နောက်ဆုံးသော သုံးသပ်ချက်
Vol. 120 Ch. 1560
ချင်မူ ကောင်းကင်နတ်ဧကရာဇ်၏ ခန္ဓာကိုယ်ထဲတွင် ချန်ထားခဲ့သည့် ကမ္ဘာဦးဖရိုဖရဲသင်္ကေတများမှာ များပြားသော်လည်း တစ်ကြိမ်သာ အသုံးပြုနိုင်သည်။ မီလော့နန်းတော်၏ တာအိုအမှတ်အသားများကို ဖော်ဆောင်ပြီးသည်နှင့် စွမ်းအား ပေါက်ကွဲကာ ပျောက်ကွယ်သွားကြပေလိမ့်မည်။
နောက်တစ်ကြိမ် လုပ်ဆောင်ချင်သော်ငြား မစွမ်းသာတော့ပေ။
ကောင်းကင်နတ်အရှင်ရှောင်မှာ သူ၏ မျက်နှာအမူအရာကို မြင်မှ စိတ်အေးသက်သာပြီး သက်ပြင်းချလိုက်သည်။ ‘ကြည့်ရတာ ကောင်းကင်နတ်အရှင်မူက ငါ့ရဲ့ရုပ်ခန္ဓာကို တစ်ခါပဲ ပြုပြင်ခဲ့ပြီးတော့ ကျန်တဲ့ လှည့်ကွက်တွေ မထားခဲ့ဘူး ဖြစ်ရမယ်… သူသာ လှည့်ကွက် ရှစ်ခု၊ ဆယ်ခုကျော်လောက် ထားခဲ့ရင် ငါ့ရုပ်ခန္ဓာကို ပြန်သိမ်းပိုက်ပြီးရင်တောင်မှ ငါ အသုံးပြုရဲမှာမဟုတ်ဘူးး... ငါ့နှယ်’
သူသည် သတိကြီးကြီးထား၍ သူ၏ရုပ်ခန္ဓာ ချင်မူ့လက်ထဲ ရောက်သွား၍ မဖြစ်တော့ကြောင်း ဆုံးဖြတ်လိုက်၏။
မဟုတ်လျှင် ထိုခွေးကောင်လေးသည် မည့်သို့သော ထူးဆန်းသည့် အရာများအား သူ၏ခန္ဓာကိုယ်ထဲတွင် ထားခဲ့ဦးမည်လဲ မပြောနိုင်ချေ။ ရှောင်ခမျာ ရုပ်ခန္ဓာထဲ ဝင်မိပြီး ထိုလှည့်ကွက်များဖြင့် အကောက်ကြံခံရပါက ဘယ်သို့ဘယ်ပုံ သေဆုံးသွားရမည်မှန်းပင် သိနိုင်လိမ့်မည် မဟုတ်ပေ။
‘တစ်လောကလုံးမှာ ကြောက်ဖို့အကောင်းဆုံးက ကောင်းကင်နတ်အရှင်မူရဲ့ ထောင်ချောက်ပဲ...’
ထိုစဉ် မဟာဧကရာဇ် ရောက်ရှိလာပြီး သူ၏ဦးခေါင်းအထက်မှ အငွေ့တထောင်းထောင်း ထွက်နေသည်။ ချင်မူ့တိုက်ကွက်ကြောင့် သူ၏ ခေါင်းထိပ်ပိုင်းသည် ပြတ်ထွက်သွားသဖြင့် ဦးနှောက်အသားစများ အတိုင်းသား ပေါ်နေ၏။
ခိုင်ဧကရာဇ်၊ ကောင်းကင်နတ်အရှင်ဟောင်နှင့် ကောင်းကင်နတ်အရှင်ရှောင်တို့ကြောင့် ရရှိခဲ့သည့် တာအိုဒဏ်ရာများမှာ ပြင်းထန်သော်လည်း ကောင်းကင်နတ်ဧကရာဇ်ရုပ်ခန္ဓာ၏ ခွန်အားကြောင့် မပြောပလောက်ပေ။ ထိုက်ချူချီစွမ်းအင်ဖြင့် ထိုပုဂ္ဂိုလ်တို့၏ တာအိုအမှတ်အသားများကို ဖယ်ရှားကုသနိုင်ပြီး ဖန်ဆင်းခြင်း ကောင်းကင်နတ်သိုင်းဖြင့် အကောင်းအတိုင်း ပြန်လည်ဖန်ဆင်းနိုင်သည်။
သို့သော် ချင်မူ ထားခဲ့သည့် ဒဏ်ရာများကိုတော့ ထိုက်ချူချီစွမ်းအင်ဖြင့် ဖယ်ရှား၍ မရနိုင်ပေ။
သူ့ဦးခေါင်းပေါ်ရှိ ဒဏ်ရာများမှာ မီလော့နန်းတော်၏ တာအိုအမှတ်အသားများကြောင့် ရခဲ့ခြင်းပင်။
မီလော့နန်းတော်၏ တာအိုအမှတ်အသားများသည် အတိတ်စကြ၀ဠာဆယ့်ခြောက်စင်း၏ အသိဉာဏ်ပညာများ အသွင်သဏ္ဍာန်အဖြစ် တည်ရှိနေခြင်းဟု ပြောနိုင်၏။ ထိုက်ချူတာအို၏ အသိဉာဏ်ပညာများ ကိန်းဝပ်နေသည်သာမက ထိုက်ယီ၊ ထိုက်ရှီ၊ ထိုက်စု၊ ထိုက်ကျိ အစရှိသဖြင့် မဟာတာအိုကောင်းကင်နတ်သိုင်းမျိုးစုံလည်း ပါ၀င်၏။
ချင်မူပင်လျှင် နှစ်အနည်းငယ် အချိန်ပေး၍ မီလော့နန်းတော်မှ တာအိုအမှတ်အသားများ၏ လျှို့ဝှက်ချက်တို့အား ဖော်ထုတ်နိုင်ရန် ကြိုးစားခဲ့ရသည်။ တချို့ နားလည်ခဲ့သော်လည်း လျှို့ဝှက်ချက်အားလုံးတော့ မထုတ်ဖော်နိုင်ခဲ့ချေ။
မီလော့နန်းတော်ရှိ တာအိုအမှတ်အသားများသည် အားကောင်းလွန်းသည့်အတွက် ကောင်းကင်နတ်ဧကရာဇ်၏ ရုပ်ခန္ဓာကို ဖိနှိပ်ထားနိုင်သည့်အပြင် ကောင်းကင်နတ်အရှင်ရှောင်၊ ကောင်းကင်နတ်အရှင်ဟောင်နှင့် အခြားသူများကိုလည်း ကောင်းကင်နတ်ဧကရာဇ်၏ ရုပ်ခန္ဓာအား ဒဏ်ရာ အပြင်းအထန် ရအောင် စွမ်းဆောင်ပေးနိုင်၏။
ပို၍ပင် စိတ်ရှုပ်ဖွယ်ကောင်းသည်က ချင်မူကား မီလော့နန်းတော်တာအိုအမှတ်အသားများဖြင့် သူ့အား ဒဏ်ရာဗလပွ ရစေခဲ့သည်သာမက ထိုက်ယီတောင်ဝှေးကိုလည်း သူ့နဖူးတွင် ထိုးစိုက်ကာ လည်ပင်းအထိ ဖောက်ဝင်၍ ၀မ်းဗိုက်မှ ပြန်ထွက်သွားစေခဲ့သည်။
ထိုက်ယီ၏ တောင်ဝှေးသည်လည်း ထူးကဲသော ရတနာတစ်ပါး ဖြစ်၏။ ၎င်းက ထိုက်ယီခုတ်လှဲခဲ့သော လောကသစ်ပင်၏ သစ်ကိုင်းများမှ သန့်စင်သွန်းလုပ်ထားခြင်းပင်။
ထိုက်ယီသည် ချင်မူ မြေပုံအတိုင်း လိုက်လာ၍ သူ့ကို ကယ်တင်နိုင်ရန် တောင်ဝှေး ပေးခဲ့ခြင်းဖြစ်သော်လည်း တောင်ဝှေး၏ စွမ်းအားကား ပေါ့သေးသေးမဟုတ်ပေ။ ထိုက်ယီ ဖရိုဖရဲမြစ်အား ဖြတ်သန်းခဲ့စဉ်က တောင်ဝှေးကို သုံး၍ ယခင်စကြ၀ဠာမှ တာအိုသိုင်းပညာရှင်များအား ရိုက်ချခဲ့သည်။ ၎င်းတို့ထဲတွင် မီလော့နန်းတော်မှ သခင်လေးအချို့လည်း ပါရှိခဲ့၏။
ယခုတွင် တောင်ဝှေးမှ ရရှိခဲ့သည့် တာအိုဒဏ်ရာများကြောင့် ကောင်းကင်နတ်ဧကရာဇ်၏ ရုပ်ခန္ဓာနှင့် မဟာဧကရာဧကရာဇ်တို့၏ အသိစိတ်အလျဉ်မှာ အချိန်တိုအတွင်း ပြန်လည်သက်သာလာရန် မလွယ်ပေ။
ထိုမျှသာမက မဟာဧကရာဇ်သည် တောင်ဝှေးကို လုယူခဲ့သော်လည်း အသုံးမပြုနိုင်ခဲ့ပေ။ တောင်ဝှေးသည် ချင်မူ့လက်ထဲတွင် ရှိနေခဲ့တုန်းက ညွှန်ပြလိုက်သည့် နေရာတိုင်းကို တိုက်ခိုက်ပေးသည့် ထက်ထက်မြက်မြက် လက်နက်တစ်ပါး ဖြစ်ခဲ့သည်။ သူ၏လက်ထဲသို့ ရောက်လာသည့်အချိန်တွင်တော့ အလွန်တရာ မာကြောသည့် သစ်သားချောင်းတစ်ချောင်းထက် မပိုခဲ့ပေ။ ထို့ကြောင့် တောင်ဝှေး၏ စွမ်းအားကို အသုံးမပြုနိုင်ချေ။
ချင်မူက ရွှေသင်္ဘောကို ထိန်းချုပ်လျက် မဟာဧကရာဇ်ဆီသို့ ပြေးဝင်သွားသည်။ တစ်ချိန်တည်းမှာပင် မဟာဧကရာဇ်က အသတ်အဖြတ်စိတ်ဆန္ဒအပြည့်ဖြင့် ကောင်းကင်ပေါ်သို့ ပျံတက်သွား၏။ သူက ချက်ချင်းဆိုသလို မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ် နယ်ပယ်ကို အသက်သွင်းကာ ထိုက်ချူချီစွမ်းဖြင့် မပြောင်းလဲသောဒြပ်ထု ကောင်းကင်နတ်သိုင်းကို ဖောက်ထွက်သွားပြီး ခုခံကာကွယ်လိုက်သည်။
သင်္ဘောပေါ်ရှိ ပုဂ္ဂိုလ်အားလုံး တစ်ယောက်ပြီးတစ်ယောက် မာန်သွင်းဟစ်အော်လိုက်ကာ နယ်ပယ်အလွှာများအား ထပ်သွားစေသည်။ မတူညီသော နယ်ပယ်လေးခုသည် တစ်ခုနှင့်တစ်ခု ပေါင်းစည်းကာ မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ်နယ်ပယ်နှင့် ထိပ်တိုက်တွေ့သွားချေပြီ။
နတ်ဘုရားမထိုက်စုသာလျှင် သင်္ဘောပေါ် တက်နိုင်ခြင်းလည်း မရှိသလို နယ်ပယ်တစ်ခုလည်း မပိုင်ဆိုင်ထားပေ။ သူမက သင်္ဘောအပြင်တွင် ရပ်၍ မဟာဧကရာဇ်အား အနှောင့်အယှက်ပေးနေ၏။
သို့သော် မဟာဧကရာဇ်က သူမအား ဖုတ်လေတဲ့ငါးပိ ရှိသည်ဟုပင် မထင်။
မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်ဘုံသည် တုန်ခါလာပြီး မဟာဧကရာဇ်၏ တာအိုသစ်ပင်မှာလည်း ယိမ်းနွဲ့လာသည်။ မျက်စိကျိန်းမတတ် တောက်ပနေသော အလင်းရောင်တို့က တာအိုသစ်ပင်ဆီမှ ဖြာထွက်လာကာ ကျန်ကောင်းကင်နတ်သိုင်းများအားလုံး၏ လက်ကျန်စွမ်းအားမှန်သမျှ ငြိမ်သက်သွားစေ၏။
ချင်မူ၊ ခိုင်ဧကရာဇ်နှင့် အခြားသူများက ကျယ်လောင်စွာ အော်ဟစ်လိုက်ကြရင်း ကောင်းကင်နတ်သိုင်းမျိုးစုံ ထုတ်လွှတ်ကာ မဟာဧကရာဇ်ကို တိုက်ခိုက်လိုက်ကြသည်။ မဟာဧကရာဇ်က လက်မောင်းများကို ပြန်ဆန့်တန်း၍ ရုတ်သိမ်းလိုက်သည့်အခါ တာအိုသစ်ပင်နှင့် တာအိုသစ်သီးက သူ့အနောက်တွင် ပေါ်လွင်လာသည်။ ဤတစ်ကြိမ်တွင် သူ့အနေဖြင့် သိုင်းကွက်အလုံးစုံ ထုတ်သုံး၍ တာအိုသစ်ပင်နှင့် သစ်သီးတို့ကိုပါ အသက်သွင်းပြီး တစ်ယောက်ပြီးတစ်ယောက် တိုက်ခိုက်ရန်မှတစ်ပါး ရွေးချယ်စရာမရှိချေ။။
သူတို့ငါးယောက်စလုံး၏ မျက်လုံးများသည် တိုက်ခိုက်လိုစိတ်ကြောင့် သွေးချင်းနီနေကြ၏။ ချင်မူက ကောင်းကင်ရတနာနယ်ပယ်ကို အသက်သွင်းထားရင်း အားဖြည့်ပေးနေသောကြောင့် မည်မျှပင် ပြင်းပြင်းထန်ထန် ဒဏ်ရာရပါစေ နယ်ပယ်ကြောင့် တခဏအတွင်း သက်သာသွားကြလေသည်။
ထိုမျှသာမက သူ၏နယ်ပယ်ထဲ၌ ရပ်နေကြသည့်အချိန်တွင် မဟာဧကရာဇ် အရပ်လေးမျက်နှာမှ ထုတ်လွှတ်တိုက်ခိုက်လိုက်သည့် ကောင်းကင်နတ်သိုင်းမှန်သမျှက အရှေ့မှ တိုက်ခိုက်လာသည့် တိုက်ကွက်အဖြစ် ပြောင်းလဲသွားသဖြင့် ချက်ချင်း ရင်ဆိုင်တိုက်ခိုက်စေနိုင်သည်။
သို့ထိတိုင် သူတို့လေးယောက်မှာ အသက်အန္တရာယ်ရှိနေကြသေး၏။
မဟာဧကရာဇ်က စွမ်းအားကြီးလွန်းသည် မဟုတ်လော။ သူ တာအိုသစ်သီးအား အသက်သွင်းလိုက်သည့်အခါ သူတို့လေးယောက်လုံး စုပေါင်းအသက်သွင်းထားကြသည့် နယ်ပယ်တို့အား အေးခဲရပ်တန့်သွားစေနိုင်၏။
အထူးသဖြင့် ချင်မူပင်။ မဟာဧကရာဇ်သည် သူ့အား အရိုးစွဲအောင် မုန်းတီးသည့်အတွက် သူ့အား အထူးပစ်မှတ်ထား၏။ သူက တာအိုသစ်သီးကို အသက်သွင်းလိုက်သဖြင့် ၎င်းထဲရှိ တာအိုအမှတ်အသားများအားလုံး ဖြာထွက်လာကာ ချင်မူ၏ နယ်ပယ်အပေါ် ဖိနှိပ်လိုက်ကြသည်။ တာအိုသစ်ပင်ကမူ ၎င်း၏သစ်ကိုင်းသစ်ရွက်များကို အရပ်လေးမျက်နှာသို့ လွင့်ပျံထွက်သွားစေသဖြင့် သစ်ရွက်များက ကောင်းကင်နတ်သိုင်းမျိုးစုံထဲတွင် ကခုန်လျက် ချင်မူအနားသို့ တဖြည်းဖြည်း ချဉ်းကပ်လာတော့သည်။
သစ်ကိုင်းများက ချွန်ထက်နေသည့် မြားများအလား တစ်ခါတစ်ရံတွင် မြန်ဆန်၍ တစ်ခါတရံတွင် နှေးကွေးသည်။ တစ်ခါတရံတွင် တို၍ တစ်ခါတရံတွင် ရှည်တတ်၏။ မာကြောသည့် အချိန်များလည်း ရှိသလို ပျော့ပြောင်းနေသည့် အချိန်များလည်း ရှိသည်။ ၎င်းတို့က ချင်မူ့ကို အဆက်မပြတ် ထိုးစိုက်နေကြလေသည်။
ချင်မူ့ကို ကာကွယ်ရန် ကောင်းကင်နတ်အရှင်ဟောင်၊ ကောင်းကင်နတ်အရှင်ရှောင်နှင့် ခိုင်ဧကရာဇ်တို့မှာလည်း တရစပ် ဒဏ်ရာရနေကြသည်။ သူတို့သည် ချင်မူ ကောင်းကင်ရတနာနယ်ပယ်ကို အသက်သွင်း၍ သူတို့အား ကာကွယ်ပေးနိုင်ရန် ချင်မူ့အား ပြန်လည်ကာကွယ်ပေးနေကြ၏။
ဝုန်း…
မဟာဧကရာဇ် ရွှေသင်္ဘော၏ လှေဦးပေါ်သို့ ဆင်းသက်လိုက်သည့်အခါ သင်္ဘောပေါ်ရှိ ပုဂ္ဂိုလ်လေးယောက်စလုံး ချက်ချင်း သွေးဆုတ်ဖြူလျော်သွားကြသည်။ သူတို့၏နှလုံးသားထဲတွင် တုန်လှုပ်ခြောက်ခြားမှုတို့ အမြစ်တွယ်လာချေပြီ။
မဟာဧကရာဇ်သာ သင်္ဘောအပေါ် တက်မလာပါက သူတို့အနေဖြင့် တိုက်ခိုက်ရန် ခွန်အား ရှိနေသေးသည်။ ချင်မူအနေဖြင့်လည်း သင်္ဘောကို လေးလံသော လက်နက်ကြီးသဖွယ် အသုံးပြုကာ မဟာဧကရာဇ်ကို ဝင်တိုက်နိုင်သေးသည်။
သို့သော် မဟာဧကရာဇ်က သင်္ဘောအပေါ် တက်လာပြီဖြစ်ရာ လက်နက်ကြီးသဖွယ် အသုံးပြုနိုင်စွမ်း မရှိတော့ပေ။
ရွှေသင်္ဘောပေါ်ရှိ အခြေအနေမှာ တင်းမာနေသည်။ လူလေးယောက်၏ မျက်လုံးများသည် မဟာဧကရာဇ်ကိုသာ စူးစူးစိုက်စိုက် ကြည့်နေကြ၏။
မဟာဧကရာဇ်၏ မျက်နှာအမူအရာက ဘီလူးသရဲစီးထားသကဲ့သို့ ကြမ်းတမ်းခက်ထန်နေသည်။ သူ့အနောက်တွင် တာအိုသစ်ပင်က သစ်ကိုင်းသစ်ခက်များ၊ အမြစ်များ လွှဲယမ်းနေ၏။ ၎င်းကား သင်္ဘော၏ အောက်မှ ဖြည်းဖြည်းချင်း နိုးထလာနေသော ရေဘဝဲ မကောင်းဆိုးဝါးကြီးတစ်ကောင်အလားပင်။
မဟာဧကရာဇ်၏ တာအိုသစ်သီးသည် ပိုပို၍ တောက်ပထည်ဝါလာ၏။ တာအိုသစ်သီးအတွင််းရှိ မဟာတာအိုကား အပြည့်အဝ အားပြန်ပြည့်လာသယောင်ပင်။ ယခုအချိန်ထိ တို်ငအောင် တာအိုသစ်ပင်နှင့် တာအိုသစ်သီးတွင် မည်သည့်ထိခိုက်မှုမှ မရှိသေးပေ။
ရှေးဟောင်းနတ်ဘုရား ကောင်းကင်နတ်ဧကရာဇ်၏ ရုပ်ခန္ဓာသည်သာ ပျက်စီးနေ၏။
ဤမြင်ကွင်းက ချင်မူတို့အား စိတ်ဓာတ်ကျသွားစေသည်။
“ဟောင်အာ၊ မင်းအတွက် ခွန်အားအကုန် အသုံးပြုဖို့ အချိန်ကျပြီမလား”
ကောင်းကင်နတ်အရှင်ရှောင်က ကောင်းကင်နတ်အရှင်ဟောင်ကို ကြည့်ကာ တည်ငြိမ်စွာ ပြောသည်။ “ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်မှာတုန်းက မင်း ငါ့ကို သတ်နိုင်တော့မလို ဖြစ်ခဲ့တယ်... အဲဒါက မင်းရဲ့ လက်ရှိခွန်အား မဟုတ်ဘူး”
ကောင်းကင်နတ်အရှင်ဟောင်သည် အေးစက်စက် နှာခေါင်းရှုံ့လိုက်ပြီး အေးဆေးစွာ ခွန်းတုံ့ပြန်၏။ “ခမည်းတော်ကရော ဘာထူးလို့လဲ... ဘိုးဘေးနန်းတော်ရဲ့ နတ်ကောင်းကင်ခန်းမထဲ ဝင်သွားတုန်းက နတ်ကောင်းကင်ခန်းမရဲ့ သခင်လေးက ခမည်းတော်ရဲ့ ဒဏ်ရာတွေကို ကုသပေးရုံပဲ လုပ်ခဲ့မှာ မဟုတ်ပါဘူး ဟုတ်တယ်မလား... အခု အခြေအနေတွေက အခုလို ဖြစ်လာခဲ့တာတောင် ခမည်းတော်က ဖုံးကွယ်နေသေးတယ်... ကောင်းကင်နတ်ဧကရာဇ်တစ်ပါးရဲ့ ရာဇသတ္တိမျိုး မရှိဘူး... ခမည်းတော်ဟာ သိပ်အသုံးမကျတာပဲ”
ကောင်းကင်နတ်အရှင်ရှောင်၏ အကြည့်က သင်္ဘောဦးရှိ မဟာဧကရာဇ်အပေါ်မှ မခွာပေ။ သူက ပြုံးလိုက်ပြီး တုံ့ပြန်သည်။ “မင်းက တကယ်ပဲ ငါ့သား ပီသတယ်... ဒီလိုဆိုမှတော့ ငါတို့နှစ်ယောက်လုံး ခွန်အားအပြည့်ထုတ်ပြီး ကျောက်စိမ်းမြို့တော်ထဲမှာ ဘယ်သူက ဘာရခဲ့လဲ မြင်ရအောင် ကြည့်ကြတာပေါ့လေ”
ကောင်းကင်နတ်အရှင်ဟောင်က မျက်ခုံးပင့်ကာ ပြုံးလိုက်သည်။ “ခမည်းတော်ဟာ ဖခင်နတ်ဘုရားလို့ ခေါ်ဆိုကြတဲ့ ဂုဏ်ပုဒ်နဲ့ ထိုက်တန်ပါပေတယ်... ဒါပေမဲ့ ခမည်းတော် ကျုပ်ကို နှစ်ကြိမ် ရှုံးပြီးပြီ... ခမည်းတော်ဟာ အိုနေပြီဆိုတော့ တတိယအကြိမ် ရှုံးဦးမှာပါပဲ”
ကောင်းကင်နတ်အရှင်ရှောင်က ခပ်မဲ့မဲ့ ပြုံ့းလိုက်လေသည်။
ချင်မူက သတိကြီးကြီး ထားနေသည်။ သူက သူတို့နှစ်ယောက်ကို အကဲခတ်ရင်း စိတ်ထဲမှ တွေးလိုက်သည်။ ‘သူတို့နှစ်ယောက်လုံးက ဝှက်ဖဲတွေကို သေချာဖုံးကွယ်ထားကြတဲ့ မြေခွေးအိုကြီးနှစ်ကောင်ပဲ…. ဒါပေမဲ့ ငါလည်း မဆိုးပါဘူး… ငါ့မှာလည်း ဝှက်ဖဲနှစ်ခု ရှိတယ်’
သူသည် တိတ်တဆိတ် စူးစမ်းနေသော မျက်နှာအမူအရာဖြင့် ခိုင်ဧကရာဇ်ဆီသို့ ကြည့်လိုက်၏။ ခိုင်ဧကရာဇ် တိတ်ဆိတ်စွာ ခေါင်းညိတ်ပြသည်။
ခိုင်ဧကရာဇ်က သူ၏ပထမဦးဆုံး ဝှက်ဖဲကြီးပင်။
ကောင်းကင်နတ်အရှင်လင်၏ မပြောင်းလဲသောဒြပ်ထု ကောင်းကင်နတ်သိုင်းသည် သူတို့အား ခိုင်ဧကရာဇ် တာအိုရသွားသည့် အချိန်ကို ပြန်ပို့ပေးနိုင်လျှင် အန္တိမဟင်းလင်းပြင်တွင် တံဆိပ်ခတ်နှိပ်ထားသော ခိုင်ဧကရာဇ်၏ ဓားတာအိုမဟာခြုံလွှမ်းကောင်းကင်ဘုံသည် ဤနေရာကို အာရုံခံနိုင်ပေလိမ့်မည်။
ထိုအချိန်တွင် မဟာခြုံလွှမ်းကောင်းကင်ဘုံနှစ်ခု ထိတွေ့သွားပြီး ခိုင်ဧကရာဇ်၏ တာအိုသစ်ပင်နှင့် တာအိုပန်းပွင့်တို့လည်း ရောက်လာကြလိမ့်မည်။ သူ၏ သိုင်းအခြေခံသည် သိသိသာသာ တိုးတက်သွားပေလိမ့်မည်။
ကောင်းကင်နတ်အရှင်လင်ကတော့ ချင်မူ၏ ဒုတိယမြောက် ဝှက်ဖဲဖြစ်၏။
ကောင်းကင်နတ်အရှင်လင်သည် နှစ်လေးသောင်းကြာ ကျင့်ကြံထားခဲ့သည့်အတွက် အားနည်းသော အခြေခံအား ဖြည့်ဆည်းနိုင်ပေလိမ့်မည်။ ထို့အပြင် မီလော့နန်းတော်၏ တာအိုအမှတ်အသားများအား နှစ်လေးသောင်းကြာ စွဲစွဲမြဲမြဲ လေ့လာခဲ့သဖြင့် ဤတိုက်ပွဲတွင် အဆုံးအဖြတ်ပေးနိုင်သော အဓိကအချက် ဖြစ်လာနိုင်သည်။
ထိုမျှသာမက ခိုင်ဧကရာဇ်သည် သူ၏ ဓားတာအိုမဟာခြုံလွှမ်းကောင်းကင်ဘုံကို အာရုံခံနေမိပြီဖြစ်ရာ သူတို့အားလုံး ကောင်းကင်နတ်မြစ်သို့ ဝင်ရောက်ခဲ့ကြသည့် အချိန်ကာလသို့ ပြန်ရောက်သွားကြသည့် အဓိပ္ပာယ်ပင်။ နှစ်လေးသောင်းကြာ စောင့်ဆိုင်းခဲ့ရသည့် ကောင်းကင်နတ်အရှင်လင်လည်း ရောက်လာတော့မည့် အဓိပ္ပာယ်ဖြစ်၏။
‘ဒီတစ်ကြိမ်မှာ မဟာဧကရာဇ်နဲ့ပဲ တိုက်ခိုက်ရမှာ မဟုတ်တော့ဘူး… ကောင်းကင်နတ်အရှင်ဟောင်နဲ့ ကောင်းကင်နတ်အရှင်ရှောင်တို့ကိုလည်း တိုက်ခိုက်ရတော့မယ်’
ချင်မူ စိတ်လှုပ်ရှားနေသည်။ မီလော့နန်းတော်၏ သခင်လေးသုံးနှင့် သခင်လေးလေးတို့သည် ကောင်းကင်နတ်အရှင်ဟောင်နှင့် ကောင်းကင်နတ်အရှင်ရှောင်တို့အား အကျိုးအမြတ်မည်မျှ ပေးထားလေသနည်း။ ခိုင်ဧကရာဇ်နှင့် ကောင်းကင်နတ်အရှင်လင်တို့ ဤတိုက်ပွဲကို အမှန်တကယ် အနိုင်ယူနိုင်ပါမည်လော။
သူ ကောင်းကင်နတ်အရှင်ယွင်ကို ကယ်နိုင်ပါမည်လော။
အားလုံးက ဤတိုက်ပွဲ၏ ရလဒ်အပေါ်တွင် မူတည်နေသည်။
ရွှေသင်္ဘောပေါ်တွင် လူရိပ်တစ်ခု ဖြတ်ပြေးသွားသောကြောင့် မဟာဧကရာဇ်မှာ အနည်းငယ် ဇဝေဇဝါဖြစ်သွားသည်။ သို့သော် ထိုလူရိပ် မည်သူဖြစ်မှန်း မမြင်လိုက်ရသဖြင့် စိတ်ထဲမထားတော့ပေ။
“အဆုံးသတ်ရမယ့် အချိန်ပဲ”
မဟာဧကရာဇ်က လက်နှစ်ဖက်ကို နောက်ပစ်ကာ ခေါင်းမော့လိုက်သည်။ သူ၏ ဦးနှောက်မှ အခိုးအငွေ့များ တထောင်းထောင်း ထနေပြီး သူက သူတို့လေးယောက်ကို မှင်သေသေ ကြည့်နေ၏။ ထို့နောက် အထွတ်အမြတ်ခေါင်းလောင်းကို တီးနေဆဲဖြစ်သော နတ်ဘုရားမထိုက်စုဘက်သို့ လှည့်ကြည့်လိုက်သည်။ “နှစ်လေးသောင်း ကုန်သွားတာတောင် မသိခဲ့ပါလား… ဒါပေမဲ့ မင်းတို့လေးယောက်က ငါနဲ့အတူ နှစ်လေးသောင်းကို ကျော်ဖြတ်ခဲ့ကြတယ်… ဒီနှစ်လေးသောင်းမှာ ဖြစ်ပျက်ခဲ့တဲ့အရာတွေကို တွေ့လိုက်မိတိုင်း သက်ပြင်းချမိတာ အကြိမ်ကြိမ်ပဲ” သူက အေးအေးလူလူ ပြော၏။
သူတို့လေးယောက်မှာလည်း ၎င်းကိုကြားလျှင် သက်ပြင်းများ ချလိုက်ကြသည်။
နှစ်လေးသောင်းအတွင်း ခိုင်ဧကရာဇ်ခေတ် ပေါ်ထွန်းလာ၍ ပျက်စီးခဲ့ကာ ရွှင်ပျော်ပျော်ကျေးရွာသို့ ရှောင်တိမ်းခဲ့ရ၏။ ကောင်းကင်နတ်အရှင်ဆယ်ပါးသည် ထီးနန်းကို သိမ်းပိုက်ကာ ကောင်းကင်နတ်ဘုံ၏ အာဏာကို အပြည့်အဝ ထိန်းချုပ်ခဲ့သည်။ ကောင်းကင်နတ်ဧကရာဇ်၏ အတုအယောင်ခန္ဓာကိုယ်ကို ဖန်တီးကာ တစ်ယောက်တစ်လှည့် မင်းမူခဲ့လေသည်။
နှစ်လေးသောင်းသည် ချင်မူ ပေါ်မလာခင်အထိတော့ သူတို့အတွက် တည်ငြိမ်အေးချမ်းခဲ့သည်။
မဟာဧကရာဇ်၏ ရုပ်ခန္ဓာ လွတ်မြောက်သွားသည့်အချိန်မှစ၍ မဟာဧကရာဇ်ရုပ်ခန္ဓာ သတ်ဖြတ်ခံရကာ ပြာကျသွားသည့်အချိန်။
ခိုင်ဧကရာဇ် ရွှင်ပျော်ပျော်ကျေးရွာမှ ထွက်လာ၍ ကောင်းကင်နတ်ဧကရာဇ်၏ အတုအယောင်ခန္ဓာကိုယ်ကို ခုတ်ပိုင်းကာ ကောင်းကင်ဘုံအား နှစ်ခြမ်းကွဲစေ၍ ဘိုးဘေးနန်းတော် ထွက်ပေါ်လာစေခဲ့သည့်အချိန်။
ချင်မူ စွမ်းအင်အကူးအပြောင်းတံတားကို ဖန်တီး၍ ကောင်းကင်ဘုံရှိ ကမ္ဘာလောကတစ်သောင်းအား တံတားများဖြင့် ဆက်သွယ်နိုင်ခဲ့သည့်အချိန်။
ကောင်းကင်နတ်အရှင်ဆယ်ပါး ပူးပေါင်း၍ ကောင်းကင်နတ်ဘုံအား ဘိုးဘေးနန်းတော်သို့ ပြောင်းရွှေ့ခဲ့ကြသည့်အချိန်။
ရည်မှန်းချက်တူသဖြင့် ဖွဲ့စည်းထားခဲ့သော ကောင်းကင်နတ်အရှင်ဆယ်ပါး၏ မဟာမိတ်အဖွဲ့ ပြိုလဲသွားခဲ့သည့်အချိန်။
ကောင်းကင်နတ်အရှင်ဟုန် သေဆုံးခြင်းမှစတင်၍ နတ်အရှင်မချန်း သေဆုံးကာ ကောင်းကင်နတ်ဧကရီနှင့် သခင်မယွမ်မုတို့ ရူးသွပ်သွားခဲ့သည့်အချိန်။
ထိုက်ယီ ထွက်ပေါ်လာသည့်အချိန်မှ ထိုက်စုနှင့် ထိုက်ကျိတို့ အသီးသီးမွေးဖွားခဲ့ကြသည့်အချိန်။
ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော် ထွက်ပေါ်လာခဲ့ပြီး ကောင်းကင်နတ်အရှင်ဆယ်ပါး မီလော့နန်းတော်သို့ သွားရောက်လည်ပတ်ခဲ့ကြသည့်အချိန်။
၎င်းတို့၏ အားလုံးအနောက်တွင် ထိုသို့ဖြစ်လာအောင် တိတ်တဆိတ် တွန်းပို့ပေးနေသော လက်မည်းကြီး ရှိနေသယောင်ပင်။ သို့သော် ကောင်းကင်နတ်အရှင်ဟောင်နှင့် ကောင်းကင်နတ်အရှင်ရှောင်တို့မှာ ကိုယ်တိုင်တွေ့ကြုံခဲ့ရသဖြင့် ဤအရာအားလုံးကို ကြိုးကိုင်ခြယ်လှယ်နေသည့် လက်မည်းကြီးမှာ ချင်မူသာ ဖြစ်ကြောင်း သိလိုက်ကြချေပြီ။
ချင်မူသည် ရည်ရွယ်၍ဖြစ်စေ၊ မရည်ရွယ်ဘဲဖြစ်စေ လွန်ခဲ့သည့် နှစ်တစ်ရာအတွင်း ကမ္ဘာလောက၏ အပြောင်းအလဲတို့အား ဦးဆောင်ခဲ့ပြီး စကြ၀ဠာတစ်ခုလုံးကို လက်ရှိအခြေအနေအထိ တွန်းပို့ခဲ့သူပင်။
ဤသည်က နှစ်တစ်သန်းအတွင်း မဖြစ်ပွားခဲ့ဖူးသည့် သိသိသာသာ ပြောင်းလဲမှုကြီး ဖြစ်သလို၊ စကြ၀ဠာ စတင်ဖြစ်ပွားခဲ့သည့်အချိန်မှစ၍လည်း ဤသို့မပြောင်းလဲခဲ့ပေ။ အရာအားလုံးက ချင်မူ့ကြောင့်သာ ဖြစ်၏။
“အခုတော့ အားလုံးကို အဆုံးသတ်လို့ ရပြီ”
မဟာဧကရာဇ်က သံရှည်ဆွဲလျက် ဟိန်းဟောက်လိုက်ရာ သူ့အနောက်ရှိ တာအိုသစ်ပင်မှ မရေမတွက်နိုင်သော သစ်ကိုင်းများစွာက ကောင်းကင်ထက်သို့ မြင့်တက်သွားကြသည်။ တာအိုသစ်သီးသည် ထွန်းလင်းတောက်ပလာပြီး တာအိုသံများ ဆူညံသွားလေ၏။
မဟာဧကရာဇ်က ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်သည့်အခါ မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်ဘုံ၏ စွမ်းအားသည် ပေါက်ကွဲထွက်လာကာ အားလုံးအပေါ် ဖိနှိပ်လိုက်သည်။
တစ်ချိန်တည်းမှာပင် ကောင်းကင်နတ်အရှင်ရှောင်အနောက်၌ မဟာခန်းမတစ်ခု မြောလွင့်ဖွဲ့တည်လာ၏။ ၎င်းက ဘိုးဘေးနန်းတော်မှ နတ်ကောင်းကင်ခန်းမ၏ အရိပ်ပင်။ ဤနတ်ကောင်းကင်ခန်းမသည် တခြားသူများ၏ နတ်ကောင်းကင်ခန်းမနှင့် မတူပေ။ မဟာခန်းမအတွင်းမှ မရေမတွက်နိုင်သော တာအိုအမှတ်အသားများက လည်ပတ်လျက် တဝေါဝေါ ထွက်ပေါ်လာကြသည်။ ၎င်းတို့က အလွန်တရာ ရှုပ်ထွေးနေသည်။
ကောင်းကင်နတ်အရှင်ရှောင်၏ ကျင့်ကြံခြင်းအခြေခံနှင့် မှော်စွမ်းအင်တို့မှာလည်း အဆပေါင်းများစွာ တိုးတက်သွားကြသည်။ သူသည် ယခင်က တစ်ကြိမ်တစ်ခါမှ မရောက်ခဲ့ဖူးသော အထွတ်အထိပ်အခြေအနေအထိ ရောက်ရှိသွားချေပြီ။
တစ်ချိန်တည်းမှာပင် ကောင်းကင်နတ်အရှင်ရှောင်အနောက်၌ တာအိုတစ်သောင်း ကောင်းကင်လှည်းဘီးတစ်ခု ပေါ်လာသည်။ ရှုပ်ထွေးနက်နဲလှသည့် တာအိုအမှတ်အသားမျိုးစုံက ဧရာမကောင်းကင်လှည်းဘီးကြီးအပေါ်တွင် ပေါ်လွင်လာကြ၏။ ကောင်းကင်လှည်းဘီး၏အလယ်တွင် ဘိုးဘေးနန်းတော်၏ ခရမ်းရောင်ကောင်းကင်ဘုံခန်းမက ကြောက်မက်ဖွယ် တာအိုအလင်းရောင်များ ထုတ်လွှတ်လျက် နေရာယူထားသည်။
ဤအခိုက်အတန့်တွင် သူတို့၏ ခွန်အားများက တဟုန်းထိုး တိုးတက်သွားကြ၏။ အမှန်တွင် သူတို့၏ ခွန်အားများကား ခိုင်ဧကရာဇ်၏ ဓားတာအိုကိုပင်လျှင် ကျော်တက်သွားကြချေပြီ။
သူတို့နှစ်ယောက် အန္တိမဟင်းလင်းပြင်ထဲတွင် ခွန်အားများ ထုတ်ဖော်နေကြသည့်အချိန် ဓားတာအို၏ မဟာခြုံလွှမ်းကောင်းကင်ဘုံတစ်ဘုံသည် ထွက်ပေါ်လာပြီး မဟာဧကရာဇ်၏ မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်ဘုံနှင့် ပြေးတိုက်သွား၏။
မဟာခြုံလွှမ်းကောင်းကင်ဘုံနှစ်ဘုံသည် တိုက်သွားသည်နှင့် ဓားလမ်းစဥ်၏ တာအိုသစ်ပင်က ခိုင်ဧကရာဇ်အနောက်တွင် ပေါ်လာသည်။ တာအိုပန်းပွင့်များသည် ဓားလမ်းစဉ်တာအိုသစ်ပင်ပေါ်တွင် ပွင့်လန်းလာကြပြီး ခိုင်ဧကရာဇ်၏ အရှိန်အဝါများက တဟုန်ထိုး ပွားများလာတော့သည်။
အခြားတစ်ဖက်တွင် မာန်ဟုန်မြစ်အစ၌ ကောင်းကင်နတ်အရှင်လင်မှာ ကောင်းကင်နှစ်ခြမ်းကွဲသွားသည်ကို မော့ကြည့်နေသည်။ ဟင်းလင်းပြင်အလွှာများစွာ ပြန့်ကားထွက်လာကာ အန္တိမဟင်းလင်းပြင်ကို ဖော်ဆောင်နေကြသည်။
တစ်ဆက်တည်းမှာပင် မဟာခြုံလွှမ်းအဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်ဘုံအား တွေ့မြင်လိုက်ရသည်။
“လင်၊ နင်လား” ဤအခိုက်အတန့်တွင် သူမအနောက်မှ တုန်ရီနေသော အသံတစ်သံ ပျံ့လွင့်လာ၏။
ကောင်းကင်နတ်အရှင်လင် လှည့်ကြည့်လိုက်သည့်အခါ ကောင်းကင်နတ်အရှင်ယွဲ့မှာ မယုံကြည်နိုင်သော မျက်နှာအမူအရာဖြင့် သူမဆီ လျှောက်လာနေသည်ကို တွေ့လိုက်ရသည်။
ကောင်းကင်နတ်အရှင်လင်၏ မျက်နှာထက်တွင် အပြုံးပန်းတစ်ပွင့် ပွင့်လန်းလာတော့၏။