အခန်း (၂၅၈)
Vol. 18 Ch. 258
“ဒါက ကျွန်တော့ရဲ့ ပေါ့ဆမှုကြောင့်ပါ”
ချူအန်းဖင်က လေးနက်စွာ ပြောသည်။
“ဘာမှမဖြစ်ပါဘူး။ ကျွန်တော်က ဒီအတိုင်း ကြုံကြိုက်တုံး ပြောလိုက်တာ။ နောင်မှာ နားလည်သဘောပေါက်မှုနဲ့ စရိုက်လက္ခဏာ မဆိုးတဲ့ အဲ့လိုမျိုးစေ့မျိုးနဲ့ ကြုံရတဲ့အခါ သူ့ကို ကျွန်းဆီကို ခေါ်လာလို့ ရတယ်။ ကျွန်တော်ကိုယ်တိုင် စမ်းသပ်ကြည့်မယ်”
ဟန်ကျောက်က အသံနိမ့်စွာ ပြောသည်။
“ဟုတ်ကဲ့”
ချူအန်းဖင်က စီကျူးဆီမှ စာရင်းကို ယူကာ သူ၏ ထိုင်ခုံဆီသို့ ပြန်သွားသည်။
ချူအန်းဖင်၏ တင်ပြချက်အပြီးတွင် ရွှေကျင်ဖုန်း၏ အလှည့်ဖြစ်သည်။
“ဂိုဏ်းချုပ်ငယ်.. ဒါက…”
သူဟာ လက်ထဲတွင် ဘဏ္ဍာရေး စာရင်းများကို ကိုင်ဆောင်ထား၏။ ဒေါသရေနဂါးဂိုဏ်းဟာ ချီမိသားစုတွင် ခိုလှုံခဲ့သောကြောင့် သူတို့၏ ဝင်ငွေဟာ ပြီးခဲ့သည့် လအတွင်းတွင် ကြီးစွာ တိုးပွားလာခဲ့သည်။ အထွတ်အထိပ် အခြေအနေသို့ လုံးဝ ပြန်ရောက်နေပြီ ဖြစ်၏။
“ဟန်”
ဟန်ကျောက်က ရုတ်တရက် မတ်တပ်ရပ်သည်။ ရွှေကျင်ဖုန်းက သူ့ကို ကြောင်တောင်စွာ ကြည့်၏။
“ဘုန်း”
ဒေါသရေနဂါး ခန်းမ၏ သံတံခါးမှ ရုတ်တရက် ကျယ်လောင်သည့် အသံတစ်ခု ပေါ်လာခဲ့သည်။ တံခါးမျက်နှာပြင်တွင် ကြီးမားသည့် လက်သီးရာတစ်ခု ကျွံထွက်လာခဲ့၏။ ပုံသဏ္ဍာန်က အလွန်ထင်ရှားသည်။
ခန်းမအတွင်းရှိ လူများအားလုံးဟာ ထိုရုတ်တရက် ကျယ်လောင်သည့် အသံကြောင့် ထိတ်လန့်သွားကြသည်။
“ဘယ်သူလဲ”
ချက်ချင်းပင် သိုင်းသမားတစ်ယောက်က ရှေ့တက်သွား၏။
“ဘုန်း”
“အား..”
သံတံခါး တစ်ခုလုံးဟာ ကျယ်လောင်သော အသံနှင့်အတူ ပြိုလဲသွားခဲ့သည်။ ပြင်းထန်သော လေစီးကြောင်းက ရှေ့ရှိ ခွန်အားသန့်စင်ခြင်းအဆင့် သိုင်းသမားတစ်ယောက်ကို ထိမှန်၏။ ထိုလူ၏ ခန္ဓာကိုယ်ဟာ ဆယ်ဘီးကားတစ်စီး၏ တိုက်ခြင်းကို ခံရသည့်အလား အော်ဟစ်စွာဖြင့် ဆယ်မီတာကျော်တိုင်အောင် လွင့်စင်ထွက်သွားသည်။
ဂိုဏ်းခေါင်းဆောင်ပလ္လင်တွင် ထိုင်နေသည့် ဟန်ကျောက်က ညာဘက်လက်ကို လက်သည်းသဖွယ် ကွေးကာ အဝေးသို့ ဖမ်းဆုပ်လိုက်သည်။ သူဟာ ကျင့်ကြံမှု စုပ်ယူခြင်းအတတ်ကို အသုံးပြုထားပြီး လွင့်စင်ထွက်သွားသည့် သိုင်းသမားကို ဆွဲငင်လိုက်၏။
ထို့နောက် ချက်ချင်းပင် လက်ဝါးကိုဆန့်ကာ သုံးပါးသော အနှစ်သာရအားကို လှည့်လည်ပြီး ထိုလူ၏ နောက်ကျောဘက်ဆီသို့ အဝေးမှ ရိုက်နှက်ကာ ခန္ဓာကိုယ်ပေါ်ရှိ ကြီးမားသည့် ခွန်အားနှင့် ပတ်ဝန်းကျင်ရှိ လေစီးကြောင်းတို့ကို ဖယ်ရှားပေးသည်။ တစ်ဖက်လူ၏ ခန္ဓာကိုယ်ကို မြေပြင်ပေါ်သို့ မြဲမြံစွာ သက်ဆင်းစေ၏။
“ဝေါ့”
ထိုလူဟာ မြေပြင်ပေါ်သို့ ရောက်သည်နှင့် ရင်ဘတ်နှင့် ဝမ်းဗိုက်မှ ထက်မြသည့် နာကျင်မှုကို ခံစားလိုက်ရသည်။ သွေးတစ်လုတ်ကို အန်ထုတ်လိုက်၏။
သူ၏မျက်နှာက ဖြူရော်နေပြီး ဟန်ကျောက်ကို ချိနဲ့စွာ ကြည့်သည်။ လက်သီးနှစ်ဖက်ကို မိုးကာ ပြော၏။
“ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်ငယ်”
ဟန်ကျောက်၏ ခွန်အားကို ခွဲဖြာလိုက်မှုကြောင့်သာ မဟုတ်ပါက သူဟာ သေဆုံးပြီး ဖြစ်လောက်ပါသည်။
ဟန်ကျောက်က လက်ကိုဝှေ့ယမ်းသည်။ ဘေးရှိ သိုင်းသမားများက အမြန်ရှေ့တက်ကာ ကူညီ ဆွဲခေါ်သွား၏။ လူတိုင်းဟာ ဒေါသရေနဂါး နန်းတော်၏ အဝင်ဝဆီသို့ ကြည့်လိုက်ကြသည်။
ဖြူရော်သော မျက်နှာနှင့် မုတ်ဆိတ်တစ်ခု ရှိသည့် ပိန်ပါးသည့် လူလတ်ပိုင်း လူတစ်ယောက်ဟာ တံခါးအပြင်ဘက်တွင် ရပ်နေ၏။ သူက လက်နှစ်ဖက်ကို နောက်သို့ပစ်ကာ ခံစားချက်မဲ့စွာဖြင့် ဝင်ရောက်လာခဲ့သည်။
သူ၏ မျက်လုံးများက အလွန် ထူးဆန်း၏။ မျက်လုံးထဲရှိ နက်မှောင်သည့် မျက်ဆံဟာ သာမန်လူထက် များစွာ သေးငယ်ပြီး အဖြူရောင်က နေရာအပြည့်ယူထားကာ ကြောက်ဖို့ကောင်းလှသည်။
လူလတ်ပိုင်းလူကြီးက ခေါင်းကို အနည်းငယ် မော့ကာ တည့်မတ်စွာ ထိုင်နေသည့် ဟန်ကျောက်ကို ကြည့်၏။ နိမ့်ပါးသည့် အသံဖြင့် ပြောသည်။
“မင်းက ဟန်ကျောက်လား”
“မင်း.. မင်းဘယ်လိုလုပ်ပြီး ဒေါသရေနဂါး နန်းတော်ထဲကို ချိုးဖောက်ရဲတာလဲ”
ရွှေကျင်ဖုန်း၏ အတွင်းအားနှင့် အစစ်အမှန်ချီုတို့ဟာ မြင့်တက်လာ၏။ သန်မာသည့် လေက သူ၏ ချောင်လည်နေသည့် အဝတ်များကို တဖျက်ဖျက် ခတ်စေသည။ သူက ရုတ်တရက် ရှေ့သို့ ခြေတစ်လှမ်းတက်ကာ ပျံသန်းသွားတော့မှာပါ။
“ဟန့်”
လူလတ်ပိုင်းလူကြီးက ရွှေကျင်ဖုန်းကို တစ်ချက်ကြည့်ကာ အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ သူ၏မျက်လုံးများက အနည်းငယ် တိမ်းစောင်းသွားပြီး မျက်လုံးတစ်ခုလုံးဟာ အမဲရောင်အတိ ပြောင်းလဲသွား၏။
ရွှေကျင်ဖုန်း၏ အတွင်းအားနှင့် အစစ်အမှန်ချီတို့ဟာ ရေစီဖောင်းတစ်ခုသဖွယ် ပျောက်ကွယ်သွားကြပြီး သူဟာ နောက်သို့ ခြေနှစ်လှမ်း ယိုင်ထွက်သွားသည်။
“မင်း”
သူဟာ ရင်ဘတ်ကို လက်ဖြင့်ဆုပ်ကာ မျက်နှာက ရှုံ့မဲ့နေပြီး ခက်ခဲစွာ အသက်ရှူနေရ၏။ မမြင်နိုင်သည့် လက်တစ်ဖက်က သူ၏နှလုံးကို ပြင်းထန်စွာ ဆုပ်ကိုင်ပြီး သူ၏ နှလုံးသားဟာ ဖျက်ဆီးခံရသကဲ့သို့ ရှိနေပါသည်။ စစ်မှန်သည့် နာကျင်မှုကို ခံစားရ၏။
အခြား သိုင်းသမားများလည်း ထိုထူးဆန်းသည့် မြင်ကွင်းကို တွေ့လိုက်ရသည်။ အားလုံးဟာ ထိတ်လန့်စွာဖြင့် လှုပ်ရှားမှုတို့ ရပ်တန့်သွား၏။ ဤသည်မှာ မည်ကဲ့သို့သော သိုင်းပညာ ဖြစ်သနည်း။ ချီသုံးဆင့် စစ်ဘုရင်တစ်ယောက်ကို နှာခေါင်းတစ်ချက်ရှုံ့ကာ အနိုင်ယူခဲ့သည်လား။
“အားလုံး နောက်ဆုတ်ကြ”
ဟန်ကျောက်က လက်ကိုမြှောက်ကာ လူတိုင်းကို ဆုတ်ခွာရန် အချက်ပြလိုက်သည်။ သူဟာ ဘယ်ဘက်လက်ဝါးတွင် သက်ရှည်အစစ်အမှန်ချီလုံးကို စုစည်းကာ ၎င်းကို ညင်သာစွာ တောက်လိုက်သည်။ ၎င်းဟာ ရွှေကျင်ဖုန်း၏ ရင်ဘတ်အတွင်းသို့ ဝင်ရောက်သွား၏။
ရွှေကျင်ဖုန်းဟာ ရင်ဘတ်ဆီ၌ နွေးထွေးမှုတစ်ခုကို ခံစားလိုက်ရသည်။ မသက်မသာ ဖြစ်သည့် ခံစားချက်ဟာ လျှင်မြန်စွာ ပျောက်ကွယ်သွား၏။
“ခင်ဗျားက ဘယ်သူလဲ”
ဟန်ကျောက်က လူလတ်ပိုင်းလူကြီးကို တည်ငြိမ်စွာ ကြည့်သည်။
“သွေးကြေခုနစ်ခု ပြီးပြည့်စုံခြင်း အဆင့်ရှိ နတ်ဆိုးတစ်ကောင် ဖြစ်သည်။ သူဟာ စွမ်းအားကြီးမားလှ၏။ သူ၏ခန္ဓာကိုယ်ရှိ အနက်ရောင်အလွှာတွင် အာရုံခြောက်ခြားစေနိုင်သည့် ယင်စွမ်းအင်တို့ ပါဝင်နေသည်။ သူဟာ သင့်အပေါ် သတ်ဖြတ်လိုစိတ် ရှိ၏”
“သင့်တွင် အိပ်မက်နယ်မြေ စွမ်းရည်ရှိသည်။ စတင်ခြင်းအဆင့်သို့ ရောက်ရှိခြင်း မရှိသေးပေမယ့် ထိုကဲ့သို့သော ပုံရိပ်ယောင်အတတ်မျိုးကို သန်မာသည့် ခံနိုင်ရည်ရှိ၏”
စနစ်၏ အချက်ပေးမှုက ပေါ်လာခဲ့သည်။
“ငါက ငရဲကိုးခုစံအိမ်ရဲ့ မဟာနတ်ဆရာပဲ ကျင်းဝူရှင်းပဲ”
လူလတ်ပိုင်းလူကြီး၏ လေသံက တည်ငြိမ်ဟန်ဖြင့် အထက်စီးဆန်စွာ ရှိနေပါသည်။
“မင်းကိုငါမေးမယ်.. ကျုကန်ရီ ဘယ်မှာ..”
“ခင်ဗျားဘယ်သူလဲ ဆိုတာကို ကျုပ်ဂရုစိုက်ဘူး။ အပြုအမူကို ပြင်လိုက်”
ဟန်ကျောက်က မတ်တပ်ရပ်ကာ သူ့ကို ကြားဖြတ်သည်။ ကျင်းဝူရှင်းက မှင်သက်သွားပြီး သူ၏ မျက်လုံးများက ကျဉ်းမြောင်းကာ မျက်နှာပေါ်တွင် လူသတ်ငွေ့တို့ ပေါ်လာခဲ့သည်။
“မင်းငါ့ကို ဘယ်လိုလေသံမျိုးနဲ့ လာပြောနေတာလဲ”
“ခင်ဗျားကိုယ်ခင်ဗျား ဘာထင်နေလဲ။ ဒေါသရေနဂါး နန်းတော်ထဲကို ကျူးကျော်ဝင်ရောက်ပြီး ကျုုပ်ရဲ့ ဂိုဏ်းသားတွေကို ထိခိုက်အောင် လုပ်ခဲ့တယ်။ ဒီနေ့မှာ ကျုပ်ကို ကျေနပ်လောက်တဲ့ ဖြေရှင်းချက်သာ မပေးဘူးဆိုရင် ဒီအတိုင်း ပြန်ထွက်နိုင်မယ် မထင်နဲ့”
ဟန်ကျောက်၏ လေသံက လေးလံသွား၏။ သူက ခါးရှိ ကံကြမ္မာဖြတ်တောက်ခြင်း ဆေဘာ၏ ဓါးအိမ်ကို ဘယ်ဘက်လက်နှင့် ကိုင်လိုက်သည်။ ဆေဘာချီကို စတင်စုဆောင်း၏။
“မင်းက ငါ့ကို ဖြေရှင်းချက်ပေးစေချင်တာလား.. မင်းရဲ့နောက်မှာ ချီမိသားစုရှိတာနဲ့ ငရဲကိုးခု စံအိမ်ကို ထိပါးလို့ရမယ်လို့ ထင်နေတာလို့တော့ မပြောနဲ့နော်။ ဒါက တိမ်စီရင်စု… ချီမိသားစုရဲ့ ပိုင်နက်မဟုတ်ဘူး”
ကျင်းဝူရှင်းက ဒေါသတကြီး ရယ်၏။
သူဟာ ဝင်ရောက်ပြီးနောက် လူမသတ်မိစေရန် ကိုယ့်ကိုယ်ကိုယ် အကောင်းဆုံး ထိန်းချုပ်ထားခဲ့ပြီး ဖြစ်၏။ ဒေါသရေနဂါးဂိုဏ်း၏ ဂိုဏ်းချုပ်ငယ်ကို အလွန် မောက်မာမည်ဟု ထင်မထားခဲ့ပေ။ ရှေ့ကွမ်းလီပင်လျှင် သူ့ကို ယခုကဲ့သို့ လေသံမျိုးဖြင့် ပြောရဲခြင်းမရှိပါ။
မျက်ကန်းဟာ အမှန်တကယ်ကို တစ္ဆေအား ကြောက်ရမှန်းမသိပေ။
“အနည်းဆုံးတော့ တိမ်စီရင်စုက ငရဲကိုးခုစံအိမ်ရဲ့ ပိုင်နက်လည်း မဟုတ်ဘူး”
ဟန်ကျောက်က ထူးမခြားနားစွာ ပြောသည်။ ဆေဘာအရှိန်အဝါကို အထွတ်အထိပ်သို့ စုစည်းပြီး ဖြစ်၏။
“ကောင်းတယ်။ အရမ်းကောင်းတယ်”
ကျင်းဝူရှင်း၏ လေသံက အလွန်အေးစက်နေ၏။ သူ၏ မျက်လုံးများက ဆူထွက်လာကာ အနက်ရောင်သို့ ပြောင်းသွားသည်။ မျက်နှာပေါ်တွင် ငါးကြေးခွံများကဲ့သို့ အနက်ရောင် ကြေးခွံများ လျှင်မြန်စွာ တက်လာခဲ့၏။
ကျင်းဝူရှင်းဟာ ပါးစပ်ကို ရုတ်တရက် ဖွင့်လိုက်သည်။ သူ၏ နှုတ်ခမ်းထောင့်များဟာ နားအထိတိုင် အက်ကွဲသွားပြီး ပါးစပ်အပြည့် ထက်မြသည့် သွားများ ပေါ်လာခဲ့သည်။
“ဝူးအားးးး”
ကလေးတစ်ယောက် ငိုသံကဲ့သို့ ထူးဆန်းသည့် အသံတစ်ခုဟာ ကျင်းဝူရှင်း၏ ပါးစပ်မျ ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်ရှိ လေထဲတွင် လှိုင်းများ ထလာခဲ့သည်။
“အား..”
ခန်းမအတွင်းရှိ ဂိုဏ်းသားများက နားများကို တင်းကြပ်စွာ အုပ်လိုက်ကြသည်။ သူတို့၏ ပုံစံများက ရှုံ့တွနေပြီး ဦးနှောက်တစ်ခုလုံး တုန်ခါနေသည်ဟု ခံစားရ၏။ ၉၉%သော ကြောက်မက်ဖွယ် အသံလှိုင်းများဟာ ဟန်ကျောက်၏ ခန္ဓာကိုယ်ဆီသို့ ဦးတည်သွားသည်။
ကျင်းဝူရှင်း၏ မျက်နှာပေါ်၌ ကောက်ကျစ်သည့် အပြုံးတစ်ခု ပေါ်လာ၏။ သူဟာ ဒေါသရေနဂါးဂိုဏ်း၏ မောက်မာသည့် ဒီဂိုဏ်းသခင်ငယ်ကို အရက်စက်ဆုံး ပုံရိပ်ယောင်အတွင်းတွင် သေဆုံးစေလိုပါသည်။
ဒေါသရေနဂါးဂိုဏ်းတွင် ချီမိသားစု၏ နောက်ခံရှိတော့ရော ဘာဖြစ်သနည်း။ ငရဲကိုးခု စံအိမ်ကို ထိပါးပြီးနောက် သူဟာ နောက်ထပ် ဂိုဏ်းသခင်ငယ်တစ်ယောက်ကို ပြောင်းလဲလိုက်မည် ဖြစ်သည်။
“ကလန်”
ဆေဘာဓါး၏ အသံက ကျယ်လောင်ခြင်းမရှိပါ။ သို့ပေမယ့် ၎င်းဟာ ကြောက်စရာကောင်းသည့် အသံလှိုင်းကို ထိုးဖောက်သွားပုံ ပေါ်၏။ ကျင်းဝူရှင်းကို အံ့ဩသွားစေသည်။