လမ်းဆုံး
Vol. 120 Ch. 1559
“ဒါပေမဲ့ ကောင်းကင်နတ်အရှင်မူရဲ့ သင်္ဘောအပေါ်မှာ တခြားတစ်ယောက် ရှိနေသလိုပဲ”
ကောင်းကင်နတ်အရှင်ယွင်မှာ အံ့အားသင့်နေသည်။ ရွှေသင်္ဘောပေါ်၌ ချင်မူ့အပြင် တခြားတစ်ယောက် ရွေ့လျားသွားလာနေသလို ဖျတ်ခနဲ မြင်ခဲ့ရသော်လည်း သဲသဲကွဲကွဲတော့ မတွေ့မိပေ။
သို့သော် ချင်မူက သင်္ဘောပေါ်မှ ခုန်ထွက်ကာ မဟာဧကရာဇ်ကို ဝိုင်းတိုက်ခိုက်နေသည့် တိုက်ပွဲထဲ ဝင်ရောက်သွားချေပြီ။ ယွင်မှာ မေးရန် အချိန်မရလိုက်သဖြင့် စိတ်ထဲတွင်သာ ထားလိုက်သည်။
‘မဟာဧကရာဇ်ကို သတ်ပြီး ငါ့ကို ကယ်တင်နိုင်မယ့် နည်းလမ်း ကောင်းကင်နတ်အရှင်မူမှာ တကယ် ရှိလောက်မှာပါ’ ဘဝတွင် ပထမဆုံးအနေဖြင့် မျှော်လင့်ချက်ရောင်ခြည်မျှင်လေးတစ်ခု သူ့ရင်ထဲ၌ ပေါက်ဖွားလာတော့သည်။
ယွင်မှာ ဤနေရာတွင် နှစ်သန်းပေါင်းများစွာ အချုပ်ခံထားရသည့်အပြင် မဟာဧကရာဇ်ကလည်း အင်အားကြီးမားလွန်းသည်။
ခိုင်ဧကရာဇ်၊ ကောင်းကင်နတ်အရှင်ရှောင်၊ ကောင်းကင်နတ်အရှင်ဟောင်နှင့် နတ်ဘုရားမထိုက်စုတို့က မဟာဧကရာဇ်ကို ဝိုင်းတိုက်ခိုက်ခဲ့ကြသော်လည်း သိုင်းကွက်အနည်းငယ်မျှဖြင့် သူတို့လေးယောက်သား ဒဏ်ရာဗလပွ ဖြစ်ကုန်ကြသည်။ ထိုက်စု၏ အထွတ်အမြတ်ရတနာမှာလည်း ဖြိုခွဲပြီးရင် ဖြိုခွဲခံနေရ၏။
ကောင်းကင်နတ်အရှင်ရှောင်သည်လည်း အန္တရာယ်တွင်းသို့ ထပ်ခါတလဲလဲ ကျရောက်နေ၏။ မဟာဧကရာဇ်က သူ့ကို ဝါးမြိုသန့်စင်ပစ်လိုသောကြောင့် သူ့ကိုသာ သည်းကြီးမည်းကြီး ပစ်မှတ်ထားနေသည်။ ထိုမျှအစွမ်းထက်သော ပြိုင်ဘက်တစ်ယောက်နှင့် ရင်ဆိုင်ရသည့်အခါ ကောင်းကင်နတ်အရှင်ရှောင်ပင်လျှင် သေရေးရှင်ရေး ဖြစ်နေတော့သည်။
ရုတ်တရက် မဟာဧကရာဇ်က လက်ဖျောက်တီးကာ ခိုင်ဧကရာဇ်၏ ဓားရောင်ကို တောက်ထုတ်လိုက်သည်။ သူက ခန္ဓာကိုယ်ကို ရွေ့လျားလိုက်ရင်း ကောင်းကင်နတ်အရှင်ဟောင်၏ အရိုးအရွတ်များ စိစိညက်ညက် ကြေသွားစေ၏။ သူ၏ မာန်သွင်းဟိန်းဟောက်သံတစ်ချက်ကြောင့် ထိုက်စုမှာ လွင့်ထွက်သွားရသည်။
ထိုက်စုသည် လေထဲ လွင့်နေသည့်အချိန်မှာပင် မဟာဧကရာဇ်၏ အသံလှိုင်းဂယက်တို့ကြောင့် အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲသွား၏။
မဟာဧကရာဇ်က လက်ဝါးကို မြှောက်လိုက်ပြီး သူ့လက်ဝါးအောက်မှ အသိစိတ်အလျဉ်က ကောင်းကင်နတ်အရှင်ရှောင်ကို မလှုပ်နိုင်အောင် ချုပ်ထားလိုက်သည်။ ကောင်းကင်နတ်အရှင်ရှောင်မှာ နွံထဲ နစ်သွားသကဲ့သို့ မရွေ့လျားနိုင်တော့ဘဲ နှေးကွေးလာသည်။ အပြင်ရှိ ခိုင်ဧကရာဇ်၏ ဓားရောင်တို့က မိုးရွာကျသကဲ့သို့ တဖွဲဖွဲ ကျဆင်းနေပြီး ပုံမှန်ထက် မြန်နေသည်။ ကောင်းကင်နတ်အရှင်ဟောင်၏ လှုပ်ရှားမှုများလည်း မြန်လာသည်။ ထိုက်စုနှင့် မဟာဧကရာဇ်တို့၏ တိုက်ကွက်များသည်လည်း သူ၏မြင်ကွင်းထဲ၌ အတိုင်းထက်အလွန် မြန်နေ၏။
သူ မော့ကြည့်လိုက်သည့်အခါ မဟာဧကရာဇ်၏ လက်ဝါးကြီးက အပြာရောင်ကောင်းကင်ကြီးသဖွယ် အဆုံးအစမဲ့စွာ ကျယ်ပြန့်နေပြီး သူ့အား ဖိချနေလေသည်။
ရှောင် စိတ်ထဲ လေးလံလာသည်။ မဟာဧကရာဇ်၏ လက်ဝါးအောက်ရှိ အသိစိတ်အလျဉ်နယ်ပယ်ထဲသို့ သက်ဆင်းခဲ့ရမှန်း သူ ဘဘောပေါက်သွား၏။ မဟာဧကရာဇ်၏ နယ်ပယ်ထဲတွင် သူ့မှာ ပုရွက်ဆိတ်လေးတစ်ကောင်ပမာ သေးငယ်နေသည်။
မဟာဧကရာဇ်၏ အဆင့်မြင့်အသိစိတ်အလျဉ်နယ်ပယ်သည် အတိုင်းထက်အလွန် လွှမ်းမိုးကြီးစိုးနိုင်၏။ ဤအသိစိတ်အလျဉ်နယ်ပယ်၌ ‘အဆင့်မြင့်’ ဆိုသည့် စာလုံးပါနေခြင်းမှာ အဆင့်မြင့်လွန်းခြင်းအား ကိုယ်စားပြုသည်။ မဟာဧကရာဇ် မူလဝိညာဉ်နှင့် ရုပ်ခန္ဓာနှစ်ခုလုံး ပိုင်ဆိုင်ထားခဲ့စဉ်အခါက အဆင့်မြင့်အသိစိတ်အလျဉ်နယ်ပယ်ကို အားကိုး၍ နယ်ချဲ့မင်းမူကာ ဘုရင်လုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။
သူ၏ အဆင့်မြင့်အသိစိတ်အလျဉ်နယ်ပယ်ထဲတွင် အချိန်စီးဆင်းမှုက အတိုင်းထက်အလွန် နှေးကွေးသည်။ အပြင်လောက၏ အချိန်စီးဆင်းမှုကမူ အတိုင်းထက်အလွန် မြန်လာသည်။ တစ်ခုက မြန်၍ တစ်ခုက နှေးသည့်အခါ ... မည်သည့်ကောင်းကင်နတ်သိုင်းမဆို၊ မည်သည့်တိုက်ခိုက်မှုမဆို၊ မည်သည့်အစွမ်းအစမဆို ရယ်စရာသာ ဖြစ်လာလိမ့်မည်။
မဟာဧကရာဇ်သည် ဤအခွင့်အရေးကို အသုံးချကာ အင်အားကြီးမားသော ရန်သူတစ်ယောက်ကို ပွဲချင်းပြီး သတ်ဖြတ်ပစ်နိုင်၏။ မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ်နယ်ပယ်ထဲသို့ ကျရောက်သွားသည့် မည်သူမဆို ပြန်လည်ခုခံရန် အချိန်မရှိတော့ပေ။
ယခင်တုန်းက မဟာဧကရာဇ်မှာ ကောင်းကင်နတ်အရှင်လင် ရှိနေသည့်အတွက် မဟာခြုံလွှမ်းအဆင့်မြင့် အသိစိတ်အလျဉ်နယ်ပယ်ကို မသုံးရဲခဲ့ပေ။ ယခု ကောင်းကင်နတ်အရှင်လင် ထွက်သွားပြီဖြစ်သည့်အတွက် မည်သည်ကိုမှ ကြောက်စရာမလိုတော့။
ကောင်းကင်နတ်အရှင်ရှောင်မှာ မဟာဧကရာဇ်၏ လက်ချောင်း ကျဆင်းနေသည်ကို မြင်နေရပြီး ထိုလက်ချောင်းသည် စိတ်ကူးဖြင့် မှန်းဆမရလောက်အောင် မြန်သည့်အပြင် တိုက်ကွက်တိုင်းက အတိုင်းထက်အလွန် တိကျကြောင်း သတိထားမိနေ၏။
အတိတ်အချိန်သာဆိုလျှင် ကောင်းကင်နတ်အရှင်ရှောင်အနေဖြင့် မည်သည့်တိုက်ကွက်ကိုမဆို ကာဆီးချိုးဖျက်နိုင်သည်။ သို့သော် ယခုတွင် သူ့မှာ မှော်စွမ်းအင်ကို အတတ်နိုင်ဆုံး စုစည်းနေသော်လည်း သူ၏ခန္ဓာကိုယ်မှ တုံ့ပြန်ရန် အချိန်မရပေ။
“အဆင့်မြင့်အသိစိတ်အလျဉ်နယ်ပယ်က နယ်ပယ်တစ်ခုသက်သက်ပဲ... ငါက ခွန်အားကတစ်ဆင့် တာအိုရထားတဲ့ လူတစ်ယောက်... ငါ့အစွမ်းအစနဲ့ဆို မချိုးဖျက်နိုင်တဲ့ နယ်ပယ်ဆိုတာ မရှိဘူး”
ကောင်းကင်နတ်အရှင်ရှောင်သည် မာန်သွင်းဟိန်းဟောက်ပြီးရင်း ဟိန်းဟောက်နေပြီး သူ့အနောက်၌ ကောင်းကင်နန်းဆောင် ၃၆ ဆောင်ဖြင့် မဟာကောင်းကင်နတ်ဘုံ ဖွဲ့တည်လာသည်။ အလင်းတန်းတို့ ဖြာထွက်လာပြီး သူ၏ချီနှင့်သွေးသည် အကန့်အသတ်သို့ တမုဟုတ်ချင်း ထိုးတက်သွားကာ နယ်ပယ်တစ်ခုလုံအား သွေးချင်းနီသွားစေတော့သည်။
ကြောက်ခမန်းလိလိ စွမ်းအင်မြင့်တက်သွားမှုက သူ့ခန္ဓာကိုယ်ကို စုတ်ပြဲသွားစေသဖြင့် သွေးတို့ တရဟော ပန်းထွက်ကုန်၏။ ဤအခိုက်အတန့်တွင် မဟာကောင်းကင်နတ်ဘုံ၏ စွမ်းအားကား သူ့ခန္ဓာကိုယ်၏ အကန့်အသတ်ထက် ကျော်လွန်သွားချေပြီ။
သူသာ ဤစွမ်းအားကို ဆက်လက်တိုးမြှင့်နေလျှင် သူ့ခန္ဓာကိုယ်သည် သေချာပေါက် ပျက်စီးသွားလိမ့်မည်။ ဤတိုက်ပွဲပြီးနောက် ခန္ဓာကိုယ်အား စွန့်လွှတ်ရကောင်း စွန့်လွှတ်ရနိုင်၏။
သို့တိုင်အောင် သူက မည်သည်ကိုမှ ထည့်မတွက်ဘဲ စွမ်းအားကိုသာ သွေးရူးသွေးတန်း တိုးမြှင့်နေသည်။
သူ၏အမြန်နှုန်းက ချက်ချင်း မြင့်တက်သွားသော်လည်း မဟာဧကရာဇ်၏ လက်ချောင်းတိုက်ကွက်အား ရင်ဆိုင်ရသည့်အခါ နှေးကွေးနေသေးသည်။
ကောင်းကင်နတ်အရှင်ရှောင်မှာ စိတ်ပျက်အားလျော့သွားတော့သည်။ မဟာဧကရာဇ်ဆီမှ တိုက်ခိုက်မှုအား သူ မရှောင်နိုင်တော့ပေ။
ထိုအခိုက်အတန့်တွင် ရွှေသင်္ဘောကြီးတစ်စင်းက မဟာဧကရာဇ်၏ အဆင့်မြင့်အသိစိတ်အလျဉ်နယ်ပယ်ထဲသို့ ဗြုန်းခနဲ ဝင်ရောက်လာသည်။ ချင်မူက မပြောင်းလဲသော ဒြပ်ထု ကောင်းကင်နတ်သိုင်းကို အသက်သွင်းလိုက်သဖြင့် အသိစိတ်အလျဉ်နယ်ပယ်မှာ ချက်ချင်းဆိုသလို ပြောင်းပြန်ဖြစ်သွားတော့၏။ မဟာဧကရာဇ်၏ လက်ချောင်းသည် မယုံနိုင်ဖွယ်ကောင်းစွာ နှေးကွေးသွားပြီး ကောင်းကင်နတ်အရှင်ရှောင်မှာမူ ဖိအားပေါ့သွားသည်ကို ခံစားလိုက်ရသည်။
သူ့မှာ အံ့လည်း အံ့ဩ၊ ဝမ်းလည်း ဝမ်းသာသွားသည်။ သူက ရှိသမျှ ခွန်အားအလုံးစုံဖြင့် မဟာဧကရာဇ်၏ လက်ချောင်းကို ပြန်တွန်းထုတ်လိုက်ပြီး မဟာဧကရာဇ်၏ လက်ဝါးသည်လည်း ပင့်မြှောက်ခံလိုက်ရသည်။
တစ်ချိန်တည်းမှာပင် ရွှေသင်္ဘောက ရပ်တန့်သွားသော အဆင့်မြင့်အသိစိတ်အလျဉ်နယ်ပယ်ကို ဖြတ်သွားသည်။ ရွှေသင်္ဘောသည် ချက်ချင်းဆိုသလို တုနှိုင်းမဲ့ ပြိုင်ဘက်ကင်းလောက်အောင် ကြီးမားလာပြီး မဟာဧကရာဇ်၏ ခန္ဓာကိုယ်အား ဝင်တိုး၍ သူ၏မျက်နှာကြီးအား တိုက်ချလိုက်ကာ မိုင်ပေါင်းများစွာအထိ တရွတ်တိုက် ဆွဲသွားသည်။
တာအိုသစ်သီးနှင့် တာအိုသစ်ပင်တို့နှင့်အတူ အဆင့်မြင့်အသိစိတ်အလျဉ်နယ်ပယ်တစ်ခုလုံးမှာ ဘေးသို့ တိုက်ချခံလိုက်ရသောကြောင့် အန္တိမဟင်းလင်းပြင်ထဲတွင် ရွေ့သွားတော့သည်။
“ကောင်းကင်နတ်အရှင်ရှောင်၊ ကျွန်တော့်နယ်ပယ်ထဲ လာခဲ့”
ချင်မူက ကျယ်လောင်စွာ ရယ်နေပြီး သူ၏ကောင်းကင်ရတနာနယ်ပယ်သည် ပြန့်ကားထွက်လာကာ အဆင့်မြင့်အသိစိတ်အလျဉ်နယ်ပယ်ဖြင့် ထပ်သွား၏။
ကောင်းကင်နတ်အရှင်ရှောင်လည်း ကောင်းကင်သို့ ခုန်တက်ကာ သူ၏နယ်ပယ်ထဲ ဆင်းသက်လာသည်။ သူ့မှာ နယ်ပယ်ထဲ ရောက်လျှင်ချင်း မျက်နှာတစ်ထောင်၊ မျက်လုံးတစ်သောင်း ပိုင်ဆိုင်သွားသကဲ့သို့ အရှေ့၊ အနောက်၊ ဘေးဘယ်ညာ အရာအားလုံးကို မြင်လာရကြောင်း ချက်ချင်း သတိထားမိလိုက်သည်။ သူ့မှာ တအံ့တဩ ကျွတ်စုပ်သပ်မိလေသည်။
ချင်မူသည် ကောင်းကင်နတ်အရှင်ယွဲ့နှင့် ကောင်းကင်နတ်အရှင်ရုံနှင့် ပူးပေါင်းကာ သူ့ကို တိုက်ခိုက်ခဲ့ဖူး၏။ ထိုစဉ်တုန်းက သူတို့နှစ်ယောက်စလုံးက ချင်မူ၏ ကောင်းကင်ရတနာနယ်ပယ်ထဲတွင် ရပ်နေခဲ့ပြီး အစွမ်းအစများ သိသိသာသာ မြင့်တက်နေခဲ့သည်။
ကောင်းကင်နတ်အရှင်ရှောင်မှာ ချင်မူ၏ နယ်ပယ်နှင့် ပတ်သက်၍ အမြဲသိချင်ခဲ့မိသည်။ ဤအကြိမ်တွင် အထဲမှ အပြင်သို့ ကြည့်ရသည့် အခြေအနေသို့ ရောက်သွားသဖြင့် သူ့မှာ စိတ်နှလုံးတုန်လှုပ်သွားသည်။ ‘ကောင်းကင်နတ်အရှင်မူရဲ့ နယ်ပယ်က အဆင့်မြင့်အသိစိတ်အလျဉ်နယ်ပယ်အောက် မနိမ့်ကျဘူး... ပိုလို့တောင် ဆန်းပြားခမ်းနားသေးတယ်... ဒီကောင်လေးကို လွှတ်ထားလို့ မရဘူး....’
သူတို့နှစ်ယောက်အတွက် ပထမဆုံးအကြိမ် ဘေးချင်းယှဉ်တိုက်ခိုက်ရခြင်း ဖြစ်သည်။ နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် ကြည့်ပြီးနောက် ချက်ချင်း အကြည့်လွှဲလိုက်ကြ၏။ ဤအခြေအနေမှာ ရွံစရာကောင်းသလို၊ စိတ်ပျက်စရာလည်း ကောင်းသည်။
“ကောင်းကင်နတ်အရှင်မူ၊ မင်းက သေမင်းကို လက်ယပ်ခေါ်နေတာပဲ”
ရွှေသင်္ဘောကြီးက တုံ့ခနဲ ရပ်သွားသည်။ မဟာဧကရာဇ်က ရွှေသင်္ဘောကြီးအား ဝုန်းခနဲ မ,လိုက်ပြီး သူ့ပခုံးပေါ် တင်လိုက်သည်။ ထို့နောက် ကျန်လက်တစ်ဖက်ဖြင့် ခိုင်ဧကရာဇ်ဆီမှ ဓားရောင်ကို ကာလိုက်သည်။ ကောင်းကင်နတ်အရှင်ဟောင်၏ တာအိုတစ်သောင်း ကောင်းကင်လှည်းဘီးကလည်း အတိုင်းထက်အလွန် အစွမ်းထက််နေသည်။
သူ၏ အဆင့်မြင့်အသိစိတ်အလျဉ်နယ်ပယ်သည် နောက်တစ်ကြိမ် ပြန့်ကားသွားပြီး သူက သရော်လိုက်ဩ၏။ “ကောင်းကင်နတ်အရှင်လင်ကိုတောင် ငါ မကြောက်ဘူး... ငါ့ထိုက်ချူချီစွမ်းအင်က မပြောင်းလဲတဲ့ ဒြပ်ထုကောင်းကင်နတ်သိုင်းကို မကြောက်ဘူးကွ”
ဝုန်း
ထိုက်ချူချီတန်းတစ်တန်းကား အဆင့်မြင့်အသိစိတ်အလျဉ်နယ်ပယ်တစ်ခုလုံးတွင် ပြည့်နှက်သွားတော့သည်။ ချင်မူ့တစ်ကိုယ်လုံး ပြင်းပြင်းထန်ထန် တုန်ခါသွားပြီး သွေးများက သူ့နှုတ်ခမ်းထောင့်မှ စီးကျလာသည်။ မပြောင်းလဲသော ဒြပ်ထုကောင်းကင်နတ်သိုင်း ဖျက်စီးခံလိုက်ရသည်ကို ချက်ချင်း အာရုံလိုက်သည့်အချိန်မှာပဲ မဟာဧကရာဇ်၏ အဆင့်မြင့်အသိစိတ်အလျဉ်နယ်ပယ်က နောက်တစ်ကြိမ် တိုက်ခိုက်ပြန်သည်။
အသိစိတ်အလျဉ်နယ်ပယ်သည် ချင်မူ၏ ကောင်းကင်ရတနာနယ်ပယ်နှင့် ဝင်တိုက်သွား၏။ မတူညီသော နယ်ပယ်နှစ်ခု ထိတွေ့သွားသည်နှင့် သူ၏ကောင်းကင်ရတနာနယ်ပယ် လုံးဝ ဖိနှိပ်ခံလိုက်ရသည်ကို ချင်မူ ခံစားလိုက်ရသည်။
ကောင်းကင်ရတနာနယ်ပယ်က မဟာဧကရာဇ်၏ အဆင့်မြင့်အသိစိတ်အလျဉ်ကောင်းကင်ဘုံထက် ပို၍ပင် အဆင့်မြင့်သည့်အပြင် တစ်ဖက်ရန်သူထက် သာလွန်သော တာအိုတို့ ကိန်းဝပ်နေသည်။ သို့သော် မဟာဧကရာဇ်သည် တာအိုပန်းပွင့်အပြင် အစိမ်းရောင်တာအိုသစ်သီးကိုပါ ဖွဲ့တည်ထားပြီးသော ပုဂ္ဂိုလ်ဖြစ်သည့်အလျောက် ကျင့်ကြံခြင်းအဆင့်အရ ချင်မူ့ထက် အဆပေါင်း မရေမတွက်နိုင်အောင် သန်မာအားကြီးပေသည်။
မဟာဧကရာဇ်က မှော်စွမ်းအင်သက်သက်ဖြင့် ချင်မူ့အား ဖိနှိပ်နိုင်သည်။
တခဏအတွင်း ချင်မူ၏ ကောင်းကင်ရတနာနယ်ပယ်မှာ ကိုက်အနည်းငယ်သာ ကျယ်ဝန်းတော့သည့်တိုင်အောင် ချုံ့ခံလိုက်ရသည်။ ချင်မူ့မျက်နှာတစ်ခုလုံး နီမြန်းနေပြီး ချီ၊ သွေးတို့က သူတို့ခန္ဓာကိုယ်ထဲတွင် တပွက်ပွက် ဆူပွက်နေသယောင် ထင်ရ၏။
ယခုအချိန်မှသာ ကောင်းကင်နတ်အရှင်ရှောင်နှင့် ကျန်သူများ မည်မျှပြင်းထန်သော ဖိအားအောက်သို့ ရောက်နေမှန်း ချင်မူ သိသွားတော့သည်။
မဟာဧကရာဇ်က သင်္ဘော၏အောက်၊ သူက သင်္ဘော၏ အပေါ်တွင်။ အောက်ရှိသူက ဖိအား ခံစားရသင့်သည် မဟုတ်ပါလော။ နောက်ဆုံးတော့ ချင်မူ တောင့်မခံနိုင်တော့ပေ။
“ပေါ်ထွက်လိုက်စမ်း”
ချင်မူက အံ့တင်းတင်းကြိတ်၍ အော်ဟစ်လိုက်ရင်း ကောင်းကင်နတ်ဧကရာဇ်၏ ရုပ်ခန္ဓာထဲရှိ ကမ္ဘာဦးဖရိုဖရဲသင်္ကေတများကို အသက်သွင်းလိုက်သည်။
မဟာဧကရာဇ် မှော်စွမ်းအင်ဖြင့် သူ့အား ဖိသတ်တော့မည့်အချိန် ကောင်းကင်နတ်ဧကရာဇ်၏ ရုပ်ခန္ဓာထဲ၌ ဝှက်ထားခဲ့သော ကမ္ဘာဦးဖရိုဖရဲသင်္ကေတများက ရုတ်တရက် လင်းထိန်လာပြီး အလွန်တရာ ကြီးမားရှုပ်ထွေးသော တာအိုအင်းကွက်တစ်ကွက်အား ဖော်ဆောင်လိုက်သည်။
တာအိုအင်းကွက်က ကောင်းကင်နတ်ဧကရာဇ်၏ ရုပ်ခန္ဓာထဲရှိ ချီနှင့်သွေးတို့ကို ဆောင့်တက်သွားစေသဖြင့် မဟာဧကရာဇ်မှာ အငိုက်မိသွားသည်။ တာအိုအင်းကွက်၏ စွမ်းအား ထွက်ပေါ်လာသည့်အချိန်၌ နောက်ကျသွားခဲ့လေပြီ။
ရွှစ်
ခရမ်းရောင်အငွေ့တန်းတစ်တန်းက ကောင်းကင်ထက်သို့ မြင့်တက်သွားပြီး အသိစိတ်အလျဉ်အား ဖောက်ထွင်းသွားသည်။ ၎င်းသည် အသိစိတ်အလျဉ်ကို ထိုးဖောက်သွားသည်သာမက မဟာဧကရာဇ်၏ ခေါင်းထိပ်ကိုပင် ဖောက်ထွက်သွား၏။
ခရမ်းရောင်အငွေ့တန်း၏ စွမ်းအားကား ကြောက်မက်ဖွယ်ရာ ကောင်းသည်။ ၎င်းက ရွှေသင်္ဘော၏ အနားသတ်မှ ပွတ်တိုက်ဖြတ်ကျော်သွားကာ အပေါ်သို့ ထောင်တက်သွား၏။ မဟာဧကရာဇ်၏ ဦးခေါင်းထပ်ကို ဖောက်ထွက်သွားသည်သာမက မဟာဧကရာဇ်၏ တာအိုသစ်ပင်မှ သစ်ပင်ထိပ်ဖျားကိုပင် ထိုးဖောက်သွားလေသည်။
ကမ္ဘာဦးဖရိုဖရဲ ခရမ်းရောင်ချီက အန္တိမဟင်းလင်းပြင်ထဲရှိ မဟာခြုံလွှမ်းအသိစိတ်အလျဉ်ကောင်းကင်ဘုံကို ဖောက်၍ ထွက်သွားသောကြောင့် အပေါက်ကြီးတစ်ပေါက် ဖြစ်ပေါ်လာသည်။ အေးစက်နေသော လေတို့က အပေါက်ထဲမှတစ်ဆင့် မဟာခြုံလွှမ်းအသိစိတ်အလျဉ်ကောင်းကင်ဘုံထဲသို့ တဝေါဝေါ ဝင်လာကြပြီး အရပ်လေးမျက်နှာတွင် တိုက်ခတ်နေတော့သည်။
ဤတိုက်ကွက်၏ ပြင်းအားက ချင်မူ ထင်ထားသည်ထက်ပင် မြင့်မားနေသည်။ ၎င်းသည် မဟာဧကရာဇ်၏ အင်အားထက် သာလွန်သည့်အတွက် မဟာဧကရာဇ်၏ မဟာခြုံလွှမ်း အဆင့်မြင့် အသိစိတ်အလျဉ်ကောင်းကင်ဘုံနှင့် တာအိုသစ်ပင်ပင်လျှင် မခံနိုင်ပေ။
ချင်မူမှာ အံ့ဩဝမ်းသာသွားသည်။ ဤသည်မှာ ကောင်းကင်နတ်ဧကရာဇ်၏ ရုပ်ခန္ဓာခွန်အား အကူအညီဖြင့် တည်ခင်းနိုင်ခဲ့သော ကောင်းကင်နတ်သိုင်း ဖြစ်၏။ အလွန် မဟာဧကရာဇ်၏ အသိစိတ်အလျဉ်ကိုသာ ထိခိုက်စေနိုင်မည် ထင်ခဲ့သော်လည်း ထိုမျှအံ့အားသင့်ဖွယ်ရာ ရလဒ် ထွက်ပေါ်လာမည်ဟု မထင်ထားခဲ့ပေ။
“လောကပေါင်းကူးသင်္ဘောကြီးရေ၊ ငါ့ဆန္ဒတိုင်း လေးလာလိုက်... လေးလာလိုက်... လေးလာလိုက်”
သူက တရစပ် အော်ဟစ်နေသဖြင့် ရွှေသင်္ဘောကြီးကား ချက်ချင်းဆိုသလို ကြောက်မက်ဖွယ်ကောင်းစွာ လေးလံလာပြီး ပင့်မြှောက်ထားသည့် မဟာဧကရာဇ်အပေါ် ဖိချလိုက်တော့သည်။
မဟာဧကရာဇ်မှာ ဘုန်းခနဲ ဒူးထောက်လျက်သား ကျသွားပြီး မဟာခြုံလွှမ်းကောင်းကင်ဘုံ၏ မြေကြီးပေါ်၌ လဲသွားတော့သည်။
ထိုအခိုက်၌ ခိုင်ဧကရာဇ်က သံရှည်ဆွဲလျက် ဟိန်းဟောက်ရင်း ပျံသန်းလာသည်။ ဓားတာအိုနယ်ပယ်သည် ပြန့်ကားထွက်လာပြီး ချင်မူ၏ ကောင်းကင်ရတနာနယ်ပယ်ဖြင့် ပေါင်းစည်းသွား၏။ မရေမတွက်နိုင်သော ဓားရောင်များက အရပ်လေးမျက်နှာသို့ ဖြာထွက်သွားပြီး သင်္ဘောအောက်သို့ ဦးတည်သွားကြချေပြီ။
အခြားတစ်ဖက်တွင် ထိုက်စုနှင့် ကောင်းကင်နတ်အရှင်ဟောင်က ပျံသန်းလာနေကြသည်။ ကောင်းကင်နတ်အရှင်ဟောင်သည် နှုတ်ခမ်းထောင့်မှ သွေးတို့ သုတ်၍ တာအိုတစ်သောင်းနယ်ပယ်အား ဖြန့်ကျက်လိုက်၏။ ၎င်းသည်လည်း ချင်မူနှင့် ခိုင်ဧကရာဇ်၏ နယ်ပယ်များနှင့် ပေါင်းစည်းသွားပြီး တာအိုတစ်သောင်း ကောင်းကင်လှည်းဘီးက သင်္ဘောအောက်သို့ ခုတ်ချလိုက်တော့သည်။
ကောင်းကင်နတ်အရှင်ရှောင်ကလည်း ထိုက်ချူတာအိုနယ်ပယ်ကို ထုတ်လွှတ်၍ ဧကရာဇ်ဓားဖြင့် သင်္ဘောအောက်သို့ ရွယ်ကာ ပိုင်းချလိုက်၏။
ထိုက်စုမှာလည်း စုတ်ပြတ်နေသော ခေါင်းလောင်းကြီးဖြင့် သင်္ဘောအောက်သို့ ထုချလိုက်လေသည်။
လောကပေါင်းကူးသင်္ဘောကြီးမှာ ပြင်းပြင်းထန်ထန် တုန်ခါသွားပြီး သင်္ဘောအောက်ရှိ မဟာဧကရာဇ်၏ ဟိန်းဟောက်သံကြီး ဆူညံစွာ ပေါက်ကွဲလာသည်။ သင်္ဘောမှာ မဟာဧကရာဇ်ကြောင့် အပေါ် မြောက်တက်လာပြန်၏။ ချင်မူက မျက်မှောင်ကြုတ်ပြီး ထိုက်ယီတောင်ဝှေးကို ထုတ်သည်။ ထို့နောက် တောင်ဝှေးကို ဓားသဖွယ် သုံး၍ သင်္ဘောအောက်ရှိ မဟာဧကရာဇ်ဆီ ထိုးစိုက်လိုက်သည်။
သူ၏ပစ်မှတ်က ထင်ရှားသည်.... ကောင်းကင်နတ်ဧကရာဇ်ရုပ်ခန္ဓာ၏ ဦးခေါင်းပင်။
ထိုနေရာ၊ ကောင်းကင်နတ်ဧကရာဇ်၏ ဦးခေါင်းထိပ်တွင် အပေါက်ကြီးတစ်ပေါက် ရှိနေပြီး ဖြစ်၏။
အားလုံး၏ တိုက်ကွက်များက မဟာဧကရာဇ်အပေါ် တစ်ပြိုင်တည်းနီးပါး ကျရောက်သွားကြသည်။ မဟာဧကရာဇ် အားနည်းသွားသည်ကို သူတို့အားလုံး သိသိသာသာ ခံစားလိုက်ကြရ၏။ ကောင်းကင်နတ်ဧကရာဇ် ရုပ်ခန္ဓာ၏ ခွန်အားပင်လျှင် ယခင်လောက် မအားကောင်းတော့ပေ။
ဖောက်
ထိုက်ယီတောင်ဝှေးသည် ကောင်းကင်နတ်ဧကရာဇ်ရုပ်ခန္ဓာ၏ ဦးခေါင်းထဲသို့ တန်းတန်းမတ်မတ် စိုက်ဝင်သွားပြီး လက်ကိုင်သာ အပြင်၌ ကျန်ရစ်ခဲ့သည်။ ခိုင်ဧကရာဇ်၏ ဓားက မျက်လုံးထဲသို့ စိုက်သွားပြီး ကောင်းကင်နတ်အရှင်ရှောင်၏ ဧကရာဇ်ဓားသည် ဘယ်ဖက်နားထင်ထဲ ဖောက်ဝင်သွား၏။ ဓားထိပ်ဖျားက ညာဖက်နားထပ်မှ ထွက်လာသည်။
ကောင်းကင်နတ်အရှင်ဟောင်၏ တာအိုတစ်သောင်း ကောင်းကင်လှည်းဘီးကမူ ကောင်းကင်နတ်ဧကရာဇ်၏ လည်မျိုကို ခုတ်ချလိုက်၏။
နတ်ဘုရားထိုက်စု၏ ခေါင်းလောင်းက အတောမသပ်နိုင်အောင် မြည်နေသော်လည်း ထွေထွေထူးထူး ဖြစ်မသွားပေ။ သူမ၏ သိုင်းအဆင့်က ချင်မူတို့နှင့် မယှဉ်နိုင်သည်သာ။
သို့သော် မဟာဧကရာဇ်ကား ရွှေသင်္ဘောကြီးကို မြှောက်ထားလျက်ပင်။ ကောင်းကင်နတ်ဧကရာဇ်၏ ရုပ်ခန္ဓာက အားထည့်ကာ ရွှေသင်္ဘောကို လွှင့်ပစ်လိုက်သည်။
ချင်မူက ရွှေသင်္ဘောကို ထိန်းချုပ်ကာ ပြန်လည်ပြေးဝင်သွားသည်။ အဝေးမှနေ၍ မဟာဧကရာဇ်သည် လက်ဝါးမြှောက်၍ နားထင်မှ ဓားအား ရိုက်ထုတ်နေသည်ကို တွေ့နေရ၏။ ကောင်းကင်နတ်အရှင်ရှောင်၏ ဧကရာဇ်ဓားက ဘယ်နားထင်မှ ပြန်ထွက်လာသည်။ ၎င်းသည် အတုသာ ဖြစ်သော်လည်း ခမ်းနားကြီးကျယ်သေး၏။ ကောင်းကင်နတ်အရှင်တစ်ပါး၏ ရတနာတစ်ပါး ဖြစ်နေသေးသည့်တိုင် မဟာဧကရာဇ်၏ လက်ဝါးကြောင့်် ကွေးပြီး ကျိုးပဲ့လုဆဲဆဲ ဖြစ်သွားချေပြီ။
မဟာဧကရာဇ်၏ ခေါင်းကြီးက ငုံ့ဆင်းလာပြီး ကောင်းကင်နတ်အရှင်ဟောင်၏ တာအိုတစ်သောင်းကောင်းကင်လှည်းဘီးအား ဖျက်စီးလိုက်သည်။ ပျက်စီးနေသော သူ၏မျက်လုံးများသည်လည်း လျင်မြန်စွာ အကောင်းပကတိ ဖြစ်လာနေ၏။
သင်္ဘောဦးရှိ လူတိုင်းမှာ မျက်လုံးများ ပြုတ်ထွက်တော့မည့်အလား ဒေါသထွက်ကုန်ကြသည်။ ကောင်းကင်နတ်အရှင်ဟောင်က တွေဝေနေသောအသံဖြင့် အော်ဟစ်လိုက်၏။ “လျှို့ဝှက်ဆန်းကြယ် ဖန်ဆင်းကျင့်စဉ်၊ သူလည်း အဲဒါကို ကျင့်ကြံထားတာလား”
ချင်မူ ရင်ထဲတွင် လှုပ်ခတ်သွားသည်။ ‘လျှို့ဝှက်ဆန်းကြယ်ဖန်ဆင်းကျင့်စဉ်တဲ့လား ... မဟာဧကရာဇ် လျှို့ဝှက်ဆန်းကြယ် ဖန်ဆင်းကျင့်စဉ်ကို သိနေပြီဆိုရင် ဒါက ထာဝရငြိမ်းချမ်းရေးအင်ပါယာခေတ်ပဲ ဖြစ်လိမ့်မယ်... ထာဝရငြိမ်းချမ်းရေးအင်ပါယာခေတ်မှာမှ လျှို့ဝှက်ဆန်းကြယ် ဖန်ဆင်းကျင့်စဉ်ကို ငါ ဖြန့်ဝေပေးလို့ နတ်အရှင်မချန်းက ကျင့်ကြံထားခဲ့တာ... ကောင်းကင်နတ်အရှင်လင်ရဲ့ ကောင်းကင်နတ်သိုင်းက ငါတို့ကို ထာဝရငြိမ်းချမ်းရေးအင်ပါယာဆီ ပို့လိုက်ပြီပဲ... ဒါဆို ကောင်းကင်နတ်အရှင်လင်လည်း အနားမှာ ရှိနေလောက်တယ်”
မဟာဧကရာဇ်က နဖူးထဲ စိုက်ဝင်နေသော ထိုက်ယီတောင်ဝှေးကို ဆွဲထုတ်ပြီး ချိုးပစ်ချင်သည့်အလား ကွေးချလိုက်သည်။ သို့သော် တောင်ဝှေးသည် အလွန်မာနေသောကြောင့် ကျိုးမသွားပေ။ ထို့ကြောင့် သူက လက်ထဲတွင်သာ ဆုပ်ကိုင်ထားလိုက်သည်။
ကောင်းကင်နတ်အရှင်ရှောင်က ချင်မူ့ကို မျှော်လင့်တကြီး ကြည့်ကာ တိုက်တွန်းသည်။ “ကောင်းကင်နတ်အရှင်မူ၊ စောစောက ကောင်းကင်နတ်သိုင်းက ဘာသိုင်းလဲ... အဲဒါက ငါ့ရုပ်ခန္ဓာကိုတောင် ဖောက်ထွင်းနိုင်ခဲ့တာ အင်မတန် အံ့ဩစရာကောင်းတယ်... လုပ်စမ်းပါ ထပ်ပစ်လိုက်ပါဦး”
ချင်မူ့မျက်နှာ မည်းမှောင်သွား၏။