အခန်း (၈၃)
Vol. 6 Ch. 83
နေရောင်ကခြံဝန်းကို အလင်းရောင်ပေးနေသလို ဖုံးလွှမ်းထားပြီး ပိုင်လင်းကတော့ စားပွဲတလုံး လက်ဖက်ရည်တအိုးနဲ့ ထိုင်ခုံမှာထိုင်ရင်း မောပေတို့ လေ့ကျင့်နေတာကို ကြည့်နေခဲ့တယ်
အင်အားစုတွေ စုပေါင်းပြီး အဖွဲ့တခုတည်ထောင်တဲ့ကိစ္စကအစ သင်းပျံ့ကောင်းကင်မြို့ ပြန်လည်တည်ငြိမ်အောင် လုပ်တဲ့ကိစ္စတွေအထိ ပိုင်လင်းက တခွန်းတပါဒမျှ ဝင်ရောက်စွတ်ဖက်တာမျိုး မရှိခဲ့ဘူး။
ထိုရက်တွေမှာ တန်တန်လေးက လီလီနဲ့အတူ အချိန်ကုန်ဆုံးခဲ့ပြီး သူမက မအေကိုတောင် မကပ်တွယ်တော့ပါဘူး။
တဖက်မှာ ပိုင်လင်းက ထိုင်နေပေမယ့် သူ့အသိစိတ်က ဆေးပညာကျမ်းနဲ့ပက်သက်ပြီး ချီယောင်နဲ့ဆွေးနွေးနေခဲ့တာပါ။
“ကျားလော် စန်းလော် ထန်းလော် ကုန်မြေတိုက်ကြီး ၃ခုစလုံးမှာတောင် ဘုရင်အဆင့် ဆေးပညာရှင်ဆိုတာ အင်ပါယာအဆင့်ထက်တောင် ရှားပါးသေးတယ်”
“အဲ့လောက်တောင်လား”
“ဟုတ်တယ် ငါနန်းတက်တဲ့ကာလတွေတုန်းက ငါ့အတွက်လိုအပ်တဲ့ ဆေးလုံးအရင်းအမြစ်တွေ အားလုံးကို လုတန်ကပဲ တာဝန်ယူပေးခဲ့တာ ငါလိုဘုရင်မတယောက်အနေနဲ့ ဆေးလုံးအတွက် တခြားလူတွေဆီမှာ အောက်ကျခံနေစရာ မလိုခဲ့ဘူး”
ဒါကတော့ နည်းနည်းမောက်မာသွားပြီ။
“အဖိုးလုက ဘယ်အဆင့်မှာရှိနေလဲ”
ပိုင်လင်းရဲ့အမေးကို ချီယောင်က
“ဧကရာဇ်အဆင့် ဆေးပညာရှင်”
ပိုင်လင်းတယောက် တုတ်လှုပ်သွားတယ်။ ထိုသို့ဆိုလျှင် ထိုလူက ဘက်စုံနီးပါး ထူးချွန်တယ်လို့တောင် ဆိုနိုင်ပြီမဟုတ်လား။ ဒါကိုတောင် ဘုရင်မကငြင်းပယ်တယ်ဆိုတော့ ရုပ်ဆိုးလို့များလား။
ပိုင်လင်းရဲ့အတွေးကို ခံစားမိနေတဲ့ချီယောင်က နှာမှုတ်လိုက်ပြီး မကျေမနပ်ပြောလာတယ်။
“ဟမ့် လုတန်က ငါတွေ့ဖူးသမျှ ယောက်ကျားတွေထဲမှာ အခန့်ညားဆုံးပဲ”
“သြော်”
ပိုင်လင်းလည်း ခေါင်းညိတ်လိုက်တယ်။ မိန်းမတစ်ယောက် ကိုယ့်ကိုချစ်လာဖို့ ဘာတွေလိုအပ်လဲ အကြမ်းဖျင်းအားဖြင့် ရုပ်ရည် ဂုဏ်ဒြပ် ခွန်အား စသည်ဖြင့် ဒါပေမဲ့ တခါတလေမှာ နားလည်ရခက်တဲ့ မိန်းမတွေရဲ့ စိတ်က အရာအားလုံးပြည့်စုံတဲ့ ယောက်ကျားတစ်ယောက် သူတို့ကိုချစ်ခွင့်ပန်ရင်တောင် ပြန်သဘောကျချင်မှ ကျတာမျိုးကိုး။
“နင်အခုကစပြီး အဆင့်နိမ့်ဆေးပညာက စပြီး လေ့ကျင့်တော့ ငါခန့်မှန်းရသလောက် ထူးခြားဖြစ်စဥ်တွေ တခြားနေရာမှာလည်း ဖြစ်လောက်ပြီ အခြေနေကိုလည်း အမြဲမပြတ် နားစွင့်ထားဖို့လိုတယ်”
“ကျုပ်သိပါတယ် ခဏနေ မော့ပေကို လိုအပ်တဲ့ ဆေးပစ္စည်းအချို့ ဝယ်ဖို့လွှတ်မလားလို့ တွေးနေသေးတယ် အဖိုးလုချန်ထားတဲ့ ဆေးပင်တွေက သိုင်းသခင်အထက်တွေချည်းပဲဆိုတော့ ကျုပ်အတွက် လေ့ကျင့်လို့မရဘူးဖြစ်နေတယ်”
နေ့လည်လောက်ရောက်တော့ ပိုင်လင်းက မော့ပေကိုခေါ်ပြီး အဆင့်နိမ့်နဲ့ အလယ်လတ်အဆင့် ဆေးပစ္စည်းအချို့နဲ့ အရည်သွေးသင့်တင့်တဲ့ ဆေးမီးဖိုတလုံး ဝယ်ပေးဖို့ အကူညီတောင်းလိုက်တယ်။
ဒီနှစ်နှစ်အတွင်းမှာ သူက ကျင့်ကြံရင်းနဲ့ ဆေးပညာကိုလည်း လေ့လာမယ်လို့ ဆုံးဖြတ်ထားတယ်။
မော့ပေထွက်သွားပြီး မကြာခင်မှာပဲ ချန်ဟယ်တို့ညီအစ်မရောက်လာပြီး ပိုင်လင်းနဲ့ စကားပြောကြတယ်။ ချန်အိမ်တော်က ပိုင်လင်းနဲ့ ချန်ညီအစ်မကြား ဆက်ဆံရေးကို တားမြစ်ဖို့စိတ်ကူး မရှိတော့တဲ့ပုံပါ။
“နင့်ကိုလုပ်ကြံတဲ့ ကိစ္စနဲ့ပက်သက်ပြီး နင်ဘာမှ မတုန့်ပြန်တော့ဘူးလား”
ချီယောင်က ပိုင်လင်းရဲ့ပြောပြချက်အရ ပိုင်လင်းတယောက် လုပ်ကြံခံခဲ့ရတဲ့ အကြောင်းကိုသိနေပြီး သူမက မမေ့တဲ့ပုံပါ။
“ဘာလုပ်ရမှာလဲ အခုက တဖက်တည်းဖြစ်နေပြီ နောက်ပြီး လက်ရှိကျုပ်ခွန်အားအရလည်း သူတို့ကိုသွားပြီး ဖြေရှင်းချက်တေင်းတာက အနိုင်ကျင့်ရာတောင် ရောက်နေတယ် သူတို့စိတ် သူတို့မလုံတဲ့တနေ့ ကျုပ်ဆီလာတောင်းပန်ကြလိမ့်မယ်”
ပိုင်လင်းက ထိုကိစ္စနဲ့ပက်သက်ပြီး မည်သည့် အတွေးမှမရှိတော့ပါဘူး။ ဒီ့အတွက် စုလဲ့ကသာ ရိုးရိုးသားသားနဲ့ လာရောက်တောင်းပန်ခဲ့ရင် အပြီးသတ် နားလည်ပေးလိုက်ဖို့ပဲ တွေးထားခဲ့တယ်။
“နင်ကထင်သလောက် မရက်စက်တတ်သေးဘူး”
ချီယောင်က အပြစ်တင်ပြောဆိုလာတယ်။ ပိုင်လင်းက ခပ်ဖွဖွပြုံးလိုက်ပြီးနောက်
“ရက်စက်တယ်ဆိုတာ ဘာလဲ သတ်ဖြတ်တာကို ပြောတာလား တခါတလေမှာ သတ်ဖြတ်တာထက် အချို့လုပ်ရက်တွေက ပိုပြီးတောင် ရက်စက်သေးတယ် အခုပဲကြည့် ကျုပ်ဘက်က အဲ့ကိစ္စကိုအစမဖော်သရွေ့ သူတို့တွေ နေ့တိုင်းစိတ်မလုံခြုံသလိုဖြစ်နေမှာ ဘယ်အချိန်ကျုပ်ဘက်က ပြဿနာစရှာမလဲ တွေးပူနေရပြီ ဒီလောက်ဆို တော်ပါပြီလေ”
“နင့်အတွေးတွေကို ငါလိုက်မမီဘူး”
သူမက ခနဲ့သလို ရွဲ့သလိုနဲ့ ပြောလာတယ်။ ပိုင်လင်းကတော့ သူမစကားတွေကို လျစ်လျူရှုထားခဲ့ပြီး လေ့ကျင့်နေတဲ့ ကျိလင်ကိုပဲ ငေးကြည့်နေလိုက်တော့တယ်။
အချိန်က တဖြေးဖြေးနဲ့ တလတာ ကုန်ဆုံးသွားခဲ့တယ်။ ထူးဆန်းစွာနဲ့ပဲ ချူမိသားစုက ငြိမ်သက်နေပြီး ချန်ထန်းတို့ စုံစမ်းမှုအရ ချူမိသားစုရဲ့ အဓိကမိသားစုဝင်အချို့ ထွက်ခွာသွားကြတယ် လို့ပဲ သိလိုက်ရတယ်။ နောက်ဆက်တွဲ သတင်းတွေက ပျောက်ကွယ်နေခဲ့ပြီ။
ထိုရက်တွေမှာပဲ ချန်ထန်းဦးဆောင်မှုနဲ့ ကောင်းကင်မဟာမိတ်ဆိုတဲ့ အဖွဲ့တခုဖြစ်ခဲ့ပြီး ပိုင်လင်းကိုတော့ အဖွဲ့ရဲ့ယာယီခေါင်းဆောင် အနေနဲ့ သက်မှတ်လိုက်ကြတယ်။
မူလက ပိုင်လင်းငြင်းလိုပေမယ့် အချိန်တော်ကြာ ညှိနှိုင်းပြီးမှာတော့ ပိုင်လင်းထွက်ခွာသွားချိန်မှာ ချန်ထန်းက တာဝန်ဆက်ယူဖို့ သဘောတူလိုက်ကြတယ်။
နောက်ရက်တွေက အင်မတန်ရိုးစင်းခဲ့ပြီး အချိန်အများစုက ဆေးဖော်စပ်တာနဲ့ပဲ ကုန်လွန်စေခဲ့တယ်။ တဖက်မှာတော့ မော့ပေတို့ကို လေ့ကျင့်ရာမှာ ကူညီပေးတာပေါ့လေ။
……………………………………………….