← Chapters

အခန်း (၈၄)

Vol. 6 Ch. 84

အခန်း (၈၄)

Vol. 6 Ch. 84

သင်းပျံ့ကောင်းကင်မြို့က လှုပ်ရှားသက်ဝင်နေတယ်။ ဒီနေ့က ကောင်းကင်မဟာမိတ်အဖွဲ့အနေနဲ့ အဖွဲ့ဝင်အချို့ ဖိတ်ခေါ်တဲ့နေ့ဖြစ်ပြီး သင်းပျံ့ကောင်းကင်မြို့ရဲ့ လူငယ်ကျင့်ကြံသူတွေက ပါဝင်ကြဖို့ စိတ်အားထက်သန်နေကြတယ်။

“မင်းတို့သိပြီးပြီလား ကောင်းကင်မဟာမိတ်ရဲ့ လူငယ်ခေါင်းဆောင်ပိုင်လည်း ဒီပွဲကိုလာမယ် လို့ငါကြားထားတယ်”

“သခင်လေးပိုင်လား အို ဒါဆိုငါတို့သူ့ကို တွေ့ရတော့မှာပေါ့”

“ငါတော့ စိတ်လှုပ်ရှားနေပြီဟေ့ မင်းတို့တွေးကြည့်စမ်း သူကငါတို့နဲ့ အသက်မတိမ်းမယိမ်းမှာ ရှိနေတယ်ဆိုပေမဲ့ ခွန်အားက သိုင်းသခင်အလယ်ဆင့်ကိုတောင် ရောက်နေပြီ”

ကောင်းကင်မဟာမိတ်ရုံးချုပ်ရဲ့ အပြင်ဘက် ကွင်းပြင်ကျယ်မှာတော့ သိန်းချီနဲ့ လူငယ်ကျင့်ကြံသူတွေက စိတ်လှုပ်ရှားစွာနဲ့ စောင့်နေခဲ့တယ်။

“ကောင်လေးပိုင် ဒီကိစ္စက မင်းကိုမပြောပဲ စီစဥ်လိုက်တဲ့အတွက် အဒေါ်တို့ကိုနားလည်ပေးပါ”

သခင်မလင်းက တောင်းပန်လာတယ်။

“မဟုတ်တာပဲ ကျတော်နားလည်ပါတယ်”

ပိုင်လင်းက သက်တောင့်သက်သာပဲ ပြန်ဖြေလိုက်တယ်။ မကြာခင်က ချီယောင်ရဲ့ အကြံပေးချက်အရ သင်းပျံ့ကောင်းကင်မြို့ကို သူမထွက်သွားခင်မှာ တည်ငြိမ်တဲ့အနေထား တခုထိရောက်အောင် ပြုလုပ်ပေးခဲ့ဖို့ ဖြစ်တယ် ဒါက တစတစ အားကောင်းလာပြီး ကပ်ဘေးနဲ့ နီးကပ်လာချိန်မှာ လူသားကျင့်ကြံသူတွေရဲ့ ခွန်အားကိုတဖက်တလမ်းက မြင့်တင်ရာရောက်ပြီး ပိုင်လင်းအတွက် စိတ်ပိုင်းဆိုင်ရာ ခွန်အားတခု တိုးစေတယ်လို့ သူမကယုံကြည်နေတယ်။

“ဘာလို့ ဘုရင်ဆိုတဲ့နေရာကို လူတွေမက်မောကြလဲ နင်သိလား အားလုံးရဲ့အထက်မှာ ရှိနေတဲ့လူတယောက်က သူ့အောက်မှာရှိနေတဲ့ လူတွေဆီကနေ မြင့်မြတ် ကံကြမ္မာဆိုတဲ့ ကောင်းချီတခုရပြီး ဒါကနတ်ဘုရားအဆင့်ကို တက်လှမ်းတဲ့အချိန် အဓိကလိုအပ်တဲ့အရာပဲ”

“ဘုရင်လား ကျုပ်ဘုရင်မဖြစ်ချင်ဘူး”

ပိုင်လင်းက ချက်ချင်းပဲ ငြင်းဆိုလိုက်တယ်။ သူက ထီးနန်းတော်ဝင်အမျိုးနွယ် စတဲ့အရာတွေကို သဘောမကျပဲ လွတ်လပ်ပြီး အားကောင်းတဲ့ ကျင့်ကြံသူပဲ ဖြစ်ချင်တာပါ။

“နင်အတွေးလွန်နေပြီ ဘုရင်ဆိုတဲ့သဘောတရားက ထီးနန်းကိုယူပြီး တိုင်းပြည်တခု နိုင်ငံတခုကိုအုပ်စိုးမှ ဘုရင်ဖြစ်တာ မဟုတ်ဘူး လူတွေရဲ့နှလုံးသားကို ခွန်အား ဂုဏ်သိက္ခာ စတာတွေနဲ့ လွှမ်းမိုးထားနိုင်တာလဲ ဘုရင်ပဲ”

နည်းနည်းတော့ ရှုပ်ထွေးတယ်။ ဒါပေမယ့် နားထောင်ရကောင်းတယ်လို့ ပိုင်လင်းယူဆတယ်။ ထိုအချိန်မှာပဲ ချန်ထန်းရဲ့ စကားသံကြောင့် အသိဝင်လာတယ်။

“ကောင်လေးပိုင် နောက်နာရီအနည်းငယ်ဆို စမ်းသပ်မှုတွေ စလိမ့်မယ် အဲ့မတိုင်ခင်မှာ လူငယ်ကျင့်ကြံသူတွေအတွက် စကားအချို့ပြောပေးပါဦး”

ချန်ထန်းရဲ့စကားအဆုံးမှာ ပိုင်လင်းလည်း ခေါင်းကုတ်လိုက်ရပြီး မူလက ချန်ထန်းသူ့ကို ခေါ်တွေ့တာနဲ့ပက်သက်ပြီး သူကချန်ဟယ်နဲ့ လက်ထပ်မယ့်အကြောင်းအရာလို့ ထင်နေခဲ့တာပါ။ အခုတော့…

“ကောင်းပါပြီ”

ပိုင်လင်းသဘောတူတာကိုမြင်တော့ ချန်ထန်းလည်း ပြုံးလိုက်ပြီးနောက် သခင်မလင်းနဲ့အတူ ခန်းမထဲကထွက်သွားတော့တယ်။ ခဏကြာတော့ ခန်းမထဲကို ချန်ညီအစ်မနှစ်ဦး ဝင်လာပြီး ပိုင်လင်းကိုတွေ့တာနဲ့ ချန်ရှင်းက

“အစ်ကိုပိုင် အပြင်ဘက်မှာ အစ်ကိုပိုင့်ကို တွေ့ချင်နေတဲ့ လူငယ်တွေဘယ်လောက်များလဲ တွေးကြည့်လိုက်ပါဦး အခုအစ်ကိုပိုင်က အရမ်းကျော်ကြားနေပြီ”

သူမက ခပ်ဖွဖွရယ်ပြီး ပိုင်လင်းကိုချီးကျူးနေခဲ့တယ်။ ဘေးမှာရှိတဲ့ ချန်ဟယ်က သူမညီမဖြစ်သူကိုသာ ငေးကြည့်နေခဲ့ပြီး ဘာတခုမှဝင်မပြောပဲ ထိုင်ခုံတခုမှာ အသာထိုင်နေခဲ့တယ်။

“ချန်ဟယ် တခြားမြို့တွေရဲ့ အခြေနေဘယ်လိုရှိလဲ သိလား”

ပိုင်လင်းက သူမတို့ညီအစ်မနှစ်ဦးအတွက် လက်ဖက်ရည်ငှဲ့ပေးပြီး စကားစလိုက်တယ်။ ချန်ဟယ်က

“တုံမင် စီချွမ်နဲ့ ချန်မြို့တော်ကြီးအပါအဝင် တခြားထိပ်တန်းမြို့တွေ စီရင်စုတွေမှာ ကျောက်တွင်းတွေ ဆက်တိုက်ပေါ်လာတယ်လို့ ကြားမိတယ် နောက်ပြီးထူးခြားတဲ့ အမွေနှစ်တွေရောပေါ့”

ချန်ဟယ်ရဲ့စကားဆုံးတော့ ပိုင်လင်းက

“ကိုယ်တို့ဖြစ်သလိုမျိုး မဖြစ်ဘူးလား”

“ဟင့်အင်း အဲ့ကိစ္စနဲ့ပက်သက်ပြီး ဘာသတင်းမှမရဘူး ဒါပေမယ့် ထူးခြားတာက ချန်မြို့တော်က အဓိကအင်အားစုဖြစ်တဲ့ ယွမ်မိသားစုတခုလုံး အသတ်ခံလိုက်ရတာပဲ”

“ဘာဖြစ်တယ်”

ပိုင်လင်းတယောက် မှင်သက်သွားတယ်။ မိသားစုတစုဆိုတာက လူဦးရေသောင်းချီရှိတတ်ကြပြီး ထိုအထဲကမှ ယွမ်မိသားစုလို သိုင်းဘုရင်အဆင့် ကျင့်ကြံရေးမိသားစုတခု ပျက်စီးသွားရတယ်ဆိုတာက မရိုးရှင်းတော့ပါဘူး။

“ဟုတ်တယ် သတင်းတွေအရ အဲ့ကိစ္စကို ညီမတို့လင်းအိမ်တော်က လင်းပင်ချန် ဟုန်မိသားစုတွေက ပါဝင်ပက်သက်နေတယ်လို့ သံသယရှိနေကြတယ် သက်သေတော့မရှိဘူး”

ချန်ဟယ်ရဲ့စကားက ချန်မြို့တော်ရဲ့ အခြေနေ အားလုံးကိုထင်ဟပ်စေပြီး ကျောက်တွင်းနဲ့ သဘာဝဖြစ်စဥ်တွေနောက်က မရိုးရှင်းတာကို ခံစားမိလို့များ ချူမိသားစုက ထွက်ခွာသွားလေသလား။

“ကိုယ်တို့ရက်အနည်းငယ်အတွင်း ချန်မြို့တော်ကို သွားဖို့လိုလာပြီ”

ပိုင်လင်းရဲ့စကားကို ချန်ရှင်းက နားမလည်ဟန်နဲ့ ပြန်မေးတယ်။

“ဘာလို့လဲ အစ်ကိုပိုင်”

“အခြေနေတွေက မရိုးရှင်းတာကို ရှင်းအာသတိ ထားမိတယ်မဟုတ်လား ဒါတွေက မြို့တွေမှာ ကပ်ဘေးတခုခုသင့်နေတာဆိုရင် ကိုယ်တို့မြို့ကိုလည်း အနှေးနဲ့အမြန် ရောက်လာလိမ့်မယ် ဒါကြောင့် အခြေနေကို စုံစမ်းပြီး ကြိုတင်ပြင်ဆင်ရမယ်”

ချန်ဟယ်ကလည်း ဝင်ပြောလာတယ်။

“ဟုတ်တယ်ညီမလေး ဒါကြောင့်လည်း ဖေဖေနဲ့မေမေက တခြားခေါင်းဆောင်တွေနဲ့ တိုင်ပင်ပြီး ကောင်းကင်မဟာမိတ်အတွက် လူအင်အားစုဆောင်းနေတာပေါ့ ဒီအတွက် အစ်ကို့ကို ခေါ်ပြီးဆွေးနွေးဖို့ သူတို့တွေးသေးတယ် အစ်ကိုကဆေးပညာရပ်ကို အားစိုက်လေ့လာနေတယ်ဆိုလို့ သူတို့ပဲတိုင်ပင်ပြီး ဒီနေ့မှ အသိပေးခဲ့ရတာ”

ထိုကိစ္စအတွက် သူ့လိုယာယီခေါင်းဆောင်ကို ဘေးဖယ်ထားရကောင်းလားဆိုပြီး ပိုင်လင်းက ဒေါသမထွက်တော့ပါဘူး။ ထိုအချိန်မှာပဲ ပိုင်လင်းရဲ့နားထဲကို ချန်ထန်းရဲ့ အသံတိုးဝင်လာတယ်။

“ကောင်လေးပိုင် အချိန်ကျပြီ”

ပိုင်လင်းလည်း တွန့်ခနဲဖြစ်သွားတယ်။ ဒါက စာသင်ခန်းရှေ့မှာ မိမိကိုယ်ကို ထွက်ပြီးမိတ်ဆက်တာနဲ့ မတူပါဘူး။ အားကျနေတဲ့ အကြည့်ပေါင်းများစွာကို ခံယူရမှာဖြစ်ပြီး ပိုင်လင်းလိုလူအတွက်တော့ ခက်ခဲပါတယ်။

ပိုင်လင်းရဲ့အမူအရာ ရှုံ့မဲ့နေတာတွေ့တော့ ချန်ရှင်းက ဟက်ဟက်ပက်ပက် ရယ်လိုက်ပြီး

“အစ်ကိုပိုင့်ကိုကြည့်ပါဦး ရှုံ့မဲ့နေတာပဲ ဒီလိုဖြစ်မယ်ဆိုတာ ဖေဖေကကြိုသိလို့ ခုလိုလုပ်လိုက်တာနေမှာ ခစ်ခစ်ခစ်”

ပိုင်လင်းလည်း မျက်နှာအမူအရာကို ချက်ချင်းပြင်လိုက်ပြီး ခန်းမထဲကထွက်သွားလိုက်တယ်။

အပြင်ရောက်တော့ ဘောလုံးကွင်းတကွင်းစာ ထက်တောင်ပိုကျယ်တဲ့ မြေကွက်လပ်ကြီးထဲမှာ သောင်းချီတဲ့ ကျင့်ကြံသူတွေက စုရုံးနေကြတယ်။ ပိုင်လင်းလည်း ရုပ်တည်နဲ့ပဲ စင်မြင့်ပေါ်တက်သွားတယ်။ စင်မြင့်ပေါ်မှာတော့ ချန်ထန်းတို့လင်မယားနဲ့ ခေါင်းဆောင်အစုံ ရောက်နေကြပြီး ပိုင်လင်းသာ နေရာယူဖို့ကျန်တော့တာပါ။

ပိုင်လင်းတယောက် စင်ပေါ်တက်လာတွေ့တော့ လူအုပ်ကြီးက အုန်းအုန်းကြွပ်ကြွပ် ဖြစ်သွားတယ်။

“သခင်လေးပိုင် တကယ်လာတယ်ဟေ့”

“အစ်ကိုပိုင် အစ်ကိုပိုင်က ကျတော့်ရဲ့လမ်းပြကြယ်ပဲ”

“သခင်လေးပိုင်က အရမ်းချောတာပဲ”

များပြားတဲ့ ချီးကျူးသံတွေကြောင့် ကျောရိုး တလျှောက်စိမ့်ခနဲတောင် ဖြစ်သွားရပြီး ဟန်ချက်ထိန်းဖို့ မသိမသာ ချောင်းဟန့်လိုက်ရတယ်။ ချန်ထန်းကတော့ ပိုင်လင်းကို တချက်လှည့်ကြည့်ပြီးနောက် အချက်ပြတယ်။ သဘောက စကားထွက်ပြောလေ ဆိုတဲ့ အဓိပ္ပါယ်ပါ။

ပိုင်လင်းနဲ့ မိနစ်အနည်းငယ်ကြာ တည်ငြိမ်အောင်လုပ်ပြီးနောက် စင်မြင့်အလယ်မှာ ရပ်လိုက်တယ်။ ပြီးတော့

“အားလုံးပဲ ဒီနေရာမှာ တွေ့ရတာဝမ်းသာပါတယ်”

“ကျတော်ကတော့ ကောင်းကင်မဟာမိတ်အဖွဲ့က ပိုင်လင်းပါ”

လူအုပ်ကြီးက သိတတ်စွာပဲ ငြိမ်ကျသွားတယ်။ ပိုင်လင်းလည်း အခြေနေတည်ငြိမ်သွားတာကို မြင်တော့ ဆက်ပြောတယ်။

“ဒီနေ့မှာ ကောင်းကင်မဟာမိတ်အဖွဲ့က စီစဥ်တဲ့ လူရွေးပွဲကို ပါဝင်ပေးလို့ ပထမဆုံးကျေးဇူးတင်စကား ပြောချင်ပါတယ် ခင်ဗျားတို့အားလုံးသိတဲ့အတိုင်းပဲ မကြာသေးခင်က ဖြစ်သွားတဲ့ ကျောက်တွင်းပြဿနာကြောင့် မြို့ရဲ့အင်အားစု အများပြားထိခိုက်ခဲ့ရပြီး မြို့ကလည်း ဟန်ချက်ပျက်လုနီးပါး ဖြစ်သွားရတယ် နောက်ပြီး တခြားနေရာတွေမှာ ဖြစ်နေတဲ့ အခြေနေတွေက မရိုးရှင်းဘူးလို့ ဒီကခေါင်းဆောင်တွေ ယူဆကြတာကြောင့် မကြာခင်မှာကျရောက်လာမယ့် ဘေးအန္တရာယ်ဆိုးကြီးကို အတူတကွရင်ဆိုင်ကြဖို့ ဒီလိုစီစဥ်ရတာ ဖြစ်တယ် အခုပါဝင်တဲ့လူတွေက နောင်မှာ သင်းပျံ့ကောင်းကင်မြို့ ဒီထက်ပိုကြီးကြီးကျယ်ကျယ် ပြောရရင်တော့ လူသားမျိုးနွယ်ရဲ့ အနာဂတ်သူရဲကောင်းတွေ ဖြစ်လာလိမ့်မယ်လို့ ကျတော်ယုံကြည်ထားတယ် ဒါ​ကြောင့်အားလုံး ပါဝင်ပြီး ခွန်အားတွေကို ထုတ်ဖော်ကြပါ အနာဂတ်မှာ ကိုယ့်ကံကြမ္မာကို ကိုယ်တိုင်ချုပ်ကိုင်နိုင်တဲ့ အထိ တိုက်ပွဲဝင်ကြပါလို့ ပြောရင်း နိဂုံးလျုပ်လိုက်ပါတယ်”

ပိုင်လင်းရဲ့စကားက အဓိပ္ပါယ်အတော်လေး သက်ရောက်သွားခဲ့ပြီး သူ့စကားလုံးတွေအရ လူငယ်ကျင့်ကြံသူအများပြားက သွေးများဆူပွက်လာသလို ခံစားသွားကြတယ်။

ချက်ချင်းပဲ ကွင်းပြင်ကြီးတခုလုံး ကျယ်လောင်တဲ့ ကြုံးဝါးသံနဲ့အတူ မြေပြင်ကိုတောင် တုန်ခါစေမယ့် အသံကဟိန်းထွက်လာတော့တယ်။

“နင်က စကားပြောကောင်းသားပဲ မထင်ရဘူး”

ချီယောင်ကစနောက်လာတယ်။

“တော်စမ်းပါ ကျုပ်ဆန္ဒမပါပဲ ထွက်ပြောလိုက်ရတာ”

ပိုင်လင်းရဲ့မျက်နှာက သုန်မှုန်နေပြီး ချက်ချင်းပဲ စင်မြင့်ပေါ်ကဆင်းပြီး ခန်းမထဲတန်းဝင်သွားတော့တယ်။ တဖက်မှာ ချန်ထန်းတို့က ထိုအပြုအမူကို နားလည်ပေးလိုက်ပြီး ပိုင်လင်းရဲ့ စကားလုံးတွေကို သဘောကျနေကြတယ်။

……………………………………………….

All Chapters