နတ်ဆိုးနတ်ဘုရား ဒေါသခုတ်ပိုင်းချက်
Vol. 3 Ch. 35
“နတ်ဆိုးမျိုးနွယ်ရဲ့ စွမ်းအားက ဒီလောက်ပဲလား အားနည်းသေးတယ်”
ဟွမ်းသည် ထိုသို့ပြောပြီးနောက် တံစဉ်းကို လွှတ်ပေးလိုက်၏။ ထိုမိန်းကလေးသည် သူမ၏ တံစဉ်းကို ဆွဲနေချိန် ဟွမ်းသည် လွှတ်ပေးလိုက်သောကြောင့် အရှိန်များစွာဖြင့် နောက်သို့ ဆုတ်သွားခဲ့သည်။ သူမသည် နတ်ဆိုးမိန်းကလေး မော့ရွှယ်အာဖြစ်၏။ ဤအရိပ်တောင်ကြားသည် သူမ၏ အစ်ကို နှစ်ဦး သူမကို ကာကွယ်စောင့်ရှောက်ပြီး ကြီးပျင်းစေခဲ့သော နေရာဖြစ်၏။
“ရှင်ဘယ်သူလဲ ကျွန်မတို့မျိုးနွယ်ကို ဘာလို့သိနေရတာလဲ”
မော့ရွှယ်အာသည် ဟွမ်းကို သတိထားသည့် အနေထားသို့ ရောက်ရှိသွားပြီး နောက်တစ်ကြိမ်ထပ် မေးလိုက်၏။
“ငါ့ကို ဒဏ်ရာရအောင် လုပ်နိုင်ရင် ပြောပြမယ်” ဟွမ်းသည် အသာယာပြောလိုက်၏။
မော့ရွယ်အာ၏ ကြီးမားလှသည် တံစဉ်းကြီးသည် သူမ၏ လက်ထဲတွင် ငှက်မွေးအလား ပေါ့ပါးစွာယမ်းလိုက်သည်။ ထို့နောက် လေထဲသို့ ဝဲပျံတက်သွားပြီး ဟွမ်းဆီခုန်ဝင်လိုက်၏။ ထိုတံစဉ်းကို လက်နှစ်ဖက်ဖြင့် ကိုင်ကာ ဟွမ်း၏ ဦးခေါင်းကို ဦးတည်၍ ခုတ်လိုက်သည်။ ထိုအချိန်တွင် သူမ၏ တံစဉ်းလာရာ လမ်းကြောင်းတွင် လေဟာနယ်များ တွန့်လိမ်လာခဲ့သည်။ ဤခုတ်ချက်သည် အလွန်ပင် မြန်ဆန်၏။
သို့သော် ဟွမ်း၏ မျက်လုံးထဲတွင် ထိုခုတ်ချက်သည် နှေးသည်အလားကြည့်ကာ အသာပြုံးလိုက်ပြီးနောက် ဘေးသို့အနည်းငယ် ရှောင်လိုက်၏။ ထိုတံစဉ်းသည် မြေပြင်ကို ထိုးခွဲမည့်အလားဖြစ်သွားခဲ့သည်။ သို့သော် သူမသည် ထိုသို့ မဖြစ်အောင် သူမ၏ အရှိန်ကို ထိန်းလိုက်ပြီး ချက်ချင်းပင် တံစဉ်းအသွားကို ဟွမ်း ရှောင်တိမ်းလိုက်သည့် တည်နေရာကို လွဲယမ်းလိုက်သည်။ ဟွမ်း၏ ဝမ်းဗိုက်ကို ဦးတည်တိုက်ခိုက်လိုက်သည်။ ထိုတံ ဤအကြိမ်တွင်တော့ ဟွမ်းသည် မရှောင်တိမ်း တော့ပေ။ ဟွမ်း၏ ရှေ့တွင် အဖြူရောင် စွမ်းအင် အလွှာတစ်ခုသည် ထိုတံစဉ်းလာရာ လမ်းကြောင်းတွင် ပိတ်ဆို့လိုက်၏။
“ဝုန်း...”
မော့ရွှယ်အာ၏ တံစဉ်းကြီးသည် ဟွမ်း၏ အကာကွယ်နှင့် တိုက်မိသွားခဲ့သည်။ သူမ၏သွေးနီရောင် မျက်ဝန်းများသည် တုန်လှုပ်သွား၏။ သူသည် ထိုအကာကွယ်ကို မဖောက်နိုင်ဟု ခံစားမိသောကြောင့် ချက်ချင်းပင် နောက်သို့ ခုန်လိုက်ပြီး လေထုအပေါ်တွင် ရပ်လိုက်သည်။ ထို့နောက် သူမ၏ ခန္ဓာကိုယ်တွင် အလွန်ကြောက်မယ်ဖွယ်ကောင်းသည် စွမ်းအင်တစ်ခု ပေါ်ထွက်လာသည်။ ၎င်းစွမ်းအင်များသည် သူမ၏ ခန္ဓာကိုယ်မှတဆင့် အနက်ရောင်တံစဉ်းကြီး ပေါ်တွင်စီးဆင်လာစေသည်။ သူမသည် ထိုတံစဉ်း ကို လက်နှစ်ဖက်ဖြင့်ကိုင်ကာ သူမ၏ အနောက်သို့လွှဲရမ်းကာ အားယူလိုက်သည်။ ထိုအရာသည် နတ်ဆိုးမျိုးနွယ်၏ နတ်ဆိုးစွမ်းအင်ဖြစ်သည်။ ထိုစွမ်းအင်များသည် ကြတ်သီးများထကာ ကျောချမ်းစေနိုင်သည်အထိ အေးစက်လှသည်။ ၎င်းသည် လူသားများအပေါ်တွင် အလွန်ပင် စိတ်မသက်မသာဖြစ်စေနိုင်သည့် ခံစားချက်များပေးစွမ်းသည်။
“မဆိုးဘူး၊ ဒါပေမဲ့ မင်းရဲ့ နတ်ဆိုးစွမ်းအင်က မသန့်စင်သေးဘူး”
ဟွမ်းသည် မော့ရွှယ်အာ ကြားနိုင်လောက်သည်အသံဖြင့်ပြောလိုက်၏။ ထိုစွမ်းအင်များသည် သူအပေါ် မသက်ရောက်သည့် ဟန်ပင်။ မော့ရွှယ်အာသည် ထိုအရာကိုကြားပြီး မျက်မှောင်တစ်ချက်ကြုတ်လိုက်၏။ သို့သော် ချက်ချင်းပင် ဆက်လက် တိုက်ခိုက်ရန်ပြင်လိုက်သည်။
“နတ်ဆိုးနတ်ဘုရားရဲ့ ဒေါသခုတ်ပိုင်းချက်”
သူမသည် အားယူထားသည့် တံစဉ်းကို နည်းစနစ်သုံးက ဟွမ်းကို ချိန်ရွှယ်၍ ပစ်လိုက်လိုက်သည်။ ထိုတံစဉ်းထံမှ ထွက်ပေါ်လာသော နတ်ဆိုးစွမ်းအင်များသည် အလွန်ပင် ရက်စက်ကြမ်းကြုတ်ဟန်ရသည်။ ထို့နောက် လခြမ်းပဲ့ ပုံစံရှိသည် သွေးများကဲ့သို ရဲရဲတောက်နီမြန်းနေသည့် စွမ်းအင်လှိုင်းကြီးသည် အလွန်ပင် မြန်ဆန်စွာ ဟွမ်းဆီ ဦးတည်သွားသည်။
ထိုစွမ်းအင်လှိုင်းကြီး လာရာ လမ်းကြောင်းတစ်လျှောက်တွင် လေဟာနယ်များ အက်ကွဲလာသယောင်ပင်။ မြန်ဆန်လွန်းသည့် ထိုစွမ်းအင်လှိုင်းကြီးသည် အစွမ်းထက် နတ်ဘုရင်တစ်ဦးဆိုလျှင်တောင် ခုခံရန် အတော်ပင်ပေးဆပ်ရမည်ဖြစ်သည်။
မော့ရွှယ်အာသည် ဟွမ်းကိုလှမ်းကြည့်လိုက်ရာ အမူရာ မပျက်ရှိနေသည်ကိုတွေ့လိုက်၏။
‘ဒီလူ ခုခံဖို့တောင်မကြိုးစားတော့ဘူးလား’
ထို့နောက် ထိုစွမ်းအင်လှိုင်းကြီးသည် ဟွမ်းကိုထိမှန်သွားခဲ့သည်။
“ဝုန်း..” စွမ်းအင် ပေါက်ကွဲမှုများ ပြင်းထန်စွာ ထွက်ပေါ်လာပြီး ဟွမ်း၏ အနီးနားတစ်ဝှိုက်တွင် နတ်ဆိုးစွမ်းအင်များ ပြန့်ကျဲကုန်သည်။ မော့ရွှယ်အာသည် ဟွမ်းရှိရာနေရာကိုပင် မမြင်နိုင်လောက်အောင် နတ်ဆိုးစွမ်းအင်များနှင့် ဖုန့်မှုန်းများ၊ ကြေမွနေသည့် ကျောက်ခဲမှုန်များစွာနှင့် လုံးထွေးနေသည်။
ထိုအရာများ သည် မိနစ်ဝက်ခန့် ရှုပ်ထွေးနေသည်။ ခဏအကြာတွင် နေရာတစ်ခုလုံးပြန်လည်တည်ငြိမ်သွားသည်။ သို့သော် ထိုမြင်ကွင်းကိုမြင်လိုက်သည် မော့ရွှယ်အာသည် သူမ၏ သွေးနီရောင် မျက်လုံးများ ပြူးကျယ်သွားသည်။ ဟွမ်းသည် တည်နေရာတွင် အမူအရာမပျက်ရှိနေသည်။ သူ၏ အဖြူရောင် ဝတ်စုံသည်လည်း မည်သည့် အရာမျှ မစွန်းထင်သယောင် သန့်စင်နေပြီး ပျက်စီးသွားသည့်နေရာလဲ မရှိခဲ့ပေ။
“ရှင်ဘယ်လိုလုပ်လိုက်တာလဲ” မော့ရွှယ်အာသည် အလွန်ပင် မှတ်သတ်နေပြီး သူမ၏ နှုတ်ဖျားမှ အမှတ်မထင်ရေရွတ်လိုက်မိသည်။ ဤနည်းစနစ်သည် သူမ၏ အစွမ်းထက်ဆုံးနည်းစနစ်မဟုတ်သေးပေ။ သို့သော် ဤနည်းစနစ်ကို ထျမ်းယွမ်ကုန်းမြေရှိ နတ်အင်ပါယာများပင် ပြန်လည်ခုခံဖို့ နည်းစနစ်မသုံးပဲ တိုက်ရိုက်မခံယူရဲ ဟု ယုံကြည်မိသည်။ သို့သော် ဤလူသည် တိုက်ရိုက်ခံယူသည့်အပြင် မည်သည့်နည်းစနစ်မျှလဲ အသုံးမပြုခဲ့ချေ။
သူမသည် အတော်လေးစိုးထိတ်လာခဲ့၏။
“မဆိုးပါဘူး လာအောက်ဆင်းခဲ့တော့” ဟွမ်းသည် ပြုံး၍ပြောကာ မော့ရွယ်အာကို လေပေါ်မှ ဆင်းလာခိုင်းလိုက်သည်။
‘ဒီလူကြည့်ရတာ ငါ့ကို ဒုက္ခပေးချင်တဲ့ပုံမပေါ်ဘူး၊ ပြီးတော့ ငါက နတ်ဆိုးမျိုးနွယ်ကဆိုတာကို သိနေတယ်၊ ဖြစ်နိုင်တာက ဒီလူက ဒီကုန်းမြေက မဟုတ်တာများလား’
မော့ရွှယ်အာ၏ အမူယာသည် အနည်းငယ်ပြေလျော့သွားသည်။ ထို့နောက် ဖြေးဖြေးချင်း မြေပြင်သို့ဆင်းသက်လာကာ ဟွမ်းနှင့် အနည်းငယ် ကွာဝေးစွာ ရပ်လိုက်၏။
“မင်းကြီးလာပြီပဲ” ဟွမ်းသည် ထိုမိန်းကလေးကို ကြည့်ကာပြောလိုက်သည်။ သူ၏ အကြည့်သည် မည်သည့် တဏှာရာဂများ မပါဘဲ သန့်စင်နေ၏။
“ကျွန်မတို့ တွေ့ဖူးတာလား” မော့ရွှယ်အာသည် အလွန်ပင် အံ့ဩသွားသည်။ သူမတို့ နတ်ဆိုးကုန်းမြေ ဖျတ်စီးခံရသည့်အချိန်တွင် သူမသည် အလွန်ပင်ငယ်သေးလှ၏။ ထို့အပြင်ဤလူ့ထံမှ နတ်ဆိုးသွေး မခံစားမိသောကြောင့် နတ်ဆိုးမျိုးနွယ်ဝင်လဲ မဟုတ်ပေ။
“ငါ့ကို မမှတ်မိတာမဆန်းပါဘူး လွန်ခဲ့တဲ့ နှစ်သုံးရာတုန်းက မင်းက နှစ်နှစ်သားအရွယ်လေးပဲရှိသေးတာကိုး၊ ဟိုနှစ်ယောက်က ဘယ်မှာလဲ” ဟွမ်းသည် သူသိချင်သည့်အရာများသာ မေးလိုက်၏။
“အကိုကြီးတို့ကိုလဲ သိတာလား၊ အကိုကြီးတို့က...” သူမ၏ အသံများတုန်ယင်လာပြီး သွေးနီရောင်မျက်ဝန်းများသည် ချက်ချင်းပင် မျက်ရည်များစီးကျလာသည်။
ဟွမ်းသည် ထိုမိန်းကလေး၏ အနားကို ချက်ချင်းကပ်သွားပြီး သူမ၏ ဝိညာဉ်ပင်လယ်ကို စစ်ဆေးကြည့်လိုက်ရာ အစိမ်းရောင်များတောက်ပနေသည့် စွမ်းအင်စက်လုံးနှစ်ခုကို တွေ့လိုက်ရသည်။ ဟွမ်းသည် သဘောပေါက်သွား၏။ မော့ရွှယ်အာသည် အလွန်ပင်ထိတ့်လန့်သွားသော်လည်း ထိုလူသည် သူမဝိညာဉ်ပင်လယ်ကို စစ်ဆေးနေယုံဖြစ်ပြီး အန္တရာယ်မပြုသည်ကို တွေ့ကာ စိတ်လွှတ်လက်လွှတ်ငိုချနေသည်။
“ဒီလိုကိုး...၊ ဒါက သူတို့နှစ်ယောက်ရဲ့ တာဝန်ပဲ၊ အခုမကြုံခဲ့ရင်တောင် နောက်ကျ ကြုံမှာပဲ” ဟွမ်းသည် သက်ပျင်းချကာပြောလိုက်သည်။
“ဘာကိုဆိုလိုတာလဲ..ရှင်က ကောင်းကင်နန်းတော်ကလား ကျွန်မကို အဲ့ဒီတုန်းက ပြောပြပေးနိုင်မလား” မော့ရွှယ်အာသည် သူမ၏ မျက်ရည်များကို သုတ်၍မေးလိုက်၏။ သို့သော် သူမ၏ အသံတွင် ဝမ်းနည်းမှုများပါဝင်နေသေး၏။
“မင်းက နတ်ဆိုးမျိုးနွယ်ရဲ့ မင်းသမီးလေးဆိုတာသိတယ်မလား” ဟွမ်းသည် ပြောပြရန်ပြင်လိုက်ပြီး အနီးနားရှိ ကျောက်တုံးတစ်ခုရှာက ထိုင်လိုက်သည်။
“အကိုကြီးတို့ပြောပြထားလို့ သိပါတယ်၊ ဒါပေမဲ့ ကျွန်မကို ဘာမှ သေသေချာချာရှင်းမပြဖူးဘူး” သူမသည် ဟွမ်းရှိရာ ကျောက်တုံးတွင် လိုက်ထိုင်လိုက်သည်။
“နတ်ဆိုးမျိုးနွယ် ကပ်ဘေးက မျိုးနွယ်အချင်းချင်း သတ်ဖြတ်ခဲ့ကြတာပဲ” ဟွမ်းသည် သက်ပျင်းချကာ ပြောလိုက်၏။
“ရှင်..” မော့ရွှယ်အာသည် အလွန်ပင် အံ့ဩသွားခဲ့သည်။ သူမအစ်ကိုကြီးနှစ်ဦးသည် အစွမ်းထက်လူတစ်ယောက်ဟု ပြောခဲ့သောကြောင့် သူမသည် အခြားမျိုးနွယ်များဟုထင်မှတ်ခဲ့သည်။ သို့သော် သူမ၏ မျိုးနွယ်ဘိုးဘေးကိုယ်တိုင်ဖြစ်နေမှန်း တစ်ခါမျှ မတွေးမိဘူးချေ။
‘ဒီကပ်ဘေးက နတ်ဆိုးမျိုးနွယ် အချင်းချင်းသတ်ဖြတ်ခဲ့ကြတာလား’
“အဲ့ဒီကပ်ဘေးက နတ်ဆိုးမျိုးနွယ်ရဲ့ ဘိုးဘေးနဲ့ အကြီးကဲ တစ်ချို့က နတ်ဆိုးမျိုးနွယ်ကို မင်းရဲ့ဖခင် မျိုးနွယ်စုခေါင်းဆောင်ကို တိုက်ခိုက်ခဲ့တာကနေစတင်ခဲ့တာ၊ နတ်ဆိုးမျိုးနွယ်ထဲမှာ ရက်ပေါင်းများစွာ တိုက်ပွဲတွေဖြစ်ခဲ့တာပဲ၊ မျိုးနွယ်အတွင်း တိုက်ပွဲမို့ ကောင်းကင်နန်းတော်က ရက်အနည်းငယ်ကြာမှပဲ သိခဲ့ရတယ်၊ ငါတို့ရောက်လာတဲ့အချိန်မှာတော့ နတ်ဆိုးမျိုးနွယ်ရဲ့ မျိုးနွယ်ဝင်တွေအပါအဝင် အထက်ပိုင်းအကြီးကဲတွေပါ သေဆုံးနေကြပြီ၊ မင်းရဲ့ဖခင်လဲ သေလုနီးပါးဒဏ်ရာရနေပြီး နတ်ဆိုးမျိုးနွယ်ရဲ့ ဘိုးဘေးလဲ ဒဏ်ရာအပြင်းထန်ရနေခဲ့ပြီ”
ဟွမ်းသည် သူ၏စကား ခေတ္တဖြတ်တောက်လိုက်သည်။ မော့ရွယ်အာ၏ မျက်နှာလေးသည် မျိုးစုံပြောင်းလဲနေပြီးနောက် ဝမ်းနည်းသည်အမူရာသည် ပို၍ပြင်းထန်လာသည်။ ထို့နောက် ဟွမ်း၏ ပုံစံနှင့် အမူယာကို ကြည့်ကာ အတည်ပြုရန်ကြိုးစားလိုက်၏။
“ရှင်က အဲ့တုန်းကရောက်လာတယ်ဆိုတော့ နယ်မြေကာကွယ်သူလား”