တိမ်စွယ်ဝါး
Vol. 3 Ch. 34
ယွဲ့ဝူယောင်တို့ တပည့် တစ်သိုက်သည် ကျင့်ကြံခြင်းတွင်သာ နစ်မြုပ်နေကြသည်။ သူတို့သည် သူတော်စင်အဆင့် သွေးဝံပုလွေနှင့် တွေ့ပြီးနောက် သူတို့၏ စွမ်းရည်များသည် နိမ့်ကျနေတုန်းဟု ခံစားမိခဲ့သည်။ ထို့ကြောင့် ကျင့်ကြံမှုရေးတွင်သာ စိတ်ရောကိုယ်ပါ နှစ်မြှုပ်ထားကြသည်။
ထိုက်ရွှမ်မြို့ ဂိုဏ်းသားသစ်ခေါ်ယူခြင်းအခမ်းနားစတင်ရန် တစ်ပတ်သာလိုတော့သည်ဖြစ်သည်။ ထို့ကြောင့် မြို့ငယ်များရှိ ကလန်များစွာသည် ထိုက်ရွှမ်မြို့အတွင်းသို့ အသီးသီးဝင်ရောက်လာကြသည်ဖြစ်သည်။ ထိုက်ရွှမ်မြို့တွင် ယခင်ကထက် ပို၍ ကျင့်ကြံသူများ သွားလာလှုပ်ရှားနေကြကာ စည်ကားလာခဲ့သည်။
ထိုအချိန်တွင် ဟွမ်းသည် အဆောင်ရေးဆွဲရာတွင် လိုအပ်သည် အဆောင်စာရွက်များကို ရှာဖွေနေသည်။ အရင်အကြိမ် သူဝယ်ခဲ့သည့် စာရွက်များသည် အလွန်ပင် အဆင့်နိမ့်ကာ အရည်သွေး ညံ့လွန်းသောကြောင့် ဖြစ်သည်။
“သူဌေး တိမ်စွယ်ဝါးကို ဘယ်မှာရှာလို့ရနိုင်လဲ” ဟွမ်းသည် ဆိုင်ရှင်ကို မေးမြန်းလိုက်၏။ ထိုဆိုင်သည် ကျင့်ကြံခြင်းလောကတွင် လိုအပ်သည့် အသုံးဆောင်များ၊ ပစ္စည်းကိရိယာများ ရောင်းချသည့်ဆိုင်ဖြစ်သည်။
“ရောင်းရင်းလေး တိမ်စွယ်ဝါးက ဒီဘက်မှာ နည်းနည်းရှားတယ်၊ အရိပ်တောင်ကြားရဲ့ နက်ရှိုင်းတဲ့တောအုပ်ထဲမှာပဲ ရှိမှာ၊ သွားဖို့က အန္တရာယ်များလွန်းတယ်” ဆိုင်ရှင်သည် တိမ်စွယ်ဝါးရှိရာ နေရာကို ပြောပြလိုက်၏။
တိမ်စွယ်ဝါးသည် အဆောင်စာရွက်ပြုလုပ်ရာတွင် အကောင်းဆုံး ပစ္စည်းအမျိုးစား မဟုတ်သော်လည်း ထိုဆိုင်မှရောင်းသည့် အဆောင်များထက်တော့သာပေသည်။ ချုးယွီဟွာ အဆောင်ရေးဆွဲရန် ထိုအဆင့်နိမ့်အဆောင်စာရွက်များကို အမြဲတမ်း ဝိညာဉ်စွမ်းအင်ဖြင့် ပြုပြင်ပေးရန်မှာ မဖြစ်နိုင်ပေ။ ထို့ကြောင့် အစားထိုးအနေဖြင့် တိမ်စွယ်ဝါးဖြင့် ပြုလုပ်ပေးရန် စဉ်းစားခဲ့ခြင်းဖြစ်သည်။
“အရိပ်တောင်ကြား..” ဟွမ်းသည် မျက်မှောင် အနည်းငယ်ကြုတ်သွား၏။ ထိုနေရာသည် သူ့တပည့်များကို သွေးဝံပုလွေက တိုက်ခိုက်ခဲ့သည့်တောင်ကြားဖြစ်သည်။ အကြောင်းရင်းမှန်ကတော့ သူတပည့်တွေက ဝံပုလွေများကို သွားရောက် နှိမ်နှင်းခြင်းသာဖြစ်၏။ ထို့နောက် အရိပ်တောင်ကြားသို့ သွားရန်ဆုံးဖြတ်လိုက်၏။
အရိပ်တောင်ကြားတွင် ဟွမ်းသည် နက်ရှိုင်းသည့် အတွင်းပိုင်းသို့ရောက်ရှိလာခဲ့သည်။ သူ၏ စွမ်းအားနှင့် ဤနေရာသို့ ရောက်ရန် ဘယ်လောက်မျှပင် မကြာခဲ့ချေ။ ထို့နောက် တိမ်စွယ်ဝါး ရှာရန် ဖြေးဖြေးချင်းသာ လျှောက်နေခဲ့သည်။
အရိပ်တောင်ကြားသည် ထိုက်ရွှမ်မြို့နှင့် မဝေးလွန်းသော်လည်း လူသူအသွားလာနည်းပါးကြသည်။ ဆေးပင်ရှာဖွေသူများ၊ အဆင့်နိမ့် သားရဲများနောက်လိုက်သည့် မုဆိုး အချို့သာ အရိပ်တောင်ကြားသို့ ဝင်ရောက်ကြသည်။ သို့သော် သူတို့သည် တောင်ကြားအစတွင်သာ သွားလာရဲခြင်းဖြစ်သည်။ အရိပ်တောင်ကြား အတွင်းနက်ထိ မဝင်ရောက်ရဲကြချေ။ အကြောင်းမှာ ထိုနက်ရှိုင်းသည့် အတွင်းတောအုပ်သည် လျှို့ဝှက် ဆန်းကြယ် လွန်းသောကြောင့်ဖြစ်သည်။ ထို့အပြင် ဤတောင်ကြား တွင် ထူးခြားသည့် စွမ်းအင်များ က လွှမ်းမိုးထားသည်။
ဤအရိပ်တောင်ကြားသည် ရှိ တောင်တန်းများသည် အရမ်းကြီး မမြင့်မားသော်လည်း သစ်ပင်များသည် နေရာစိပ်စိပ်ပေါက်ရောက်နေသောကြောင့် တောအုပ်သည် ထူလွန်း၏။ ဟွမ်းသည် ထိုတောအုပ်အတွင်း စတင်ဝင်ရောက်သွားသည်နှင့်အမျှ အလင်းရောင်သည် တဖြည်းဖြည်း မှေးမှိန်စပြုလာသည်။ တောင်တန်းများ၏ အရိပ်များသည် တောင်ကြားတစ်ခုလုံး ဖုံးအုပ်သွားသည့်အလား နေသာသည့်အချိန်မှာပင် အလင်းရောင်သည် နေရာပျောက်ကြားသာ ရရှိလေသည်။
ဟွမ်းသည် တောင်ကြား၏ အတွင်းပိုင်းနက်သို့ရောက်လာလေလေ လေထုက ပိုမှိုလေးလံထိုင်းမှိုင်း လာလေလေဟုခံစားလိုက်ရသည်။ သို့သော်သူအတွက် ပြသနာမရှိချေ။
“ဒီစွမ်းအင် အငွေ့သက်ကို ငါဘယ်မှာ တွေ့ဖူးပါလိမ့်”
ထို့အပြင် လေထုထဲရှိ ဝိညာဉ်စွမ်းအင် အငွေ့သက်များ သည် ရင်းနှီးနေသည်ဟု ခံစားမိသော်လည်း မည်သည့်အရာဖြစ်မှန်း စဉ်းစားမရသေးချေ။ ထို့ကြောင့် ဝိညာဉ်စွမ်းအင်သုံးကာ စူးစမ်းကြည့်လိုက်သည်။ သို့သော် ထိုအတွင်းပိုင်းတွင် ဝိညာဉ်စွမ်းအင် နှင့် မကြည့်ရှုနိုင်အောင် ပိတ်ပင်ထားသည့် အတားဆီးများ ရှိနေသည်ကို တွေ့လိုက်ရသည်။ ထို့ကြောင့် သူသည် စူးစမ်းရန် စိတ်မဝင်စားတော့ချေ။ သူလိုအပ်သည်က တိမ်စွယ်ဝါးသာ ဖြစ်၏။ ထို့ကြောင့် တိမ်စွယ်ဝါး ရှာရန်သာ ဦးတည်လိုက်တော့သည်။
“ထူးဆန်းတဲ့ လေထုကြောင့် လူသားတွေ မလာရဲတာတော့ မှန်ပေမဲ့ ဘာလို့ အဆင့်မြင့် သားရဲတွေတောင် မရှိတာပါလိမ့်” ဟွမ်းအတွက် အတော်လေးထူးဆန်းသွားစေသည်။ အဘယ်ကြောင့်ဆိုသော် တိမ်စွယ်ဝါး တောကို တွေ့ရှိလိုက်သောကြောင့်ဖြစ်သည်။ ဤနေရာတွင် တိမ်စွယ်ဝါးပင်များ သောင်းဂဏန်းလောက်ရှိလောက်အောင်ပင် ထူထပ်လွန်းသည်။
ပုံမှန်ဆိုလျှင် တိမ်စွယ်ဝါးလို ဝိညာဉ်စွမ်းအင်များပြားစွာပါဝင်သည့် ဝါးတောလိုမျိုးတွင် အဆင့်မြင့်သားရဲများ တည်ရှိနေတက်သည်။ သို့သော် အဆင့်နိမ့်သားရဲပင် တစ်ကောင်တစ်လေမှ မတွေ့ချေ။
“နှမြောစရာပဲ ဒီဝါးတွေရဲ့ သက်တမ်းက နုနေသေးတယ်၊ နှစ်သောင်းဂဏာန်လောက်ဆို ပိုကောင်းမှာပဲ”
ဟွမ်းသည် နှစ်သုံးထောင်သက်တမ်းရှိသည် တိမ်စွယ်ဝါးများကို အားမလိုအားမရဖြစ်နေခဲ့၏။ သို့သော် ထျန်းယွမ်ကုန်းမြေလို နိမ့်ကျသည်နေရာတွင် ဤသက်တမ်းရှိဝါးများရှိနေသည်ကိုပင် ကျေးဇူးတင်ရပေမည်။
တိမ်စွယ်ဝါးပင်၏ ဝါးရိုးများသည် သာမန်ဝါးများထက် ပိုမိုထူပြီး မာကျောလှသည်။ သို့သော် တိမ်စွယ်ဝါးရွက်များသည်တော့ တိမ်လိုပင် ပါးလွှာပြီး အစိမ်းနုရောင်ဘက်သို့သန်းနေသည်။ ထိုတိမ်စွယ်ဝါးပင်များသည် တစ်ပင်လုံးတွင် သန့်စင်သည့် ဝိညာဉ်စွမ်းအင်များ ပါဝင်နေသည်။ အဆောင်စာရွက်အဖြစ်ဖန်တီးရန် သင့်လျော်လှသည်။
“ကောင်းပြီ အပင်သုံးထောင်လောက်ငါယူမယ်”
ဟွမ်းသည် ထိုသို့ပြောပြီးနောက် သူ၏ လက်တွင် အဖြူရောင် ဝိညာဉ်စွမ်းအင်များ ပေါ်ထွက်လာခဲ့သည်။ သူ၏ စွမ်းအင်များသည် အလွန်ပင် နူးညံ့ဟန်ရှိသည်။ သို့သော် ထိုနူးညံဟန်ရှိသည် ဝိညာဉ်စွမ်းအင်များသည် တိမ်စွယ်ဝါးပင်များကို ခနအတွင်းတွင် ဖြတ်တောက်သွားခဲ့သည်။
“ဝုန်း..”
ဖြတ်တောက်ပြီးသား တိမ်စွယ်ဝါးပင်များကို ဟွမ်းသည် ဝိညာဉ်စွမ်းအင်သုံးကာ စီလိုက်သည်။ တိမ်စွယ်ဝါးများကို သပ်သပ်ရပ်ရပ်ဖြင့် စီထားသည့်အလား တစ်ညီတစ်ညာထဲ စီထား၏။
“တစ်ခါထဲ အဆောင်စာရွက် ဖြစ်အောင် လုပ်တာကောင်းပါတယ်” ထို့နောက် ဟွမ်းသည် တိမ်စွယ်ဝါးများကို စတင်သန့်စင်လိုက်၏။ သန့်စင်ရာတွင် ထိုဝါးအတွင်းရှိ ဝိညာဉ်စွမ်းအင်များ မပျက်စီးစေရန် ဂရုစိုက်၍ လုပ်ဆောင်ရပေသည်။ ထိုလုပ်ဆောင်ချက်သည် ညှင်သာလှသော်လည်း စွမ်းအင် ပွတ်တိုက်သံများ ထွက်ပေါ်နေသည်။
“ရွီး..”
အချိန်တော်တော်ကြာပြီးနောက် ထိုတိမ်စွယ်ဝါးများသည် ကြက်သွန်ကဲ့သို့ တစ်ထပ်ချင်း ခွာထားသည့်အတိုင်း ညီညာလွန်းလှသည့် စာရွက်များအလား ပြောင်းလဲသွားသည်။ ထိုဝါးစာရွက်များသည် အတော်လေး ပါးလွှာလှပြီး အရွယ်အစားသည် လက်တစ်ဝါးစာလောက်သာ ရှိပေသည်။ ထို့အပြင် ဖြတ်တောက်မှုမှာလည်း ညီညာလွန်းပေလှသည်။ ယခုအခါ ဝိညာဉ်စွမ်းအင်ပြည့်ဝသည့် အဆောင်စာရွက်များစွာရရှိသွားပြီဖြစ်သည်။ ထို့နောက် အရေအတွက် သောင်းဂဏာန်းမျှ ရှိသော တိမ်စွမ်ဝါး အဆောင်စာရွက်များကို လက်ဝှေ့ယမ်းကာ သိမ်းဆည်လိုက်၏။
“ကျေးဇူးတင်ပါတယ်” ဟွမ်းသည် ထိုတိမ်စွယ်ဝါးတောကိုကြည့်ကာပြောလိုက်၏။ တိမ်စွယ်ဝါးများသည် ဝါးပင်သက်သက်သာ ဖြစ်သော်လည်း သက်ရှိများသာဖြစ်၏။ ဟွမ်းသည် သူ၏ အကျိုးအတွက် ခုတ်ဖြတ်ခဲ့သောကြောင့် ကျေးဇူးတင်စကားဆိုလိုက်၏။ ထို့နောက် ဟွမ်းသည် ထွက်ခွာရန်ပြင်လိုက်သည်။ သို့သော်လေထုသည် ပို၍ထိုင်းမှိုင်းလေးလံလာခဲ့သည်။ ဟွမ်းသည် မျက်မှောင်ကြုတ်လိုက်၏ အဘယ်ကြောင့်ဆိုသော် သူ၏ အနောက်တွင် မိန်းကလေးတစ်ဦးရောက်ရှိနေသောကြောင့်ဖြစ်သည်။
“ရှင်ဘယ်သူလဲ၊ ဒီနေရာကို ကျုးကျော်လာတာလား” ထိုမိန်းကလေးသည် သူမ၏ ရှည်လျားကြီးမားလှသည် တံစဉ်းကြီးနှင့် ဟွမ်းကို ချိန်၍မေးလိုက်သည်။ သူမ၏ အသံသည်ချိုသာလွန်းပြီး မျက်နှာလေးသည်လည်း စွဲမက်ဖွယ်ကောင်းလွန်းလှ၏။ ထို့အပြင် သူမ၏ အသားရည်သည် ဝါဝင်းနေပြီး တင့်တယ်လွန်း၏။ သို့သော် သူမ၏ မျက်စံများသည် သွေးကဲ့သို့ အနီရောင်များဖြစ်နေသည်။ ထို့အပြင်သူမသည် အနီရောင် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး သူမကို ပထမဆုံးစတွေ့ဖူးသူတိုင်း အရမ်းကျော့ရှင်းသည်ဟု တွေးမိကြမှာ အမှန်ပင်။ သို့သော်လည်း သူမ၏ အရှိန်ဝါကြောင့် ခဏအတွင်းပင် ကြောက်လန့်သွားနိုင်ပေသည်။
“ဒီအငွေ့သတ်တွေ...” ဟွမ်းသည် သူမမေးသည်ကို မဖြေပဲသူ့ဘာသူသာ တီးတိုးရေရွတ်လိုက်သည်။ ထို့နောက် မှတ်မိလာဟန်ရှိ၏။
သို့သော် ထိုမိန်းကလေးသည် ဟွမ်း၏ အပြုမူများကို စိတ်မရှည်တော့ပဲ စတင်တိုက်ခိုက်လိုက်၏။ သူမသည် ချက်ချင်းပင် ဟွမ်းအနီးသို့ ရောက်လာပြီး သူမ၏ တံစဉ်းကို လွဲကာ အားကုန်ခုတ်ချလိုက်၏။ သို့သော် သူမ၏ တံစဉ်း ထိပ်ဖျားကို အသာဆုပ်ကိုင်ထားလိုက်၏။
“မဖြစ်နိုင်ဘူး” သူမသည် အလွန်ပင် အံ့ဩသွားခဲ့သည် သူမ၏ တံစဉ်းသည် အလွန်ပင် ကြီးမားကာ ထက်ရှပြီး ကျောက်စိုင်ကျောက်သားများအပြင် မာကျောလွန်းသည့် သတ္တုများပါ တိကနဲ့ပြတ်အောင်လုပ်နိုင်စွမ်းရှိသည်။ အစွမ်းထက် သူတော်စင်တစ်ဦးတောင် သူမ၏ သာမန် ခုတ်ချက်နှင့် မသေဆုံးသွားလျှင်တောင် ဒဏ်ရာအပြင်းထန်ရသွားမည်ဖြစ်သည်။ ထို့အပြင် အစွမ်းထက် နတ်ဘုရင် တစ်ဦးဆိုလျှင်တောင် ထိုတံစဉ်းကို ဆုပ်ကိုင်ရန် မဖြစ်နိုင်ပေ။ သို့သော် ဤလူသည် ဘာမျှမဖြစ်တဲ့အပြင် သူမ၏ တံစဉ်းကိုပါ ဆုပ်ကိုင်ထား၏။ သူမ၏ တံစဉ်းကို အားကုန်ပြန်ဆွဲနေသော်လည်း တုပ်တုပ်မျှပင်မလှုပ်ချေ။
“ရှင်ဘယ်သူလဲ”