုံရန် မျှော်လင့်တောင့်တခဲ့ရပြီး ချင်မူနှင့်အတူ ဆွေးနွေးငြင်းခုန်ရခြင်းက သူ့ဘဝ၏ အကြီးမားဆုံး ကောင်းချီးတစ်ခု ဖြစ်လာလိမ့်မည်ဟု ထင်ခဲ့သည်။
သို့သော် နဂါးဟန်ခေတ်၏ ရှည်လျားလှသည့် သမိုင်းကြောင်းတစ်လျှောက်လုံး ထိုဆန္ဒ မပြည့်၀ခဲ့ပေ။ နောက်ဆုံးတွင် သူ သေဆုံးခဲ့ရပြီး တာအိုလည်း ပျောက်ကွယ်သွားခဲ့သောကြောင့် ယင်းဆန္ဒက သူ၏အကြီးမားဆုံး နောင်တဖြစ်ခဲ့သည်။
သူသည် ချင်မူနှင့် သူ တာအိုအကြောင်း ဆွေးနွေးငြင်းခုန်နေကြသည့် မြင်ကွင်းကို မျှော်မှန်းစိတ်ကူးယဉ်ခဲ့ဖူး၏။ မည်မျှကောင်းမွန်လိမ့်မည်ကို တွေးမိသည့်အခါတိုင်း သူ့မှာ စိတ်ထဲရှိ စိတ်လှုပ်ရှားမှုများကို ထုတ်ဖော်ပြသရန် သံရှည်ဆွဲရင်း သီချင်းဆိုနေသည့်အလား အော်မြည်စုပ်သပ်တတ်သည်။ သူတို့ဆွေးနွေးကြမည့် မတူညီသော အကြောင်းအရာများ၊ မြင်ကွင်းများကို စဉ်းစားကြည့်မိတိုင်း သူ၏နှလုံးသားသည် စိတ်လှုပ်ရှားစွာ တဒိန်းဒိန်း ခုန်လာတတ်၏။
သို့သော် ချင်မူနှင့် တွေ့ခဲ့ရသည့်အချိန်တွင်တော့ ချင်မူသည် ဤမျှ ယုံကြည်အားကိုးမရနိုင်သော ပုဂ္ဂိုလ်တစ်ယောက် ဖြစ်နေမည် ထင်မထားခဲ့ပေ။ အလွန်တရာ အန္တရာယ်များနေသည့် အခြေအနေ၌ပင် မည်သည့်အကာအကွယ်မှ မရှိဘဲ အိမ်မက်ကမ္ဘာထဲသို့ ၀င်ရောက်သွားသေး၏။
'ကောင်းကင်နတ်အရှင်မူက ရူးကြောင်ကြောင် သမင်တစ်ကောင်လိုပဲ’
သူက စိတ်ထဲမှ တွေးနေသည်။ 'ဒဏ္ဍာရီထဲက ခမ်နားကြီးကျယ်တဲ့ ပုံရိပ်က ဘယ်ရောက်သွားတာတုန်း’
ရုတ်တရက် ကောင်းကင်နတ်အရှင်ရှောင်၏ ရုပ်ခန္ဓာက ဒဏ်ရာဗလပွဖြင့် ကောင်းကင်ပေါ်မှ ပြုတ်ကျလာသည်။ သူ၏ဒဏ်ရာများက အလွန်တရာ နက်ရှိုင်းပြီး ခိုင်ဧကရာဇ်နှင့် ကောင်းကင်နတ်အရှင်ဟောင်တို့ထက်ပင် ပို၍ပြင်းထန်၏။
မဟာဧကရာဇ်သည် သူ့အား ပိုမိုဂရုစိုက်ခဲ့သဖြင့် သူ၏ဒဏ်ရာများက အရက်စက်ဆုံး ဖြစ်ချေသည်။
ကောင်းကင်နတ်အရှင်ယွင်မှာ ကြောင်အနေမိသည်။ ထိုသို့ဒဏ်ရာများအား သူ လုပ်ပေးနိုင်သည့်အရာ မရှိချေ။
ထိုအခိုက်အတန့်တွင် အိပ်မက်မက်နေသော ချင်မူက အသာအယာ လက်မြှောက်လိုက်သည်။ ကောင်းကင်နတ်အရှင်ရှောင်၏ ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများ လျင်မြန်စွာ သက်သာသွားပြီး သူက ချင်မူ့ထံ လက်ယှက်အရိုအသေပေး၏။ ထို့နောက် ကောင်းကင်ပေါ် ပျံတက်၍ မဟာဧကရာဇ်ဆီ နောက်တစ်ကြိမ် ပြေး၀င်သွားတော့သည်။
ကောင်းကင်နတ်အရှင်ယွင်မှာ ကြောင်အနေသည်။ သူက လှေဦးတွင် အိပ်မက်မက်နေသော ချင်မူ့ကို ကြည့်ကာ ပြုံးလိုက်သည်။ “ရူးကြောင်ကြောင် သမင်မဟုတ်ဘူး… ဆန့်ကျင်ဘက်ပဲ…. အိပ်နေတာတောင်မှ လုံး၀ သတိရှိနေတယ်”
မကြာမီ ချင်မူက ရုတ်တရပ် ထရပ်ပြီး ကျယ်လောင်စွာ ရယ်မောလိုက်၏။ ရွှေသင်္ဘောက လေထုကို ဖြိုခွင်းသွားပြီး သူ၏အသံက ဟိန်းထွက်လာသည်။ “နောင်တော်ယွင်၊ ကျွန်တော့်ကို စောင့်နေပါ… ကျွန်တော် မဟာဧကရာဇ်ရဲ့ ပြိုင်ဘက်ကင်းစွမ်းအားကို ချိုးဖျက်ပြီး ခင်ဗျားကို ဘယ်လိုကယ်မလဲဆိုတာ ကြည့်နေလိုက်”
“မင်းက ငါ့ကျင့်စဉ်ရဲ့ ဆန်းကြယ်မှုကို ဒီလောက် မြန်မြန် နားလည်သွားပြီလား”
ကောင်းကင်နတ်အရှင်ယွင်မှာ အနည်းငယ် မှင်သက်သွားသော်လည်း တခဏအကြာတွင် ကျေနပ်၀မ်းမြောက်နေသည့် အပြုံးတစ်ခု ဖြစ်တည်လာ၏။ “ကောင်းကင်နတ်အရှင်မူဆိုတဲ့ အတိုင်းပါပဲ… ပါရမီက ငါ့အောက် နိမ့်ကျမနေဘူး”