အခန်း (၈၉)
Vol. 6 Ch. 89
ပိုင်လင်းတို့လည်း လင်းဝေခေါ်ဆောင်ရာ ခြံဝန်းတခုဆီ လိုက်သွားကြတယ်။
ခြံဝန်းက အိမ်တော်ရဲ့ထည်ဝါမှုနဲ့ မလိုက်ဖက်စွာပဲ မှေးမှိန်နေပြီး သေးငယ်တဲ့ အိမ်လေးတလုံးနဲ့ ခြံဝန်းထဲထိုင်ပြီး စကားပြောဖို့ စားပွဲတလုံး ထိုင်ခုံအနည်းငယ်သာ ရှိနေတာကို တွေ့ရတယ်။
သုံးယောက်သား ထိုင်ပြီးတော့ ချန်ဟယ်က စကားစတယ်။
“အဖိုး အင်အားစုတွေစုနေတာနဲ့ ယွမ်မိသားစုကိစ္စ အဖိုးဘာကြားမိသေးလဲ”
လင်းဝေက တခဏ ငြိမ်သက်သွားပြန်တယ်။ ပြီးနောက် သက်ပြင်းချလိုက်ပြီး
“ယွမ်မိသားစုကို ဟုန်မိသားစုက ဖျက်ဆီးလိုက်တာပဲ”
ပိုင်လင်းတို့ မှင်သက်သွားတယ်။ အဆင့်တူခွန်အားတူ မိသားစုနှစ်ခုအနေနဲ့ တဖက်ကိုအပြတ်ချေမှုန်းဖို့ဆိုတာ မဖြစ်နိုင်ဘူးမဟုတ်လား။
“ဘာအတွက်လဲ”
ပိုင်လင်းရဲ့အမေးကို လင်းဝေက ခေါင်းယမ်းပြလိုက်ပြီး
“သေ ချာမသိရဘူး ပြီးခဲ့တဲ့လတွေမှာ အဖိုးက တံခါးပိတ်ကျင့်ကြံနေခဲ့တာ အိမ်တော်ရဲ့ကိစ္စအများစုကို အဖိုးရဲ့သားကပဲ စီမံတယ်လေ”
လင်းဝေကထိုသို့ပြောရင်း မျက်နှာကမသိမသာ ရှုံ့မဲ့သွားတယ်။ ဒါပေမယ့် ဖျတ်ခနဲသာဖြစ်ပြီး ချက်ချင်းပဲ ပြန်ဖုံးကွယ်လိုက်တယ်။ ဒါပေမဲ့ ပိုင်လင်းကထိုအရာကို သတိပြုမိလိုက်တာကြောင့် စိတ်ထဲမသက်ာ ဖြစ်သွားတယ်။
“အဖိုးမှာ ရောဂါတခုခုဖြစ်နေတာလား”
ပိုင်လင်းကချီယောင်ကို တိတ်တဆိတ် မေးလိုက်တယ်။ ချီယောင်က
“ငါလည်း စရောက်တည်းက လေ့လာနေတာ ထူးတော့ထူးဆန်းတယ် ငါ့စိတ်ထင် အဆိပ်တခုခုမိနေပုံရတယ်”
“အဆိပ်လား အဖိုးကဘာလို့ အဆိပ်မိနေရတာလဲ”
ထိုသို့တွေးရင်း လင်းဝေကိုတချက်ကြည့်လိုက်တယ်။ ထိုလူအိုကြီးက လင်းသခင်မကြီးနဲ့ အတော်များများဆင်တူပြီး ပြတ်သားရဲရင့်တဲ့ စိတ်ဓာတ်ရှိပုံရပါတယ်။ ဒါပေမယ့် ဘယ်လိုအခြေနေက သူ့ကိုသာမန်အဖိုးအိုးတဦး လိုဖြစ်နေစေတာလဲ။ ပြီးတော့သူက သိုင်းဘုရင်အဆင့် ကျင့်ကြံသူလည်း ဖြစ်နေသေးတယ်။
“မြေးလည်းကြားမှာပေါ့ သလင်းကျောက်တွင်း ကိုတူးယူဖို့ ဟုန်မိသားစုက ဦးဆောင်မှာလေ ဒါကြောင့် ချန်မြို့တော်ကို အင်အားစုတွေ စုပြုံနေကြရတာပဲ”
ချန်ဟယ်တယောက် လေးနက်သွားတယ်။ သာမန်အားဖြင့် ဒီလိုအရေးပါတဲ့အရင်းအမြစ် တွေဆိုတာ အင်အားစုကြီးတွေကပဲ လက်ဝါးကြီးအုပ်ထားကြတာမျိုးပါ အခုတော့ ပေါ်ပေါ်တင်တင် ကြေငြာတယ်ဆိုတာက တခုခုမှားယွင်းနေတယ်လို့ အဓိပ္ပါယ်သက်ရောက်နေခဲ့တယ်။
“အဲ့ကိစ္စမှာ ဦးလေးတို့ကောပါလား”
ချန်ဟယ်က မေးလိုက်တယ်။
“အိမ်တော်ကိုကိုယ်စားပြုပြီး ပါဝင်နေတယ်လေ ဘာဖြစ်လို့လဲမြေး”
လင်းဝေရဲ့အမေးကို ချန်ဟယ်က ခေါင်းရမ်းပြလိုက်ပြီး
“ဘာမှမဖြစ်ပါဘူး ဒီတိုင်းမေးတာပါ”
ပိုင်လင်းက စကားဝိုင်းကိုဝင်မစွတ်ဖတ်ပဲ ဘေးကနေသာ နားထောင်နေခဲ့တယ်။
“ဒါနဲ့ဒီလူငယ်လေးက မြေးနဲ့ဘယ်လိုပက်သက် နေတာလဲ”
လင်းဝေရဲ့အမေးကိုကြားတော့ ချန်ဟယ်က အနည်းငယ်ရှက်ရွံသလိုနဲ့ ခေါင်းငုံ့လိုက်ပြီး
“သူက မြေးရဲ့ သတို့သားလောင်းပါ”
“ဟားး ကောင်းတယ် ကောင်းတယ် ကောင်လေးပုံစံက အရည်ချင်းရှိမယ့်ပုံပဲ ကောင်လေး ငါ့မြေးကိုအနိုင်မကျင့်ရဘူးနော်”
လင်းဝေက ရယ်မောရင်း ပိုင်လင်းကိုစနောက်လာတယ်။ သူ့ပုံစံကိုသတိထားနေတဲ့ပိုင်လင်းက အဖိုးအိုအနေနဲ့ တခုခုဖုံးကွယ်ထားတယ်လို့ ခံစားနေရတယ်။
“ဒါနဲ့ မြေးတို့အိမ်တော်မှာပဲ တည်းကြပါလား”
လင်းဝေရဲ့ဖိတ်ခေါ်မှုကို ချန်ဟယ်က ချက်ချင်းပဲ ငြင်းလိုက်တယ်။ သူမတို့သားအမိ အပေါ်အမြင်မကြည်သူတွေရှိတဲ့ အိမ်တော်မှာ သူမကတစက္ကန့်လေးတောင် နေလိုစိတ်မရှိပါဘူး။ သူမအတွေးကို သတိထားမိပုံရတဲ့ လင်းဝေကသက်ပြင်းချလိုက်တယ်။
“မြေးတို့ ဒီရက်ပိုင်းမြို့ထဲမှာ ရှိနေမှာပါ အဖိုးဆီမကြာခဏ လာခဲ့ပါ့မယ်”
ထိုနေ့က အချိန်အတော်ကြာ စကားပြောပြီးနောက် လင်းအိမ်တော်ထဲက ထွက်လာကြတယ်။ တည်းခိုရာကိုပြန်ရောက်တဲ့အထိ ပိုင်လင်းတယောက် အတွေးနက်နေတော့ ချန်ဟယ်က မေးလာတယ်။
“ဘာတွေတွေးနေတာလဲ”
“အဖိုးပုံစံတခုခု ထူးခြားနေတာကို သတိထားမိလား”
ပိုင်လင်းရဲ့အမေးကိုကြားတော့ ချန်ဟယ်က ခေါင်းယမ်းလိုက်ပြီး
“ထူးခြားတာလား မရှိလောက်ပါဘူး ကျွန်မအပေါ် အရင်ကထက်ပိုရင်းရင်းနီးနီး ဆက်ဆံလာတာပဲ ရှိတာပါ”
သူမပုံစံက သတိထားမိပုံမပေါ်ပါဘူး။ ပိုင်လင်းလည်း သူသတိပြုမိတဲ့ကိစ္စကို အတည်ပြုပြီးမှ ပြောပြမယ်လို့ ဆုံးဖြတ်လိုက်ပြီး ငြိမ်နေလိုက်တယ်။ မဟုတ်ရင် ချန်ဟယ်တယောက် သူမအဖိုးကို စိတ်ပူနေတော့မှာပါ။
……………………………………………….