← Chapters

သေတွင်းတူး

Vol. 120 Ch. 1564

သေတွင်းတူး

Vol. 120 Ch. 1564

ကောင်းကင်နတ်အရှင်အားလုံး မျက်မှောင်ကြုတ်ကုန်ကြပြီး ချင်မူ့ကို သေသည်အထိ သတ်ရန် ယုံကြည်ချက်မရှိကြတော့ပေ။

ချင်မူသည် ထောက်ထားညှာတာမှု ကင်းမဲ့ပြီး တစ်ဇောက်ကန်း ပြုမူတတ်၏။ သူ ဆယ်ကျော်သက်အရွယ်တုန်းက မည်သူမှ သတိမထားမိခဲ့သောကြောင့် မသိသာခဲ့ပေ။ သို့သော် ထာဝရငြိမ်းချမ်းရေးအင်ပါယာကပ်ဘေးအပြီးတွင်တော့ ချင်မူသည် ကောင်းကင်နတ်ဘုံသို့ ဝင်ရောက်လာကာ ပြဿနာများစွာ မီးထွန်းရှာခဲ့သည်။ သူ ဖြတ်သွားသည့် နေရာတိုင်း ပျက်စီးကုန်ပြီး သတင်းဆိုးများဖြင့်သာ ကျန်ရစ်ခဲ့တတ်သည်။ မည်သူမှ သူ့အား မထိန်းနိုင်ခဲ့ကြ။

ထိုအချိန်တုန်းက ကောင်းကင်နတ်အရှင်များအနေဖြင့် သူ့အား အလွယ်တကူ သတ်ပစ်နိုင်၏။ သို့သော် ကောင်းကင်နတ်အရှင်များအတွင်း တိတ်ဆိတ်စွာ တိုက်ခိုက်နေခဲ့သော တိုက်ပွဲက ပြင်းထန်နေခဲ့သည့်အပြင် အားလုံးက ကောင်းကင်နတ်ဘုံကို အုပ်ချုပ်ချင်ကြသောကြောင့် အခြေအနေကို အခွင့်ကောင်းယူခွင့် မပေးကြချေ။

ယခုတွင် အခြေအနေများ ရှင်းလင်းသွားခဲ့ချေပြီ။ ကောင်းကင်နတ်အရှင်ဆယ့်တစ်ပါးထဲတွင် ကောင်းကင်နတ်အရှင်ဟုန်နှင့် နတ်အရှင်မချန်းတို့ သေဆုံးသွားခဲ့ကြသည်။ ရှစ်ချီလော်နှင့် နတ်မရှင်မယန်တို့မှာ ရူးသွပ်သွားကြပြီး ကျန်ကောင်းကင်နတ်အရှင်များအတွင်း အင်အားစုနှစ်စု ကွဲသွားခဲ့သည်။ ကောင်းကင်နတ်အရှင်ဟောင်၏ အင်အားစုသည် အာဏာနှင့် စွမ်းဆောင်နိုင်စွမ်းတို့တွင် အရေးသာသည်။ ကောင်းကင်နတ်အရှင်ရှောင်ကတော့ တစ်ယောက်တည်း ကျန်ရစ်ခဲ့သဖြင့် ကောင်းကင်နတ်အရှင်ဟောင်၏ ကြီးမားလှသော အင်အားကို တွန်းကန်တိုက်ခိုက်နိုင်ရန် မလွယ်ပေ။

သို့သော် ချင်မူသည် အားနည်းသူအဖြစ်မှ အင်အားကြီးမားသော သိုင်းပညာရှင်တစ်ဦးအဖြစ် ရောက်ရှိသွားခဲ့ကာ သူတို့အား ထိပ်တိုက်စိန်ခေါ်လာနိုင်သည်။

ကောင်းကင်နတ်အရှင်ဟောင်မှလွဲ၍ ကျန်ကောင်းကင်နတ်အရှင်များအတွက် ချင်မူ့ကို ဖမ်းဆီးနိုင်ရန်ခက်ခဲပေလိမ့်မည်။ ချင်မူ့စွမ်းဆောင်ရည်များသည် သူတို့နှင့်ပင် တန်းတူ ဖြစ်နေနိုင်၏။

ယခုတွင် ချင်မူ့ကို ဖမ်းမိပြန်သော်လည်း သေအောင် သတ်ရန်က ပြဿနာတစ်ခု ဖြစ်လာပြန်သည်။

“ကျွန်မ ကြိုးစားကြည့်မယ်”

ကောင်းကင်နတ်အရှင်ရှုက မျက်မှောင်ကြုတ်ထားသည်။ “ကျွန်မမှာ မိစ္ဆာတာအို ရှိတယ်… တာအိုနှလုံးသားနဲ့ ကျင့်ကြံခြင်းအခြေခံကို တိုက်စားတဲ့နေရာမှာလည်း ထူးချွန်တယ်… သူ့ရဲ့ချီစွမ်းအင်ကိုတောင်မှ တိုက်စားပစ်နိုင်တယ်… ဒါပေမဲ့ အောင်မြင်ပါ့မလား သေချာမသိဘူး…. ဒီသူပုန်က တစ်ချိန်တုန်းက ယိုတုသားတော် ဖြစ်ခဲ့တာဆိုတော့ ယိုတုမဟာတာအိုကို ကောင်းကောင်းနားလည်ထားတယ်”

“တာအိုမိတ်ဆွေရှု၊ ကျေးဇူးပြုပြီး လှုပ်ရှားလိုက်ပါတော့”

အားလုံးက တိုက်တွန်းကြသည်။ “ဘာပဲဖြစ်ဖြစ် အရင်ကြိုးစားကြည့်ရအောင်”

ကောင်းကင်နတ်အရှင်ရှုက ချက်ချင်း လှုပ်ရှားလိုက်ကာ ယိုတု၏ နှိုင်းယှဉ်မရနိုင်အောင် သန့်စင်သော မိစ္ဆာတာအိုဖြင့် ချင်မူ့အား တိုက်စားသွားစေသည်။ နှစ်ရက်မှ သုံးရက်ခန့်ကြာပြီးနောက် ကောင်းကင်နတ်အရှင်ရှု၏ မျက်နှာမှာ သွေးဆုတ်ဖြူလျော့လာ၏။ သူမ၏ ချီစွမ်းအင်တို့ များစွာကုန်ခမ်းနေသည်ကို ခံစားနေရပြီး ဆက်မလုပ်နိုင်တော့ပေ။ ထိုစဉ် သူက အမျက်တချောင်းချောင်း ထွက်စွာဖြင့် အော်ဟစ်လိုက်သည်။ “သူခိုးကောင်…. သူက ငါ့ရဲ့ ကျင့်စဉ်စွမ်းအင်တွေကို ဝါးမြိုဖို့ အခွင့်ကောင်းယူနေတာပဲ”

အားလုံး မျက်နှာပျက်သွားကြပြီး တာအိုတစ်သောင်း ကောင်းကင်လှည်းဘီးဆီသို့ ကြည့်လိုက်ကြသည်။ ချင်မူက မြေအောက်ဘုံအရှင်တစ်ပါးကဲ့သို့ ဖြည်းဖြည်းချင်း ထလာ၏။

ကောင်းကင်နတ်အရှင်ရှုက ဒေါသတကြီး ဟိန်းဟောက်ကာ သူမဦးခေါင်းပေါ်ရှိ ဦးချိုကို ယူ၍ သူ့အား သေသည်အထိ ထိုးစိုက်ရန် ပြင်လိုက်သည်။

ချင်မူက နှာခေါင်းရှုံ့လိုက်သည်။ ကောင်းကင်နတ်အရှင်ရှုအနေဖြင့် ဦးချိုကို ယူ၍ အမှန်တကယ် မထိုးစိုက်ရဲ‌ပေ။ သူမတွင် ဤဦးချိုသာ ကျန်ရစ်တော့သည့်အပြင် ခိုင်ဧကရာဇ်က ပိုင်းဖြတ်ပစ်ခဲ့သေးသည် မဟုတ်ပါလော။

သူမသာ ချင်မူကို မသတ်နိုင်ဘဲ သူ ဦးချိုကို ယူသွားပါက ပြန်ရနိုင်လိမ့်မည်မဟုတ်ပေ။

ကောင်းကင်နတ်အရှင်ဟောင်က လက်ဆန့်တန်းကာ ချင်မူ လွတ်မသွားအောင် တာအိုတစ်သောင်း ကောင်းကင်လှည်းဘီးထဲသို့ ပြန်တွန်းပို့လိုက်သည်။

“ကျုပ်မှာ ချင်မူ့ကို ကမ္ဘာဦးချီစွမ်းအင်အဖြစ် အသွင်ပြောင်းပေးနိုင်တဲ့ တာအိုသစ်သီးတစ်လုံး ရှိတယ်” နတ်ဧကရာဇ်လန်ရွှမ်က ဝင်ပြောသည်။

အားလုံးက လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။ “နတ်ဧကရာဇ် လှုပ်ရှားရင် အလွယ်လေး အောင်မြင်နိုင်မှာပဲ”

နတ်ဧကရာဇ်လန်ရွှမ်သည် တာအိုသစ်သီးကို အသက်သွင်းလိုက်၏။ ခြောက်သွေ့နေခဲ့သော တာအိုသစ်သီးက ပြည့်တင်းလာပြီး တာအိုသစ်သီးထဲရှိ တာအိုစွမ်းအားတို့က အားကောင်းသထက် အားကောင်းလာသည်။

ချင်မူ့မျက်နှာက တာအိုတစ်သောင်း ကောင်းကင်လှည်းဘီးထဲတွင် ပေါ်လာသည်။ သူသည် တာအိုသစ်သီးကို မြင်သောအခါ စိတ်လှုပ်ရှားသွားသယောင်ပင်။

နတ်ဧကရာဇ်လန်ရွှမ်သည် သူ့အမူအရာကို မြင်သည်နှင့် ယုံကြည်ချက်များ ထိုးတက်သွားတော့၏။ သူက တာအိုသစ်သီးကို အသက်သွင်းလိုက်ပြီး သစ်သီး၏စွမ်းအားကို အဆုံးအစွန်အထိ တိုးမြင့်လိုက်တော့သည်။

တာအိုသစ်သီးက ကောင်းကင်လှည်းဘီးအထက်တွင် မြောလွင့်လျက် တာအိုအလင်းရောင်တို့ ဖြန့်ကျက်နေသည်။ အလင်းတန်းများက တာအိုတစ်သောင်း ကောင်းကင်လှည်းဘီးထဲသို့ ဝင်ရောက်သွားကြ၏။

တာအိုတစ်သောင်း ကောင်းကင်လှည်းဘီး တုန်ခါသွားသည်။ အခြေအနေအရ ချင်မူ တာအိုသစ်သီးကို တိုက်ခိုက်နေခြင်း ဖြစ်ဟန်တူသဖြင့် အားလုံးမှာ စိတ်တက်ကြွလာကြ၏။ ကောင်းကင်နတ်အရှင်ဟောင်ပင်လျှင် နတ်ဧကရာဇ်လန်ရွှမ်ကို မော့ကြည့်ကာ တာအိုသစ်သီး၏ စွမ်းအားကို ချီးကျူးလိုက်မိသည်။

တာဤအိုသစ်သီးသည် ဘိုးဘေးနန်းတော် နဂါးသွဲ့ရေကန်အောက်ရှိ မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်ဘုံ၏ အစိတ်အပိုင်းတစ်ခုတွင် မြှုပ်နှံဖုံးကွယ်ထားသော ရတနာတစ်ပါးပင်။ ၎င်းက ကမ္ဘာဦးခေတ်တုန်းက တာအိုရရှိထားခဲ့သော ပုဂ္ဂိုလ်တစ်ယောက်၏ ခေါင်းတလားထဲတွင် ထည့်ထားခဲ့ခြင်း ဖြစ်သည်။ ချင်မူသည် မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်ဘုံ အစိတ်အပိုင်းကို နတ်ဧကရာဇ်လန်ရွှမ် ရှာတွေ့နိုင်ရန် ကူညီပေးခဲ့၏။ ထို့နောက် တာအိုသစ်ပင်ကို ခုတ်၍ တာအိုသစ်သီးကို ခူးယူပြီးနောက် ထိုခေါင်းတလားအား ကမ္ဘာဦးခေတ်၏ မဟာပျက်စီးခြင်းကပ်ဘေးထဲသို့ ပြန်လည်တွန်းပို့ခဲ့သည်။

ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်၏ အစွမ်းထက်သိုင်းပညာရှင်အားလုံးသည် မြို့ထဲတွင် စုဝေးနေထိုင်၍ မဟာပျက်စီးခြင်းကပ်ဘေးကြီးကို ကျော်ဖြတ်နိုင်ရန် ကြိုးစားခဲ့ကြ၏။ သို့သော် ဤတာအိုသစ်သီး၏ ပိုင်ရှင်ကတော့ မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်ဘုံအစိတ်အပိုင်းကို တိုက်ရိုက်ထိန်းချုပ်ကာ ကပ်ဘေးကြီးကို ရှောင်လွှား၍ လက်ရှိစကြဠာဆီသို့ ကျူးကျော်လာနိုင်ရန် ကြိုးစားခဲ့သည်။ ၎င်းက သူ၏ခွန်အားကို ပြသနေလေသည်။

လန်ရွှမ်၏ တာအိုသစ်သီးမှာ ထူးခြားဆန်းပြားသဖြင့် တွေ့မြင်ရသူများကို အသက်ရှူမှားစေနိုင်သည်အထိ စွမ်းအားကြီးလွန်းသည်။ ယခုတွင် တာအိုသစ်သီးသည် အားပြန်ပြည့်နေသောကြောင့် ၎င်း၏စွမ်းအားက တရှိန်ထိုး မြင့်တက်သွား၏။

တာအိုတစ်သောင်း ကောင်းကင်လှည်းဘီးထဲတွင် ချင်မူမှာ နာကျင်မှုကြောင့် အော်ဟစ်နေရသည်အထိ တိုက်ခိုက်ခံနေရလေသည်။ သူ၏အော်သံကို အပြင်ရှိ ပုဂ္ဂိုလ်များ ကြားသည့်အခါ နားဝင်ချိုလွန်းသဖြင့် ချီးကျူးနေကြတော့သည်။

တာအိုတစ်သောင်း ကောင်းကင်လှည်းဘီးထဲတွင် ချင်မူမှာ အမှန်တကယ်လည်း သေစေနိုင်သည့်အန္တရာယ်ကို ခံစားနေရသောကြောင့် အော်ဟစ်နေရ၏။ သူ၏အသိစိတ်အလျဉ်က လှိုင်းထသွားပြီး တာအိုသစ်သီး၏ တာအိုအလင်းရောင်နှင့် ထိတွေ့သွားသည်။ “ကမ္ဘာဦးခေတ်က နောင်တော်၊ ကျွန်တော်က မီလော့နန်းတော်ရဲ့ သခင်လေးခုနစ်ပါ… ကျွန်‌တော့်ကို စော်ကားရင် ခင်ဗျား အခက်တွေ့လိမ့်မယ်…. ကျွန်တော်ကတော့ ဗွေမယူပါဘူး…. ဒါပေမဲ့ ခင်ဗျား ညှာတာပေးမယ်ဆိုရင် ခင်ဗျား နတ်ဧကရာဇ်လန်ရွှမ်ကိုယ်ထဲ ဝင်ပူးပြီး ပြန်လည်ရှင်သန်လာနိုင်အောင် ကူညီပေးမယ်”

တာအိုသစ်သီး၏ တာအိုအလင်းရောင်က အနည်းငယ် နှေးကွေးသွားပြီး မှုန်ပျပျ အသိစိတ်အလျဉ်လှိုင်းဂယက်တို့ဖြင့် ရောယှက်သွားသည်။ “ငါ မီလော့နန်းတော်ရဲ့ သခင်လေးတွေကို မယုံဘူး… ငါ့ကို လိမ်ဖို့ မကြိုးစားနဲ့”

ချင်မူမှာ ဒေါသထွက်လွန်းသဖြင့် ရယ်မောလိုက်သည်။ “လောကကြီးကို သွားမေးကြည့်လိုက်… ကျွန်တော့်နာမည်ကို မသိသူ မရှိဘူးဗျ …. ကျွန်တော်က အမြဲတမ်း စကားတည်တဲ့အပြင် ဘယ်သူ့ကိုမှ မလိမ့်တပတ် လုပ်ခဲ့တာ မရှိဘူး …. ဒါတောင် မယုံသေးရင် အကြွေးစာချုပ် ရေးပေးလို့ရတယ်…. လက်ထဲမှာ အကြွေးစာချုပ် ရှိနေတာတောင်မှ ကျွန်တော် လိမ်မှာ စိုးရိမ်သေးရင်တော့ မဟုတ်သေးဘူးပေါ့ဗျာ… ကျွန်တော်ဆိုတဲ့ကောင်က ရွှေလို အဖိုးတန်တဲ့ ဂုဏ်သတင်းကို အပျက်ခံမှာမဟုတ်ဘူး”

တာအိုသစ်သီးထဲရှိ အသိစိတ်အလျဉ်က အနည်းငယ် တွန့်ဆုတ်နေသည်။ အသိစိတ်အလျဉ်က တာအိုအလင်းရောင်ဖြင့် ရောနှောလျက် ထွက်ပေါ်လာ၏။ “လန်ရွှမ်ကို ကူညီပြီး ငါ့ကို မဟာပျက်စီးခြင်းကပ်ဘေးကြီးထဲ ပြန်တွန်းပို့ခဲ့တာလည်း မင်းပဲလေ… တာအိုသစ်သီးကို သုံးပြီး ငါ့ရဲ့အသိစိတ်အလျဉ်ကိုသာ မလွှဲပြောင်းခဲ့ရင် မင်းကြောင့် ထိခိုက်ဒဏ်ရာ ရခဲ့မှာ… အခု လန်ရွှမ်က ငါ့ကို သတိထားမိနေပြီဆိုတော့ သူ့ခန္ဓာကိုယ်ကို သိမ်းပိုက်နိုင်မယ့် အခွင့်အရေးပေးတော့မှာ မဟုတ်ဘူးကွ… မင်းက ဘယ်လိုအရည်အချင်းနဲ့များ ငါ့ကို ကူညီပေးမှာမလို့လဲ”

ချင်မူမှာ ရင်ထဲတွင် အနည်းငယ်လှုပ်ရှားသွားသည်။ “ခင်ဗျားက ဆယ့်ခြောက်ခုမြောက်စကြ၀ဠာရဲ့ ထိုက်ချူလား…”

တာအိုသစ်သီးထဲရှိ အသိစိတ်အလျဉ်က ဖြေသည်။ “ဆယ့်ခြောက်စင်းမြောက် စကြ၀ဠာမှာ ထိုက်ငါးပါးဆိုတာ မရှိဘူး…. ထိုက်ငါးပါးက မွေးဖွားမလာခင်မှာပဲ တူးထုတ်ပြီး ပြောင်းလဲခံခဲ့ရတယ် … ငါက ဆယ့်ခြောက်စင်းမြောက် စကြ၀ဠာကို စောစောစီးစီး ဝင်ရောက်နိုင်ခဲ့လို့ ထိုက်ချူဥကို ယူ၊ သန့်စင်ပြီး ဝင်ပူးကပ်လိုက်တာ .... ငါ့ကို မဟာဓိပတိအရှင်လင်းယွီလို့ ခေါ်တယ်”

ချင်မူက ပြုံးလိုက်၏။ “မဟာဓိပတိအရှင်လင်းယွီခင်ဗျာ၊ ကျွန်တော်ရဲ့ အကျင့်စရိုက်ကို ခင်ဗျား သိထားပြီဆိုတော့ စိတ်ချထားလိုက်ပါ…. လန်ရွှမ်က ကျွန်တော့်ရဲ့ရန်သူ... ကျွန်တော်တို့ နှစ်ယောက်က တစ်ယောက်မသေမချင်း စိတ်အေးမှာ မဟုတ်ဘူး … ခင်ဗျားက ကျွန်တော့်ရဲ့ ရန်သူ ဖြစ်ချင်လို့လား…. ရော့ပတ္တမြား၊ ရော့နဂါးပဲ လုပ်ကြတာပေါ့ဗျာ မဟုတ်ဘူးလား”

တာအိုသစ်သီးထဲရှိ မဟာဓိပတိအရှင်လင်းယွီက ပြောသည်။ “မင်းစကားကို မယုံဘူး… ငါ့တာအိုသစ်သီးကို တိုင်တည်ပြီး ကျိန်ဆိုရမယ်”

ချင်မူမှာ သူ၏တာအိုသစ်သီးအား တိုင်တည်၍ ကျိန်ဆိုလိုက်သောကြောင့် မဟာဓိပတိအရှင်လင်းယွီ စိတ်အေးသက်သာရာရသွားသည်။ တာအိုသစ်သီးကို တိုင်တည်၍ ကျိန်ဆိုခြင်းက သူနှင့် သူ၏တာအိုကို တိုင်တည်၍ ကျိန်ဆိုခြင်းပင် ဖြစ်၏။

ချင်မူ ကတိဖျက်ပါက သူ့ကို သုတ်သင်ဖယ်ရှားနိုင်မည့် နည်းလမ်းပေါင်းများစွာ ရှိလေသည်။

‘တာအိုသစ်သီးကို တိုင်တည်ပြီး မကျိန်ဆိုခဲ့ဖူးပေမယ့် ကျောက်ယန်ခန်းမထဲက ကမ္ဘာဦးတန်ခိုးရှင်ရဲ့ ကြာပွတ်ကို တိုင်တည်ပြီး ကျိန်ဆိုခဲ့ဖူးတယ်… သူ့ကို ငါ သတ်နိုင်ခဲ့တာပဲဟာ' ချင်မူက စိတ်ထဲမထားပေ။

တာအိုသစ်သီး၏ စွမ်းအားက အားနည်းသထက် အားနည်းလာသည်။ နတ်ဧကရာဇ်လန်ရွှမ်မှာ ၎င်းကို အကြိမ်ကြိမ် အသက်သွင်းနေသော်လည်း စွမ်းအားကတော့ ပိုပို၍သာ အားနည်းလာတော့သည်။ ထို့ကြောင့် နီရဲနေသော မျက်နှာကြီးဖြင့် နောက်ဆုတ်သွား၏။ “ဒီရတနာက ပြန်သက်သာမလာသေးဘူး” သူက ရှက်ရွံ့စွာ ပြော၏။ “ကျုပ်ရဲ့ လုပ်နိုင်စွမ်းက ဒီမှာ ရပ်တန့်သွားပြီထင်ပါတယ်… အရှက်ရမိပါတယ်”

ကောင်းကင်နတ်အရှင်ဟောင်မှာ စိတ်အေးသွားသည်။ နတ်ဧကရာဇ်လန်ရွှမ်သာ ချင်မူ့အား တာအိုသစ်သီးဖြင့် သတ်ဖြတ်နိုင်ပါက သူ့ကိုလည်း ကိစ္စတုံးပစ်ရုံအပြင် ရွေးချယ်စရာ မရှိပေ။

ကောင်းကင်နတ်အရှင်ကုန်းက ရှေ့သို့တက်ကာ ပြောသည်။ “ကျွန်မမှာ သူ့တာ့အိုနှလုံးသားကို ဖရိုဖရဲဖြစ်သွားပြီး မြောသွားစေနိုင်တဲ့ အသိစိတ်အလျဉ်ကောင်းကင်နတ်သိုင်း ရှိတယ်… သူ ကောင်းကင်နတ်သိုင်းထဲမှာ ကျင့်စဉ်လမ်းစဉ်တွေ ဆုံးရှုံးပြီး သေသွားလိမ့်မယ်”

ကောင်းကင်နတ်အရှင်ဟောင်က အားရဝမ်းသာ တိုက်တွန်း၏။ “ကောင်းကင်နတ်အရှင်ကုန်း၊ ကျေးဇူးပြုပြီး ကြိုးစားကြည့်ပေးပါဦး”

ကောင်းကင်နတ်အရှင်ကုန်း၏ အသိစိတ်အလျဉ်က ပေါက်ကွဲထွက်လာပြီး တာအိုတစ်သောင်း ကောင်းကင်လှည်းဘီးထဲသို့ အလွှာများစွာဖြင့် ၀င်ရောက်သွားသည်။ ပုံရိပ်ယောင်အလွှာ တစ်ခုပြီးတစ်ခုက ပွင့်ဟလာပြီး ချင်မူ့ကို ဆွဲခေါ်နေ၏။

အချိန်အတော်ကြာပြီးနောက် ကောင်းကင်နတ်အရှင်ကုန်းမှာ မျက်နှာအနည်းငယ် ပျက်သွားသည်။ ချင်မူ့အသိစိတ်အလျဉ်နှင့် သူမ၏ ပုံရိပ်‌ယောင်အသိစိတ်အလျဉ်တို့သည် ခံစစ်နှင့် တိုက်စစ် လမ်းစဉ်ဖြစ်နေသည်ကို တွေ့လိုက်ရသည့်အတွက် သူမ၏ ပုံရိပ်ယောင်ကောင်းကင်နတ်သိုင်းအနေဖြင့် အရေးသာနိုင်ရန် ခက်ခဲပေလိမ့်မည်။

အသိစိတ်အလျဉ်အောင်မြင်မှုတွင် ချင်မူတွင် အဆပေါင်းများစွာ တိုးတက်ခဲ့သဖြင့် သူမကိုပင် လိုက်မှီပေတော့မည်။

ထိုမျှသာမက သူ၏ကျင့်စဉ်သည် နှိုင်းယှဉ်၍မ ရနိုင်အောင် ထူးခြားခမ်းနားပြီး မဟာဧကရာဇ်ထက်ပင် သာလွန်နေ၏။

ဤသည်က မဟာဧကရာဇ်၏ လမ်းစဉ်များ၊ ကျင့်စဉ်များနှင့် ကောင်းကင်နတ်သိုင်းများကို ရရှိပြီးနောက် ကောင်းကင်နတ်အရှင်ယွင် ဖန်တီးခဲ့သည့် ပြီးပြည့်စုံသော ဖန်ဆင်းခြင်းလမ်းစဉ် ဖြစ်သည်ကိုတော့ သူမ မသိပေ။ ကောင်းကင်နတ်အရှင်ယွင်က ချင်မူ့ထံ လွှဲပြောင်းပေးခဲ့သဖြင့် မဟာဧကရာဇ်၏ အသိစိတ်အလျဉ်ကျင့်စဉ်ထက် များစွာအစွမ်းထက်သည်မှာ သဘာဝပင်။

ကောင်းကင်နတ်အရှင်ကုန်းက နောက်ထပ်နှစ်ရက် တိုက်ခိုက်ခဲ့သော်လည်း ချင်မူ့ကို ဘာမှမလုပ်နိုင်ပေ။ ထိုအစား ချင်မူ့အသိစိတ်အလျဉ်ကိုသာ နောက်ထပ်အဆင့်တစ်ဆင့်သို့ တက်သွားစေခဲ့၏။ သူမသည်လည်း အရှက်ရစွာဖြင့် နောက်ဆုတ်သွားခဲ့သည်။

ကောင်းကင်နတ်အရှင်ဟောင် ဝေ့ဝဲကြည့်လိုက်သည့်အခါ တခြားကောင်းကင်နတ်အရှင်များအနေဖြင့်လည်း ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ ဖြစ်နေကြ၏။

နယ်စားမင်းခုနစ်ပါး၊ အတိုင်ပင်ခံလေးပါးနှင့် ကောင်းကင်နတ်ဘုံ၏ အရေးပါသော အရာရှိကြီးများက တစ်ယောက်ပြီးတစ်ယောက် ရှေ့တက်လာကြပြီး ဦးညွှတ်အရိုအသေပေးလိုက်ကြသည်။ “ကျွန်တော်မျိုးတို့ အကောင်းဆုံး ကြိုးစားပြီး ချင်မူ့ကို သတ်ကြည့်ပါမယ်”

ကောင်းကင်နတ်အရှင်ဟောင်က နူးညံ့ညင်သာစွာ ပြောသည်။ “မင်းတို့အားလုံးက ဧကရာဇ်ပလ္လင်အဆင့်ရှိကြတဲ့ အင်အားကြီးသိုင်းပညာရှင်တွေ… မင်းတို့ရဲ့လမ်းစဉ်၊ ကျင့်စဉ်တွေနဲ့ ကောင်းကင်နတ်သိုင်းတွေက တစ်ပါးသူတွေထက် သာလွန်မြင့််မားတယ်”

နှစ်ဆယ့်ခြောက်ပါးသော ဧကရာဇ်ပလ္လင်အဆင့် သိုင်းပညာရှင်များက ရှေ့တက်လာကြသည်။ သူတို့အားလုံးသည် ကောင်းကင်နတ်ဘုံ၏ ကျောရိုးဖြစ်ကြ၏။ နှစ်တစ်သန်းအတွင်း ကောင်းကင်နတ်ဘုံသည် တစ်လောကလုံးရှိ ထိပ်တန်းပုဂ္ဂိုလ်များကို လိုက်လံ စုစည်းခဲ့သောကြောင့် ဧကရာဇ်ပလ္လင်အဆင့်သိုင်းပညာရှင်များစွာ ရရှိခဲ့သည်။ သူတို့အား အာဏာနှင့် ရာထူးနေရာ ပေး၍ ကောင်းကင်နတ်ဘုံတွင် ခစားစေခဲ့လေသည်။

ဧကရာဇ်ပလ္လင်အဆင့် အစွမ်းထက်သိုင်းပညာရှင် ၂၆ ယောက်က တာအိုတစ်သောင်း ကောင်းကင်လှည်းဘီး ပတ်ပတ်လည်တွင် နေရာယူထားလိုက်ကြပြီး သူတို့၏မူလဝိညာဉ်များက ရုပ်ခန္ဓာထဲမှ ထွက်ခွာသွားကြသည်။ သူတို့က ကောင်းကင်နန်းဆောင်ထဲတွင် ထိုင်နေကြပြီး ကျင့်စဉ်များ၊ လမ်းစဉ်များနှင့် ကောင်းကင်နတ်သိုင်းများကို တာအိုတစ်သောင်း ကောင်းကင်လှည်းဘီးထဲသို့ ပို့လွှတ်နေကြ၏။

အချိန်တစ်လကျော်ကြာပြီးနောက် အားလုံးမှာ ပင်ပန်းလွန်းသဖြင့် ဆက်လက်မလုပ်နိုင်ကြတော့ပေ။ သို့သော် ချင်မူကတော့ အသက်ရှင်နေဆဲဖြစ်ပြီး တာအိုတစ်သောင်း ကောင်းကင်လှည်းဘီးအား ကန်နေ၏။

ကောင်းကင်နတ်အရှင်ဟောင်က မျက်မှောင်ကြုတ်သွားသည်။ ထိုအခါ ကောင်းကင်နတ်အရှင်ကုန်းက ပြော၏။ “ကောင်းကင်ယင်သားတော်ရဲ့ အကူအညီနဲ့မှ သူ့ကို ရှင်းလင်းသတ်ဖြတ်နိုင်လိမ့်မယ်”

ရှေးဟောင်းနတ်ဘုရားဘုရင်လည်း ဝမ်းသာအားရ လက်ခုပ်တီးလိုက်သည်။ “ကောင်းကင်ယင်သားတော်ရဲ့ ဘဝပြန်ဝင်စားခြင်းသိုင်းက ဒီသူပုန်ကောင်ရဲ့ ရန်သူတော်ပဲ… အခု ကျုပ်တို့ကောင်းကင်နတ်အရှင်တွေမှာလည်း လူလိုနေတာဆိုတော့ ကောင်းကင်ယင်သားတော် ကောင်းကင်နတ်အရှင်ယင် ဖြစ်လာနိုင်ပြီ”

ကောင်းကင်နတ်အရှင်ဟွေ့က ဝင်ကန့်ကွက်ပြီး အေးစက်စက် နှာမှုတ်သည်။ “ကောင်းကင်ယင်သားတော်မှာ ဘာအခွင့်အရေးရှိလို့လဲ… ကျုပ်တို့နဲ့ ဘယ်လို တန်းတူဖြစ်နိုင်မှာလဲ”

“ဒီနွားကျောင်းသားကို ရှင်းလင်းပေးနိုင်မယ်ဆိုရင် သူ့ကို ခေါ်ထားလို့ အကျိုးမယုတ်ပါဘူး” ကောင်းကင်နတ်အရှင်ဟောင်သည် စိတ်မကွက်ဘဲ ကမ္ဘာဦးဘုံသို့ သွား၍ ကောင်းကင်ယင်သားတော်အား ဆင့်ခေါ်ရန် လက်အောက်ငယ်သားတစ်ယောက် လွှတ်လိုက်သည်။

ဆယ်ရက်ကျော်ကြာပြီးနောက် ကောင်းကင်ယင်သားတော်သည် ရွှင်ပျော်ပျော်ကျေးရွာကို သိမ်းပိုက်ရန် ကြိုးစားနေသည့် ရှေ့တန်းမှ ပြန်ရောက်လာပြီး အားလုံးကို နှုတ်ဆက်၏။

ကောင်းကင်နတ်အရှင်ဟောင်က နူးညံ့ညင်သာသောအသံဖြင့် ပြောသည်။ “ကောင်းကင်ယင်သားတော်၊ ငါရော တာအိုမိတ်ဆွေတို့ရော မင်းကို လေးစားကြပါတယ်… ကောင်းကင်နတ်အရှင်မူကို သေအောင် သတ်ပေးနိုင်ရင် မင်းကို ကောင်းကင်နတ်အရှင်ယင်ရာထူး ပေးမယ်”

ကောင်းကင်ယင်သားတော်သည် အံ့သြဝမ်းမြောက်သွားသော်လည်း ကောင်းကင်နတ်အရှင်ဟွေ့က ဒေါသတကြီး နှာတစ်ချက် မှုတ်လိုက်၏။

ကောင်းကင်ယင်သားတော်က တာအိုတစ်သောင်း ကောင်းကင်လှည်းဘီးဘေးသို့ ချက်ချင်း သွား၍ ဘဝပြန်ဝင်စားခြင်း ကောင်းကင်နတ်သိုင်းကို အသက်သွင်းလိုက်သည်။ သို့သော် ဘဝပြန်ဝင်စားခြင်းကောင်းကင်နတ်သိုင်း တာအိုတစ်သောင်း ကောင်းကင်လှည်းဘီးထဲသို့ ဝင်ရောက်ပြီး ချင်မူ့အား ထိလိုက်သည်နှင့် ကောင်းကင်ယင်သားတော်မှာ အင့်ခနဲ အသံတစ်ချက်ပြုကာ မေ့လဲသွားတော့သည်။

အားလုံး သူ့ကို ဝိုင်း၍ နှာနှပ်ပေးတော့မှ ချင်မူ့၏ ဘဝပြန်ဝင်စားခြင်း ကောင်းကင်နတ်သိုင်းမှ ပြန်လည်ကယ်တင်နိုင်ခဲ့လေသည်။

သူတို့မှာ တစ်ယောက်ကိုတစ်ယောက် ကူကယ်ရာမဲ့စွာ ကြည့်လိုက်မိကြသည်။

နတ်ဘုရားမထိုက်စုက နှာခေါင်းရှုံ့လေသည်။ “နင်တို့အားလုံးက အသုံးမကျတဲ့ အမှိုက်ကောင်တွေပဲ… ငါ့ရဲ့အထွတ်အမြတ်ရတနာသာ အထွတ်အထိပ်အခြေအနေမှာ ရှိနေမယ်ဆိုရင် သူ့ကို သတ်ပစ်ဖို့က အလွယ်လေးပဲ… ဟောင်အာ၊ ဒီသူခိုးကို ငါ့ဆီ ပေးလိုက်… နင့်အစား ငါ ရှင်းလင်းပေးမယ်”

ကောင်းကင်နတ်အရှင်ဟောင်က လက်ပြကာ ကောင်းကင်ယင်သားတော်အား ထွက်ခွာသွားစေသည်။ “ဒေါ်လေးရဲ့ ကောင်းကင်နတ်သိုင်းတွေက ထူးကဲကောင်းမွန်ပေမယ့် သူ့ကို ဘာမှမလုပ်နိုင်လောက်ဘူး” သူက ပြော၏။ “သူ့ကို ဖျက်ဆီးနိုင်မယ့် ဘေးအကင်းဆုံး နည်းလမ်းက ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်ထဲက ဖရိုဖရဲမြစ်ထဲ နှစ်ချလိုက်ဖို့ပဲ…. သူ ဖရိုဖရဲချီအဖြစ် ဖြည်းဖြည်းချင်း ပြောင်းလဲသွားတာကို မြင်ရတော့မှ ကျွန်တော် စိတ်အေးနိုင်လိမ့်မယ်”

နတ်ဘုရားမထိုက်စုက မည်သည်မှ ဝင်မပြောတော့ပေ။

သူမ၏ရည်ရွယ်ချက်က ချင်မူနှင့် ဆက်သွယ်နိုင်ရန်ပင်။

သူမသည် ကောင်းကင်နတ်အရှင်ဟောင်အား ထိန်းချုပ်နိုင်လိမ့်မည်ဟု ထင်ခဲ့ဖူး၏။ သို့သော် မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်ဘုံတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲပြီးနောက် ကောင်းကင်နတ်အရှင်ဟောင်အား မထိန်းချုပ်နိုင်တော့မှန်း နားလည်ခဲ့ရသည်။ ထိုအစား သူမကသာ ကောင်းကင်နတ်အရှင်‌ဟောင်၏ ထိန်းချုပ်ခြင်းခံနေရပြီး တဖြည်းဖြည်း နစ်မြုပ်၍ ရုန်းမထွက်နိုင်တော့ပေ။

ချင်မူနှင့် ဆက်သွယ်လိုသည့် ရည်ရွယ်ချက်က ‘ထိုက်ယီ’ ပြောခဲ့သောစကားကြောင့်ပင်။ သူမကိုယ်တိုင်အတွက် လွတ်လမ်း ရှာဖွေလို၏။

ကောင်းကင်နတ်အရှင်ဟောင်က ထရပ်လိုက်ပြီး ကောင်းကင်နတ်ဘုံမှ အောက်သို့ ငုံ့ကြည့်လိုက်သည်။ ဘိုးဘေးနန်းတော်၏ ကြီးမားကျယ်ပြန့်သော မြစ်ချောင်းများနှင့် တောင်တန်းများကို မြင်တွေ့နေရလေသည်။

သူက မြို့ကို တခဏကြာသည်အထိ စိုက်ကြည့်နေပြီးနောက် ခေါင်းရမ်းလိုက်သည်။ “ခိုင်ဧကရာဇ်၊ မြေခွေးအိုကြီး… သူက ငါ့ကို မြို့ထဲမှာ စောင့်နေပြီ”

ကောင်းကင်နတ်အရှင်အားလုံး မျက်စိမျက်နှာပျက်စွာဖြင့် လှမ်းကြည့်လိုက်ကြသည်။ ဓားရောင်တို့က မြို့တစ်ခွင်လုံး ဖုံးလွှမ်းနေ၏။ နှိုင်းယှဉ်၍ မရနိုင်အောင် ရှေးကျသော ဤမြို့ကို ကောင်းကင်နတ်အရှင်များ ပူးပေါင်း၍ ချိပ်ပိတ်ထားခဲ့ကြသည်။ ချိပ်တံဆိပ်က အခြားသူများကို တားဆီးနိုင်သော်လည်း ခိုင်ဧကရာဇ်ကဲ့သို့ တာအိုရပြီးသော ပုဂ္ဂိုလ်တစ်ယောက်ကိုတော့ တားဆီးနိုင်စွမ်း မရှိပေ။

ခိုင်ဧကရာဇ်ချင်ယဲ့သည် ကောင်းကင်နတ်အရှင်ဟောင် ချင်မူ့အား မြစ်ထဲ နှစ်သတ်မည်မှန်း သိထားပြီးဖြစ်သောကြောင့် ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်သို့ အရင်ဦးဆုံး ရောက်ရှိနေခဲ့၏။

ကောင်းကင်နတ်အရှင်ဟောင်က အေးစက်စွာ ရယ်မောလိုက်သည်။ “ခိုင်ဧကရာဇ်က သူပုန်တစ်ယောက်ထက် ပိုပြီး အန္တရာယ်များတာပဲ…. ဒါပေမဲ့ ကြောက်စရာတော့ မလိုပါဘူး… မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်ဘုံ တိုက်ပွဲပြီးထဲက ငါ ခွန်အားကနေတဆင့် တာအိုရနိုင်ပြီး အန္တိမဟင်းလင်းမှာ တာအိုတံဆိပ်ခတ်နှိပ်နိုင်လိမ့်မယ်လို့ ယုံကြည်ချက် ရှိတယ်…. သူ့ကို လွှတ်ထားလိုက်…. ငါ ခဏကျင့်ကြံပြီး တာအိုသစ်ပင် တည်ဆောက်နိုင်အောင် အန္တိမဟင်းလင်းပြင်ဆီ သွားမယ်”

ကောင်းကင်နတ်အရှင်ဟွေ့က တွန့်ဆုတ်သွားသည်။“ဒါဆို နွားကျောင်းသားက…”

ကောင်းကင်နတ်အရှင်ဟောင်သည် တခဏမျှစဉ်းစားပြီးနောက် ပြောလိုက်၏။ “‌နွားကျောင်းသားကို သတ်ဖို့ ခက်ပေမယ့် ဒီလောကမှာ သူကို ရှင်းလင်းဖယ်ရှားနိုင်တဲ့နေရာတွေ ရှိသေးတယ်…. တာအိုမိတ်ဆွေကုန်း၊ ကျုပ်ရဲ့ တာအိုတစ်သောင်း ကောင်းကင်လှည်းဘီးကို အဆုံးသတ်မြို့ပျက်ဆီ ယူသွားလိုက်ပါ…. နွားကျောင်းသားကို မဟာမြို့ပျက်အမှောင်ထုက ဝါးမြိုကြိတ်ချေသွားပါစေ… သူ မသေရင်တောင်မှ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး”

ကောင်းကင်နတ်အရှင်ကုန်းက ခေါင်းညိတ်ကာ တာအိုတစ်သောင်း ကောင်းကင်လှည်းဘီးအား ယူလိုက်သည်။

ကောင်းကင်နတ်အရှင်ဟွေ့က ပြော၏။ “ကျုပ် တာအိုမိတ်ဆွေကုန်းနဲ့ လိုက်သွားမယ်”

ကောင်းကင်နတ်အရှင်ဟောင်က ခေါင်းခါသည်။ “ရွှင်ပျော်ပျော်ကျေးရွာက သူပုန်တွေက ကမ္ဘာဦးဘုံမှာ နေရာယူနိုင်ဖို့ ချီတက်နေကြတယ်… ညီတော်ဟွေ့က သူတို့ကို တားဆီးဖို့ ကမ္ဘာဦးဘုံဆီ သွားပါ…. ရွှင်ပျော်ပျော်ကျေးရွာ ငြိမ်သွားမှဖြစ်မယ်…. ယိုတု မြေအောက်ဘုံအရှင်သခင်နဲ့ ကိစ္စကိုလည်း ဖြေရှင်းသင့်တယ်….တစ်လောကလုံးမှာ အုပ်ချုပ်သူတစ်ယောက်ပဲ ရှိရမယ်… အဲဒီအုပ်ချုပ်သူကလည်း ငါပဲ ဖြစ်ရမယ်”

နတ်ဘုရားမထိုက်စုက မျက်လုံးဝေ့လိုက်ရင်း ပြုံးသည်။ “ဟောင်အာ၊ လမ်းမှာ အနှောင့်အယှက်မရှိအောင် ငါ ကောင်းကင်နတ်အရှင်ကုန်းနဲ့ လိုက်သွားမယ်”

ကောင်းကင်နတ်အရှင်ဟောင်က ရိုကျိုးစွာ ပြောသည်။ “ဒေါ်လေး လိုက်သွားမယ်ဆိုရင် ဟောင်အာ စိတ်အေးနိုင်မှာပါ… ဒုက္ခခံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”

နတ်ဘုရားမထိုက်စုသည် ကောင်းကင်နတ်အရှင်ကုန်းနှင့်အတူ ကောင်းကင်နတ်ဘုံမှ ထွက်ခွာသွားတော့၏။

ကောင်းကင်နတ်အရှင်ဟောင်က သူထွက်သွားသည်ကို ကြည့်ကာ ခေါင်းရမ်းလိုက်သည်။ “ခင်ဗျားက ကိုယ့်သေတွင်းကိုယ်တူးနေတာပဲ”

ကောင်းကင်နတ်ဘုံထဲတွင် အားလုံးသည် တိတ်ဆိတ်နေကြပြီး ဘာမှမပြောရဲကြပေ။

All Chapters