ဟွမ်း ကျွမ်းကျင်သည့်အရာ
Vol. 3 Ch. 36
“ရှင်က အဲ့တုန်းကရောက်လာတယ်ဆိုတော့ နယ်မြေကာကွယ်သူလား”
“မဟုတ်ဘူး အခြားတစ်ယောက်”ဟွမ်းသည် ခေါင်းခါကာပြောလိုက်၏။
“ဒါဆို ရှင်က အဲ့ဒီ...”
“အဲ့ဒီအရာတွေကိုထည့်ပြောဖို့မလိုဘူး ဟွမ်းလို့ပဲခေါ်လို့ရတယ်” မော့ရွှယ်အာ ပြောရန်ပြင်နေချိန်မှာပဲ ဟွမ်းသည် စကားဖြတ်ပြောလိုက်၏။
“ဟွမ်း အဲ့ဒီနောက်ရော ဘာဆက်ဖြစ်ခဲ့တာလဲ” သူမသည် ရဲတင်းစွာနာမည်ခေါ်လိုက်ပြီးနောက် ဆက်မေးလိုက်၏။
ဟွမ်းသည် သူ၏ အမည်ကို တိုက်ရိုက်ခေါ်ခြင်းကို မည်သို့မျှ သဘောမထားပေ။ သို့သော် သူခေါ်ခိုင်းလျှင်တောင် သူအမည်ကို တိုက်ရိုက်ခေါ်ရဲသူမှာ နတ်ဘုရားကုန်းမြေတွင်ပင် အလွန်ရှား၏။ ထို့နောက်သည် ဆက်ပြောလိုက်သည်။
“ငါတို့ရောက်လာတဲ့အချိန်မှာ နတ်ဆိုးဘိုးဘေးက ချက်ချင်း သူကိုယ်သူ ဖောက်ခွဲသွားတယ်၊ သူရဲ့ ဖောက်ခွဲမှုက ပြင်းထန်လွန်းတာကြောင့် နတ်ဆိုးကုန်းမြေက အစိတ်စိတ် အမွှာမွှာ ကွဲကြေကုန်တယ်၊ ပြီးတော့ နတ်ဆိုးကုန်းမြေရဲ့ အစိတ်ပိုင်းတွေက လေဟာနယ်ထဲမှာ ဖုန်မှုန်တွေ အလားပျောက်ကွယ်သွားခဲ့တယ်”
ထို့ကြောင့် ဟွမ်းတို့ပင် အတော်လေး ဒုက္ခများသွားခဲ့သည်။ သူတို့သည် ထိုပေါက်ကွဲမှုမှ အသက်ရှင်နိုင်သည့် လူ့များကို လိုက်လံကယ်တင်ခဲ့ရသည်။ သူတို့သည် နတ်ဆိုးကုန်းမြေကို မကာကွယ်နိုင်ခဲ့ပေ။
“အဲ့ဒီကနေ နတ်ဆိုးမျိုးနွယ်တစ်ချို့ ကယ်တင်နိုင်ခဲ့ပေမဲ့ ဒဏ်ရာတွေ ပြင်းထန်လွန်းတာကြောင့် အသက်တော့ ကယ်ဖို့ မလွယ်ကူခဲ့ဘူး၊ အဲ့ဒီနောက်မှာ ဒဏ်ရာရနေတဲ့ မင်းဖခင်နဲ့ မင်းကိုကာကွယ်ထားရင်းသေဆုံးသွားတဲ့ မင်းအမေတို့ကို ရွီခုန်းကျစ်ကို သယ်ဆောင်လာခဲ့တယ်” ရွီခုန်းကျစ်သည် နတ်ဘုရားကုန်းမြေ၏ နယ်မြေကာကွယ်သူ ဖြစ်သည်။ ထို့နောက် ဟွမ်းသည် စကားဆက်လိုက်၏။ မော့ရွှယ်အာသည် ဟွမ်းပြောသည်များကို တိတ်ဆိတ်ငြိမ်သက်စွာ နားထောင်နေခဲ့သည်။
“သေလုမြောပါးဖြစ်နေတဲ့ မင်းအဖေက သူ့ရဲ့နောက်ဆုံးလက်ကျန်စွမ်းအင်တွေအားလုံးကို မျိုးနွယ်ရဲ့ အကြီးကဲနှစ်ဦးကို လွှဲပေးလိုက်ပြီး မင်းကို ကာကွယ်စောင့်ရှောက်ဖို့ မှာကြားခဲ့တယ်၊ အဲ့နောက်မှာ သူတို့ နှစ်ဦးက နတ်ဘုရားနယ်မြေကိုမလိုက်ခဲ့ဖို့ဆုံးဖြတ်လိုက်ကြတယ်”
သူတို့နှစ်ဦးသည် နတ်ဆိုးမျိုးနွယ်များဖြစ်သောကြောင့် နတ်ဘုရားကုန်းမြေတွင် နေထိုင်လျှင် သူတို့၏ စွမ်းအင် အငွေ့သက်များကြောင့် လူအများ မုန်းတီးလာနိုင်သည်။ နတ်ဆိုးမျိုးကုန်းမြေနှင့် နတ်ဘုရားကုန်းမြေတို့သည် ပဋိပခ အချို့ရှိကြသော်လည်း မကြီးမားပေ။ သို့ပေမဲ့ သူတို့လို အိမ်မရှိတော့သည် နတ်ဆိုးများ အတွက်တော့ နတ်ဘုရားကုန်းမြေတွင် နေထိုင်လျှင် ဖိနှိပ်လာနိုင်ပေသည်။ ထို့ကြောင့် ထိုသို့ဆုံးဖြတ်ကာ ထွက်သွားကြခြင်းဖြစ်သည်။
“ဒါဆို အစ်ကိုကြီးနှစ်ယောက်က ကျွန်မရဲ့ အစ်ကိုအရင်းတွေ မဟုတ်ဘူးပေါ့”
သူမသည် ဤရှုပ်ထွေးလှသည့် အကြောင်းရာများကို ခဏအတွင်း နာလည်နိုင်အောင် အတော်ပင်ကြိုးစားနေရသည်။ မော့ယီနှင့် မော့ရှဲ့သည် သူမအပေါ်တွင် အလွန်ကောင်းမွန်စွာ ဆက်ဆံခဲ့ပြီး တယုတယဆက်ဆံပေးခဲ့သည်။ သို့သော် သူမ၏ အစ်ကိုအရင်းများ မဟုတ်သည်ကိုကြားသည့်အခါ မယုံနိုင်ပင် ဖြစ်နေသည်။
မော့ယီနှင့် မောရှဲ့သည် သူမ၏ အစ်ကိုအရင်းများမဟုတ်ပေ။ ထိုအချိန်က နတ်ဆိုးမျိုးနွယ်ခေါင်းဆောင်သည် သူအသက်ရှင်ရန် မဖြစ်နိုင်မှန်း သေချာသွားပြီးနောက် နတ်ဘုရားအမြူတေအနည်းငယ်သာ ကွဲအက်နေသည် မောယီနဲ့ မော့ရှဲ့ကို သူ၏ သွေးစွမ်းအင်များ လွှဲပြောင်းပေးခဲ့သည်။ ထို့နောက် မော့ရွှယ်အာ အရွယ်ရောက်လာ ချိန်တွင် ပေးအပ်ရမည်ဖြစ်သည်။ ထိုနှစ်ဦးသည် တကယ်ပင် တာဝန်ကျေခဲ့သည်။ ထိုစွမ်းအင်များတွင် သန့်စင်သည့် နတ်ဆိုးသွေးများနှင့် စွမ်းအင်များပါဝင်သည်။
“နတ်ဆိုးဘိုးဘေးက အခုလို လုပ်ခဲ့တဲ့ လုပ်ရပ်ကို ရှာလို့မတွေ့ခဲ့ဘူး၊ ဒါကြောင့် ငါ့ရဲ့ယူဆချက်က မင်းဝိညာဉ်ပင်လယ်ထဲက စွမ်းအင် စက်လုံးနှစ်ခုစီမှာပဲ” ဟွမ်းတို့သည်ပင် အကြောင်းရင်းမှန်ကို ရှာမတွေ့ခဲ့ချေ။ ထို့ကြောင့် သူ၏ခန့်မှန်းချက်ကို ပြောပြလိုက်၏။
“ကျွန်မ ဝိညာဉ်ပင်လယ်ထဲမှာ စွမ်းအင်စက်လုံးတစ်လုံးထဲပါ” သူမသည် ဇဝေဇဝါဖြစ်သွားပြီးနောက်ဖြေလိုက်၏။
“ဟုတ်လား” ဟွမ်းသည် ထပ်မံစဉ်းစားသည့် ပုံစံ ဖြစ်သွားခဲ့သည်။ ထို့နောက် ဆက်ပြောလိုက်၏။
မော့ရွှယ်အာသည် စိတ်နှင့်ကိုယ်မကပ်သည့်အလား တွေဝေစွာထိုင်နေသည်။ သူမသည် သူမ၏ ခံစားချက်များကို မည်သို့ဖော်ပြရမည်မှန်းမသိတော့ချေ။ ဟွမ်းသည် မည်သည်မှ ဆက်မပြောတော့ပဲ တိတ်တဆိတ်သာထိုင်နေခဲ့သည်။
အချိန်အနည်းငယ်ကြာပြီးနောက်
“ဟွမ်း ကျွန်မကို ဒီနေရာက ခေါ်သွားပေး” မော့ရွှယ်အာသည် သူမ အပြင်ထွက်ချင်ကြောင်း ပြောဆိုလိုက်၏။ မော့ယီနှင့် မော့ရှဲ့သည် သူမ အင်ပါယာအဆင့်မရောက်လျှင် ပြင်ပသို့မထွက်နိုင်အောင် အတားဆီးများ ချထားခဲ့ခြင်းဖြစ်သည်။
“မင်း စက်လုံးစွမ်းအင်တွေ စုပ်ယူပြီးမှ ထွက်သွားသင့်တယ်” ဟွမ်းသည် တည်ငြိမ်စွာပြောလိုက်၏။
“အပြင်လောကကြီးကို ထွက်ကြည့်ချင်တယ်၊ ပြီးတော့ အဲ့ဒီအဖြစ်ပျက်တွေရဲ့ အကြောင်းရင်းကို ရှာဖွေချင်တယ်” သူမ ဤနေရာတွင် နှစ်သုံးရာလောက်နေခဲ့ရခြင်းဖြစ်သည်။ သူမသည် အပြင်လောကကြီးကိုလဲ ကြည့်ချင်သေးသည်။ နတ်ဆိုးမျိုးနွယ် အမှန်တရားလဲ ရှာဖွေချင်သည်။ ထို့ကြောင့် ဟွမ်းကို တောင်းဆိုလိုက်၏။
“ကောင်းပြီ ဒီအတားဆီးကို ခဏအတွင်းဖျက်ပေးလို့ရတယ်၊ ဒါပေမဲ့ ဒီနေရာပျက်စီးသွားမယ်၊ ဒီနေရာ ထိန်းသိမ်း ထားချင်တယ်ဆိုရင်တော့ ရက်အနည်းငယ်လောက်အချိန်ယူရမယ်” ဟွမ်း၏ အင်အားနှင့် အတားဆီးကို ချိုးဖြတ်ရန် မခက်ခဲပေ။ သို့ပေမဲ့ ထိုမိန်းကလေး နှစ်သုံးရာလောက် နေထိုင်ခဲ့သည့်နေရာဖြစ်သည်ကို သိပြီး သူမကိုသာရွှေးချယ်ခိုင်းလိုက်၏။
“ဒီနေရာကို ဒီအတိုင်းပဲထားချင်တယ်၊ ပြီးတော့ တစ်ခြားသူတွေ မကျုးကျော်နိုင်အောင် လုပ်ခဲ့ပေးပါ” သူမသည် အပြင်ထွက်ရန် မလောပေ။
“ကောင်းပြီ” ဟွမ်းသည် ထိုသို့ပြောပြီးနောက် အကာကွယ်ကို ဖြေရှင်းရန်စတင်လိုက်၏။ သူသည် မော့ရွှယ်အာကို ကူညီနေရခြင်းအကြောင်းမှာ နတ်ဆိုးမျိုးနွယ်၏ အမှန်တရားသိလိုသည် ဖြစ်သည့်အပြင် ခရမ်းလမျိုးနွယ် နှင့် ဆက်စပ်နေမလား ဆိုပြီး တွေးမိသောကြောင့်ဖြစ်သည်။
တစ်နာရီခန့်ကြာပြီးနောက်
“ဟွမ်း ဘာတွေရှာနေတာလဲ” မော့ရွှယ်အာသည် ဟွမ်း ဤတောင်ကြားအတွင်း လှည့်ပတ်သွားလာနေသည်ကို မနေနိုင်၍ မေးလိုက်ခြင်းဖြစ်သည်။ ဤတစ်နာရီတောအတွင်း အရိပ်တောင်ကြားထဲတွင် တစ်ခုခုရှာဖွေနေသည့်ပုံပေါ်နေသည်။
“ဝိညာဉ်ကျောက်တုံးလေ” ဟွမ်းသည့် သူ့နောက် တကောက်ကောက်လိုက်နေသည့် မိန်းကလေးကို ဖြေလိုက်၏။
“အဲ့ဒါက ဘာလုပ်ဖို့လဲ” မော့ရွှယ်အာသည် ဇဝေဇဝါဖြစ်သွားပြီးမေးလိုက်သည်။
“ဒီအကာကွယ်ကို ဖယ်ရှားဖို့လေ အစီရင်ကြီးတွေရဲ့ အဓိက ဗဟိုချက်က ဝိညာဉ်ကျောက်တုံးနဲ့ အစီရင်အလံတွေပဲလေ” အသံလုံအစီရင်ဖန်တီးရာတွင် ဆရာတစ်ဆူဖြစ်သည့် ဟွမ်းက ရှင်းပြလိုက်သည်။
“အဲ့လိုလား...” မော့ရွှယ်အာသည် သဘောပေါက်သွားဟန်ပေါ်သည်။ ထို့နောက်သူမပါ နေရာ အနှံ့ရှာဖွေလေတော့သည်။
ငါးရက်ကြာပြီးနောက်
နတ်ဘုရင်အဆင့်ရောက်ရှိနေသည့် မော့ရွှယ်အာသည် ပင်ပန်းလွန်းသဖြင့် ကျောက်ဆောင်တစ်ခုပေါ်တွင် လှဲလျောင်းနေသည်။
ဤငါးရက်အတွင်းတွင် သူတို့နှစ်ဦးသည် တက်ညီလက်ညီနှင့် အရိပ်တောင်ကြားတစ်ခုလုံးကို ရှာဖွေနေခဲ့ကြသည်။ တောင်ကြားထဲရှိ အပင်မျိုးစုံတွင် ကြီးမားလှသည့် အပင်ကြီးများပါမကျန် မြေလှန်ရှာခဲ့ကြသည်။ ထို့နောက် မူလအတိုင်း ဖြစ်အောင် ပြန်လုပ်ရပြန်သည်။ မြေအောက်အတွင်းတွင်လည်း ပေပေါင်းရာချီအထိ ရှာဖွေခဲ့ကြသည်။
“အကိုကြီးက လိမ်ခဲ့တာတော့ မဖြစ်နိုင်ဘူး၊ သူ့ရဲ့ အစီရင်ပညာကို ငါလဲမြင်ဖူးနေတာပဲ”
မော့ရွှယ်အာ၏ ဘေးတွင် ထိုင်နေသည့်ဟွမ်းသည် ခရမ်းရောင် ကျောင်စိမ်းပြားလေးတစ်ခုကို ကြည့်ရင်း ရေရွတ်လိုက်သည်။ ဤလောကတွင် ဟွမ်း၏ ‘အကိုကြီး’ဟုခေါ်ခံရသည့်လူသည်တစ်ဦးတည်းသာရှိ၏။ ယွဲ့ဝူယောင်၏ဖခင်ပင်။ ထိုကျောက်စိမ်းပြားတွင် “အစီရင်ပညာရပ်များ” ဆိုပြီးရေးထိုးထားသည်။
“ဟွမ်း အကာကွယ်ကို ဒီအတိုင်းရိုက်ခွဲလိုက်ပါတော့လား” မော့ရွှယ်အာသည် အမောဆို့နေသည့်လေသံဖြင့်ပြောလိုက်၏။ သူမသည်အလွန်ပင် ငိုချင်နေခဲ့၏။ သူမသည် ဆက်မလုပ်နိုင်တော့ပေ။ လွန်စွာပင်ပန်းလှ၏။ သူမ အတွက် အမှတ်ရစရာသည် ဤတစ်နေရာသာရှိသော်လည်း စွန့်လွှတ်ဖို့ရွေးချယ်လိုက်သည်။
“အဆင်ပြေလောက်ပါတယ် ရက်အနည်းငယ်လောက် ထက်ကြိုးစားကြည့်တာပေါ့” ဟွမ်းသည် ပြောလိုက်၏။ မော့ရွှယ်အာသည် ထိုစကားကြောင့် ငိုချင်စိတ်ပေါက်လာပြန်သည်။ မြေကြီးများ ထပ်မံမတူချင်တော့ပေ။ ထို့နောက် ဟွမ်းအနားသို့ထလာကာမေးလိုက်၏။
“အဲ့ဒါဘာလေးလဲ” မော့ရွယ်အာသည် စိတ်ဝင်စားဟန်ရှိကာ မေးလိုက်၏။
“အစီရင်နဲ့ပတ်သတ်တာတွေကို မှတ်သားထားတဲ့ ဝိညာဉ်ကျောက်ပြားလေ” ဟွမ်းသည် ဖြေလိုက်၏။
“ကျွန်မကြည့်ကြည့်လို့ရလား” သူမသည် ပြင်ပလောကသို့မထွက်ဖူးသောကြောင့် ဤကဲ့သိုအရာများကို မသိရှိခဲ့ပေ။ မော့ယီနှင့် မော့ရှဲ့လည်း မသင်ပေးဖူးခဲ့ချေ။
“ကြည့်ကြည့်လေ၊ ဒါပေမဲ့ အစီရင်ပညာက အရမ်းရှုပ်ထွေးလွန်းတယ်၊ နားလည်နိုင်ဖို့ အချိန်တော်တော်လေးပေးရလိမ့်မယ်” ဟွမ်းသည် ထို ကျောက်စိမ်းပြားလေးကို မော့ရွှယ်အာဆီသို့ပေးလိုက်၏။