အခန်း (၇၈)
Vol. 6 Ch. 78
ဝုန်း
လက်သီးချက်တွေက လေထုကို တုန်ခါနေပြီး မြေအောက်မှာ တိုက်ခိုက်နေတာဖြစ်ပေမယ့် ပြင်းထန်တဲ့ ခွန်အားတွေကြောင့် မိုင်၂၀ အကွာမှာရှိတဲ့ သင်းပျံ့ကောင်းကင်မြို့တခုလုံး ငလျင်လှုပ်နေသလို ရမ်းခါနေတယ်။
“ယောက်ျား တခုခုဖြစ်နေတာလား”
ကျိလင်က တန်တန်နဲ့ လီလီကို ဆွဲဖက်ထားပြီး ကျောက်တွင်းရှိရာအရပ်ကို ငေးကြည့်နေခဲ့တယ်။
တိုက်ပွဲထဲမှာတော့ ပိုင်လင်းနဲ့နတ်ဆိုးက ကျင့်ကြံဆင့်ကွာဟမှုကြောင့် မိနစ်အနည်းငယ် ထိပ်တိုက်ရင်ဆိုင်ပြီးချိန်မှာပဲ ပိုင်လင်းတယောက် ဖိနှိပ်ခံလာရတယ်။
“သူက သိုင်းသခင်အဆင့်လား”
“ငါတို့ထက်တောင် အားကောင်းတယ်လို့ ခံစားနေရတယ်”
“ဒါဆို အမွေအနှစ်က..သူ”
အကုန်လုံးက စိတ်ရှုပ်ထွေးစွာနဲ့ ပိုင်လင်းကို ငေးကြည့်နေစဥ်မှာပဲ ချန်ထန်းက အရင်သတိ ဝင်လာပြီး
“ကြောင်မနေကြနဲ့ နတ်ဆိုးရဲ့ကျောဘက်ကနေ အလစ်တိုက်ကြ”
ချန်ထန်းသတိပေးမှုကြောင့် တခြားသူတွေလဲ သတိဝင်လာပြီး ဒဏ်ရာကိုဖိနှိပ်လိုက်တယ်။ ပြီးတော့ တိုက်ပွဲထဲ ပြန်ဝင်လာကြတော့တယ်။
“ကောင်လေးပိုင် ငါလာကူပြီ”
ပိုင်လင်းက အသံတွေကိုကြားပေမယ့် သတိမလွတ်ရဲဘူး။ ပြင်းထန်တဲ့လက်သီးချက် တွေကို ခုခံနေရတာကြောင့် ခန္ဓာကိုယ်တခုလုံး အက်ကွဲနေပြီး အရိုးအများစုကလည်း ကြေလုမတက် ခံစားနေရတယ်။
“ပုရွတ်ဆိတ်လေးတွေ လက်မလျှော့သေးဘူးလား လာခဲ့ကြစမ်း”
နတ်ဆိုးက လက်တဖက်ကို ဓားမော့အသွား လက်တဖက်ကိုတော့ လက်သီးပုံစံနဲ့ လက်နှစ်ဖက်စလုံး သုံးပြီး ပိုင်လင်းတို့ကို တိုက်ခိုက်တယ်။ တိုက်ပွဲက ထွက်လာတဲ့ ချီစွမ်းအင်တွေက ချန်ဟယ် မော့ပေတို့လို အဆင့်တစ် ကျင့်ကြံသူတွေကို တိုက်ပွဲနဲ့အတော်ဝေးဝေး နေရာထိ လွင့်စင်သွားစေတယ်။
အွတ်..
အထိခိုက်ဆုံးက အဆင့်၅ပဲ ရှိသေးတဲ့ ချန်ရှင်းပဲ။ သူမက သွေးအဆတ်မပြတ် အန်နေရပြီး လင်းချင်းကျူသာ မထိန်းထားရင် တခါတည်း အသက်ပါသွားမှာပါ။
“ရှင်းအာ သမီးအဆင်ပြေရဲ့လား”
“ညီမလေး အဟွတ် အဟွတ်”
သိုင်းသခင်တဝက်အဆင့် အစောင့်ရှောက်တွေ လည်း ဟန်ချက်ကိုပြန်ထိန်းပြီး တည်ငြိမ်အောင် ကြိုးစားလိုက်တယ်။ ပြီးနောက် လင်းချင်းကျူကို ကြည့်ပြီး
“သခင်မလင်း ဂရုစိုက်ပါ”
ယန်ရှု ဝေမင် ချန်တင်း ကျန်းထျန်း တိလုံ ၅ဦးစလုံး တိုက်ပွဲထဲပြေးဝင်သွားတယ်။ ဒီနတ်ဆိုးသာ လွတ်မြောက်သွားရင် အနီးနားမြို့အကုန် ကပ်ဘေးသင့်တော့မှာပါ။
“ဦးလေးတင်း”
“ဦးလေးယန်”
လင်းချင်းကျူလည်း ရုန်းကန်နေရတဲ့ ခင်ပွန်းဖြစ်သူကို တချက်ကြည့်ပြီး ဆုံးဖြတ်ချက်တခု ချလိုက်တယ်။ ပြီးနောက်
“သမီးတို့ ကိုယ့်ကိုကိုယ် ဂရုစိုက်ကြပါ”
“မေမေ”
အုန်း
ပြင်းထန်တဲ့ချီဓာတ်ပေါက်ကွဲမှု ပေါ်လာတယ်။ ဒါကလင်းချင်းကျူတယောက် အသက်ဓာတ်ကို လောင်ကျွမ်းစေပြီး တိုက်ပွဲထဲ တိုးဝင်ဖို့ ပြင်ဆင်လိုက်တာပါ။
တဖက်တိုက်ပွဲမှာတော့ ခေါင်းဆောင်အားလုံး ဓားမော့ပုံစံ လက်တဖက်ရဲ့တိုက်ချက်ကြောင့် ဒဏ်ရာဗရပွဖြစ်နေပြီး သူတို့ရဲ့တိုက်ခိုက်မှုက သွေးမြူကိုယ်ချပ်ဝတ်ကို ဖောက်မဝင်နိုင်ကြပါဘူး။
ဓားအလင်းက စုလဲ့ကိုဖြတ်ပိုင်းသွားတယ်။ ပြီးတော့ တဆက်တည်း ချန်ထန်း မြို့မသခင် ထန်းမိသားစုခေါင်းဆောင် ချူကျန်းရှန်းနဲ့ အခြားသူတွေ….
အားးး
လေထဲမှာ သွေးတွေဖြာခနဲ ပန်းထွက်သွားပြီး တချို့လူတွေက ခန္ဓာကိုယ်အစိတ်ပိုင်းတခု ပြတ်ထွက်သွားပြီး သန်မာတဲ့ ချန်ထန်း ချူကျန်းရှန်လို လူတွေတောင် ပြင်းပြင်းထန်ထန်ပဲ ဒဏ်ရာရသွားကြတယ်။
“ယောက်ကျား”
လင်းချင်းကျူက ချန်ထန်းကို ဆွဲဖမ်းလိုက်ပြီး မြေပေါ်ချပေးတယ်။ ပြီးတော့ ဒဏ်ရာကျက် ဆေးလုံးထုတ်ပေးပြီးနောက် လက်သီးပုံစံ လက်နဲ့ ခုချိန်ထိရင်ဆိုင်နေတဲ့ ပိုင်လင်းဘက်ကို လှည့်ကြည့်တယ်။
“ကျွန်မသွားကူလိုက်မယ်”
ချက်ချင်းပဲ ပိုင်လင်းနား တိုးဝင်သွားတယ်။ ပိုင်လင်းက အဖြူရောင်အရိပ်တခု တိုးဝင်လာတာကို သတိထားမိတော့ လှည့်ကြည့်လိုက်တယ်။
“သခင်မလင်း”
“ကောင်လေး သတိမလွတ်နဲ့”
လက်သီးချက်က သူတို့နှစ်ယောက်ဆီ တိုးဝင်လာတယ်။ ပိုင်လင်းက သူ့ရဲ့လက်နှစ်ဖက်ကို ခွန်အားအကုန်စုလိုက်ပြီး လက်သီးချက်ကို ခုခံတယ်။
အုန်း
လက်သီးချက်မှာပါတဲ့ ခွန်အားက သိုင်းသခင်အလယ်လတ် အဆင့်ရောက်နေပြီး ဒဏ်ရာကြောင့် အားနည်းနေတဲ့ ပိုင်လင်းကို မြေပေါ်တရွတ်ဆွဲသွားစေတယ်။
“မြေကမ္ဘာထောင်ချောက်”
လင်းချင်းကျူက လက်ဟန်တခုလုပ်ပြီး အချုပ်နှောင်ကျင့်စဥ်တခုကို ထုတ်သုံးတယ်။ လေထဲမှာ အလင်းဓားတွေပေါ်လာပြီး လှောင်အိမ်ကြီးတခုသဖွယ် နတ်ဆိုးကို ဝန်းရံသွားတယ်။
“ဒီလောက်လေးနဲ့”
နတ်ဆိုးက အလင်းဓားလှောင်အိမ်ကို လက်သီးနဲ့ ထိုးချလိုက်တယ်။ လှောင်အိမ်က ကျိုးပျက်သွားပြီး တန်ပြန်မှုကြောင့် လင်းချင်းကျူးလည်း သွေးတပွက်အန်ပြီး လွင့်ထွက်သွားတယ်။
“မိန်းမ”
“မေမေ”
“သခင်မလင်း”
တန်ပြန်မှုက သူမသုံးတဲ့ခွန်အားအပြင် နတ်ဆိုးရဲ့ခွန်အားပါ ပါဝင်တာကြောင့် နှစ်ဆထိမှန်ခံလိုက်ရပြီး လင်းချင်းကျူလည်း လေထဲမှာပဲ သတိလစ်သွားတော့တယ်။
ပိုင်လင်းက ချက်ချင်းခုန်တက်ပြီး ဖမ်းယူလိုက်တယ်။
“သူ့အားနည်းချက်က လည်ပင်းပဲ ဘာအကာကွယ်မှ မရှိဘူး နင်ဓားသုံးတော့”
“တော်သေးတာပေါ့ အားနည်းချက်တွေ့သေးလို့ ဒီမှာသေတော့မယ်”
ပိုင်လင်းလည်း လင်းချင်းကျူးကို မြေပေါ်ချပေးပြီးနောက် ဓားထုတ်လိုက်တယ်။ ပြီးနောက် ချီယောင်ပေးထားတဲ့ ကျင့်စဥ်ထဲက တတိယဓားမြောက်ကွက်ကို ချက်ချင်းထုတ်သုံးတယ်။
ဓားအလင်းက ရှည်လျားတဲ့ အလင်းတန်းကြီး တခုလိုတိုးဝင်သွားပြီး နတ်ဆိုးရဲ့ ရင်ဘတ်ကို ပိုင်းဖြတ်တယ်။ ဒါပေမယ့် အကာကွယ်က သန်မာတာကြောင့် အက်ရာတောင် ဖြစ်မသွားပါဘူး။
“ဟားးးဟား ကောင်လေး ရုန်းကန်မနေနဲ့တော့ မင်းရဲ့စိတ်ဝိဉာဥ်ကိုဝါးမြိုပြီး ခန္ဓာကိုယ်ကို ရုပ်သေးလုပ်ပစ်မယ်ကွ”
နတ်ဆိုးလည်း ပိုင်လင်းရဲ့တိုက်ခိုက်မှု သူ့အပေါ် ထိခိုက်မှုမရှိတာကို မြင်တော့ကြီးမားတဲ့ ဦးခေါင်းကြီးကိုမော့ပြီး ဟားတိုက်ရယ်မောလိုက်တယ်။
“ဒီအချိန်ပဲ လာပြီ”
လည်ပင်းမော့လိုက်နာကြောင့် မေးရိုးနဲ့ လည်ပင်ကြားက အကာကွယ်အဟ တခုဖြစ်သွားပြီး ထိုနေရာကပဲ နတ်ဆိုးရဲ့အားနည်းချက်နေရာ ဖြစ်မှန်းပိုင်လင်း တွေ့လိုက်တာနဲ့ လှုပ်ရှားတော့တယ်။
ပထမဆုံးနတ်ဆိုးအနား တိုးကပ်သွားပြီး ဓားကို လက်နှစ်ဖက်နဲ့ ဆုပ်ကိုင်လိုက်တယ်။ ပြီးတာနဲ့ ချီဓာတ်အကုန်လုံး အလင်းမှတ်တွေထဲကပါ ဆွဲထုတ်လိုက်ပြီး ဓားသွားထဲ ထည့်သွင်းလိုက်တယ်။
“လာခဲ့စမ်း”
ဓားချက်တချက်…
ရွှတ်ခနဲ ဖြတ်သန်းသွားပြီး လည်ပင်းအဟ နေရာကို အတိကျပဲ ပိုင်းဖြတ်သွားတယ်။
ဂါးးးး
ဓားချက်က အကာကွယ်မရှိတဲ့ နေရာကိုပိုင်းဖြတ် သွားတာကြောင့် ကြီးမားတဲ့ ခေါင်းကိုဖြတ်ပိုင်းသွားပြီး လေထဲလွင့်စင်သွား စေတယ်။
“ပြီးသွားပြီ”
အကုန်လုံးက တိုက်ပွဲကိုစောင့်ကြည့်နေစဥ်မှာပဲ ပိုင်လင်းလည်း ခွန်အားကုန်ခမ်းပြီး မြေပေါ်ပြုတ်ကျသွားတော့တယ်။
“ခင်ဗျားပြောတဲ့ အကျိုးမြတ်ဆိုတာ ဒါလား”
“အနည်းဆုံး နတ်ဆိုးသတ်သူဆိုတဲ့ ဂုဏ်ပုဒ်ရ သွားတယ်လေ”
“တော်လိုက်တော့”
ချန်ရှင်းက ပိုင်လင်းပြုတ်ကျသွားတဲ့နေရာကို သွားချင်ပေမယ့် ဒဏ်ရာကြောင့် မသွားနိုင်ဘူး။ မောပေက ချက်ချင်းပဲ ပိုင်လင်းရှိရာပြေးသွားပြီး ဆွဲထူတယ်။
“ကောင်းတယ် မင်းကငါထင်ထားတာထက် အမြဲသန်မာနေခဲ့တဲ့ကောင်ပဲ”
အကုန်လုံးလည်း သက်ပြင်းချလိုက်ပြီး နတ်ဆိုးကြောင့် ရတဲ့ဒဏ်ရာတွေကို ကုသနေကြတယ်။ ဓားမော့ကြောင့် ခေါင်းဆောင်အချို့ သေဆုံးသွားကြပြီး ထိုအထဲမှာ မြို့မသခင်တို့သားအဖ ထန်းမိသားစုသားအဖနဲ့ ဇီမိသားစုခေါင်းဆောင် ရတနာဂိုဏ်းချုပ် မီးတောက်ဂိုဏ်းချုပ်တို့ ပါဝင်တယ်။ ကျန်တဲ့ စုလဲ့တို့ဆရာတပည့် တစ္ဆေဂိုဏ်းချုပ် ပန်းတရာဂိုဏ်းချုပ် ချူကျန်းရှန် ဇောင်မိသားစုခေါင်းဆောင်နဲ့ အစောင့်ရှောက်၅ဦးနဲ့ ချန်ထန်းတို့ကတော့ ဒဏ်ရာကြောင့် အခြေနေဆိုးကို ရင်ဆိုင်နေရတယ်။
“ဆေးလုံးကိုသောက်လိုက် ပြီးမှ ဒီကထွက်သွား မယ့်နည်းလမ်းကို ရှာကြမယ်”
မော့ပေက ဆေးလုံးတလုံးထုတ်ပြီး ပိုင်လင်းကို ပေးတယ်။ ပိုင်လင်းလည်း ယူသောက်လိုက်ပြီး အသက်ရှုလေ့ကျင့်ခန်းကို ထိန်းညှိလိုက်တယ်။
ထိုချိန်မှာပဲ
“မပြီးသေးဘူး သတိထား”
………………………………………………..