သတ်မရ
Vol. 120 Ch. 1563
ကောင်းကင်နတ်အရှင်ယွင်က ခိုင်ဧကရာဇ်နှင့် ကောင်းကင်နတ်အရှင်လင်အား ပြန်နှုတ်ဆက်သည်။ ယွင်၏ လက်ရှိအခြေအနေမှာ မူလဝိညာဉ်သာ ဖြစ်သော်လည်း မဟာဧကရာဇ်၏ သဘာဝနှင့် သဟဇာတ ဖြစ်နေသော အနေအထားတွင် ရှိနေသည်။
မဟာဧကရာဇ်သည် သူ့အား သတ်ရန် ရည်ရွယ်ချက်ဖြင့် ဤနေရာတွင် ဖမ်းချုပ်ထားခဲ့၏။ သို့သော် ယွင်က မထင်မှတ်ဖွယ်ကောင်းစွာဖြင့် မဟာဧကရာဇ်၏ တာအိုသစ်ပင်နှင့် ပေါင်းစည်းကာ ၎င်း၏ တစ်စိတ်တစ်ပိုင်း ဖြစ်လာခဲ့သည်။ တာအိုသစ်ပင်ထဲရှိ ထိုက်ချူဧကရာဇ်ဓားဖြင့်လည်း ချိတ်ဆတ်သွားခဲ့လေသည််။
ပို၍အရေးကြီးသည်က မဟာဧကရာဇ်၏ အသိစိတ်အလျဉ်တာအိုတွင် အားနည်းချက်အချို့ ရှိနေခြင်းပင်။ သို့သော် ကောင်းကင်နတ်အရှင်ယွင်က အဆိုပါ အားနည်းချက်များကိုပါ ပျောက်ကွယ်သွားစေခဲ့သည်။
မဟာဧကရာဇ် သေဆုံးသွားသည့်အခါ ယွင်သည် မဟာဧကရာဇ်၏ “အမွေ” ကို ဆက်ခံရရှိခဲ့ပြီဟု ဆိုရမည်။
ဤအဖြစ်အပျက်သည် မည်မျှ ဆန်းကြယ်လှပါသနည်း။
ကောင်းကင်နတ်အရှင်ယွင်၏ ကံကောင်းခြင်းနှင့် ကံဆိုးခြင်းက ထိုမျှထူးခြားပေသည်။
ပထမဆုံး ယွင်သည် ကောင်းကင်နတ်အရှင်လင်၊ ကောင်းကင်နတ်အရှင်ယွဲ့တို့ဖြင့် ပူးပေါင်း၍ မဟာဧကရာဇ်အား သတ်ဖြတ်၍ မဟာဧကရာဇ်၏ ရုပ်ခန္ဓာကို မဟာလေဟာနယ်ထဲ၌ ချုပ်နှောင်ထားခဲ့သည်။ သို့သော် မဟာဧကရာဇ် မူလ၀ိညာဥ်၏ လူ၀င်စားဖြစ်သည့် မင်ဖန်းယွီလက်ထဲတွင် သေဆုံးခဲ့ရ၏။
ယခုတွင် ယွင်သည် အခွင့်အရေးကို အသုံးချပြီး မဟာခြုံလွှမ်း အသိစိတ်အလျဉ်ကောင်းကင်ဘုံ တာအိုသစ်ပင်နှင့် တာအိုသစ်သီးအား ပိုင်ဆိုင်သော သိုင်းပညာရှင်တစ်ယောက် ဖြစ်လာခဲ့လေပြီ။
“ကောင်းကင်နတ်အရှင်မူတော့ ကောင်းကင်နတ်အရှင်ဟောင် ဖမ်းတာ ခံလိုက်ပြီ ထင်ပါရဲ့”
ကောင်းကင်နတ်အရှင်ယွင်က မဟာခြုံလွှမ်းကောင်းကင်ဘုံထဲ၌ နေ၍ ကောင်းကင်သို့ မော့ကြည့်လိုက်ရင်း စိုးရိမ်ပူပန်စွာ ပြော၏။ “ကောင်းကင်နတ်အရှင်မူသာ ကောင်းကင်နတ်အရှင်ဟောင်လက်ထဲ ရောက်သွားရင် နှိပ်စက်ခံရမှာ စိုးရိမ်မိတယ်…. သေတောင် သေသွားနိုင်တယ်… ကောင်းကင်နတ်အရှင်ဟောင်က သူ့အသက်ကို ချုပ်ကိုင်ပြီး ငါတို့ကို သေချာပေါက် ခြိမ်းခြောက်လာမှာပဲ”
ကောင်းကင်နတ်အရှင်လင်မှာလည်း စိုးရိမ်ပူပန်နေ၏။
ခိုင်ဧကရာဇ်က ခေါင်းရမ်းသည်။ “နောင်တော်ယွင်၊ သူ့ကို စိုးရိမ်စရာ မလိုပါဘူး…. ကောင်းကင်နတ်အရှင်ဟောင်အနေနဲ့ သူ့ကို ဖမ်းဖို့ လွယ်ပေမယ့် သတ်ဖို့ကတော့ ခက်လိမ့်မယ်…အခုတောင် အတော်လေး ခေါင်းခဲနေလောက်ပြီ... သူ့အကြောင်း ထားပါဦး… နောင်တော်က တာအိုရသွားပြီလား”
ကောင်းကင်နတ်အရှင်လင်မှာ အံ့ဩမှင်သက်စွာဖြင့် ခိုင်ဧကရာဇ်ကို ကြည့်လိုက်မိသည်။ ခိုင်ဧကရာဇ်သည် အဘယ်သို့ပြု၍ ချင်မူ့အတွက် စိုးရိမ်ပူပန်ခြင်း မရှိဘဲ စိတ်အေးအေး နေနိုင်သည်လဲ သူမ နားမလည်နိုင်ချေ။
ကောင်းကင်နတ်အရှင်ယွင်က ခေါင်းခါပြသည်။ ထို့နောက် တခဏ တွန့်ဆုတ်သွားပြီး ခေါင်းပြန်ညိတ်လိုက်သည်။ “ငါ့ လက်ရှိအခြေအနေက အတော်လေး ထူးခြားတယ်…. မဟာဧကရာဇ်က ငါ့ကို သတ်ပြီးနောက်ပိုင်း နှိပ်စက်ဖို့ သူ့ရဲ့ မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်ဘုံထဲ ပို့ခဲ့တယ်… အဆိုးထဲက အကောင်းလို့ပဲ ပြောရမှာပေါ့… အဲဒီအထဲမှာ ရှိနေတဲ့အတောအတွင်း သူ့ရဲ့ မဟာဧကရာဇ်လမ်းစဥ်နဲ့ ကျင့်စဉ်တွေကို လေ့လာနိုင်ခဲ့တယ်.. အဲ့ဒါကပဲ ငါ့အသက်ကို ကယ်ခဲ့တာ… နှစ်တွေတစ်လျှောက်လုံး မဟာဧကရာဇ် သိတာမှန်သမျှ ငါ သိခဲ့ရတယ်…. မဟာဧကရာဇ် မသိရင်လည်း ငါ သိတယ်”
ခိုင်ဧကရာဇ်နှင့် ကောင်းကင်နတ်အရှင်လင်တို့မှာ ပါးစပ်အဟောင်းသား ဖြစ်နေကြသည်။
ကောင်းကင်နတ်အရှင်ယွင်က ရှင်းပြသည်။ “မဟာဧကရာဇ်က ဖန်ဆင်းရှင်မျိုးနွယ်တွေ ပူဇော်ကိုးကွယ်တာ ခံခဲ့ရတယ်…. ဒါကြောင့်ပဲ သူ့အသိစိတ်အလျဉ်ကို အန္တိမဟင်းလင်းပြင်မှာ တံဆိပ်ခတ်နှိပ်နိုင်ခဲ့ပြီး ကမ္ဘာဦးခေတ်မှာ အသန်မာဆုံးပုဂ္ဂိုလ် ဖြစ်လာတာပေါ့… ဒါပေမဲ့ ဖန်ဆင်းရှင်တွေ ပူဇော်ကိုးကွယ်ခဲ့တာကြောင့်ပဲ သူ့လမ်းစဉ်မှာ လိုအပ်ချက်တွေ ရှိနေခဲ့တယ် …. သူ့အတွက် မဟာခြုံလွှမ်းကောင်းကင်ဘုံမှာ အဆင့်တက်နိုင်ဖို့ မလွယ်ခဲ့ဘူး … အဲဒါနဲ့ သူက ကိုယ်ပွားတွေ ဖန်တီးရင်း တခြားသူတွေရဲ့ ကျင့်စဉ်တွေကို တိတ်တဆိတ် လေ့လာခဲ့တော့တာပေါ့…. နတ်အရှင်မချန်း၊ မင်ဖန်းယွီနဲ့ ထာ၀ရငြိမ်းချမ်းရေးအင်ပါယာရဲ့ ဝေ့ရှစ်ကျဲ အားလုံးက သူ့ရဲ့ကိုယ်ပွားတွေပဲ”
ခိုင်ဧကရာဇ်က မျက်မှောင်ကြုတ်လိုက်သည်။ “ထာ၀ရငြိမ်းချမ်းရေးအင်ပါယာမှာ သူ့ကိုယ်ပွား ရှိခဲ့တယ်လား…”
ကောင်းကင်နတ်အရှင်ယွင်က ခေါင်းညိတ်လိုက်ပြီး ဆက်ပြော၏။ “ထာ၀ရငြိမ်းချမ်းရေးအင်ပါယာက သူ့ကိုယ်ပွားကို ငါ မသိအောင် ထားလို့ မရဘူးလေ … ကောင်းကင်နတ်အရှင်ဆယ်ပါးလည်း ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာ ကိုယ်ပွားတွေ ရှိခဲ့ကြတယ်.. သေသွားတဲ့ ကောင်းကင်နတ်အရှင်ဟုန်တောင်မှ ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာ ကိုယ်ပွားတစ်ယောက် ရှိတယ်”
ခိုင်ဧကရာဇ်က မျက်မှောင်ကြုတ်လိုက်သည်။ ချက်ချင်းပင် အောက်ဘုံသို့ ဆင်းကာ မဟာဧကရာဇ်၏ ကိုယ်ပွားအား သတ်ဖြတ်ချင်စိတ်ကို ထိန်းချုပ်မြိုသိပ်လိုက်လေသည်။ “ကောင်းကင်နတ်အရှင်ဟုန်ရဲ့ ကိုယ်ပွားက သေလောက်ပြီ ထင်တယ်”
ကောင်းကင်နတ်အရှင်ယွင်မှာ အံ့အားသင့်သွားသော်လည်း ကောင်းကင်နတ်အရှင်လင်ကတော့ ဂရုစိုက်ဟန်မတူပေ။
ခိုင်ဧကရာဇ်က ပြော၏။ “ကောင်းကင်နတ်အရှင်မူက ကောင်းကင်ယင်ကမ္ဘာဆီ သွားပြီး ကောင်းကင်နယ်စားမင်းရဲ့ ဝိညာဉ်ကို ဆင့်ခေါ်ခဲ့ဖူးတယ်… အဲဒီအချိန်တုန်းက ကောင်းကင်နတ်အရှင်ဟုန်ရဲ့ ဝိညာဉ်ကိုလည်း ဆင့်ခေါ်ပြီး သတ်ပစ်လိုက်တယ်လေ... အဲဒီကောင်စုတ်လေးက ကောင်းကင်နတ်အရှင်ဟုန်အပေါ် အကြွေးပေးစရာ ရှိခဲ့ပေမယ့် အကြွေးစာချုပ် မပြနိုင်လို့ဆိုပြီး အကြွေးတင်နေတဲ့အကြောင်း ဝန်မခံခဲ့တာ”
၎င်းကို ပြောပြီးနောက် ခိုင်ဧကရာဇ်က ခေါင်းခါရမ်းလိုက်သည်။ “သူက သိပ်ကို နမော်နမဲ့ နိုင်လွန်းတယ်… ကောင်းကင်နတ်အရှင်ဟုန်ရဲ့ ဝိညာဉ်ကို ဆင့်ခေါ်ပြီး သတ်လိုက်တာဆိုတော့ ကောင်းကင်နတ်အရှင်ဟုန်ရဲ့ ရုပ်ခန္ဓာလည်း သေသွားလောက်ပြီ …. ကောင်းကင်နတ်အရှင်ဟုန်ရဲ့ ရုပ်ခန္ဓာက နဂါးသွဲ့ရေကန်အဆင့်မှာဆိုတော့ ဘယ်လိုလုပ် သူ့ရဲ့ ကောင်းကင်နတ်သိုင်းတွေကို ခုခံနိုင်မှာလဲ…
“ကောင်းကင်နတ်အရှင်မူ ကောင်းကင်နတ်အရှင်ဟုန်ရဲ့ ဝိညာဉ်ကို ကောင်းကင်ယင်ကမ္ဘာဆီ ဆင့်ခေါ်ခဲ့တုန်းက သူ့ရဲ့မူလဝိညာဉ်က ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာ ရှိတဲ့ ကိုယ်ပွားခန္ဓာထဲကနေ ထွက်သွားပြီး ထူးထူးဆန်းဆန်း သေသွားရလိမ့်မယ်… ကောင်းကင်နတ်အရှင်မူက ကိစ္စတွေကို ဆောင်ရွက်တဲ့နေရာမှာ ဟာကွက်မရှိဘူး… ကတိုက်ကရိုက် လုပ်တတ်တာနဲ့ သိက္ခာမရှိတာ တစ်ခုပဲ”
ကောင်းကင်နတ်အရှင်ယွင်လည်း ထိုအဖြစ်ကို မြင်ယောင်ကြည့်ရင်း စိတ်ထဲမှ တွေးနေမိ၏။ ‘ခိုင်ဧကရာဇ် ကြည့်ရတာ ကောင်းကင်နတ်အရှင်မူကို နည်းနည်း အမြင်ကပ်နေပုံပဲ’
ယွင်သည် မဟာခြုံလွှမ်းကောင်းကင်ဘုံတွင် ရှိနေခဲ့ပြီး မဟာဧကရာဇ်၏ အသိစိတ်အလျဉ်ဖြင့် လောကတွင် ဖြစ်ပျက်နေသည်များကို လေ့လာခဲ့သော်လည်း ရွှင်ပျော်ပျော်ကျေးရွာ၏ အဖြစ်အပျက်များကိုတော့ မသိခဲ့ပေ။ ချင်မူ ရွှင်ပျော်ပျော်ကျေးရွာတွင် ပြဿနာရှာခဲ့ခြင်းက သာမန်နမော်နမဲ့ဆန်ခြင်းလောက် မရိုးရှင်းချေ။
ကောင်းကင်နတ်အရှင်ယွင်က ဆက်ပြောသည်။ “မဟာဧကရာဇ်မှာ ကန့်သတ်ချက်တွေ ရှိခဲ့တယ်… သူ့ရဲ့အသိစိတ်အလျဉ်ကို အန္တိမဟင်းလင်းပြင်မှာ တံဆိပ်ခတ်နှိပ်ပြီး နောက်ပိုင်း သူက မျိုးဆက်သစ်တွေရဲ့ ကျင့်စဉ်တွေ၊ လမ်းစဉ်တွေနဲ့ ကောင်းကင်နတ်သိုင်းတွေကို လေ့လာခဲ့တယ်… အဲဒီကျင့်စဉ်တွေ၊ လမ်းစဉ်တွေက အန္တိမဟင်းလင်းပြင်မှာ တံဆိပ်ခတ်နှိပ်ဖို့ သိပ်ကို ခက်ခဲတယ်…
“ဆိုတော့ အဲဒီနေရာမှာ တံဆိပ်ခတ်နှိပ်လို့မရသရွေ့ မတတ်မြောက်နိုင်ဘူး ပြောရမယ် … ဒါအပြင် သူ့ရဲ့ မူလဝိညာဉ်ကလည်း မပြောင်းလဲသောဒြပ်ထု ကောင်းကင်နတ်သိုင်းထဲမှာ ပိတ်မိနေခဲ့တော့ … သူ့ရဲ့ အသိစိတ်အလျဉ်ပဲ ကျန်ခဲ့တယ်… အသိစိတ်အလျဉ်တစ်ခုတည်းနဲ့ သင်ယူခဲ့ရတာဆိုတော့ သူ တတ်မြောက်ခဲ့တာတွေကို လက်တစ်ဖက်တည်းနဲ့ ရေတွက်လို့ရတယ်… ဖန်ဆင်းခြင်းကောင်းကင်နတ်သိုင်းက သူ သင်ယူနိုင်ခဲ့တဲ့ ကောင်းကင်နတ်သိုင်းတွေထဲက တစ်ခုပဲ… ဒါပေမဲ့ ငါကတော့ မတူဘူး”
သူက အနိမ့်အမြင့်မရှိသော လေသံဖြင့် ဆက်ပြောသည်။ “ငါ့ရဲ့မူလဝိညာဉ်က ဒီမှာ ရှိနေပြီး ငါ့ရဲ့ ကျင့်စဉ်စနစ်က ထူးခြားတယ်….. ခရမ်းနတ်ဘုံကောင်းကင်ပြာကျင့်စဉ်က အတွေးပေါင်းထောင်ပေါင်းများစွာရဲ့ ခွန်အားတွေကို စုစည်းနိုင်တယ်… အဲဒီလိုနဲ့ သူ မသင်ယူနိုင်ခဲ့တာတွေက နောက်ဆုံးမှာ ငါ့အတွက် အကျိုးအမြတ် ဖြစ်လာတော့တာပဲ … ဒါပေမဲ့ ငါ့မှာလည်း အားနည်းချက် ရှိနေတယ်… ငါ့မှာ ရုပ်ခန္ဓာ မရှိဘူးလေ”
သူက သက်ပြင်းချလိုက်သည်။ “ရုပ်ခန္ဓာက တာအိုရဲ့ အခြေခံပဲ.. ခန္ဓာသေရင် တာအိုလည်း ပျောက်ကွယ်တယ်ဆိုတဲ့ စကားအတိုင်းပေါ့ … ခန္ဓာသေတာနဲ့ တာအို ပျောက်ကွယ်သွားလိမ့်မယ်… ဒါပေမဲ့ ငါတို့ရဲ့ အဆင့်မှာတော့ ခန္ဓာ သေရင်တောင် တာအိုပျောက်ကွယ်မသွားဘူး… ဒါပေမဲ့ ခန္ဓာကိုယ် မရှိရင် တိုးတက်နိုင်ဖို့ ခက်တယ် … အဆင့်တက်ဖို့ မဖြစ်နိုင်ဘူး… ဒါကြောင့် ငါက ဧကရာဇ်ပလ္လင်အဆင့်မှာပဲ ရှိသေးတယ်”
သူကိုယ်တိုင်ပင် သူ၏လက်ရှိအခြေခံမှာ မည်သည့်အကွာအဝေးအထိ ရောက်နေခဲ့မှန်း နားမလည်နိုင်ပေ။ “ဒါပေမဲ့ ငါ့မှာ တာအိုသစ်ပင်နဲ့ သစ်သီး ရှိတယ်…. တာအို ရထားသလို ခံစားရနေပေမယ့် တစ်ချိန်တည်းမှာပဲ မရသလို ခံစားနေရတယ်… ရုပ်ခန္ဓာပြန်ရမှပဲ ငါ့ရဲ့သိုင်းအဆင့်ကို နားလည်နိုင်မယ် ထင်တာပဲ”
ခိုင်ဧကရာဇ်က ပြောသည်။ “ခင်ဗျားရဲ့ ရုပ်ခန္ဓာကို ကောင်းကင်နတ်အရှင်မူ ကယ်တင်ပြီးနေပြီ…. သူနဲ့အတူ ယူလာခဲ့ပြီး သူ့မျက်ခုံးနှစ်ဖက်ကြားက တတိယမျက်လုံးထဲမှာ ဝှက်ထားတာ… အဲ့မျက်လုံးက သိပ်ကိုစွမ်းအားကြီးတယ်…. ကောင်းကင်နတ်အရှင်ဟောင်ရဲ့ ခွန်အားနဲ့တောင် အဲဒီမျက်လုံးကို ထိခိုက်အောင် မလုပ်နိုင်ဘူး…”
ကောင်းကင်နတ်အရှင်ယွင်မှာ အတော်လေး စိုးရိမ်ပူပန်မိသွားသည်။ “ဒါပေမဲ့ အခု ကောင်းကင်နတ်အရှင်ဟောင်က ကောင်းကင်နတ်အရှင်မူကို ဖမ်းသွားပြီလေ … သူ သေမလား၊ ရှင်မလား မသေချာတော့ဘူး”
ကောင်းကင်နတ်အရှင်လင်ကလည်း မျက်မှောင်ကြုတ်နေသည်။
“သူ ဘာမှမဖြစ်ပါဘူး”
ခိုင်ဧကရာဇ်က အေးဆေးစွာ ပြောသည်။ “ကျုပ်တို့ ကောင်းကင်နတ်ဘုံထဲ အတင်းအကြပ် ဝင်သွားရင် ကောင်းကင်နတ်အရှင်ဟောင်နဲ့ ကောင်းကင်နတ်အရှင်ရှောင်ကို ပူးပေါင်းအောင် ဖိအားပေးမိလိမ့်မယ်… ကျုပ်တို့မှာ အင်အားမရှိသေးဘူး … ဒါပေမဲ့ ကောင်းကင်နတ်အရှင်ဟောင် ချင်မူ့ကို ဖရိုဖရဲမြစ်ထဲ နှစ်မချအောင် တားဖို့ ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်ဆီ ကျုပ် သွားရမယ်… ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်က လွဲပြီး တစ်လောကလုံးမှာ ဘယ်သူမှ သူ့ကို မသတ်နိုင်ဘူး”
သူက ဝှစ်ခနဲ ထွက်ခွာသွားတော့သည်။
ကောင်းကင်နတ်အရှင်ယွင်က သူ့ကို အလောတကြီး လှမ်းခေါ်သည်။ “ကောင်းကင်နတ်အရှင်ချင်၊ ဒီရွှေသင်္ဘောက”
“ကောင်းကင်နတ်အရှင်လင်၊ အခုတော့ သိမ်းထားလိုက်ပါဦး… သူ ပြန်လာရင် ပြန်ပေးလိုက်ပါ” ခိုင်ဧကရာဇ်က ဓားရောင်အသွင် ပြောင်းလဲ၍ အဝေးသို့ ပျံသန်းသွားတော့သည်။
ကောင်းကင်နတ်အရှင်ယွင်က ရွှေသင်္ဘောကို အကဲခတ်နေသည်။ ချင်မူမှာ ကောင်းကင်နတ်အရှင်ဟောင်၏ ဖမ်းဆီးခြင်းခံခဲ့ရသောကြောင့် ရွှေသင်္ဘောသည် ကျန်ရစ်ခဲ့၏။ ရွှေသင်္ဘောက ထူးဆန်းသည့် ခံစားချက် ရစေသည့်အပြင် သင်္ဘောပေါ်တွင် မျက်နှာမမြင်ရနိုင်သည့် လူရိပ်များရှိသဖြင့် ကောင်းကင်နတ်အရှင်ယွင်အနေဖြင့် အနေရခက်မိလေသည်။
ကောင်းကင်နတ်အရှင်လင်သည် သင်္ဘောပေါ်သို့ တက်၍ ဦးညွှတ် အရိုအသေပေးပြီးနောက် ထွက်သွားရန် ပြင်နေ၏။
ကောင်းကင်နတ်အရှင်ယွင်မှာ သူမ၏ စိတ်နေသဘောထားကို ကောင်းကောင်းသိလေသည်။ သူ့ကို နှုတ်ဆက်ခဲ့ခြင်းကပင် ကျေးဇူးတင်စရာ ကောင်းနေချေပြီ။
အတိတ်တုန်းက ကောင်းကင်နတ်အရှင်လင်သည် မည်သူ့ကို တွေ့သည်ဖြစ်စေ ဖာသိဖာသာ နေတတ်သည်။ ဘယ်သူ့ကိုမှ ဂရုမစိုက်သလို၊ သူ့ကိုယ်သူ မိန်းကလေးတစ်ယောက်ကဲ့သို့ ပြင်ဆင်ခြယ်သခြင်းလည်းမရှိပေ။ ယခုတွင်တော့ ကောင်းကင်နတ်အရှင်လင်က လူမှုရေး နားလည်နေပြီဖြစ်၏။ ဦးညွှတ်အရိုအသေပေးခဲ့သလို၊ အမျိုးသမီးတစ်ဦးကဲ့သို့လည်း ဝတ်ဆင်ထားလေသည်။
“လင်၊ မင်း ဘယ်လောက် အစွမ်းထက်နေပြီလဲ”
ကောင်းကင်နတ်အရှင်ယွင်က အေးအေးလူလူ မေးလိုက်သည်။ “မင်းက မဟာဧကရာဇ်ကို သတ်ခဲ့တာဆိုတော့ သိပ်ကို အစွမ်းထက်နေပြီဖြစ်ရမယ်… တာအိုရဖို့ ဘယ်လောက်ဝေးသေးလဲ”
“တာအိုရဖို့တဲ့လား”
ကောင်းကင်နတ်အရှင်လင်က ခေါင်းကလေးငဲ့လိုက်ရင်း တခဏကြာ တွေးနေသည်။ “တာအိုရဖို့ဆိုတာ ဘာအဓိပ္ပာယ်လဲ ငါ နားမလည်ဘူး”
ကောင်းကင်နတ်အရှင်ယွင်မှာ ဆွံ့အသွားသည်။ သူက ဆက်လက်မေးမြန်း၏။ “မင်းရဲ့ သိုင်းအဆင့်က အန္တိမဟင်းလင်းပြင်မှာ တံဆိပ်ခတ်နှိပ်ပြီး တာအိုသစ်ပင်တစ်ပင် ဖွဲ့တည်စေနိုင်မယ်လို့ ခံစားရလား”
ကောင်းကင်နတ်အရှင်လင်က ခေါင်းရမ်းသည်။ “နင် ပြောနေတာတွေ ငါ နားမလည်ဘူး… တာအို ရဖို့အတွက် ဘာလို့ တာအိုသစ်ပင်ကို ဖွဲ့တည်ရမှာပဲ … နင်ရယ်၊ မဟာဧကရာဇ်ရယ်၊ ခိုင်ဧကရာဇ်ရယ်က ကိုယ့်ကိုယ်ကို ရှုပ်ထွေးအောင် လုပ်နေကြတာ မဟုတ်ဘူးလား… ငါ့အမြင်မှာတော့ တာအိုသစ်ပင် ဖွဲ့တည်ဖို့ မလိုဘူး”
ကောင်းကင်နတ်အရှင်ယွင်မှာ မျက်လုံးများ ပြူးကျယ်သွားပြီး ဒေါသထွက်လာမိသည်။
သို့သော် သူသည် နေသားကျနေပြီဖြစ်၏။ နဂါးဟန်ကောင်းကင်နတ်ဘုံတွင် ရှိခဲ့စဉ်ကတည်းက ကောင်းကင်နတ်အရှင်လင်ကြောင့် မကြာခဏ ဒေါသထွက်ခဲ့ရသည် မဟုတ်ပါလော။
“လင်၊ နင့်လက်ရှိ သိုင်းအဆင့်က ဘယ်ရောက်နေပြီလဲ”
သူက စိတ်ရှည်စွာ မေးသည်။ “ငါ နင့်ရဲ့ခွန်အားကို မြင်ခဲ့ရတယ်… မဟာဧကရာဇ်ကို တစ်ချက်တည်းနဲ့ သတ်နိုင်ခဲ့ပြီး ကောင်းကင်နတ်အရှင်ရှောင်ကိုလည်း တူညီတဲ့ တိုက်ကွက်နဲ့ တိုက်ခိုက်ခဲ့ပေမယ့် သူကတော့ ရှောင်တိမ်းနိုင်ခဲ့တယ်… မင်းရဲ့ခွန်အားက တက်လိုက်ကျလိုက် ဖြစ်နေသလိုပဲ”
ကောင်းကင်နတ်အရှင်လင်ကလည်း သတိထားမိသဖြင့် ဖြေသည်။ “ငါက တိုက်ခိုက်တဲ့နေရာမှာ မကျွမ်းကျင်ဘူး… စောစောက ယွဲ့နဲ့ ဆုံခဲ့လို့ သူက ငါ့ကို မဟာဧကရာဇ်ရဲ့ အနောက်ဆီ ပို့ပေးလိုက်တာ… သူ့ရဲ့ ကိုယ်နေဟန်ထားအရ တိုက်ခိုက်ဖို့ သိပ်အခြေအနေ မဟန်လို့ ငါ လှမ်းခေါ်လိုက်တယ် …. သူ လှည့်ကြည့်လာတဲ့ အချိန်မှာ ရိုက်လိုက်တယ်လေ... ထူးဆန်းလို့လား”
ကောင်းကင်နတ်အရှင်ယွင်မှာ မျက်လုံးပြူးသွားပြန်သည်။ တစ်ခဏကြာသော် သူက အားမရှိစွာဖြင့် လက်ခါပြလိုက်သည်။ “နင် သွားလိုက်ပါတော့… ခိုင်ဧကရာဇ်နဲ့ ကောင်းကင်နတ်အရှင်မူကို ဒီအကြောင်း ပြောမပြနဲ့… ကောင်းကင်နတ်အရှင်ဟောင်နဲ့ ကောင်းကင်နတ်အရှင်ရှောင်လည်း မသိစေနဲ့… အေးစက်ခက်ထန်ပြီး ခန့်မှန်းလို့မရနိုင်တဲ့ နင့်ဟန်ပန်ကို ထိန်းထား… မဟုတ်ရင် နင် အသက်အန္တရာယ် ရှိတယ်”
သူသည် ကောင်းကင်နတ်အရှင်လင်နှင့် ပတ်သက်လာလျှင် ဘာမှမတတ်နိုင်သလို၊ သူမကလည်း သူ့ကို စကားပြောချင်စိတ် မရှိပေ။ သူမက ရွှေသင်္ဘောအား တစ်စုံတစ်ခု ပြောလိုက်ရာ သင်္ဘောသည် သူမကို သယ်ဆောင်ရွက်လွှင့်သွားတော့၏။
ကောင်းကင်နတ်အရှင်ယွင်မှာ ငိုရခက် ရယ်ရခက်ဖြင့် သူမ ထွက်သွားသည်ကို ကြည့်နေမိသည်။ “ဪ… လင်… လင်… အရင်အတိုင်းပါပဲလား… တစ်စက်ကလေးမှ ပြောင်းလဲမသွားသေးဘူး… ပြောင်းလဲသွားတာဆိုလို့ အဝတ်အစားပဲရှိတယ် ထင်ပါရဲ့”
သူက အသိစိတ်အလျဉ်ကို မဟာခြုံလွှမ်းကောင်းကင်ဘုံထံ ပို့လွှတ်လိုက်ရာ မဟာခြုံလွှမ်းကောင်းကင်ဘုံသည် ဘိုးဘေးနန်းတော်သို့ ရောက်ရှိလာ၏။
ကောင်းကင်နတ်အရှင်ယွင်က ဘိုးဘေးနန်းတော်အပေါ်ရှိ ကောင်းကင်နတ်ဘုံဆီသို့ မော့ကြည့်ရင်း တွေးလိုက်သည်။ “ကောင်းကင်နတ်အရှင်မူ ဘာတွေများလုပ်နေလဲ မသိဘူး… ကောင်းကင်နတ်အရှင်ဟောင်က သူ့ကို ရတဲ့နည်းနဲ့ နှိပ်စက်နေလောက်ပြီ… ဟုတ်လောက်တယ်မလား”
ကောင်းကင်နတ်ဘုံတွင်…
ကောင်းကင်နတ်အရှင်ဟောင်သည် ကောင်းကင်နတ်အရှင်အားလုံးနှင့် သိုင်းပညာရှင်များကို စုဝေးစေလိုက်၏။ ဟွေ့၊ ရှေးဟောင်းနတ်ဘုရားဘုရင်၊ လန်၊ ကုန်းနှင့် အခြားကောင်းကင်နတ်အရှင်များမှာ ဓားဒဏ်ရာရထားကြလေသည်။ သူတို့က မျက်မှောင်ကြုတ်နေကြသည်။
“မဟာဧကရာဇ် သေသွားပြီ… သူပုန်တွေရဲ့ ခေါင်းဆောင် ကောင်းကင်နတ်အရှင်မူကိုလည်း ငါ ဖမ်းလာနိုင်ခဲ့တယ်”
ကောင်းကင်နတ်အရှင်ဟောင်က ပတ်ဝန်းကျင်အား ဝေ့ဝဲကြည့်လိုက်ပြီး အေးဆေးတည်ငြိမ်စွာ ပြောသည်။ “သူပုန် ကောင်းကင်နတ်အရှင်မူရဲ့ ပြစ်မှုတွေက သေဒဏ်ပေးဖို့ ထိုက်တန်တယ်… သူက သိပ်ကိုကောက်ကျစ်တယ်… ဒါပေမဲ့ ဖယ်ရှားလို့ မရနိုင်တဲ့ ကပ်ပါးကောင်တစ်ကောင်လိုပဲ… ခေါင်းမာတယ်… ငါ မဟာဧကရာဇ်နဲ့ တိုက်ခိုက်ခဲ့ရတဲ့အတွက် ဒဏ်ရာရထားတော့ သူ့ကို မသတ်နိုင်ဘူး… ဒါကြောင့် သူ့ကို သတ်ဖို့ အားလုံးကို ဒီနေရာမှာ စုဝေးခိုင်းလိုက်တာပဲ”
ကောင်းကင်နတ်အရှင်များနှင့် ကောင်းကင်နတ်ဘုံ၏ အရေးပါသော အရာရှိအားလုံး အံ့သြဝမ်းသာသွားကြသည်။
ကောင်းကင်နတ်အရှင်ဟွေ့က လူအုပ်ကြားမှ ဒဏ်ရာများဖြင့် ထွက်လာပြီး ကြိမ်းဝါးသည်။ “သစ္စာဖောက် သူပုန်ကောင်…. ငါက လူသားမျိုးနွယ်ရဲ့ ကောင်းကင်နတ်အရှင်ပဲ… ဒီမကောင်းဆိုးဝါးကို ဖယ်ရှားပြီး လူသားမျိုးနွယ်ရဲ့ ဂုဏ်သိက္ခာကို ပြန်အဖတ်ဆယ်မယ်… နောင်တော်ဟောင်၊ ကျွန်တော်မျိုး ကြိုးစားကြည့်ချင်ပါတယ်”
ကောင်းကင်နတ်အရှင်ဟောင်က ပြုံးလျက် ရှေ့သို့ကိုင်းလိုက်ပြီး တုံ့ပြန်သည်။ “ညီတော်ဟွေ့၊ ကျုပ်က အိမ်ရှေစံမင်းသားပဲ ရှိပါသေးတယ်…. ပလ္လင်ပေါ် မတက်ရသေးပါဘူး…. ဒီလောက် ရိုကျိုးမနေပါနဲ့”
ကောင်းကင်နတ်အရှင်ဟွေ့က တည်ကြည်လေးနက်စွာ လျှောက်တင်၏။ “အနှေးနဲ့ အမြန်ဖြစ်လာမယ့် ကိစ္စပဲလေ နောင်တော်… ကောင်းကင်နတ်ဧကရာဇ်တောင် နှစ်တစ်သန်းကြာတဲ့အထိ မလုပ်နိုင်ခဲ့တဲ့ ကိစ္စတွေကို နောင်တော်က အောင်မြင်နိုင်ခဲ့တယ်…. ဒီလို အကျိုးသယ်ပိုးမှုတွေက ပြည်သူပြည်သားတွေရဲ့ နှလုံးသားကို သိမ်းပိုက်နိုင်မှာပါ…. ဧကရာဇ်တစ်ပါးအနေနဲ့ ပြည်သူပြည်သားတွေရဲ့ စိတ်ဆန္ဒနဲ့ ကောင်းကင်ရဲ့ စိတ်ဆန္ဒကို လိုက်နာမှာသေချာပါတယ်…. … အရှင့်သား ဧကရာဇ်ဖြစ်လာဖို့က အားလုံး မျှော်မှန်းထားကြတဲ့ကိစ္စပါပဲ”
ကောင်းကင်နတ်အရှင်ဟောင်က နှိမ့်ချစွာ ပြောသည်။ “နောက်မှ ဆက်ပြောကြတာပေါ့… ညီတော်ဟွေ့၊ သူပုန်ကို သတ်ဖို့ ဘာနည်းလမ်းတွေရှိသလဲ”
“ကျုပ်မှာ ကောင်းကင်နန်းဆောင် ၃၅ ဆောင်နဲ့ တာအိုမီးတောက်အလွှာ ၂၈ လွှာ ရှိပါတယ်…. သေချာပေါက် ဒီသူပုန်ကို သတ်နိုင်ပါတယ်”
ကောင်းကင်နတ်အရှင်ဟောင်က တာအိုတစ်သောင်းကောင်းကင်လှည်းဘီးကို ထုတ်လိုက်သည့်အခါ ချင်မူသည် ခေါင်းပြူထွက်နေ၏။ သူက ဟိုဟိုသည်သည် ကြည့်ရင်း အားလုံးရောက်ရှိနေကြသည်ကို သိသွားသည်။
ရှိသမျှ ပုဂ္ဂိုလ်အားလုံးမှာ အခြေအနေကို မြင်လျှင် နှာခေါင်းရှုံ့လိုက်ကြသည်။ ရှေးဟောင်းနတ်ဘုရားဘုရင်က လှောင်ပြောင်သရော်လိုက်၏။ “ကောင်းကင်နတ်အရှင်မူ၊ နောက်ဆုံးတော့ ဒီလိုနေ့ ရောက်လာခဲ့ပြီမလား”
ချင်မူက သူ့ကို တစ်ချက်ကြည့်ပြီးနောက် တာအိုတစ်သောင်း ကောင်းကင်လှည်းဘီးထဲသို့ ပြန်ဝင်သွားကာ လျစ်လျူရှုထားသည်။
ကောင်းကင်နတ်အရှင်ဟွေ့က နှုတ်ဆက်စကားဆိုပြီးနောက် တင်ပျဥ်ခွေထိုင်ချ၏။ သူ့အနောက်တွင် ကောင်းကင်နတ်ဘုံ ဖွဲ့တည်လာပြီး ကောင်းကင်နန်းဆောင် တစ်ခုပြီးတစ်ခု ပေါ် လာသည်။ တာအိုမီးတောက်က လေထဲတွင် ပြည့်နှက်လျက် ဟင်းလင်းပြင်ကို လောင်ကျွမ်းသွားစေသည်။ သူက တာအိုတစ်သောင်းကောင်းကင်လှည်းဘီးအား တာအိုမီးတောက်ထဲသို့ ထည့်၍ မီးမြိုက်ဒဏ်ပေးနေတော့သည်။
သူ၏ပတ်ပတ်လည်ရှိ သင်္ကေတများက ကောင်းကင်လှည်းဘီးထဲသို့ အဆက်မပြတ် ဝင်ရောက်သွားကြသော တာအိုမီးတောက်အမှတ်အသားများအဖြစ် ပြောင်းလဲသွားကြသည်။
၄၉ ရက်ကြာ မီးလောင်တိုက်သွင်းပြီးနောက် ကောင်းကင်နတ်အရှင်ဟွေ့က ထရပ်ကာ ရယ်မောလိုက်သည်။ “ပြီးသွားပြီ…. နွားကျောင်းသားတော့ ပြာကျသွားလောက်ပြီ”
အားလုံးက တာအိုတစ်သောင်း ကောင်းကင်လှည်းဘီးကို ကြည့်လိုက်ရာ ၎င်းသည် ရဲရဲတောက် လောင်ကျွမ်းနေရာမှ အေးလာသည်ကို တွေ့လိုက်ရ၏။
အားလုံးက ချီးကျူးကြလေသည်။ “ကောင်းကင်နတ်အရှင်ဟွေ့ရဲ့ စွမ်းဆောင်ရည်တွေကတော့ ပြိုင်ဘက်ကင်းပါပဲ”
ကောင်းကင်နတ်အရှင်ဟွေ့က ချက်ချင်း ရိုကျိုးနှိမ့်ချနေသည်။ သို့သော် ထိုအခိုက်အတန့်တွင် ချင်မူက တာအိုတစ်သောင်းကောင်းကင်လှည်းဘီးထဲမှ ခေါင်းပြူထွက်လာပြန်၏။ သူ၏ဦးခေါင်းက တစ်ကြိမ် လှည့်ပတ်ကြည့်ပြီးနောက် တာအိုတစ်သောင်း ကောင်းကင်လှည်းဘီးထဲ ပြန်လည်ဝင်ရောက်သွားသည်။
ကောင်းကင်နတ်အရှင်ဟွေ့၏ မျက်နှာကြီးမှာ နီရဲလာ၏။
“ကျုပ် တာဝန်ထားလိုက်”
ရှေးဟောင်းနတ်ဘုရားဘုရင်က ရှေ့သို့တက်လာပြီး အေးစက်စွာ ကြိမ်းဝါးသည်။ “ကျုပ်မှာ ကောင်းကင်နယ်စားမင်းရဲ့ ခန္ဓာကိုယ်ရှိတဲ့အပြင် နဂါးငွေ့တန်းအပေါ် အုပ်ချုပ်နေတာ ကြာပြီ… ကောင်းကင်တာအိုနိယာမတွေကို ထိန်းချုပ်လိုက်ရင် သူ့ကို သတ်ဖို့ အလွယ်လေးပဲ”
ကောင်းကင်နတ်အရှင်ရှုက လက်ခုပ်တီးသည်။ “ရှေးဟောင်းနတ်ဘုရားဘုရင်သာ လှုပ်ရှားလိုက်မယ်ဆိုရင် သေချာပေါက်အနိုင်ရမှာပဲ”
ရှေးဟောင်းနတ်ဘုရားဘုရင်က တာအိုတစ်သောင်း ကောင်းကင်လှည်းဘီးကို မကာ ကောင်းကင်နတ်ဘုံ ခန်းမထဲမှ ထွက်ခွာသွား၏။ အပြင်သို့ ရောက်သည့်အခါတွင် အင်္ကျီလက်စအား လွှဲရမ်းလိုက်ရာ ကောင်းကင်ရှိတိမ်တိုက်များ ပျောက်ကွယ်သွားသည်။ နှိုင်းယှဉ်မရနိုင်အောင် ကြီးမားသည့် ကောင်းကင်နယ်စားမင်း၏ ခန္ဓာကိုယ်ကြီးက ခါးကိုင်းလာသည်။ မရေမတွက်နိုင်သော ကြယ်အစုအဝေးများနှင့် နဂါးငွေ့တန်းတို့၏ အလင်းရောင်များက တောက်ပလာပြီး ကြယ်တာရာသံကြိုးများအဖြစ် ပြောင်းလဲကာ တာအိုတစ်သောင်းကောင်းကင်လှည်းဘီးထဲသို့ တဝှီးဝှီး ဝင်ရောက်သွားကြသည်။
ရှေးဟောင်းနတ်ဘုရားဘုရင်က အော်ဟစ်နေပြီး တာအိုတစ်သောင်းကောင်းကင်လှည်းဘီးသည် အဆက်မပြတ် လှည့်ပတ်နေ၏။ ကောင်းကင်ရှိ ကောင်းကင်တာအိုများက စုဝေးလျက် ရောင်စုံအလင်းတန်းများအသွင် ပြောင်းကာ တာအိုတစ်သောင်းကောင်းကင်လှည်းဘီးထဲ ဝင်ရောက်သွားကြသည်။
ဤသို့ဖြင့် ဆယ်ရက်ကျော် သန့်စင်ပြီးနောက် ရှေးဟောင်းနတ်ဘုရားဘုရင်သည် ကောင်းကင်နယ်စားမင်း၏ ခန္ဓာကိုယ်ကို ဆက်လက်အသက်သွင်းရန် စွမ်းအင်ကုန်ခမ်းသွား၏။ သူ့မှာ ပင်ပန်းလွန်းသဖြင့် အသက်ပင် လုရှူနေရသည်။
“နွားကျောင်းသားတော့ သေချာပေါက် သေသွားလောက်ပြီ” ရှေးဟောင်းနတ်ဘုရားဘုရင်က ကောင်းကင်နယ်စားမင်း၏ ရုပ်ခန္ဓာကို ပြန်လည်ပို့လွှတ်ပြီးနောက် ပြုံးနေသည်။ သူက နဖူးမှ ချွေးများကို သုတ်လိုက်၏။
ထိုစဉ် ချင်မူ့မျက်နှာက တာအိုတစ်သောင်းကောင်းကင်လှည်းဘီးပေါ်တွင် ပေါ်လာပြီး သူ့အား မှုန်သုန်သုန် စိုက်ကြည့်နေသည်။ ထို့နောက် စိတ်ပျက်သည့်ဟန်ဖြင့် မျက်လုံးဝေ့ပြီး ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားတော့၏။
သွေးများက ရှေးဟောင်းနတ်ဘုရားဘုရင်၏ နှုတ်ခမ်းထောင့်မှ စီးကျလာပြီး သူ၏ခန္ဓာကိုယ်မှာ တုန်ရီလာသည်။ “ကျုပ် ခိုင်ဧကရာဇ်ကြောင့် ထိခိုက်ခဲ့တာဆိုတော့ ခွန်အား သိပ်မထုတ်နိုင်ခဲ့ဘူး… နောင်တော်ဟောင်ကို စိတ်ပျက်စေခဲ့မိပါတယ်”