← Chapters

အခန်း (၈၅)

Vol. 6 Ch. 85

အခန်း (၈၅)

Vol. 6 Ch. 85

ဝုန်း

ဆေးမီးဖိုက တုန်ခါသွားပြီး တူးခြစ်တဲ့အနံ့ဆိုးတခု ထွက်ပေါ်လာတယ်။

“သွားပြန်ပြီ”

ပိုင်လင်းတယောက် အဆင့်အလယ်လတ် ဆေးလုံးဖြစ်တဲ့ ချီအားဖြည့်ဆေးကို ဖော်စပ်နေတာပါ။ အဲ့ဒီဆေးက အဆင့်၄ အောက်ကျင့်ကြံသူတွေအတွက် အသုံးဝင်ပြီး ရှားပါးတဲ့ဆေးလုံးအမျိုးစားလည်း ဖြစ်တယ်။

“နင့်ရဲ့ဆေးပညာပါရမီကတော့ လက်ဖျားခါစရာပဲ”

ချီယောင်က တခစ်ခစ်ရယ်ပြီး နောက်ပြောင်နေတယ်။ သူမက တခါတရံမှာ ဘုရင်မဆိုတဲ့ ဂုဏ်ပုဒ်ကို မထိန်းထားတော့ပါဘူး။ ဒါက ပိုင်လင်းကိုပဲ ဆက်ဆံတဲ့ ရှားပါးအခွင့်ရေးတခု ဖြစ်မှာပါ။

ကောင်းကင်မဟာမိတ်ရဲ့ အင်အားစုဆောင်းတဲ့ ပြိုင်ပွဲက တပတ်တိတိကျင်းပခဲ့ပြီး ထိုမှတဆင့် အရည်အချင်းရှိတဲ့ ကျင့်ကြံသူ ၅၀၀၀ နီးပါး ရလိုက်တယ်။ ဒီလူငယ်တွေကို ချန်ထန်းဦးဆောင်ပြီး ကောင်းကင်မဟာမိတ်က အရင်းအမြစ် စိုက်ထုတ်ပေးမှာပါ။

အဲ့အတွက်လည်း ပိုင်လင်းက တဖက်တလမ်း ကူညီပေးတဲ့အနေနဲ့ သူ့ရဲ့လက်သီးနည်းစနစ်ကို မျှဝေပြီး သလင်းကျောက်တသိန်းကိုလဲ ထုတ်ပေးခဲ့တယ်။ ယာယီခေါင်းဆောင်အနေနဲ့ ထိုမျှလောက်တော့ လုပ်ပေးဖို့လိုအပ်မယ်လို့ သူထင်တယ်လေ။

“ဘာလို့လဲ.. ရနံ့မဲ့သစ်သီးက ဘာလို့မီးကျွမ်းသွားရတာလဲ”

ပိုင်လင်းက မဲတူးနေတဲ့ အဆင့်နိမ့်သစ်သီးကို ထုတ်ယူလိုက်ပြီး ညည်းညူနေတယ်။

“ရနံ့မဲ့သစ်သီးက ဆေးရည်အဖြစ်ဖျော်ချနေတဲ့ အချိန်မှာ သူရဲ့ဖြစ်စဥ်က တခြားအရာတွေနဲ့ မတူဘူး ထူးခြားတယ်လေ နင်သတိမထားမိဘူးလား”

ချီယောင်ရဲ့စကားကြားတော့ ပိုင်လင်းက

“ဘယ်လိုထူးခြားတာလဲ”

“ပထမအချက် သူ့ကိုနောက်ဆုံးမှာ ထည့်ရပြီး ဒုတိယအချက်အနေနဲ့ သစ်သီးကိုထည့်ပြီးရင် အပူချိန်ကို လုံးဝလျှော့ချပစ်လိုက်ရတယ် နင်က သူ့ကိုတချိန်တည်းမှာ ရောသုံးပြီး အပုရှိန်ကလည်း ဖြစ်စဥ်တခုလုံးမှာ တူညီနေတော့ သစ်သီးကမီးကျွမ်းပြီပေါ့”

ပိုင်လင်းလည်း ချီယောင့်စကားကို နားလည်လိုက်တယ်။ ဆေးပညာရပ်မှာ အရာအားလုံး ဖော်ပြထားပေမယ့် အဖိုးလုက ဆေးပင်နဲ့အသီးတွေရဲ့ အခြေခံအချက်တွေကို ဖော်မပြထားပါဘူး။ ဒါကပိုင်လင်းအနေနဲ့ သချ်ာပုဒ်စာတခုကို အဆင့်ကျော်တွက်နေရတာ နဲ့တူညီပါတယ်။

“နောက်တကြိမ် ထပ်ကြိုးစားကြည့်မယ်”

ပိုင်လင်းက ပါဝင်ပစ္စည်းတွေကို ဂရုတစိုက်ထည့်လိုက်တယ်။ ပြီးတော့ အပူရှိန်ကို ထိန်းညှိနေရင်း ဆေးပင်တွေအရည် ပျော်လုနီးပါးဖြစ်သွားချိန်မှာတော့ အသီးကို ထည့်တယ်။

“အပူရှိန်ကိုလျှော့တော့ အခုချက်ချင်း”

ချီယောင်ရဲ့သတိပေးသံထွက်လာတော့ ပိုင်လင်းလည်း ချက်ချင်းပဲ အပူရှိန်ကို လျှော့ချလိုက်တယ်။

“နင်က ဆေးမီးတောက်ကို ကောင်းကောင်းမထိန်းနိုင်သေးဘူးပဲ ငါနင့်ကို မီးတောက်ထိန်းချုပ်တဲ့ ကျင့်စဥ်တခု ပေးမယ် ရက်နည်းနည်းအချိန်ယူပြီး လေ့ကျင့်လိုက် ပြီးမှထပ်ဖော်စပ်တော့ နင့်အစားငါအတော် နှမြောနေပြီ”

ချီယောင်ရဲ့စကားလုံးတွေက ထိုးနျက်ချက်တွေ အလားပိုင်လင်းကိုထိမှန်ကုန်တယ်။ ထိန်းထိန်းသိမ်းသိမ်းလေး ပြောပါဦးဟ။

တခဏကြာတော့ ဆေးလုံးထွက်လာပေမယ့် အရည်သွေးက အဆင့်နိမ့်ပစ္စည်းတွေကို သုံးတာကတကြောင်း မီးထိန်းချုပ်ရာမှာ အဆင်မပြေတဲ့အတွက် ပါဝင်ပစ္စည်းတွေရဲ့ အစွမ်းအားလုံး မရောတော့ပဲ အဆင့်နိမ့်ဆေးလုံး ၃လုံးသာ ထွက်လာခဲ့တယ်။

“အောင်မြင်ပြီကွ…. ဟားး”

“အရူး..”

ရက်အနည်းငယ်ကြာတော့ ပိုင်လင်းတယောက် ချီယောင်ပေးတဲ့ မီးထိန်းချုပ်ရေးကျင့်စဥ်ကို အခြေခံပိုင်နိုင်သွားခဲ့ပြီး နောက်ထပ်တဖန် ဆေးလုံးဖော်စပ်ပြန်တယ်။

တချိန်တည်းမှာပဲ ချန်ဟယ်က ကောင်းကင်မဟာမိတ်အဖွဲ့ရဲ့ လူငယ်ကျင့်ကြံသူတွေကို တာဝန်ယူခဲ့ပြီး သင်းပျံ့မြို့တော်ရဲ့ ခွန်အားကိုမြင့်တင်ဖို့ အကောင်းဆုံးကြိုးစားနေခဲ့တယ်။

သခင်မလင်းက အရင်းအမြစ်တွေ ခွဲဝေစာရင်းသွင်းနေတဲ့ သမီးဖြစ်သူကို ကြည့်ပြီး အပြုံးနဲ့မေးလာတယ်။

“ပင်ပန်းနေပြီလား သမီး”

“နည်းနည်းပါမေမေ သမီးအဆင်ပြေပါတယ်”

ချန်ဟယ်က သက်ပြင်းချလိုက်ပြီး မိခင်ဖြစ်သူကို ပြန်ဖြေတယ်။ သူမစိတ်ထဲမှာတော့ ခေါင်းဆောင်ဖြစ်တဲ့ ပိုင်လင်းက ဆေးဖော်လိုက် ကျင့်ကြံလိုက်နဲ့ သာယာနေပြီး သူမကတော့ နေ့စဥ်နဲ့အမျှ အဖွဲ့ရဲ့အင်အားစုတွေကို တာဝန်ယူနေရတယ်။

“ဒါနဲ့သမီးကို အမေမေးမလို့ သမီးတို့ဘယ်တော့ လက်ထပ်မယ်တွေးလဲ ကောင်လေးပိုင်နဲ့ တိုင်ပင်ပြီးပြီလား”

မိခင်ဖြစ်သူရဲ့မေးခွန်းကိုကြားတော့ ချန်ဟယ်က

“အဲ့ကိစ္စအတွက်တော့ သမီးတို့စကားမပြောရသေးဘူး မေမေသိတဲ့အတိုင်း သမီးလည်းမအားလပ် ဖြစ်နေတာလေ ဒါပေမယ့် လောစရာတော့ မလိုဘူးမဟုတ်လား”

“အင်း.. လောတယ်လို့တော့ မဟုတ်ပါဘူး ကောင်လေးပိုင်က သိပ်မကြာခင်မှာ ထွက်သွားတော့မှာ ပြီးတော့ အခြေနေတွေကလဲ မုန်တိုင်းမလာခင် တည်ငြိမ်နေသလိုမျိုးဆိုတော့ မေမေတို့က သမီးတို့အတွက် စိတ်ပူလို့ လက်ထပ်ပွဲကို မြန်မြန်လုပ်စေချင်ကြတာလေ”

“သမီးနားလည်ပါတယ် တရက်တော့သူနဲ့တွေ့ပြီ စကားပြောလိုက်ပါ့မယ်”

ဒီကောင်စုတ် လက်ထပ်ဖို့ကို မိန်းခလေးဘက်က စပြောရတယ်လို့။ ဟွန့်

ထိုအချိန်မှာပဲ ဆေးဖော်စပ်နေတဲ့ ပိုင်လင်းတယောက် နှာချေလိုက်တယ်။

ဟက်ချိုး

“ဘာလဲဟ ငါ့ကိုဘယ်သူကျိန်ဆဲနေတာလဲ”

ပိုင်လင်းရဲ့တီးတိုးရေရွတ်သံကြားတော့ အခန်းထဲဝင်လာတဲ့ ကျိလင်က လှမ်းပြောတယ်။

“အဲ့ဒါ ညီမလေးချန်ဟယ်ပဲနေမှာပေါ့ ယောက်ကျားက အလုပ်တွေအကုန်ပစ်ထားပြီး အကုန်လုံးကို သူမတယောက်တည်း လုပ်နေရတာလေ”

ကျိလင်က ထိုသို့ပြောပြီး ပိုင်လင်းအတွက် ယူလာတဲ့ လက်ဖက်ရည်အိုးကို စားပွဲပေါ်တင်လိုက်တယ်။ ပြီးနောက် လက်ဖက်ရည်တခွက်ငှဲ့ပေးပြီး ပိုင်လင်းဆီကမ်းပေးတယ်။ ပိုင်လင်းက လက်ဖက်ရည်ကို အရသာခံသောက်ပြီးနောက်

“ဟုတ်လား သူ့ကိုမော့ပေတို့က မကူညီဘူးလား တခြားလူတွေကကော”

ပိုင်လင်းရဲ့အမေးကို ကျိလင်ကပြုံးပြီး ပြန်ဖြေတယ်။

“အစ်ကိုမော့တို့ အစ်ကိုရှန်ယုတို့က လေ့ကျင့်ရေးကို တာဝန်ယူကြတယ်လေ ဒီအတွက် အရင်းအမြစ်ခွဲဝေတဲ့အပိုင်းကို ညီမချန်ဟယ်က တာဝန်ယူနေရတာပေါ့”

“ဟုတ်သားပဲ ယောက်ျားဒီရက်တွေအတွင်း သူတို့ညီအစ်မကို ပစ်ထားသလိုဖြစ်နေတယ် မနက်ဖန်ကျ သွားကြည့်လိုက်ပါဦးမယ်”

ပိုင်လင်းက ပြန်ပြောလိုက်တယ်။ သူက အဆင့်နိမ့်ဆေးလုံးတွေကို ကျွမ်းကျင်နေပြီး အလယ်လတ်ဆင့် ဆေးလုံးတွေကို မလေ့ကျင့်ခင် အနားယူဖို့တွေးနေခဲ့တာပါ။ တဆက်တည်း ထိုရက်တွေမှာ မော့ပေကိုပြင်ပ သတင်းတွေနားစွင့်ခိုင်းထားပြီး အထူးသဖြင့် ယွမ်မိသားစုကိစ္စကို အထူးစုံစမ်းထားစေခဲ့တယ်။

………………………………………………….

All Chapters