ချန်ယဲ့ဟိုင်
Vol. 3 Ch. 32
“သူမက အဆောင်ရေးဆွဲခြင်းမှာ ပါရမီရှင်ဖြစ်နေတာလား”
ဟွမ်းသည် အတော်ပင် အံ့ဩသွားခဲ့သည်။ သူအကြိမ်ကြိမ်ကြိုးစားခဲ့ပေမဲ့ ကျရှုံးမှုနဲ့သာ ရင်ဆိုင်ခဲ့ရသည်။ သို့ပေမဲ့ ချုးယွီဟွာသည် တစ်နာရီလောက်သာ လေ့လာဖက်ရှုပြီး ပထမဆုံးကြိုးစားမှုမှာတင် အောင်မြင်တော့မည်ဖြစ်သည်။ သူ့ကိုယ်သူပင် သံသယဝင်လာတော့သည်။
ထို့နောက် အဆောင်စာရွက်ပေါ်မှာ အလင်းတန်းများသည် စာရွက်အတွင်းသို့ ဝင်သွားသည့်အလား ပျောက်ကွယ်သွား၏။ ရေးဆွဲမှုအောင်မြင်သွားပြီ ဖြစ်သည်။ ချုးယွီဟွာသည် အလွန်ပင်ပျော်ရွင်သွားခဲ့သည်။ ထို့နောက်ဟွမ်းကိုကြည့်ကာ ပြုံးပြလိုက်သည်။ သူမအပြုံးသည် အလွန်ပင်လှပပြီး ချိုမြိန်နေသည်။ သို့သော် သူမသည် ချက်ချင်း လှပသည့်မျက်နှာလေးသည် နီရဲလာကာ ရှက်သွားခဲ့၏။ အကြောင်းမှာ အဆောင်ရေးဆွဲရတွင် ဝိညာဉ်စွမ်းအင်များစွားသုံးစွဲခဲ့ရခြင်းကြောင့် ချွေးများစိုရွဲနေခဲ့ခြင်းဖြစ်သည်။
“အတော်လေးကောင်းတယ်” ဟွမ်းသည် သူမရှက်ရွံ့ နေသည်ကို မသိချေ။ သူမဆွဲထားသည့် အဆောင်ပေါ်တွင်သာ အာရုံရောက်နေခြင်းဖြစ်သည်။
“မိန်းကလေးချုးက အဆောင်ဖန်တီးမှုမှာ ပါရမီရှိတာပဲ” ဟွမ်းသည် ချီးကျုးလိုက်၏။ အဆင့်နိမ့်အဆောင်ဆိုလျင်တောင် အကြိမ်ကြိမ် ရေးဆွဲ လေ့ကျင့်ရန်လိုအပ်ပေသည်။ ရေးဆွဲမှုများနှင့် အကျွမ်းတဝင်ဖြစ်လာမှသာ အောင်မြင်လာနိုင်သည်။ ဟွမ်းသည် သူအဆောင်ရေးဆွဲရာတွင် ခဏတာမျှနှင့်သာ ရေးဆွဲနိုင်မည်ဟုထင်ခဲ့သည်။ သူ၏ယုံကြည်ချက်က အဘယ်ကလာသည်တော့မသိချေ။ သို့သော် ချုးယွီဟွာသည် တစ်ခဏ အတွင်းမှာပင်ရေးဆွဲနိုင်ခဲ့သည်။
“ဟီးဟီး.. ကျေးဇူးတင်ပါတယ် စီနီယာ” ချုးယွီဟွာသည် ဟွမ်း၏ ချီးကျုးမှုကြောင့် အတော်လေးပျော်ရွင်သွားသည်။ ထို့နောက် သူမသည် ဟွမ်းကို လှမ်းကြည့်လိုက်ရာ တစ်စုံတစ်ရာ တွေးတောနေသည့်ပုံပေါ်သည်။
“မင်း မှာ ဆရာရှိလား” ဟွမ်းသည် အနည်းငယ်စဉ်းစားပြီးနောက် မေးလိုက်၏။
“မရှိပါဘူး” ချုးယွီဟွာသည် ဖြေလိုက်၏။ သူမသည် ကျင့်ကြံရာတွင် ပါရမီ မကောင်းချေ။
“ကောင်းပြီ ဒီအဆောင်ရေးဆွဲနည်းစာအုပ် ရေးဆွဲခဲ့တဲ့လူကို ချန်ယဲ့ဟိုင် လို့ခေါ်တယ်၊ သူ့ရဲ့ကျင့်ကြံမှုက အားမကောင်းခဲ့ဘူး၊ ဒါကြောင့် သူဟာ သက်တမ်းကုန်ပြီး သေဆုံးခဲ့ရတယ်၊ သူနောင်တအရဆုံးက တစ်ဘဝလုံးမှာ သူ့စိတ်ကြိုက် တပည့် မတွေ့ခဲ့တာကြောင့် အမွေခံတပည့် မရှိခဲ့တာပဲ၊ ဒါ့ကြောင့်ငါက သူဆန္ဒတွေကို ဖြည့်စည်းပေးနိုင်အောင် ဒီအဘိုကြီးကို အမွေဆက်ခံနိုင်မဲ့သူကို ရှာဖွေခဲ့တယ်၊ အဲ့လိုနဲ့ နှစ်ပေါင်းများစွာ ကြာတာတောင် မတွေ့ခဲ့ရဘူး၊ ဒါပေမဲ့ ဒီနေ့မှာ မင်းရဲ့ ထူးခြားတဲ့ ပါရမီက အဲ့ဒီအဘိုးကြီးရဲ့ အမွေကို ဆက်ခံဖို့သင့်လျော်တယ်၊ မင်းဆန္ဒရှိလား”
ဟွမ်းသည် စကားတစ်ခွန်းချင်းစီတိုင်းကို ရှင်းလင်းပြတ်သားစွာပြောလိုက်၏။ အမွေဆက်ဆံခြင်းသည် အရမ်းအရေးကြီးသည့် အရာဖြစ်သည်။ အမွေပေးသူ၏ တပည့်ဖြစ်လာမည်ဖြစ်ပြီး ထိုသူ၏ ဆန္ဒအတိုင်း လုပ်ဆောင်ပေးရန်လိုအပ်သည်။ ထို့အပြင် ကျန်းကျိန်မှုများစွာလည်းပြုလုပ်ရမည်ဖြစ်သည်။ အမွေဆက်ခံမှုတွင် ဓားနတ်ဆိုးနှင့် မတူညီသည်မှာ ဓားနတ်ဆိုးသည် ပိုင်ကျန့်ယွီ၏ ခန္ဓာကို လိုချင်သော ရည်ရွယ်ချက်ကြောင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့်ဟွမ်းသည် သုတ်သင်ရှင်းလင်းခဲ့သည်။ ပိုင်ကျန့်ယွီသည် ဓားနတ်ဆိုး၏ အမွေဆက်ခံထားသော်လည်း ဓားနတ်ဆိုး၏ တပည့်ဟု မခေါ်ဆိုနိုင်တော့ပေ။
“ကျွန်မ... ဆန္ဒရှိပါတယ်” ချုးယွီဟွာသည် ချက်ချင်းပင် ဖြေလိုက်၏။ ဤအဆောင်ရေးဆွဲသည့်နည်းစနစ်များသည် သူမအတွက် အလွန် အရေးပါလှသည်။ သူမ၏ ပါရမီကိုလည်း ရှာတွေ့သွားပြီဖြစ်သည်။ ထို့ကြောင့် မတုံ့ဆိုင်းတော့ပေ။
“ကောင်းပြီ...အဲ့ဒီစာအုပ်ရဲ့ နောက်ဆုံးစာမျက်နှာကို လှန်လိုက်” ဟွမ်းသည် သူမကို ထိုသို့ခိုင်းစေလိုက်ပြီးနောက် အသံလုံ အစီရင်တစ်ခု ဖန်တီးလိုက်သည်။
ချုးယွီဟွာသည် ချက်ချင်းပင် နောက်ဆုံးစာမျက်နှာကို ဖွင့်လိုက်၏။
“အဲ့ဒီ ကျမ်းကျိန်ချက်ကို ကျိန်ဆိုလိုက်”
ထို့နောက် သူမသည် စာအတွင်းပါသည့် ကျမ်းကျိန်ချက်များကို ကျိန်ဆိုလိုက်သည်။ ထိုကျိန်ဆိုချက်ပြီးသည့်နောက်တွင် ထူးဆန်းစွာ အလင်းတန်းများ ဖြစ်တည်လာပြီး အဘိုးအို တစ်ဦးအသွင် ပေါ်လာခဲ့သည်။ ထိုအဘိုးကြီးသည် စာအုပ်ပိုင်ရှင် ချန်ယဲ့ဟိုင် ဖြစ်သည်။ သူ၏ သွင်ပြင်သည် အလွန်ပင် အိုမင်းနေပြီး ဆံပင်များအပြင် မုတ်ဆိတ်များ ပါ ဖြူဖွေးနေ၏။
“မိန်းကလေး မင်းက ငါ့ရဲ့ အမွေခံတပည့်ဖြစ်ဖို့ ဆုံးဖြတ်လိုက်ပြီပေါ့” ချန်ယဲ့ဟိုင် ၏ပုံရိပ်သည် မေးလိုက်၏။
“တပည့် ချုးယွီဟွာဆုံးဖြတ်လိုက်ပါပြီ ဆရာ” ချုးယွီဟွာသည် ထိုအဘိုးကြီးကို ကြည့်ကာ အရိုသေပေးလိုက်၏။
“ကောင်းတယ် ဒီအဘိုးကြီး စိတ်အေးရပြီပေါ့၊ ဒီအဖိုးကြီးမှာနောင်တနရှိတော့ဘူး၊ ဒါပေမဲ့ မင်းစိတ်ဝိညာဉ်က အားနည်းနေသေးတယ်၊ ရှောင်ဟွမ်း သူမရဲ့ လိုအပ်တာတွေကို ကူညီပေးလိုက်” ချုးယွီဟွာ၏ အားနည်းမှုကို မြင်ပြီးနောက် ဟွမ်းကို ကူညီပေးရန် ခိုင်းစေလိုက်၏။
“အဖိုးကြီး အရိုက်ခံချင်လား” ဟွမ်းသည် တည်ငြိမ်စွာ ပြောလိုက်၏။
ချန်ယဲ့ဟိုင် “...”
‘ငါ့တပည့် ရှေ့မှာတော့ မျက်နှာသာပေးပါဦး’
“တပည့်လေး မင်းက ငါ့ရဲ့တပည့်ဖြစ်သွားပြီဆိုတော့ ကောင်းကင်နန်းတော်ရဲ့ အဖွဲ့ဝင် ဖြစ်သွားပြီ၊ ဒါပေမဲ့ မင်းက အားနည်းသေးတာကြောင့် အဲ့ဒီနေရာက မကောင်းတဲ့အကောင်တွေက အနိုင်ကျင့်နိုင်တယ်၊ ဆရာက သေဆုံးပြီးသားမို့ အကာကွယ်မပေးနိုင်တော့ဘူး၊ ဒါကြောင့် ရှောင်ဟွမ်း ဆီကနေ လိုအပ်တဲ့အကူညီတောင်း၊ အဲ့ကောင်လေးက ဆရာ့ရဲစကားကို နားထောင်ပါတယ်၊ သူက အကျင့်မကောင်းဘူးလို့ ထင်ရပေမဲ့ စိတ်ထားကတော့မဆိုးရှာပါဘူး” ချန်ယဲ့ဟိုင်သည် ချုးယွီဟွာ အနားကို ကပ်၍ တီးတိုးပြောဆိုလိုက်၏။ ချုးယွီဟွာသည် မချင့်မရဲ ဟွမ်းကို လှမ်းကြည့်ခိုက်၏။
ဟွမ်း “...”
‘ကျုပ်မကြားဘူးလို့ထင်နေတာလား’
“ရှောင်ဟွမ်း မင်းဘာလို့ ဒီလိုနေရာကို ရောက်နေတာလဲ”
ချန်ယဲ့ဟိုင်သည် ချုးယွီဟွာ ကို တီးတိုးမှာကြားပြီးနောက် ပတ်ဝန်းကျင် အနေထားကို သတိပြုမိပြီးမေးလိုက်၏။ သူသည်အလွန်ပင် အံ့ဩနေ၏။ ဟွမ်းလို လူတစ်ယောက်က ဤကဲ့သို့ နိမ့်ကျသည့်နယ်မြေတစ်ခုကိုရောက်နေခြင်းသည် အကြောင်းရင်း တစ်ချို့ရှိမည်ဟုတွေးမိလေသည်။
“ကျုပ်ဒီလိုနေရာကို ရောက်မနေရင် ခင်ဗျားအတွက် တပည့်တစ်ယောက်ရမယ်လိုထင်လား” ဟွမ်းသည် ပြောလိုက်၏။
“ဒါလဲ အဓိပ္ပါယ်ရှိသား၊ ဒါပေမဲ့ တစ်ခြား အဓိပ္ပါယ်ရှိဦးမှာပဲမလား၊ ထားပါ မင်းမဖြေချင် မဖြေပါနဲ့၊ ငါ့အချိန်မကျန်တော့ဘူး ငါ့တပည့်ကို စောင့်ရှောက်ပေးဖို့ ဒီအဖိုကြီးက ထပ်တောင်းဆိုချင်တယ်”
ထို့သို့ပြောပြီးနောက် သူ၏ ပုံရိပ်ယောင်သည် စတင်ပျောက်ကွယ်စပြုလာခဲ့သည်။ ဟွမ်းသည် မည်သို့မျှ မတုံ့ပြန်ပေ။ ချန်ယဲ့ဟိုင်သည် ဟွမ်း၏ အေးစက်သည့် အမူယာကို အသားကျနေသည့်အလား ဂရုမစိုက်တော့ချေ။ ထို့နောက် ချုးယွီဟွာကို ပြောလိုက်၏။
“တပည့် ဆရာရဲ့အဆောင်ဖန်တီးခြင်း စာအုပ်ထဲမှာ ဆရာ့ဘဝတစ်လျောက်လုံး ရှာဖွေတွေ့ရှိခဲ့တဲ့ အကြောင်းရာတွေပါတယ်၊ ဒီစာအုပ်ကို တပည့်ရဲ့ စိတ်ဝိညာဉ်နဲ့ ပေါင်းစပ်လိုက်၊ ဒါက တပည့်အပေါ် ဆရာလုပ်ပေးနိုင်တာအကုန်ပဲ၊ အနာဂတ်အောင်မြင်မှုကတော့ တပည့်အပေါ်မှာပဲ မူတည်တော့တယ်” ထိုသို့ပြောပြီးနောက် ပျောက်ကွယ်သွား၏။ သူ၏ အိုမင်းသည့် မျက်နှာထက်တွင် အပြုံးများပေါ်ထွက်နေခဲ့သည်။
“တပည့် ကြိုးစားပါ့မယ်” ချုးယွီဟွာသည် ထပ်မံ အရိုသေပေးလိုက်၏။ ထို့နောက် ပျောက်ကွယ်သွားသည် ချန်ယဲ့ဟိုင်ကို ကြည့်ရင်း အနည်းငယ်ဝမ်းနည်းသွား၏။ သူမသည် ချန်ယဲ့ဟိုင်ကို ခဏသာ တွေ့ခွင့်ရခဲ့သော်လည်း သူမ၏ ဆရာဖြစ်ပေသည်။ ချန်ယဲ့ဟိုင်သည် အစောကတည်းက သေဆုံးပြီးသားဖြစ်သည်။ သူ၏ အမွေခံတပည့်ရှာတွေ့လျှင် သူတွေ့မြင်နိုင်အောင် မသေဆုံးခင်တွင် ဤစာအုပ်တွင် စိတ်ဝိညာဉ်အပိုင်းစတစ်ခုထားခဲ့ခြင်းဖြစ်သည်။
“စီနီယာ ကောင်းကင်နန်းတော်ဆိုတာ ဘယ်လို အဖွဲ့စည်းမျိုးလဲ” ချုးယွီဟွာသည် ချန်ယဲ့ဟိုင်ပျောက်ကွယ်သွားပြီးနောက် သူမသိချင်သည့်အရာများကို စတင်မေးမြန်းခဲ့သည်။
“ဒီထျန်းယွမ်ကုန်းမြေရဲ့ အထက်မှာ ကောင်းကင်ဘုံလို့ခေါ်တဲ့ နတ်ဘုရားနယ်မြေရှိတယ်၊ ပြီးတော့ ထျန်းယွမ် လိုကုန်းမြေပေါင်းများစွာက အုပ်ချုပ်သူ အသီးသီးအောက်မှာ ရှိကြတယ်၊ အဲ့ဒီအုပ်ချုပ်သူတွေက ကောင်းကင်နန်းတော်ရဲ့ လက်အောက်ခံတွေပေါ့၊ ပြီးတော့ ကောင်းကင်နန်းတော်က နတ်ဘုရားနယ်မြေကို အုပ်ချုပ်တဲ့ အဖွဲ့စည်းလည်းဖြစ်တယ်” ဟွမ်းသည် အကြမ်းဖျင်းရှင်းပြလိုက်သည်။
ချုးယွီဟွာသည် အလွန်ပင် အံ့ဩလွန်း၍ မတုံ့ပြန်နိုင် ဖြစ်သွားသည်။ သူမသည် ကောင်းကင်ဘုံ တည်ရှိမှုသည် ကြားဖူးနားဝသာ ရှိသော်လည်း သူမ လက်လှမ်းမီသည့် အရာမဟုတ်ချေ။ ထို့ကြောင့် ယုံရခက်ပေသည်။ ထို့အပြင် သူမသိထားသည့် အင်အားအကြီးဆုံးအဖွဲ့စည်းများသည် ဗဟိုနယ်မြေတွင်သာရှိသည်။ သို့သော် ယခု ဟွမ်း၏ ရှင်းပြမှုကြောင့် ဗဟိုနယ်မြေသည် ဘာမျှ မဟုတ်ချေ။ ထို့အပြင် ထျမ်းယွမ်ကုန်းမြေ၏ အုပ်ချုပ်သူ သည် ကောင်းကင်နန်းတော်၏ လက်အောက်ခံမျှသာဖြစ်သည်။ သူမသည် လောကကြီး၏ ကြီးမားကျယ်ပြန့်မှုကို နားလည်စပြုလာခဲ့သည်။
“စီနီယာက ကောင်းကင်နန်းတော်ရဲ့ အဖွဲ့ဝင်လား” သူမသည် ဟွမ်း၏ နောက်ခံကို သိချင်လာသဖြင့် မေးလိုက်၏။
“မဟုတ်ဘူး” ဟွမ်းသည် ငြင်းပယ်လိုက်၏။ ထိုနောက်ဆက်ပြောလိုက်၏။
“ဒါပေမဲ့ အနည်းငယ်တော့ သက်ဆိုင်တယ်လို့ပြောလို့ရတယ်”
“ဒါဆို စီနီယာအစ်ကိုလို့ခေါ်လို့ရလား၊ ပြီးတော့ ကျွန်မကို မိန်းကလေးချုးအစား ယွီဟွာ၊ ဒါမှမဟုတ် ရှောင်ဟွာလို့ခေါ်လို့ရတယ်” ချုးယွီဟွာသည် အနည်းငယ်ရှက်ရွံ့စွာ ပြောလိုက်၏။ ဤသို့ခေါ်ဆိုခြင်းဖြင့် သူတို့နှစ်ဉီးအကြား ရင်းနှီးမှုကို ပေါ်လွင်စေမည်ဖြစ်သည်။
“ကောင်းပြီ” ဟွမ်းသည် ခေါင်းညိတ်ပြောလိုက်၏။ သူသည် အခေါ်ဝေါ်များကို ဂရုမစိုက်ပေ။ သူသည်လည်း ခေါ်ချင်သလိုခေါ်တက်ခြင်းကြောင့်ဖြစ်သည်။
အချိန်အနည်းငယ်ကြာပြီးနောက် ချုးယွီဟွာသည် ချီယင်းအိမ်တော်သို့ ပြန်သွားခဲ့သည်။ သူမသည် အဆောင်ဖန်တီးခြင်း စာအုပ်ကို သူမ၏စိတ်ဝိညာဉ်နှင့်ပေါင်းစပ်ခြင်း မလုပ်နိုင်သေးပေ။ သူမ၏ စိတ်ဝိညာဉ်သည် အားနည်းသေးသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ဟွမ်းသည် သူမစိတ်ဝိညာဉ်အားကောင်းအောင် လေ့ကျင့်ပေးမည်ဟုဆိုခဲ့သည်။