← Chapters

ရာဇဝင်တို့ ပျက်သုဉ်းခြင်း

Vol. 120 Ch. 1561

ရာဇဝင်တို့ ပျက်သုဉ်းခြင်း

Vol. 120 Ch. 1561

ကောင်းကင်နတ်အရှင်ယွဲ့မှာ သူမအရှေ့တွင် ကောင်းကင်နတ်အရှင်လင် ပေါ်လာခဲ့သည်ကို မယုံနိုင်သေးပေ။ ဝမ်းသာသဖြင့် ရယ်လိုက်မိသော်လည်း မျက်ရည်တို့သည် မျက်ဝန်းအိမ်မှာ အတားအဆီးမရှိစွာ စီးဖြိုင်ကျလာတော့သည်။

နှစ်ပေါင်းမည်မျှ ကြာခဲ့ပြီနည်း။

ဤမိတ်ဆွေအား ဆုံးရှုံးခဲ့ရသည်မှာ မည်မျှကြာခဲ့ပြီနည်း။

လင်နှင့် သူမ သူငယ်ချင်း ဖြစ်ခဲ့သည်မှာ နဂါးဟန်ခေတ်အစောပိုင်းကတည်းက ဖြစ်သည်။ ထိုစဉ်ကတည်းက နဂါးဟန်ခေတ် ‌ကောင်းကင်နတ်ဘုံသုံးဘုံ၏ တိုက်ပွဲများအား အတူတူ ရင်ဆိုင်ဖြတ်သန်းခဲ့ကြသည်။ ရင်ဘောင်တန်း ကျောချင်းကပ်၍ သွေးသံတရွှဲရွှဲဖြင့် တိုက်ခိုက်ခဲ့ကြ၏။

နဂါးဟန်ခေတ်အဆုံးပိုင်း ရောက်သည့်အခါ နှစ်ယောက်စလုံး စိတ်ဓာတ်ကျခဲ့ကြရသဖြင့် လူရှေ့သူရှေ့မှ ဇာတ်မြှုပ်ကာ နေထိုင်ခဲ့ကြသည်။ ချိမင်ခေတ်အဆုံးပိုင်းတွင်မူ လူသားမျိုးနွယ် ဆုတ်ယုတ်လာမှုကို တွေ့ကြုံခဲ့ကြရသောကြောင့် လူသားမျိုးနွယ်အတွက် တစ်ခုခု လုပ်ဆောင်ပေးရန် ဇာတ်မြှုပ်နေရာမှ ပြန်ထွက်လာခဲ့ကြလေသည်။

ချုံဧကရာဇ်ခေတ်ကို ပူးပေါင်းတည်ထောင်ခဲ့ကြသူများသည်လည်း ဤအမျိုးသမီးနှစ်ဦး ဖြစ်သည်။

အမိကမ္ဘာမြေ တစ်လောကလုံးရှိ နတ်ဘုရားတစ်ပိုင်းများကို လက်သပ်မွေး၍ လူသားမျိုးနွယ်ကို ကျွန်ပြုစေခဲ့ပြီး ကမ္ဘာလောကကြီးအပေါ် အုပ်စိုးခဲ့သည့်အချိန်တွင် ... အမိကမ္ဘာမြေကို ရင်ဆိုင်တွန်းလှန်၍ တောင်ချုံဧကရာဇ်၏ ကောင်းကင်နတ်ဘုံကို ထောက်ပံ့ပေးခဲ့သူမှာလည်း ဤအမျိုးသမီးနှစ်ဦးသာ ဖြစ်သည်။ ဤအမျိုးသမီးနှစ်ဦးကား ချုံဧကရာဇ်တစ်ခေတ်လုံး နှစ်ပေါင်းသုံးသိန်းတိုင်တိုင် တည်မြဲစေခဲ့သည့်အပြင် ဧကရာဇ်မင်းဆက် ဆယ့်ငါးဆက်အထိ တင်မြှောက်ပေးခဲ့သည်။ သူတို့နှစ်ယောက်သည် ခမ်းနားထည်ဝါသော ခေတ်တစ်ခေတ်ကို ထူထောင်ပေးခဲ့၏။

သူတို့မှာ အားကိုးစရာဟူ၍ သူတို့အချင်းချင်းသာ ရှိသောကြောင့် တစ်ယောက်ကိုတစ်ယောက် အားပေး‌ပံ့ပိုးခဲ့ကြပြီး အခက်အခဲဒုက္ခများအား ခါးဆီးခံခဲ့ရသည်။ ရင်ဆိုင်ခဲ့ရသော အခက်အခဲဒုက္ခများမှာ အပြင်လူများကို ပြောပြနေရန်ပင် မတန်ချေ။ သူတို့သာ မည်မျှ ခါးသီးနာကျည်းခဲ့ရသည်လဲ အကောင်းဆုံး သိနားလည်ကြသည်။

ကောင်းကင်နတ်အရှင်လင်က အေးတိအေးစက်အနိုင်ဆုံး အမျိုးသမီးတစ်ယောက်ပင်။ သူမသည် မပြောင်းလဲသောဒြပ်ထု ကောင်းကင်နတ်သိုင်းအား ‌လေ့လာရှာဖွေရန်တွင်သာ တစ်ဘ၀လုံးကို မြှုပ်နှံထားခဲ့၏။ ဖန်ဆင်းခြင်းလမ်းစဉ်တွင် သူမကို ယှဉ်နိုင်သူ မရှိသည့်အပြင် မပြောင်းလဲသောဒြပ်ထု ကောင်းကင်နတ်သိုင်းသည်လည်း ဖန်ဆင်းခြင်းကောင်းကင်နတ်သိုင်းအပေါ် အခြေခံဖန်တီးထားခြင်းဖြစ်သည်။ ၎င်းကို လေ့လာရန် သူမမှာ အရာအားလုံးကို ပေးဆပ်ကာ အာရုံစိုက်ခဲ့ရသည်။

သို့သော် ချိမင်ခေတ် ပျက်သုဉ်းပြီးနောက် လူသားမျိုးနွယ် မည်မျှ ဒုက္ခရောက်နေကြောင်း မြင်ရသည့်အခါ ပြန်လာရန် ဆုံးဖြတ်ခဲ့သည်။

ချိမင်ခေတ် ပျက်သုဉ်းခဲ့စဉ်တုန်းက ကမ္ဘာဦးဘုံမှာ ဖရိုဖရဲ ဖြစ်နေခဲ့သည်။ အမိကမ္ဘာမြေသည် အင်အားကြီးလာပြီး ရက်စက်ကြမ်းကြုတ်လွန်းသော အုပ်ချုပ်ရေးစနစ်ကို ထူထောင်ခဲ့၏။ သွေးယဇ်ပူဇော်မှုများက လူနေမှုအဖွဲ့အစည်းတွင် အစားထိုးနေရာယူလာခဲ့ပြီး အင်အားကျဆင်းလာနေသည့် လူသားမျိုးနွယ်မှာ အကောင်းမွန်ဆုံး ယဇ်ကောင်များ ဖြစ်လာခဲ့သည်။

လူသားတို့မှာ အချိန်အတိုင်းအတာတစ်ခုအထိ ကျွန်ခံရပြီး သွေးယဇ်ကောင်များ ဖြစ်ခဲ့ကြသည်။ ထိုအချိန်ကာလသည် ကမ္ဘာဦးဘုံ၏ လူသားမျိုးနွယ်အတွက် အမှောင်မိုက်အခက်ခဲဆုံးကာလ ဖြစ်သည်ဟု ဆိုရပေမည်။

ကောင်းကင်နတ်အရှင်ယွဲ့အား လိုက်ရှာပြီး အပြင်ပြန်ထွက်လာရန် တိုက်တွန်းခဲ့သူမှာ ကောင်းကင်နတ်အရှင်လင် ဖြစ်သည်။

သူမ၏ အေးစက်မာကြောသော အပေါ်ယံအသွင်အပြင်အောက်တွင် လောင်ကျွမ်းတောက်လောင်နေသည့် နှလုံးသားတစ်ခု ရှိ၏။ သူမသည် လူများနှင့် ခပ်တန်းတန်း နေတတ်သော်လည်း တစ်မျိုးနွယ်တည်းသားများ ခက်ခံကြမ်းတမ်းစွာ ရှင်သန်နေထိုင်နေရသည်အား မကြည့်ရက်ပေ။

‌ကောင်းကင်နတ်အရှင်ယွင် သေဆုံးသွားသည့်အခါ ကောင်းကင်နတ်အရှင်ယွဲ့မှာ စိတ်ပျက်လက်မှိုင်ကျခဲ့ပြီး တံခါးပိတ်ကျင့်ကြံခဲ့သည်။ ဘယ်တော့မှ ထွက်မလာတော့ဟု အစက စီစဉ်ထားခဲ့သော်လည်း ကောင်းကင်နတ်အရှင်လင် ရောက်လာခြင်းကြောင့် သူမ၏ဆုံးဖြတ်ချက်ကို ဖောက်ဖျက်ခဲ့ပြီး အပြင်သို့ ပြန်ထွက်လာခဲ့လေသည်။

ကောင်းကင်နတ်အရှင်လင်အနေဖြင့် အာဏာလုပွဲတွင် ကိုယ်တိုင်ပါဝင်ရန် မသင့်တော်ပေ။ ရှည်လျားလှ‌သော ချုံဧကရာဇ်ခေတ်တွင် ကောင်းကင်နတ်အရှင်ယွင်ကသာ အရာအားလုံးကို စီမံကွပ်ကဲခဲ့သူ ဖြစ်၏။ ‌တောင်ချုံဧကရာဇ် ကောင်းကင်နတ်ဘုံကို ‌ပံ့ပိုးပေးခဲ့ပြီး အမိကမ္ဘာမြေ၏ မြောက်ချုံဧကရာဇ်ကောင်းကင်နတ်ဘုံအား ဦးဆောင်တိုက်ခိုက်ခဲ့သူမှာလည်း သူမ ဖြစ်သည်။

ကောင်းကင်နတ်အရှင်ယွဲ့သာ မရှိလျှင် ကောင်းကင်နတ်အရှင်လင်အနေဖြင့် ကောင်းကောင်းမွန်မွန် အောင်မြင်နိုင်ရန် ခက်ခဲပေလိမ့်မည်။

ကောင်းကင်နတ်အရှင်လင်သာ မရှိလျှင်လည်း ကောင်းကင်နတ်အရှင်ယွဲ့အနေဖြင့် ရှေ့ဆက်နိုင်ရန် သတ္တိရှိလိမ့်မည် မဟုတ်ပေ။ ကောင်းကင်နတ်အရှင်လင်က သူမ၏ ထောက်တိုင် ၊ သူမ၏ ကျောရိုး ဖြစ်၏။

ကောင်းကင်နတ်အရှင်လင်က မာသည်၊ ကောင်းကင်နတ်အရှင်ယွဲ့က နူးညံ့သည်။ သူတို့နှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် အားပေးကူညီခဲ့ကြ၏။ သမိုင်းတလျှောက် ထွန်းတောက်အခမ်းနားဆုံး ဖြစ်ခဲ့သည့် ဧကရာဇ်ခေတ်အား နှစ်ပေါင်းသုံးသိန်းတိုင်တိုင် တည်ထောင်နိုင်ခဲ့ကြသည်။

ဤလောကတွင် ထူးချွန်သော အမျိုးသမီးများစွာ ရှိသော်လည်း သူတို့နှစ်ဦးကား ဒဏ္ဍာရီလာ အာဂအမျိုးသမီးနှစ်ဦး ဖြစ်ချေသည်။

ကောင်းကင်နတ်အရှင်လင်သည်လည်း အမိကမ္ဘာမြေကို သတ်ဖြတ်ရန် ကြိုးစားခဲ့သည့် တိုက်ပွဲကို မှတ်မိ၏။ ကောင်းကင်နတ်အရှင်ယွဲ့မှာ သူမကို ကာကွယ်ရန်အတွက် ကောင်းကင်နတ်အရှင်ဟွေ့၊ ကောင်းကင်နတ်အရှင်ဟောင်၊ ကောင်းကင်နတ်အရှင်ရှောင်နှင့် အခြားသူများကြောင့် အပြင်းအထန် ဒဏ်ရာရခဲ့လေသည်။

ထိုအချိန်မှစ၍ ကောင်းကင်နတ်အရှင်ယွဲ့ ပျောက်သွားခဲ့ကြောင်း ‌သူမ မှတ်မိသွားသည်။ ထိုတိုက်ပွဲတုန်းက တာအိုဒဏ်ရာများက သူမကို အချိန်အတော်ကြာ အနှောင့်အယှက်ပေးခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

သူတို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက် ထောက်ပံ့ပေးခဲ့ကြတုန်းက မည်သူမှ တောင်ချုံဧကရာဇ်နိုင်ငံတော်အား မထိရဲခဲ့ကြချေ။ သို့သော် ကောင်းကင်နတ်အရှင်ယွဲ့ တာအိုဒဏ်ရာပြီးနောက် ကောင်းကင်နတ်ဘုံမှ ကောင်းကင်ဆရာသခင်များက စတင်လှုပ်ရှားခဲ့ကြသည်။ နောက်ဆုံး ကောင်းကင်နတ်အရှင်လင် မပြောင်းလဲသောဒြပ်ထု ကောင်းကင်နတ်သိုင်းအား ကျွမ်းကျင်ခဲ့သည်အခါ‌တွင်တော့ ဝိုင်း၍ တိုက်ခိုက်ခဲ့ကြ၏။

သူမနှင့် ကောင်းကင်နတ်ဧကရာဇ်၏ ရုပ်ခန္ဓာမှာ မပြောင်းလဲသောဒြပ်ထု ကောင်းကင်နတ်သိုင်းတွင် ပိတ်မိခဲ့ရသည်။ ဤသို့ဖြင့် ချုံဧကရာဇ်ခေတ်၏ ထောက်တိုင်နှစ်ခု ပြိုလဲသွားခဲ့လေသည်။

ချုံဧကရာဇ်၏ ကောင်းကင်နတ်ဘုံ ပျက်စီးသွားသည့်အခါ ခမ်းနားထွန်းပခဲ့သည့် ခေတ်တစ်ခေတ်လုံးမှာ အပျက်အစီးများသာ ကျန်ရစ်ခဲ့သည်။

ယခုအခါတွင် နှစ်လေးသောင်းကြာပြီးနောက်၌ ချုံဧကရာဇ်ခေတ်ကို နှစ်သုံးသိန်းတိုင်တိုင် ထမ်းပိုးသယ်ဆောင်ခဲ့ကြသည့် အမျိုးသမီးနှစ်ဦးမှာ မာန်ဟုန်မြစ်အစတွင် ပြန်လည်တွေ့‌ဆုံနေကြလေပြီ။

နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြမိသည်။ အချိန်က သူမတို့နှစ်ဦးအပေါ် မည်သည့်သက်ရောက်မှုမှမရှိသဖြင့် နှစ်ယောက်စလုံး ယခင်အတိုင်း တင့်တယ်လှပကာ ကျက်သ‌ရေရှိနေကြစမြဲပင်။

သူတို့မှာ နှလုံးသားထဲ၌ မြိုသိပ်ထားခဲ့သည့် ပြောစရာ စကားများစွာ ရှိနေသော်လည်း အခိုက်အတန့်တစ်ခုကြာသည်အထိ မည်သို့စပြောရမည်လဲ မသိပေ။ စကားစပင် မရှာတတ် ဖြစ်နေကြသည်။

ဤကမ္ဘာလောကတွင် သူရဲကောင်းများ၊ သူရဲကောင်းအမျိုးသမီးများ များစွာရှိသေည်လည်း သူတို့နှစ်ဦး၏ အောင်မြင်မှုများ၊ ဒုက္ခများကို ကျော်ဖြတ်တွန်းလှန်နိုင်ခဲ့သူ အရေအတွက်ကိုတော့ လက်တစ်ဖက်တည်းဖြင့် ရေတွက်၍ရနိုင်သည်။

မာန်ဟုန်မြစ်တွင် လေပြေတို့က တဝှီးဝှီး တိုက်ခတ်နေသည်။ မဟာခြုံလွှမ်းကောင်းကင်ဘုံမှ လေအေးတို့က မြစ်ထက်ရှိ နေရောင်ခြည်အား ရွှေမှုန်များကဲ့သို့ တောက်ပနေစေရာ ကောင်းကင်သည် အရောင်အသွေးစုံလင်သော ပန်းချီကားတစ်ချပ်သဖွယ် ငေးမောဖွယ် လှပနေချေ၏။

ကောင်းကင်ထက်၌ ဓားတာအိုမဟာခြုံလွှမ်းကောင်းကင်ဘုံနှင့် မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်ဘုံတို့ ထိတိုက်သွားသဖြင့် အန္တိမဟင်းလင်းပြင်ကို မြင်လာရစေသည်။ ခမ်းနားလှပသော ရွှေသင်္ဘောတစ်စီး၊ တာအိုသစ်ပင်နှစ်ပင်၊ တာအိုပန်းပွင့်များနှင့် တာအိုသစ်သီးများက ဓားရောင်ကုဋေပေါင်းများစွာကို ဖြန့်ကျက်နေပြီး တာအိုသစ်သီးများမှ ရင်သပ်ရှုမောဖွယ် တာအိုအလင်းရောင်များကို ထုတ်လွှတ်နေကြပုံသည် ပြင်းထန်ရက်စက်လှသလို၊ ဆွဲဆောင်မှုလည်း ရှိပေသည်။

ဤအခိုက်အတန့်တွင် မဟာခြုံလွှမ်းကောင်းကင်ဘုံထဲရှိ ပုဂ္ဂိုလ်အားလုံးက သူတို့၏ အစွမ်းထက်ဆုံး တိုက်ကွက်များကို အသုံးပြုနေကြ၏။

ခိုင်ဧကရာဇ်၏ ဓားတာအို မဟာခြုံလွှမ်းကောင်းကင်ဘုံက အလွှာ ၃၆ လွှာပါရှိသည့် ဓားနယ်ပယ်တစ်ခု ဖြစ်သည်။ ထိုအခိုက်အတန့်တွင် ဓားတာအိုမှ ထုတ်လွှတ်နေသော အလင်းရောင်တို့က နေမင်းကိုပင် မှေးမှိန်နေစေသည်။

ကောင်းကင်နတ်အရှင်ရှောင်၏ နတ်ကောင်းကင်ခန်းမက ကမ္ဘာဦးခေတ်၏ အမြင့်မားဆုံး အမွေဆက်ခံမှုမှ ဆင်းသက်လာခြင်း ဖြစ်သည်။ ၎င်းက စွမ်းအားနှင့် အာဏာ၏ ပြယုဂ်တစ်ခုလည်း ဖြစ်၏။ ကောင်းကင်နန်းဆောင် ၃၆ ဆောင်နှင့် ပလ္လင်ခန်းမ ၇၂ ဆောင်အပြင် ထိုက်ချူတာအိုကိုလည်း ထိန်းချုပ်ထားသည်။ သူ၏ တိုက်ကွက်က အန္တိမဟင်းလင်းပြင်ကို တုန်ရီသွားစေသည်။

ကောင်းကင်နတ်အရှင်ဟောင်၏ တာအို‌တစ်သောင်း ကောင်းကင်လှည်းဘီးက အားကောင်းပြင်းထန်စွာဖြင့် ကောင်းကင်လှည်းဘီး တစ်သောင်းအဖြစ် ပြောင်းလဲသွားသည်။ ကောင်းကင်လှည်းဘီးတစ်သောင်းထဲတွင် ခရမ်းရောင်ကောင်းကင်ဘုံခန်းမက လှည့်ပတ်နေ၏။ ဤခရမ်းရောင်ကောင်းကင်ဘုံခန်းမသည် ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်မှ လာသည်။။ ယင်းက မီလော့နန်းတော်သခင်လေး,လေး၏ ထိပ်တန်းသိုင်းကွက်၏ အသွင်သဏ္ဍာန်ပင်။

လှည့်ပတ်‌နေသော ခရမ်းရောင် ကောင်းကင်ဘုံခန်းမပေါ်တွင် မရေမတွက်နိုင်သော ခမ်းနားတင့်တယ်သည့် သင်္ကေတများက တောက်ပနေကြပြီး ကောင်းကင်လှည်းဘီးတစ်သောင်းဆီသို့ ကျဆင်းနေကြ၏။ လှည်းဘီးက လှည့်ပတ်၍ ဘေးနှစ်ဖက်လုံးအား ပြသထားသည်။

ကောင်းကင်လှည်းဘီးအရှေ့တွင်တော့ ကောင်းကင်နန်းဆောင် ‌‌၃‌၆ ဆောင်၏ စွမ်းအားကို စုစည်းထားသည့် ထိုက်ချူတာအို ရှိနေပြီး အနောက်တွင်တော့ အဆုံးမဲ့သည့် အမှောင်ထုကသာ နေရာယူထား၏။

အမှောင်ထု လွှမ်းမိုးသွားသည့်အချိန်တွင် ခိုင်ဧကရာဇ်၏ ဓားရောင်က မကြာခဏ အလင်းပြတတ်သည်။ အခြား‌ကောင်းကင်နန်းဆောင် ‌၃‌၆ ဆောင်က အမှောင်ထုထဲတွင် ပုန်းခိုနေကြ၏။ ကောင်းကင်လှည်းဘီးတစ်သောင်း၏ အမှောင်ထုမှာ ဧရာမချောက်နက်ကြီးပမာ လောကကို ဖျက်ဆီးနိုင်သည့်စွမ်းအားဖြင့် ပြည့်နှက်နေလေသည်။

ကောင်းကင်နတ်အရှင်ဟောင်တွင် ကောင်းကင်နတ်ဘုံနှစ်ခု ပိုင်ဆိုင်ထား၏။

အမှန်တွင် မဟာလေဟာနယ်တွင် ရှိခဲ့စဉ်ကတည်းက ၎င်းအချက်အား ချင်မူ သိရှိခဲ့ပြီးဖြစ်သည်။ ထိုတိုက်ပွဲတွင် ကောင်းကင်နတ်အရှင်ဟောင်သည် မတူညီသော ကောင်းကင်နတ်ဘုံကျင့်စဉ်နှစ်ခုကို အသုံးပြုခဲ့၏။ ၎င်းတို့ထဲမှ တစ်ခုက ထိုက်ချူတာအိုမှ ပြန်လည်မွေးဖွားလာသော မွေးရာပါချီဖြစ်ပြီး နောက်တစ်ခုကတော့ မဟာမြို့ပျက်လမ်းစဉ် ဖြစ်သည်။

ထိုတိုက်ပွဲတွင် မဟာဧကရာဇ်၏ ရုပ်ခန္ဓာမှာ ဒုက္ခိတဖြစ်ခဲ့ရပြီး ကောင်းကင်နတ်အရှင်ဟောင်သည်လည်း ဒဏ်ရာများစွာ ရရှိခဲ့သည်။

ယခုတွင် ခရမ်းရောင် ကောင်းကင်ဘုံခန်းမ၏ ထောက်ပံ့ပေးမှုကြောင့် ကောင်းကင်နတ်အရှင်ဟောင်ကား ‌‌ကောင်းကင်နတ်ဘုံကျင့်စဉ်နှစ်ခုလုံးအား ပြီးပြည့်စုံစွာ ပေါင်းစည်းနိုင်လုနီးပါး ဖြစ်နေချေပြီ။ သူ ပြသခဲ့သည့် စွမ်းဆောင်ရည်များက အထွတ်အထိပ်ဖြစ်ပြီး ကောင်းကင်နတ်အရှင်ရှောင်ထက်ပင် မြင့်မားလေသည်။

ရွှေသင်္ဘောပေါ်တွင် နောက်ထပ် ပြောင်းလဲနိုင်သူတစ်ဦးကတော့ ချင်မူဖြစ်၏။

ထိုအခိုက်အတန့်၌ ချင်မူက သူ၏ဓားကို ထုတ်လိုက်သည်။

ဓားက ကပ်ဘေးဓားပင်။

ကပ်ဘေးဓားအား ထုတ်လိုက်သည့်အချိန်တွင် ဓားရောင်က ခိုင်ဧကရာဇ်၏ ဓားတာအိုလောက် မတောက်ပသည့်အပြင် ကောင်းကင်နတ်အရှင်‌ရှောင်နှင့် ကောင်းကင်နတ်အရှင်ဟောင်လောက်လည်း မခမ်းနားပေ။ သို့သော် ၎င်းက မဟာဧကရာဇ်အား အလေးအနက် အာရုံစိုက်သွားစေသည်။

အဘယ်ကြောင့်ဆိုသော် ချင်မူ၏ ကပ်ဘေးဓားက သူ၏အားနည်းချက်အား ပစ်မှတ်ထားနေသလို ထင်ရသည့်အတွက်ပင်။

သူ့ဓားက မဟာဧကရာဇ်၏ အသိစိတ်အလျဉ်ကို ထိခိုက်စေနိုင်ရန် ကောင်းကင်နတ်ဧကရာဇ်၏ ရုပ်ခန္ဓာအား မထိုးစိုက်ပေ။ ထိုအစား ဓားကွက်တစ်ကွက်စီတိုင်းက တာအိုသစ်ပင်ရှိ တာအိုသစ်သီးအား တိကျသေသပ်စွာ တိုက်ခိုက်နေသည်။

ချင်မူသည် သူ၏ကျင့်စဉ်အား နှစ်သန်းပေါင်းများစွာ လေ့လာသင်ယူထားသည့်အလား ထင်ရ၏။ ဤကျင့်စဉ်ရှိ ပြောင်းလဲမှုတစ်ခုချင်းစီနှင့် ကောင်းကင်နတ်သိုင်းများကို ရင်းနှီးနေပြီး မဟာတာအို၏ ပြစ်ချက်များနှင့် အားနည်းချက်များကို ရှင်းလင်းပြတ်သားစွာ သိထားလေသည်။

ဤဓား ကပ်ဘေးခွင်းဓားဖြစ်ပြီး မဟာတာအိုကို ပိုင်းခွင်းရာတွင် အထူးပြု၏။ သူ၏ တာအိုသစ်သီးပင်လျှင် ကပ်ဘေးဓား၏ တိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသွားခဲ့သည်။

ချင်မူ့တိုက်ကွက်ကား ကောင်းကင်နတ်အရှင်ယွင်၏ သင်ပြပေးမှုကြောင့် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်ပေသည်။

ကောင်းကင်နတ်အရှင်ယွင်သည် မဟာဧကရာဇ်၏ တာအိုကို စေ့စေ့စပ်စပ် လေ့လာထားကာ အားနည်းချက်များကို ဖြည့်ဆည်းပေးခဲ့သည်။ မဟာဧကရာဇ်အပေါ် နားအလည်ဆုံးပုဂ္ဂိုလ်က ‌‌မဟာဧကရာဇ်ကိုယ်တိုင် မဟုတ်သလို၊ သူ၏ ရန်သူတော်ဖြစ်သည့် ကောင်းကင်နတ်အရှင်ရှောင်လည်း မဟုတ်ဘဲ ကောင်းကင်နတ်အရှင်ယွင်သာ ဖြစ်၏။

ချင်မူကား ကောင်းကင်နတ်အရှင်ယွင်နှင့် စကားပြောခဲ့ပြီးနောက် အိပ်မက်ကမ္ဘာသို့ ၀င်ရောက်ကာ မဟာဧကရာဇ်၏ အားနည်းချက်ကို ‌လေ့လာထားသည် မဟုတ်ပါလော။

ဤတိုက်ပွဲတွင် ချင်မူသည် သူ့ကိုယ်သူ ကိုယ်စားပြုနေခြင်း မဟုတ်ဘဲ နှစ်တစ်သန်းကြာ ဖိနှိပ်ထားခံခဲ့ရသည့် ကောင်းကင်နတ်အရှင်ယွင်၏ အောင်မြင်မှုများကို ကိုယ်စားပြု၍ တိုက်ခိုက်နေခြင်း ဖြစ်လေ၏။

သူက ကောင်းကင်နတ်အရှင်ယွင်၏ နာမည်ကို ထင်ရှားလာစေချင်ပြီး မဟာဧကရာဇ်အနေဖြင့် ကောင်းကင်နတ်အရှင်ယွင်အပေါ် အနိုင်ယူနိုင်ခဲ့သည့် တစ်ခုတည်းသော အကြောင်းအရင်းမှာ သူ၏ နှစ်ပေါင်းခြောက်ကုဋေကြာ ရှင်သန်နေခဲ့ခြင်းကြောင့်သာ ဖြစ်ကြောင်း သိစေလိုသည်။

ဤတိုက်ပွဲ၏ ခံ့ညားထည်ဝါမှုကို ကမ္ဘာဦးဘုံတစ်ဘုံလုံး တွေ့မြင်နေရလေသည်။ ကမ္ဘာဦးဘုံသ၏ ကမ္ဘာလောကတစ်သောင်းရှိ နတ်ဘုရားမိစ္ဆာအားလုံးက လက်လှမ်းမမှီနိုင်သော ကောင်းကင်ရှိ တိုက်ပွဲအား ငေးမောအံ့ဩစွာ မော့ကြည့်နေကြသည်။

ထာ၀ရငြိမ်းချမ်းရေးအင်ပါယာတွင် ထာဝရငြိမ်းချမ်းရေးအင်ပါယာဧကရာဇ်ယန်ရှို့က အရာရှိများနှင့် စစ်သေနာပတိများအား ဦးဆောင်လျက် ညီလာခံသို့ ကြွချီနေစဉ် မော့ကြည့်နေသည်။

သူတို့သည် မည်သူများ တိုက်ခိုက်နေကြသည်လဲ မသိသလို ၊ သူတို့အတွက် မည်သူတိုက်ခိုက်ပေးနေမှန်းလည်း မသိကြချေ။

ရွှေသင်္ဘောက ကောင်းကင်ကို ဖြတ်လျက် ပျံသန်းနေပြီး တိုက်ပွဲသည် ကြောက်မက်ဖွယ်ရာ ပြင်းထန်လှ၏။ ကောင်းကင်နတ်ဘုံစစ်တပ်၏ လိုက်ဖမ်းခြင်း ခံ‌နေရသော ရွှင်ပျော်ပျော်ကျေးရွာ၏ ကောင်းကင်ဘုံ ၃၃ ဘုံမှ စစ်သည်တော်များမှာ ရှားရှားပါးပါး အနားယူကြသည်။

သူတို့က သွေးစွန်းထင်းနေသော သံချပ်ကာများနှင့် ကောင်းကင်လက်နက်များပေါ်ရှိ သွေးတို့ကို ဆေးကြောနေကြသည်။ မျက်နှာထက်ရှိ သွေးနှင့်မျက်ရည်တို့ကိုလည်း သုတ်နေကြ၏။ တိုက်ပွဲတွင် ကြွေလွင့်ခဲ့ရသည့် သူတို့၏ ရဲဘော်များကို နှုတ်ဆက်နေကြစဉ် အန္တိမဟင်းလင်းပြင်ထဲရှိ မြင်ကွင်းကို တွေ့မြင်လိုက်ကြရလေသည်။

တချို့မှာ ထုံထိုင်းနေကြပြီး တချို့‌ကတော့ ဤတိုက်ပွဲအပေါ် မျှော်လင့်ချက်ထားနေကြ၏။ တချို့ကတော့ သွေးများ ဆူပွက်လာသည်ကို ခံစားနေကြရသည်။

တချို့သူများက ဖြည်းဖြည်းချင်း အော်ဟစ်အားပေးလာကြပြီး ရင်ထဲတွင် သတ္တိများ ဖြစ်ထွန်းလာကြ၏။

ခိုင်ဧကရာဇ်၏ ဓားရောင်နှင့် တာအိုကို သူတို့ မှတ်မိကြလေသည်။

သူတို့၏ ခေါင်းဆောင်ကား အရှုံးမပေးဘဲ တိုက်ခိုက်နေပြီး သူတို့အား ဘယ်တုန်းကမှ စွန့်ပစ်မသွားခဲ့ချေ။ သူတို့မှာ မရေမတွက်နိုင်သည် အတားအဆီးများ၊ တိုက်ပွဲများ၊ ဒုက္ခများကို တွေ့ကြုံခံစားခဲ့ကြရသောကြောင့် စိတ်ဓာတ်ပြိုလဲကာ လက်လျှော့အညံ့ခံရန်ပင် တွေး‌ခဲ့ကြဖူးသည်။

၎င်းက အန္တိမဟင်းလင်းပြင်တွင် မဟာဧကရာဇ်၏ ဓားရောင်ကို မမြင်ရခင်အချိန်အထိပင်။

အန္တိမဟင်းလင်းပြင်ရှိ မဟာခြုံလွှမ်းကောင်းကင်ဘုံထဲတွင် တိုက်ပွဲက ပြင်းထန်သော်လည်း လျင်မြန်သွက်လက်နေ၏။

ခိုင်ဧကရာဇ်၏ ဓားက ကောင်းကင်နတ်ဧကရာဇ်၏ မျက်ခုံးနှစ်ဖက်ကြားအား ဖောက်ထွက်သွားသည်။ သူ၏ ဓားတာအိုက ရေတံခွန်ပမာ ဒဏ်ရာအပေါက်မှတစ်ဆင့် ကောင်းကင်နတ်ဧကရာဇ်၏ ခန္ဓာကိုယ်ထဲ ဒလဟော စီး၀င်လာ၏။ ဓား‌ရောင်တို့က ကောင်းကင်နတ်ဧကရာဇ်၏ ခန္ဓာကိုယ်ထဲတွင် ဓားတာအိုသစ်ပင်တစ်ပင် ဖွဲ့တည်သည့်တိုင်အောင် စုဝေးသွားကြသည်။

ခွန်အားအရာတွင် ခိုင်ဧကရာဇ်သည် ကောင်းကင်နတ်အရှင်ဟောင်နှင့် ကောင်းကင်နတ်အရှင်ရှောင်တို့အောက် အားနည်းသော်လည်း အတိုက်အခိုက်စွမ်းရည်တွင်တော့ တစ်လောကလုံးတွင် အထူးချွန်ဆုံး ဖြစ်၏။

သို့သော် နောက်တစ်ခဏတွင် အသိစိတ်အလျဉ်တာအိုသစ်ပင်ရှိ အသိစိတ်အလျဉ်တာအိုသစ်သီးမှ မျက်စိကျိန်းမတတ် တာအိုအလင်းရောင်များ ပေါက်ကွဲထွက်ပေါ်လာပြီး သူ၏ ရင်ဘတ်ထဲသို့ ထိုးစိုက်သွားသည်။ မရေမတွက်နိုင်သော အလင်းတန်းများက လှံရှည်များအလား သူ၏ခန္ဓာကိုယ်ကို ထိုးစိုက်ကာ တာအိုပန်းပွင့်များအား ညှိုးခြောက်သွားစေသည်။

အခြားတစ်ဖက်တွင် ကောင်းကင်နတ်အရှင်ဟောင်၏ ကောင်းကင်လှည်းဘီးတစ်သောင်းက ရှေ့နောက် လှိမ့်နေကြသည်။ ၎င်းတို့က တဝှီးဝှီးမြည်လျက် လှည့်ပတ်နေကြရင်း အသိစိတ်အလျဉ်တာအိုသစ်ပင်၏ သစ်ကိုင်းများနှင့် သစ်ရွက်များကို ဖောက်ထွက်ကာ ၎င်းတို့ကိုယ်၎င်း တာအိုသစ်ပင်ပေါ်တွင် တံတိပ်ခတ်နှိပ်လိုက်ကြသည်။ ထိုက်ချူတာအိုနှင့် အဆုံးသတ်မြို့ပျက်တာအိုကလည်း တစ်ချိန်တည်းမှာပင် ပေါက်ကွဲသွားကြသည်။ သူ၏ တာအိုတစ်သောင်း ကောင်းကင်လှည်းဘီး ချိပ်တံ‌ဆိပ်များက အသိစိတ်အလျဉ်တာအိုသစ်ပင်ရှိ သစ်ကိုင်းများနှင့် သစ်ရွက်များတွင် အနှံ့အပြား နေရာယူသွားကြ၏။

ချိပ်တံဆိပ်များက ကောင်းကင်နတ်သိုင်းများအဖြစ် ပြောင်းလဲကာ နောက်တစ်ခဏတွင် ပေါက်ကွဲသွားကြသည်။ မရေမတွက်နိုင်သော သစ်ကိုင်းများနှင့် သစ်ရွက်များမှာ အစိတိစိတ်အမွှာမွှာ အက်ကွဲသွားပြီး လွင့်ထွက်ကုန်ကြသည်။

သို့သော် တစ်ချိန်တည်းမှာပင် မဟာဧကရာဇ်၏ လက်ချောင်းက သူ၏နဖူးကို ဖောက်ထွက်သွားသည်။ ဧရာမအပေါက်ကြီးတစ်ပေါက်က ကောင်းကင်နတ်အရှင်ဟောင်၏ နောက်စေ့တွင် ပေါ်လာ၏။ ဦးနှောက်အပိုင်းအစများက အရပ်လေးမျက်နှာသို့ လွင့်ထွက်သွားကြပြီး သူ့ဦးခေါင်းနောက်ရှိ ခရမ်းရောင်ကောင်းကင်ဘုံခန်းမတွင် ပေကျံသွားစေသည်။

ကောင်းကင်နတ်အရှင်ရှောင် တိုက်ခိုက်လိုက်သည့်အရာကတော့ မဟာဧကရာဇ်၏ အသိစိတ်အလျဉ် တာအိုသစ်သီး ဖြစ်၏။ နတ်ကောင်းကင်ခန်းမ၏ ထောက်ပံ့ပေးထားမှုဖြင့် သူက ချီနှင့် တာအိုကို စုစည်းလိုက်ပြီး တာအိုသစ်သီးကို ခုတ်ပိုင်းလိုက်သည့် ဧကရာဇ်ဓားတစ်လက်အဖြစ် ပြောင်းလဲလိုက်သည်။

သူသည် မဟာဧကရာဇ်၏ တာအိုသစ်သီးကို ခုတ်ပိုင်းကာ အဆင့်တစ်ဆင့် နိမ့်သွားစေလို၏။

သူ၏ ဓားသိုင်းကွက်များက ခိုင်ဧကရာဇ်နှင့် ချင်မူအောက် နိမ့်ကျသော်‌လည်း ကောင်းကင်နတ်ဧကရာဇ်တစ်ပါးအနေဖြင့် လောကကို နှစ်သန်းပေါင်းများစွာ လှုပ်ကိုင်ခြယ်လှယ်ခဲ့သူ မဟုတ်ပါလော။ သူ၏ဓားက အာဏာနှင့် ခမ်းနားမှုတို့အား သယ်ဆောင်ထားပြီး သူ ခုတ်ပိုင်းလိုက်သည့်အချိန်တွင် တာအိုသစ်သီးမှာ သစ်ပင်ပေါ်မှ ကြွေဆင်းသွားတော့သည်။

ကောင်းကင်နတ်အရှင်ရှောင်မှာ ၀မ်းမြောက်သွားသော်လည်း မကြာမီ ကြောက်လန့်တုန်လှုပ်သွားသော အမူအရာက သူ၏မျက်နှာထက်တွင် ကြီးစိုးသွားချေပြီ။

မယုံနိုင်ဖွယ်ရာ မြင်ကွင်းတစ်ခုကို မြင်လိုက်ရ၏။

“ငါ့အထွတ်အမြတ်ရတနာ”

သူ ဒေါသတကြီး ဟိန်းဟောက်လိုက်သည့်အချိန်တွင် တာအိုသစ်သီးမှ ဓားရောင်တစ်ချက်က သူ့ကို ဖောက်ထွက်သွား၏။ ကောင်းကင်နတ်အရှင်ရှောင်မှာ နောက်သို့ လွင့်ထွက်သွားပြီး ရွှေသင်္ဘောပေါ်ရှိ ခန်းမအပျက်အစီးများအောက်တွင် နစ်မြုပ်သွားသည်။

တစ်ချိန်တည်းမှာပင် ချင်မူ့ကပ်ဘေးဓားက မဟာဧကရာဇ်၏ တာအိုသစ်သီးထဲသို့ ထိုးစိုက်သွား၏။ ဓားရောင်က တဖျတ်ဖျတ် တောက်ပသွားပြီး နှိုင်းယှဉ်မရနိုင်အောင် ပါးလွှာလာကာ တာအိုသစ်သီးအား ရစ်ပတ်လိုက်သည်။

အစိမ်းရောင်တာအိုသစ်သီးမှာ သူ၏ဓားရောင်ကို မခုခံနိုင်သဖြင့် တာအိုသစ်သီး၏ မျက်နှာပြင်ပေါ်ရှိ တာအိုအမှတ်အသားများနှင့် သံကြိုးများက လျင်မြန်စွာ ပုံပျက်လာသည်။ တာအိုသစ်သီးမှာလည်း တဟုန်ထိုး သေးငယ်ကျုံ့၀င်လာသည်။

ဖောင်း….

မဟာဧကရာဇ်က ထိုးချလိုက်ရာ ချင်မူ့ခန္ဓာကိုယ်မှာ ပေါက်ကွဲသွားပြီး ဝိညာဉ်သန္ဓေသားကောင်းကင်ရတနာနှင့်အတူ အမှုန့်ကြေသွားတော့သည်။

မဟာဧကရာဇ်က ရွှေသင်္ဘောပေါ်တွင် ရပ်လျက် သူ့လက်မှ သွေးစက်များကို ခါလိုက်သည်။ သူက လက်နောက်ပစ်လျက် ရပ်နေချေသည်။

နတ်ဘုရားမထိုက်စုက သင်္ဘောအပြင်တွင် အထွတ်အမြတ်ခေါင်းလောင်းအား တီးနေပြီး ခေါင်းလောင်းသံများ တုန်ခါနေသည်။ ထို့နောက် တာအိုသစ်ပင်၏ သစ်ကိုင်းတစ်ကိုင်းသည် သူမ၏ မျက်ခုံးနှစ်ဖက်ကြားသို့ ဖောက်ထွက်သွား၏။

နတ်ဘုရားမထိုက်စုမှာ ပေါက်ကွဲသွားပြီး မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်ဘုံတွင် လွင့်မြောနေသည့် ထိုက်စုချီစွမ်းအင် ဖြစ်သွားသည်။ သူမက စူးရှစွာ အော်ဟစ်လိုက်သည်။ “မဟာဧကရာဇ်၊ နင် ငါ့ကို သတ်လို့မရဘူး”

မဟာဧကရာဇ်က ဂရုပင် မစိုက်ချေ။ သူက သင်္ဘောပေါ်ရှိ တိုက်ခိုက်ရန် အင်အားကင်းမဲ့နေသူများကို ကြည့်ရင်း အနည်းငယ်ပင် စိတ်ပျက်သွားသည်။ “နှစ်တစ်သန်းကြာခဲ့ပြီ… ဒါတောင် မင်းတို့အားလုံးက အားနည်းနေတုန်းပဲ…. ငါ ထင်မထားခဲ့ဘူး…. အခုထိ ငါက ပြိုင်ဘက်ကင်း ပုဂ္ဂိုလ်တစ်ယောက် ဖြစ်နေတုန်းပါလား”

ချင်မူက သူ၏ရုပ်ခန္ဓာကို ပြန်လည်ဖွဲ့တည်ကာ ဝိညာဉ်သန္ဓေသားနှင့် ‌ကောင်းကင်ရတနာများကို စုစည်းလိုက်ရင်း အသက်ပြင်းပြင်း ရှူနေသည်။

ခိုင်ဧကရာဇ်မှာမူ သွေးတို့စိုရွှဲနေပြီး လဲကျမသွားအောင် ကြိုးစားထရပ်နေသည်။

ကောင်းကင်နတ်အရှင်ရှောင်မှာ ခန်းမအပျက်အစီးများအောက်တွင် ပိနေပြီး ရင်ဘတ်ရှိ အပေါက်ကြီးကို ကြည့်နေ၏။ အပေါက်၀မှာ ထိုက်ချူချီတို့ဖြင့် ပြည့်နှက်နေသဖြင့် သူ့မျက်နှာမှာ သွေးဆုတ်ဖြူလျော်နေသည်။

ကောင်းကင်နတ်အရှင်ဟောင်က သင်္ဘောကုန်းပတ်ပေါ်တွင် လဲကျနေပြီး သူ၏မျက်လုံးများက အသက်မပါတော့ပေ။ သူ့အနောက်ရှိ ခရမ်းရောင်‌ကောင်းကင်ဘုံခန်းမက မှိတ်တုတ်မှိတ်တုတ် ဖြစ်နေကာ ဦးနှောက်အပိုင်းအစများက သူ့ဦးခေါင်းနောက်ရှိ အပေါက်ကြီးမှ ထွက်ကျနေဆဲပင်။

ချင်မူက ပတ်ဝန်းကျင်ကို ကြည့်ပြီးနောက် သွားဖြဲကာ ရယ်လိုက်၏။ သူ၏သွားများက သွေးချင်းနီနေလေသည်။

“ကျူယွီရှစ်” အေးစက်ပြတ်သားသော အသံတစ်သံက မဟာဧကရာဇ်အနောက်မှ ထွက်ပေါ်လာသည်။

မဟာဧကရာဇ် ချက်ချင်း လှည့်ကြည့်လိုက်သည့်အခါ ကောင်းကင်နတ်အရှင်အလင်အား မြင်လိုက်ရ၏။ သူမက သူ၏မျက်ခုံးနှစ်ဖက်ကြားသို့ လက်ညှိုးဖြင့် အသာအယာ ထိတို့လိုက်လေသည်။

မဟာဧကရာဇ်၏ မျက်လုံးထောင့်စွန်းများ အဆက်မပြတ် လှုပ်ခတ်သွားတော့သည်။

All Chapters