← Chapters

အတိတ်က ဒဏ်ရာများ

Vol. 3 Ch. 33

အတိတ်က ဒဏ်ရာများ

Vol. 3 Ch. 33

“ဝုန်း...”

သစ်စိမ်းမြို့ လဲ့အိမ်တော်တွင် အိမ်တော်ခေါင်းဆောင်ဖြစ်သူ လဲ့ရွှမ်ယန်သည် ဒေါသတကြီးဖြင့် စားပွဲကို လက်ဖြင့်ရိုက်လိုက်လေသည်။

“ဝူယောင် ဘယ်မှာလဲပြောစမ်း” လဲ့ရွှမ်ယန်သည် ဒေါသတကြီးဖြင့် လဲ့ကျန်းကို ကြည့်ကာ မေးလိုက်၏။

“သူမ ပျောက်ဆုံးသွားတာ ကျုပ်နဲ့ မဆိုင်ဘူး” လဲ့ကျန်းသည် ပေါ်တင်ပင်ငြင်းဆိုလိုက်၏။ သူ၏ပါရမီသည်လည်း မဆိုးဘူးဟု ဆိုရပေမည်။ သူ၏ အသက် ဆယ်ရှစ်နှစ်နှင့် ရွှေအမြူအလယ်တွင်ရောက်ရှိနေသောကြောင့်ဖြစ်သည်။ သစ်စိမ်းမြို့ကဲ့သို့ မြို့ငယ်လေးတွင်တော့ ပါရမီရှင်တစ်ဦးဖြစ်ထိုက်ပေသည်။

“ဒီအိမ်တော်က လူငယ်တွေက ဘယ်လောက်ပဲ သူမကို မုန်းမုန်း၊ အနိုင်ကျင့်ကျင့် ငါ့မွေးစားသမီးမို့ ဘယ်သူမှ ဒီလိုဖြစ်အောင်မလုပ်ရဲဘူး၊ ဒါပေမဲ့ မင်းက ချွင်းချက်ပဲ၊ သူမကို အိမ်တော်ကလူငယ်တွေ အနိုင်ကျင့်အောင် မြှောက်ထိုးပင့်ကော်လုပ်နေတာ ငါမသိဘူးထင်နေလား” လဲ့ရွှမ်ယန်သည် သူ၏ ဒေါသကို မထိန်းနိုင်တော့ပေ။

“အကိုကြီး အဲ့မိန်းကလေး ပျောက်သွားတာနဲ့ ကျုပ်သားကို ဒီလိုစွပ်စွဲတာဟာ မသင့်လျော်ဘူး၊ သူမဘာသာ အိမ်တော်ကနေ ထွက်ပြေးသွားတာလဲ ဖြစ်နိုင်တာပဲလေ” လဲ့အိမ်တော် ဒုတိယအကြီးကဲဖြစ်သည့် လဲ့ရှီးဟန်သည် ဝင်ပြောလိုက်၏။ သူသည် အခြေနည်ဝိညာဉ် ကနဦးအဆင့်တွင်ဖြစ်၏။

“ကောင်းတယ်၊ ကောင်းတယ်၊ မင်းရဲ့ သားကိုအလိုလိုက်မှုကနေ လဲ့အိမ်တော်ရဲ့ ပျက်စီးခြင်းကပ်ဘေးကြုံလာနိုင်တယ်ကွ” လဲ့ရွှမ်ယန်သည် သူ၏ ဒေါသကို မထုတ်ဖော်နိုင်တော့ချေ။ သူ၏ စိတ်ထဲတွင် အကြောက်တရား သာဝင်လာခဲ့သည်။ လဲ့ရွှမ်ယန်သည် အိမ်ထောင်မရှိပေ။ ထို့အပြင် ယွဲ့ဝူယောင်ကို မွေးစားပြီးနောက်ပိုင်းတွင် အိမ်ထောင်ပြုရန်ပင် အစီစဉ်မရှိတော့ချေ။

“အကိုကြီး၊ ခင်ဗျားရဲ့ သမီးအရင်းတောင် မဟုတ်ဘူးလေ၊ ဘာလို့ ဒီလောက်ထိကာကွယ်နေရတာလဲ၊ သူမထွက်သွားတာနဲ့ လဲ့အိမ်တော်က ဘာကိစ္စ ပျက်စီးခြင်းကပ်ဘေးကြုံရမှာလဲ” လဲ့ရှီးဟန်သည် ယွဲ့ဝူယောင်က လဲ့အိမ်တော်၏ သွေးသား မဟုတ်သည့်အပြင် မျိုးနွယ်ခေါင်းဆောင်၏ ကာကွယ်ပေးနေမှုအပေါ် အတော်ပင် မကျေနပ်ဖြစ်ခဲ့ရသည်။ သူသား လဲ့ကျန်းသည် ယွဲ့ဝူယောင် လဲ့အိမ်တော်သို့ရောက်လာပြီးနောက် မျိုးနွယ်ထဲတွင် အမြဲဒုတိယသာ ရခဲ့သည်။

သို့သော် လဲ့ရွှမ်ယန်သည် လဲ့ရှီးဟန်၏ စကားများကို မကြားသည့်အလား သူ၏ အတွေးထဲတွင် လွန်ခဲ့သည့် ဆယ့်ငါးနှစ်က အဖြစ်ပျက်သို့ ရောက်ရှိသွားခဲ့သည်။

သူသည် ထိုအချိန်က ကိစ္စတစ်ခုဖြင့် ထိုက်ရွှမ်မြို့ကို သွားနေခြင်းဖြစ်သည်။ ထိုအချိန်တွင် သူ၏ မြင်းလှည်း ရှေ့တွင် အသက်ရှစ်ဆယ်အရွယ် အဖိုးကြီးတစ်ဦးပေါ်လာခဲ့သည်။ ထိုအဖိုးကြီး၏ အသွင်သည် အတော်ပင် မောပန်းနေဟန်ရှိပြီး ဒဏ်ရာ များစွာလဲရရှိထားပုံပေါ်သည်။ ထိုအဖိုးကြီးသည် လဲ့ရွှမ်ယန်စီးလာသည် မြင်းလှည်းကို လက်ဝါးဖြင့် ရိုက်လိုက်၏။ မြင်းလှည်းသည် အစိတ်စိတ်အမွှာမွှာ ကြေကွဲသွားပြီး လဲ့ရွှမ်ယန်သည် လွင့်စင်သွားခဲ့၏။

“ဒီက စီနီယာ ကျုပ်တို့ ဘာရန်ငြိုးရန်စရှိလို့ ကျုပ်ကိုတိုက်ခိုက်ရတာလဲ” လဲ့ရွှမ်ယန်သည် ဒေါသထွက်သွားသော်လည်း ထိုအဖိုးကြီးသည် ဒဏ်ရာများစွာ ရထားသည့်ပုံပေါ်သော်လည်း အလွန် အင်အားကြီး၏။ ထို့ကြောင့် သူ၏ဒေါသကို ထိန်း၍ မေးလိုက်သည်။

“ငါ့မှာ အချိန်မရှိဘူး၊ ဒီကလေးကို စောင့်ရှောက်ထားပေး” ထိုအဖိုးကြီး၏ လက်ထဲတွင် တစ်နှစ်မပြည့်သေးသည့် ကလေးငယ်လေးတစ်ဦးကို လဲ့ရွှမ်ယန်ကို ပြလိုက်၏။

“စီနီယာ ကျုပ်...”

“မင်းမှာ ငြင်းဆန်ခွင့်မရှိဘူး၊ အချိန်အများကြီးကြာမှာ မဟုတ်ဘူး ဆယ်စုနှစ် တစ်ခု မဟုတ်ရင် နှစ်ခု အလွန်ဆုံးပဲ၊ အဲ့အချိန်ထိစောင့်ရှောက်ထားပေး” ထိုအဖိုးကြီးသည် စကားဖြတ်ပြောလိုက်သည်။

“ဒါပေမဲ့...”

“ငါ့မှာအချိန်မရှိတော့ဘူး..” ထိုသို့ပြောပြီးနောက် သူ၏ လက်တစ်ဖက်ဖြင့် လဲ့ရွှမ်ယန်၏ နဖူးကို ထိလိုက်၏။ ထို့နောက် လဲ့ရွှမ်ယန်၏ စိတ်ဝိညာဉ် အပိုင်းစ တစ်ခုကို ထုတ်ယူလိုက်လေသည်။ ထို့နောက် ကလေးငယ်လေး၏ စိတ်ဝိညာဉ်အတွင်းသိမ်းစည်းပေးလိုက်၏။ သို့သော် ထိုကလေးငယ်လေး နာကျင်သွားမှာစိုးရိမ်၍ ဂရုတစိုက်ဖြင့်သာ လုပ်ဆောင်လိုက်သည်။

“စီနီယာ ခင်ဗျား...” လဲ့ရွှမ်ယန်သည် အလွန်မင်း နာကျင်ကာ သေလုမတက်ဖြစ်သွားခဲ့၏။ ထို့နောက် သူ၏ သွေးများ အန်ထွက်လာသည်။

“မင်းရဲ့ဝိညာဉ်အပိုင်းစကို ဒီကလေးရဲ့ စိတ်ဝိညာဉ်နဲ့ ထည့်ပေးလိုက်ပြီ၊ ဒါကြောင့် သူမသေရင် မင်းသေရမယ်၊ ဒါကြောင့် ငါခိုင်းတဲ့အတိုင်းပဲလုပ်ပေး၊ ပြီးတော့ ဆယ်စုနှစ် နှစ်ခုစာလောက်ပဲ ကြာမယ်၊ အဲ့ထက်ကြာကောင်း ကြာနိုင်ပေမဲ့၊ အဲ့ဒီအချိန်မှာ ဒီကလေးကို လူတစ်ယောက်လာခေါ်လိမ့်မယ်၊ အဲ့ဒီလူနဲ့ ထည့်ပေးလိုက်၊ မင်းရဲ့ စိတ်ဝိညာဉ်အပိုင်းစ ကိုလဲသူဖြေရှင်းပေးလိမ့်မယ်၊ ပြီးရင် မင်းဒီကလေးကို စောင့်ရှောက်ထားပေးတဲ့ အတွက်လဲ ဆုလာဘ်ပေးလိမ့်မယ်၊ ဒါပေမဲ့ သူမသာ တစ်ခုခုဖြစ်ခဲ့ရင်တော့ မင်းတို့ မျိုးနွယ်က လူတွေ အမြစ်ဖြတ်သတ်ခံရမယ်”

ထိုသို့ပြောပြီးနောက် ထိုအဖိုးကြီးသည် လဲ့ရွှမ်ယန် အနားတိုးကာ သူ၏ စိတ်ဝိညာဉ် နာကျင်မှုကို ဖြေရှင်းပေးလိုက်သည်။ ထို့နောက် ကလေးငယ်လေးကို မခွဲခွာရက်သည် အကြည့်များဖြင့် ကြည့်ကာ လဲ့ရွှမ်ယန် လက်ထဲသို့ထည့်ပေးလိုက်သည်။

“ဒီကလေးနာမည်က ယွဲ့ဝူယောင်၊ ငါပြောတာတွေ မှတ်ထား..” ထိုသို့ပြောပြီးနောက် အဖိုးကြီးသည် ပျောက်ကွယ်သွားတော့၏။

လဲ့ရွှမ်ယန်သည် ထိုကလေးငယ်ကို ကြည့်ကာ အလွန်ပင် စိတ်ပျက်လာခဲ့သည်။ သို့သော်လည်းမတက်နိုင်ပေ။ သစ်စိမ်းမြို့သို့ သွားရာ လမ်းအတိုင်းပြန်လာခဲ့တော့သည်။

…

“ဟုတ်တယ် ဝူယောင် အသက်ရှင်သေးတယ် သူမကို တွေ့အောင်ရှာရမယ် မဟုတ်ရင် ငါတို့ လဲ့အိမ်တော်က ဒုက္ခရောက်ပြီ” လဲ့ရှီးဟန် ပြောနေသည်များကို အာရုံမရောက်ပဲ သူဘာသူသာ ရေရွတ်နေ၏။

သို့သော် ထိုစကားကြားပြီးနောက် လဲ့ရှီးဟန် နှင့် လဲ့ကျန်း သည် မျက်နှာပျက်သွားခဲ့သည်။

“အစ်ကိုကြီး၊ ထိုက်ရွှမ်ဂိုဏ်းသားသစ်ရွေးချယ်ပွဲက စတော့မှာ၊ ဝင်ခွင့်နေရာအတွက် လဲ့ကျန်း ကို ပို့ပေးဖို့လိုသေးတယ်၊ အဲ့ဒါ အစ်ကိုကြီးမပါလို့ မဖြစ်ဘူးလေ၊ အဲ့မိန်းကလေးကို ရှာမယ်ဆိုလဲ လဲ့ကျန်းအတွက် ဝင်ခွင့်စီစဉ်ပေးပြီးမှ ရှာပါ၊ အပြင်က သူစိမ်း ကိုရှာဖို့ထက် ကျုပ်တို့ လဲ့အိမ်တော် အနာဂတ်အတွက် လဲ့ကျန်းကို ထိုက်ရွှမ်ဂိုဏ်းသား ဖြစ်အောင်လုပ်ပေးဖို့လိုသေးတယ်” လဲ့ရှီးဟန်သည် အရေးကြီးတာအရင် ဦးစားပေးစေဖို့ ပြောဆိုလိုက်သည်။

“သူမ ပျောက်ဆုံးသွားကတည်းက လဲ့အိမ်တော် အနာဂတ်က မကောင်းနိုင်တော့ဘူး၊ ဒါပေမဲ့လဲ စီစဉ်စရာရှိတာ စီစဉ်ရမှာပဲ၊ ထိုက်ရွှမ်မြို့ကို သွားကြစို့၊ အခုချက်ချင်း လဲ့မျိုးနွယ်တွေကို စုလိုက်၊ ပြီးရင် အနီးနားကမြို့တွေ ဝူယောင်ကို ရှာဖို့လွှတ်လိုက်” လဲ့ရွှမ်ယန်သည် စိတ်လျော့ကာ ပြောလိုက်သည်။ ထို့နောက် ချက်ချင်းပင် ထသွားတော့သည်။ ထိုသားအဖဆီက မည်သည့်စကားမျှ ထပ်မကြားချင်တော့သည့်အလားပင်။

လဲ့ရွှမ်ယန်သည် ထိုအကြောင်းရာများကို မည်သူမျှ ပြောပြခြင်းမရှိခဲ့ချေ။ သူ၏ မိသားစုခေါင်းဆောင်ရာထူးကို လိုချင်သူများလည်းရှိသည်။ ထို့ကြောင့် ယွဲ့ဝူယောင်ကို သတ်ရန် ပေါ်ပေါ်ထင်ကြိုးစားလာကြနိုင်သည်။

“ကျန်းအာ မင်းသေချာ မရှင်းလိုက်ဘူးလား” လဲ့ရှီးဟန်သည် သူ၏ သားကို ဒေါသဖြင့် ပြောလိုက်၏။

“ကျုပ် ကြေးစားတွေကို ငွေပေးပြီးခိုင်းခဲ့တာပဲ၊ ခုထိ သတင်းပြန်မရသေးဘူး၊ တကယ်ပဲ သူမ အသက်ရှင်နေသေးတာလား” လဲ့ကျန်းသည် တွေဝေစွာပြောလိုက်၏။

“သူမ အသက်ရှင်သေးတာကို တွေ့ရင် တစ်ခါတည်း သတ်ပစ်ရမယ်၊ ဒါဆို အစ်ကိုကြီးလဲ ပြသနာထပ်ရှာလို့မရတော့ဘူး” လဲ့ရှီးဟန်သည် ရက်စက်စွာ ပြောလိုက်၏။

“ဟုတ်ကဲ့ ဒီတစ်ခါ ကျုပ်ကိုယ်တိုင်ရှင်းလိုက်မယ်” လဲ့ကျန်း၏ မျက်လုံးများသည် သွေးဆာသည့်အကြည့်များဖြင့် ပြည့်နှက်သွား၏။

…

ထိုက်ရွှမ်ဂိုဏ်းအတွင်းတွင် အကြီးကဲချုပ် ကျင်းဝူတောက်သည် ဂိုဏ်း၏ ထိပ်တန်း တပည့်များကို သင်ကြားပြသမှုပြုလုပ်ပေးနေသည်။ သူသည် ထိုက်ဟုန်ကျွင်း၏ ပြိုင်ပွဲအကြောင်းကြား ပြီးကတည်းက ထိပ်တန်းပါရမီရှင်များကို နေ့တိုင်း ပြင်းပြင်းထန်ထန် လေ့ကျင့်မှုများ ပြုလုပ်ခဲ့သည်။ ထိုအထဲတွင် ထျယ်ရှန်းပင်ပါဝင်နေ၏။ ထိုပြိုင်ပွဲအတွက် ထျယ်ရှန်းသည်လည်း အရေးကြီးတပည့်တစ်ဦးဖြစ်ပေသည်။ ကျင်းဝူတောက်သည် ထျယ်ရှန်းကို လည်း စိတ်ရှည်လက်ရှည်နှင့် ရိုက်နှက်သင်ပြကာ လေ့ကျင့်စေသည်။

“ရှောင်ထျန်း မင်းရဲ့ အခြေနေ ဘယ်လိုလဲ” ကျင်းဝူတောက်သည် သူ၏ တပည့်ဖြစ်သူ ရှောင်ထျန်းကို မေးလိုက်သည်။

“တော်တော်တိုးတက်လာပါပြီဆရာ၊ နောက်တစ်ကြိမ် အဲ့မိန်းကလေးကို မရှုံးလောက်တော့ဘူး” ရှောင်ထျန်း၏ မျက်လုံးထဲတွင် ယှဉ်ပြိုင်လိုစိတ်များ ပြင်းထန်လာသည်။

“ကျုပ်အဆင့်တက်သလို သူမပါရမီနဲ့ဆိုရင်လည်း အဆင့်တက်လောက်ပြီ၊ ဒါပေမဲ့ ကျုပ်ထပ်မရှုံးဘူးလို့ ယုံကြည်တယ်” ရှောင်ထျန်း သည် ဆက်ပြောလိုက်၏။

“ကောင်းတယ်၊ ကောင်းတယ်” ကျင်းဝူတောက်၏ မျက်လုံးများ တောက်ပလာသည်။ လွန်ခဲ့သည့် နှစ်နှစ်က သူတို့ဆရာတပည့်နှစ်ဦး သည် ဗဟိုနယ်မြေကို သွားရောက်ခဲ့သည်။ ထို့နောက်တွင် လင်းအိမ်တော်၏ သခင်မလေးသည် ရှောင်ထျန်းကို တွေ့ပြီးနောက် တိုက်ခိုက်ရန်စိန်ခေါ်ခဲ့သည်။ ထိုအချိန်က ရှောင်ထျန်းသည် အလွန်ပင် အံ့ဩသွားခဲ့သည်။ အသက် ဆယ်လေးနှစ်သာ ရှိသေးသည့် မိန်းကလေးသည် သူ့အားစိန်ခေါ်နေခြင်းဖြစ်သည်။ ထိုအချိန်ကတည်းက ရှောင်ထျန်းသည် အခြေတည်ဝိညာဉ် အထွတ်ထိပ်အဆင့်သို့ရောက်ရှိနေပြီဖြစ်သည်။ သို့သော် ပိုပြီး အံ့ဩစရာကောင်းသည်မှာ ရှောင်ထျန်း ထက် ဆယ်နှစ်ခန့်လောက်ငယ်သည့် သူမသည် အခြေတည်ဝိညာဉ်ကနဦးအဆင့်သို့ရောက်ရှိနေပြီဖြစ်သည်။

အနည်းငယ်တွန့်ဆုတ်သွားသော်လည်း တိုက်ခိုက်ရန် သဘောတူခဲ့သည်။ အစပိုင်းတွင် သူသည် ထိုမိန်းကလေးကို ဖိနှိပ်နိုင်ခဲ့သော်လည်း အနိုင်ယူနိုင်ခြင်းမရှိခဲ့ခြေ။ ထို့အပြင် သူသည် ရှုံးနှိမ့်မှုကိုပါ ရရှိခဲ့သည်။ ထို့ကြောင့် သူသည် အတော်လေးအရှက်ရခဲ့ရသည်။ သို့သော်လည်း သူ၏ ရှုံးနိမ့်မှုကို လက်ခံပြီး ပို၍ ပင်ကြိုးစားခဲ့သည်။ သူသည်နောက်တစ်ကြိမ် ပြန်စိန်ခေါ်ရန် စိတ်ကူးထားသော်လည်း နောက် ငါးနှစ်တွင်ပြိုင်ရမည့်ပွဲတွင် တွေ့နိုင်ချေ မြင်မားလွန်းခြင်းကြောင့် ပို၍ပင်ကြိုးစားနေခဲ့သည်။

“သူမက ဗဟိုနယ်မြေရဲ့ ထိပ်တန်းပါရမီရှင် တစ်ဦးပဲလေ ပြီးတော့ အရင်းမြစ်တွေကလဲ ငါတို့ပေးနိုင်တာထက်သာလွန်တယ်၊ ဒါကြောင့် ဒီအဆင့်ရောက်နေတာ မဆန်းပါဘူး” ကျင်းဝူတောက်သည် သူတပည့်၏ အတွေးများကို မြင်နေရသည့်အလား နှစ်သိမ့်လိုက်သည်။

“တပည့်က သူမအပေါ် အညိုးတေးမရှိပါဘူး၊ ဒါပေမဲ့ သူမဘယ်လောက်ထိ အစွမ်းထက်လာမလဲတော့ သိချင်မိတယ်” ရှောင်ထျန်းသည် ပြောလိုက်၏။

All Chapters