← Chapters

အခန်း (၈၁)

Vol. 6 Ch. 81

အခန်း (၈၁)

Vol. 6 Ch. 81

လမ်းတလျှောက်မှာတော့ ပိုင်လင်းလည်း အတွေးလွန်နေမိတယ်။

သခင်မလင်းကိုကြည့်ရတာ ဒဏ်ရာအရှင်း မပျောက်သေးပုံရပြီး ဖျော့တော့နေတာကို သူသတိထားမိတယ်။ ချန်ဟယ်လည်း ဒဏ်ရာရထားပြီး မသက်သာသေးလို့လား။ နောက်ပြီး သူ့သမီးကိုတွေ့ဖို့ ဘာလို့ငါ့ကို ပြောတာလဲ။

အတွေးတွေ ရှုပ်ထွေးရင်း တဖြေးဖြေးနဲ့ ချန်ဟယ်ရဲ့ ခြံဝန်းနားရောက်သွားတယ်။ ခြံဝန်းထဲကို လှမ်းကြည့်တော့ သိမ်မွေ့နူးညံ့တဲ့ ပုံရိပ်လေးတခုက ပန်းခင်းအလယ်က စားပွဲမှာ ထိုင်ပြီး တစုံတခုကို ငေးမောနေတယ်။

ပိုင်လင်းလည်း သက်ပြင်းချလိုက်ပြီး ခြံဝန်းထဲ ညင်သာစွာ လှမ်းဝင်သွားတယ်။ သူမကအတွေးလွန်နေပုံရပြီး ပိုင်လင်းဝင်လာတာကို သတိမပြုမိပါဘူး။ ပုံမှန်ဆို သူမခြံဝန်းကို ညီမဖြစ်သူနဲ့ မိခင်ဖြစ်သူ တို့ပဲဝင်လေ့ရှိတာကြောင့်လည်း ပါမယ်။

ငေးမောနေတဲ့ အလှလေးကို တချက်ကြည့်ပြီး အရင်းအမြစ်ကိစ္စအတွက် သူမကိုစိတ်ခုမိခဲ့တဲ့ သူ့ကိုယ်သူ ပြန်တွေးပြီး ရယ်ချင်သွားတယ်။ ငါအတော်လေး မရင့်ကျက်ခဲ့တာပါလား။ ချန်အိမ်တော်ရဲ့ အကြီးဆုံးသခင်မလေးအနေနဲ့ ချန်အိမ်တော်ရဲ့အရေးကို ဦးစားပေးရမှာဖြစ်ပြီ သူ့အပေါ်ခံစားချက်ရှိနေရင်တောင် တချို့အရာတွေက သူမဆန္ဒရှိတိုင်း မလုပ်နိုင်ပါဘူး။

“ဒဏ်ရာဘလိုနေသေးလဲ”

ရုတ်တရက် ပိုင်လင်းက မေးလိုက်တယ်။ အသံကြောင့် သူမထိတ်လန့်သွားပြီး လှည့်ကြည့်လာတယ်။ ပိုင်လင်းကိုမြင်တော့ မှင်သက်နေပုံရပြီး မျက်လုံးအစုံက ပြူးကျယ်နေတယ်။

“သခင်လေးပိုင်”

“အင်း.. ကိုယ် မင်းကိုလာတွေ့တာ”

သူမအမူရာကိုကြည့်ပြီးနောက်မှာ သခင်မလင်းက သမီးဖြစ်သူရဲ့ ခံစားချက်ကို သိမြင်ပြီး ပိုင်လင်းကို လာစေခဲ့တယ်ဆိုတာ ပိုင်လင်းရိပ်မိသွားတယ်။

ခုံအလွတ်တခုမှာ ဝင်ထိုင်လိုက်တယ်။ ပြီးတော့ လက်ဖက်ရည်နှစ်ခွက် ငှဲ့လိုက်ပြီး သူ့အတွက်ငှဲ့ထားတာကိုတော့ တခါတည်း မော့သောက်လိုက်တယ်။

“ရှင့်ဒဏ်ရာတွေ သက်သာသွားပြီလား”

သူမအသံက တိုးညင်းပါတယ်။ ပြီးတော့ သူမမျက်နှာပေါ်မှာလည်း အပြစ်ရှိစိတ်နဲ့ ပြည့်နေပြီး ပိုင်လင်းက ထိုအရာကိုသတိထားမိ နေတာကြောင့် သက်ပြင်းချလိုက်မိတယ်။

“အတော်လေး သက်သာနေပါပြီ”

နှစ်ယောက်သား အတန်ကြာတဲ့အထိ တိတ်ဆိတ်နေတယ်။ ခြံဝန်းထဲမှာလည်း ရံဖန်ရံခါ ငှက်ကလေးတွေ အော်မြည်သံအချို့ ကလွဲပြီး အရာအားလုံးကို ထူးဆန်းနေသလို တိတ်ဆိတ်နေတာပါ။ ထိုအချိန်မှာပဲ ချန်ဟယ်က တခုခုကို ဆုံးဖြတ်ချက် ချလိုက်တဲ့ ပုံစံနဲ့ သက်ပြင်းချပြီး ပိုင်လင်းကိုပြောလာတယ်

“ကျွန်မ တောင်းပန်ပါတယ်”

သူမရဲ့ မျက်ဝန်းထဲမှာလည်း မျက်ရည်တွေ ဝေ့သီနေတယ်။

“မင်းမှာ အပြစ်မရှိပါဘူး ငါကိုယ်တိုင်လည်း အစောပိုင်းတုန်းက မရင့်ကျက်ခဲ့တာတွေ ရှိခဲ့ပါတယ်”

“ဟင့်အင်း ကျွန်မတို့က ရှင့်အပေါ်မကောင်းခဲ့တာပါ”

သူမက ချက်ချင်းပဲ ငြင်းဆန်လာတယ်။

“မဟုတ်ဘူး ဒါကမင်းရွေးချယ်ရတဲ့ လမ်းပဲ မင်းးနေရာမှာဆို ကိုယ်လည်း ဒီတိုင်းပဲလုပ်မိမှာ ပြီးတော့ အမွေနှစ်ကိစ္စမှာ ကိုယ်လည်း အချို့အရာတွေ ဖုံးကွယ်ထားမိတယ်ဆိုတော့ ကြေပြီလို့ ယူဆနိုင်ပါတယ်”

ချန်ဟယ်က မော့ကြည့်လာတယ်။ ပြီးနောက်

“ အမွေနှစ်ကို ရှင်ရခဲ့လား”

“ရခဲ့တယ် ဒါကြောင့် ခုလိုတွေဖြစ်ခဲ့တာ”

ပိုင်လင်းစကားဆုံးတော့ ချန်ဟယ်က ဖွဖွပြုံးလိုက်ပြီး စိတ်သက်သာရာရစွာနဲ့ ပြောလာတယ်။

“ကျွန်မ သတိပြုမိခဲ့ပါသေးတယ် ဒါပေမဲ့ ကျောက်တွင်းအဝင်တုန်းက ကြည့်လိုက်တော့”

“ဖုံးကွယ်ထားမိလို့ စိတ်မကောင်းပါဘူး”

ပိုင်လင်းက ချက်ချင်းပဲ သူမစကားကို ဖြတ်ပြောလိုက်တယ်။ အတန်ကြာတိတ်ဆိတ် နေပြီးနောက် ချန်ဟယ်က ဆက်ပြောလာပြန်တယ်။

“အခုတော့ သခင်လေးတွေနဲ့ ပြဿနာပြီးသွား ခဲ့ပါပြီ ရှင့်ရဲ့ခွန်အားအရ ဒီမြို့မှာ ယှဥ်နိုင်တဲ့သူ မရှိတော့ဘူးဆိုတော့ ကျွန်မတို့ ချန်အိမ်ကနေ ထွက်ခွင့်ပြုပါတယ်”

သူမရဲ့စကားသံက အဖျားခတ်မှာ တုန်ယင်နေပြီး သူမက ဆယ်ကျော်သက်မလေး တဦး ရင့်ကျက်တဲ့မိန်းမလို ဟန်ဆောင်နေမှန်း သိသာနေတယ်။

“ဟုတ်တယ် ကိုယ်ချန်အိမ်တော်ကနေ ထွက်တော့မယ် အဆုံးမှာကိုယ့်အကူညီ မလိုတော့ဘူးလေ”

ပိုင်လင်းရဲ့စကားကိုကြားတော့ ချန်ဟယ်ကိုယ်လေး ဆတ်ခနဲတုန်သွားတယ်။ ပိုင်လင်းလို အရည်ချင်းရှိတဲ့သူက ဒီမြို့လေးမှာ ကြာကြာနေမှာမဟုတ်ဘူးဆိုတာ သူမသိထားပြီးသားပါ။ ကျောက်တွင်းပြဿနာ မဖြစ်ခင်ကထိ ပိုင်လင်းနဲ့သူမကြား ဆက်ဆံရေးက ရိုးရှင်းပြီး နှစ်ဖက်အကျိုးမြတ် ကြောင့်ပူးပေါင်းထားတယ်လို့ သူမအမြဲတွေးနေခဲ့တယ်။ ဒါပေမယ့် ခရီးအတူ ထွက်ခဲ့ပြီး ကျောက်တွင်းပြဿနာဖြစ်ချိန် ပိုင်လင်းတယောက် အသက်လုတိုက်ခိုက်နေတာ မြင်ရတော့ သူမစိတ်ထဲ ပိုင်လင်းကမသိမသာ ဝင်ရောက်နေတာကို သတိပြုမိသွားတယ်။ ဒါပေမယ့် သူမတတ်နိုင်တာ မရှိပါဘူး။ ပိုင်လင်းက အချိန်တန် ထွက်ခွာသွားမှာဖြစ်ပြီး သူမကတော့ ချန်အိမ်တော်ရဲ့ အကြီးဆုံးသခင်မလေးအနေနဲ့ အိမ်တော်ရဲ့ တာဝန်ကို ထမ်းဆောင်းရဦးမှာပါ။

“ရှင့်အတွက် ဝမ်းသာမိပါတယ် ရှင်ကတချိန်မှာ ကျင့်ကြံရေးလမ်းစဥ်ရဲ့ အထွဋ်အထိပ်ကို ရောက်သွားမယ့်သူပါ ရှင့်အတွက်..”

“ကိုယ်စကားမဆုံးသေးဘူးလေ”

ပိုင်လင်းက ပြုံးတုံ့တုံ့အမူရာနဲ့ သူမကိုကြည့်လိုက်တယ်။ ပြီးတော့ အနည်းငယ် တုန်ယင်နေတဲ့ လက်အစုံကို ဖမ်းကိုင်လိုက်ပြီး

“ကိုယ် ချန်အိမ်တော်ကထွက်မှာ မှန်တယ် ဒါပေမယ့် မင်းဘဝထဲကတော့ ဘယ်တော့မှ မထွက်ဘူး ဟုတ်ပြီလား”

“ရှင်”

………………………………………………..

All Chapters