ထိုက်ရွှမ်ဂိုဏ်း၏ ဂိုဏ်းသားသစ် ရွေးချယ်ပွဲ
Vol. 3 Ch. 37
ထိုက်ရွှမ်မြို့ အငှားအိမ်တော်ရှေ့တွင် လုချောင်းယန်သည် အလွန်ပင်စိတ်လှုပ်ရှားနေတော့သည်။ အဘယ်ကြောင့်ဆိုသော် ယနေ့သည် ထိုက်ရွှမ်ဂိုဏ်း၏ ဂိုဏ်းသားသစ်ရွေးချယ့်မည့်နေဖြစ်သည်။
သူသည် ပါဝင်ယှဉ်ပြိုင်သူအလားပင် အလွန် စိတ်လှုပ်ရှားနေ၏။
“ကလေးတွေ သွားကြစို့” လုချောင်းယန်သည် သူ၏ နောက်တွင်ရှိသော လူငယ် ငါးဦးကို ပြောလိုက်၏။ သူတို့သည့် ကျင်းပမည့်နေရာနှင့် အရမ်းမဝေးသောကြောင့် ခြေလျင်သွားကြရန်သာ ဆုံးဖြတ်လိုက်၏။ ထို့ပြင် ဤကလေးများသည် ထိုက်ရွှမ်မြို့အတွင်းရှိ နေရာဆယ်ခုပင်ပြည့်အောင် မရောက်ဖူးချေ။
ယနေ့တွင် ယွဲ့ဝူယောင်သည် သူမဝတ်နေကျအရောင်ဖြစ်သည့် ခရမ်းနုရောင် ဂါဝန်အရှည်လေးဖြင့်လှပနေသည်။ ထို့အပြင် သူမအမြဲဝတ်ဆင်ထားတက်သည့် ဆွဲကြိုးလေးသည် ပေါ်လွင်နေ၏။ သူမအနီးတွင် အေးစက်သည့်အငွေ့သက်များသည် လျော့ပါးနေ၏။ အကြောင်းမှ သူမ၏ အရှိန်ဝါကို ထိန်းသိမ်းရာတွင် ပို၍ချောမွေ့လာခြင်းကြောင့်ဖြစ်သည်။
လုချောင်းယန်သည် အနက်ရောင်အင်္ကျီတွင် အနီရောင်ဖြင့် အနားကွပ်ထားသည့် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသည်။ သူ၏ခန္ဓာကိုယ်မှ ပူပြင်းမှုများပေါ်ထွက်နေသော်လည်း မျက်လုံးအစုံသည် နွေးထွေးသည့် ခံစားချက်ကို ပေးစွမ်းနေသည်။
ပိုင်ကျန့်ယွီသည်တော့ ခပ်ဖျော့ဖျော့အစိမ်းရောင် ဝတ်စုံနှင့် ဆွဲဆောင်မှုရှိသည့်ခံစားချက်များပေးနေသည်။ သူသည်ချောမောသည်ဟု မဆိုနိုင်ပေ။ သို့သော် သူ၏ စူးရှလွန်းသည် မျက်လုံးအစုံကြောင့် ယောက်ျားဆန်သည့် ဟန်ပန်မျိုးဖြစ်ပေါ်နေသည်။
လျှိုမင်ယွင်ကမူ အလွန်ပင်ချောလှသည့်လူငယ်လေးဖြစ်သည်။ ထို့အပြင် သူသည်လည်း အနက်ရောင်အဝတ်စားကို ဝတ်ဆင်ထားခဲ့သည်။ သို့သော် သူ၏ ဝတ်စုံသည် အနက်ရောင်မှလွဲ၍ တစ်ခြားအရောင်များ မပါချေ။ သူသည် အခြေတည်ဝိညာဉ်အဆင့်သို့ တက်ရောက်နိုင်ခဲ့ပြီဖြစ်သည်။
ယနေ့အတွက် အထူးခြားဆုံးဖြစ်သူမှာ မုန့်ချန်အာပင်ဖြစ်၏။ သူမသည် ခါတိုင်းတွင် အဖြူရောင်သာ ဝတ်ဆင်ခဲ့သော်လည်း ယနေ့တွင်မူ နက်ပြာရောင် ဝတ်စုံလေးနှင့် လှပနေသည်။ ထို့အပြင် ထိုဝတ်စုံသည် စနစ်တကျ တိုင်းချုပ်ထားသည့် အဝတ်စားဖြစ်သောကြောင့် သူမ၏ လှပသည့် ခန္ဓာကိုယ်ကို ထင်ရှားနေစေသည်။ ထို့အပြင်သူမသည် ဟွမ်း၏တပည့်များနှင့် မယှဉ်နိုင်သော်လည်း ထိုက်ရွှမ်မြို့ ရောက်ကတည်းက ကျင့်ကြံနေခဲ့ခြင်းကြောင့် ရွှေအမြူတေအဆင့်ပင်ရောက်ရှိနေပြီဖြစ်သည်။
“မြို့သခင်လု ဆရာပြန်မလာသေးဘူးလား” ယွဲ့ဝူယောင်သည် လုချောင်းယန်ကို မေးလိုက်သည်။ သူမ၏ ဆရာသည် လွန်ခဲ့သည့် တစ်ပတ်ကတည်းက ထိုက်ရွှမ်မြို့မှ ထွက်သွားခဲ့ခြင်းဖြစ်သည်။
“ဟုတ်တယ် မိန်းကလေးယွဲ့ သူဘယ်သွားတယ်ဆိုတာမပြောသွားဘူး” လုချောင်းယန်သည် အခက်တွေ့နေသည့် မျက်နှာနှင့်ဖြေလိုက်သည်။
“အစ်မကြီးကလဲ ဆရာက ကလေးမှ မဟုတ်တော့ပဲ၊ သူလဲ အပြင်လျှောက်သွားချင်မှာပေါ့၊ ကျုပ်တို့က ဆရာ့ရဲ့ လွတ်လပ်ခွင့်ကို မပိတ်သင့်ဘူးလေ” ပိုင်ကျန့်ယွီသည် ပြောလိုက်၏။
အားလုံး “...”
‘ဓားသမားတွေကဒီလိုကြောင်တောင်တောင် ဖြစ်တက်တာလား’ လုချောင်းယန်သည် တွေးလိုက်မိ၏။ ပိုင်ကျန့်ယွီ ပြောသည်မှာ မှန်သော်လည်း တစ်ခုခုလွဲနေသလို ခံစားမိကြသည်။
“အစ်မကြီး ဆရာ့ရဲ့ စွမ်းအားနဲ့ဆိုရင် သူ့ကို ပြသနာရှာနိုင်တဲ့သူလဲ မရှိသလို အခက်ခဲဖြစ်အောင်လုပ်နိုင်တဲ့အရာလည်းမရှိလောက်ပါဘူး” လုရှင်းယန်သည် ဝင်ရောက်ကာပြောလိုက်၏။ ပိုင်ကျန့်ယွီပြောပုံနဲ့ဆိုရင် ရေခဲတုံးဖြစ်သွားမှာ စိုးရိမ်မိလေသည်။
“အဲ့ဒါတော့ အမှန်ပဲ သွားကြစို့” ယွဲ့ဝူယောင်သည် ဟွမ်းနဲ့ ဆရာတပည့်ဖြစ်လာခဲ့သည်မှာ တစ်လသာရှိသေးသော်လည်း သူဆရာအခက်ကြုံရသည့်အရာကို မတွေ့ဖူးသေးချေ။ ထို့ကြောင့် ရွှေးချယ်ပွဲလုပ်မည့်နေရာဖြစ်သည့် ထိုက်ရွှမ်မြို့လယ်သို့ ဦးတည်သွားကြတော့သည်။
ထိုက်ရွှမ်ဂိုဏ်းသားသစ်ရွှေးချယ်ပွဲသည် ထိုက်ရွှမ်မြို့၏ အလယ်ဗဟိုတွင်တည်ရှိသော ရင်ပြင်ကျယ်ကြီးထဲတွင် ပြုလုပ်ခြင်းဖြစ်သည်။
ထိုရင်ပြင်သို့ သွားရာ လမ်းတစ်လျှောက်တွင် အသက်ရွယ်စုံ အမျိုးသားများ၏အကြည့်များသည် ယွဲ့ဝူယောင်နှင့် မုန့်ချန်အာတို့အပေါ်တွင်သာကျရောက်နေသည်။
“ဒုတိယအစ်ကို ကျုပ်ပိုပြီး စွမ်းအားကြီးချင်လာပြီ” ပိုင်ကျန့်ယွီသည် ရုတ်တရက်ထပြောလိုက်၏။
“ဘာလို့တုန်း” လုရှင်းယန်သည် နားမလည်သောကြောင့်မေးလိုက်၏။
“အစ်မကြီးတို့ကို အငမ်းမရကြည့်နေတဲ့ကောင်တွေကို ပြေးပိုင်းလိုက်ချင်လို့” ပိုင်ကျန့်ယွီသည် ဒေါသထွက်နေသည့်အလား ပြောလိုက်၏။
“အဲ့ဒါတော့ ဟုတ်တယ်၊ ကျုပ်လဲ တတိယအစ်ကိုအတိုင်းပဲ” လျှိုမင်ယွမ်သည် ပိုင်ကျန့်ယွီ၏ စကားကို ထောက်ခံလိုက်သည်။ ယွဲ့ဝူယောင်သည် သူ၏ စံပြပုဂ္ဂိုလ်ဖြစ်သည်။ ထို့ကြောင့် အကြည့်နှင့် ပြစ်မှားလျှင်တောင် အမှုန့်ကြိတ်ချင်နေသည်။
ယွဲ့ဝူယောင် “...”
သို့သော်လည်း သူမစိတ်ထဲတွင် နွေးထွေးသွား၏။ ထိုယောက်ျားသားများ၏ အကြည့်များကို ဂရုမစိုက်သော်လည်း သူ၏ ဆရာတူမောင်လေးများက ဂရုစိုက်နေသည်။ လဲ့အိမ်တော်တွင် အနိုင်ကျင့်ခံ၊ အထီးကျန်စွာနှင့်နေခဲ့ရသည်။ သို့သော် သူမဆရာနှင့်တွေ့ပြီးနောက် ဆရာတူမောင်လေးများရလာသည့်အခါ သူမသည် တဖြေးဖြေးနှင့် မိသားစု ဆိုသည့် အရာကို သဘောကျလာခဲ့သည်။ သွေးမတော်သားမစပ်ပေမဲ့ အလွန်ဂရုစိုက်ပေးကြသည့် နေရာမှန် တစ်ခုသို့ရောက်ရှိလာခဲ့ပြီးနောက် ပျော်ရွင်မှုကိုပင် ခံစားနေရပြီဖြစ်သည်။ ထို့ကြောင့် လူတိုင်းသည် ပျော်ရွင်နိုင်ဖို့ နေရာမှန်ရွေးချယ်ကြရန်လိုအပ်သည်။
“အဲ့လိုဆိုရင်တော့ မင်းကိုပါ အိမ်တော်ထဲက ထွက်ခိုင်းလို့မဖြစ်ဘူး” လုရှင်းယန်သည် လျှိုမင်ယွမ်ပခုံးဖက်ကာပြောလိုက်သည်။
“ဟင်..ဘာဖြစ်လို့လဲ” လျှိုမင်ယွမ်သည် စွံ့အစွာမေးလိုက်သည်။
“မင်း ဘေးပတ်ဝန်းကျင်ကိုကြည့်လေ” ပိုင်ကျန့်ယွီသည် ဝင်ပြောလိုက်သည်။
ယွဲ့ဝူယောင်ကို ကြည့်နေသောအကောင်များကို မှတ်သားနေသောကြောင့် လျှိုမင်ယွမ်သည် ထိုအရာများကိုသတိမထားမိချေ။ လျှိုမင်ယွမ်ပတ်ပတ်လည်လှည့်ကြည့်လိုက်သည့်အခါ မိန်းမပျိုလေးများစွာသည် သူ့အား အချစ်မျက်ဝန်းများနှင့် ကြည့်နေသည်ကို တွေ့လိုက်ရသည်။ သူသည် ကြတ်သီးများပင်ထလာခဲ့သည်။
ယွဲ့ဝူယောင်တို့သည် အခမ်းနားကျင်းပမည့် ရင်ပြင်၏ ဂိတ်တံခါးတွင် ရှေးနဂါးရင်ပြင်ဟု ရေးထိုးထားသည်ကိုကြည့်ကာ အလွန်ပင်အံ့ဩနေသည်။ ရှေးနဂါးရင်ပြင်သည် အလွန်ကြီးမားကျယ်ဝန်းပြီး ကျင့်ကြံသူများ၏ မြို့တော်ကြီး တစ်ခုဖြစ်သည့် ထိုက်ရွှမ်မြို့၏ ဗဟိုချက်မတွင် တည်ရှိနေသည်။ မြို့၏ အချက်အချာကျသောနေရာတွင် တည်ဆောက်ထားသည့်အတွက် မြို့သူမြို့သားများနှင့် အခြားမြို့ငယ်များမှ ကျင့်ကြံသူများ အလွယ်တကူ လာရောက်နိုင်စေရန် စီမံထားသည်။
ရင်ပြင်သည်၏ အလျား နှင့် အနံ ပေသုံးထောင်နီးပါးစီ(မိုင်တစ်ဝက်ခန့်) ရှိပြီး စတုရန်းပုံသဏ္ဌာန်ဖြစ်သည်။ ထိုအကျယ်ဝန်းသည် သာမန် ကျင့်ကြံသူများအတွက်ပင် ရှင်းရှင်းလင်းလင်း မြင်နိုင်ကြားနိုင်ပေသည်။
ထို့ပြင် ကျယ်ပြန့်လှသောဤ ရင်ပြင်သို့ ဝင်ထွက်နိုင်ရန် မြို့၏လမ်းမကြီးများမှ တိုက်ရိုက်ဆက်သွယ်ထားသော ကြီးမားခမ်းနားသည့် ဂိတ်တံခါးသည်ကြီး လေးခု ရှိသည်။
ဂိုဏ်းသားသစ် လက်ခံပွဲကျင်းပသည့်နေ့ဖြစ်သောကြောင့် ရှေးနဂါးရင်ပြင်တွင် အထူးပင် စည်ကားသိုက်မြိုက်နေသည်။ လာရောက်အားပေးကြသည့် ပရိသတ်များအတွက်ကြည့်ရှုနိုင်စေရန်လည်း ရင်ပြင်ပတ်လည်တွင် ကြည့်ရှုစင်မြင့်အဆောက်ဦးများအပြင် စင်္ကြန်များပြုလုပ်ထားသေးသည်။
“ချန်အာ အတွက် စာရင်းပေးဌာနမှာ ရောက်ရှိကြောင်းအတည်ပြုရဦးမယ်”
လုချောင်းယန်သည် မုန့်ချန်အာ အတွက် သူမနှင့်အတူ စာရင်းပေးဌာနသို့ ဦးတည်သွားကြသည်။ မုန့်ချန်အာသည် အလွန်ပင် စိတ်လှုပ်ရှားနေသည်။ ထို့ကြောင့် ယွဲ့ဝူယောင်တို့သည် သူတို့လေးဦးသာ ရင်ပြင် အနောက်ဘက်ရှိ ပွဲကြည့်စင်မြင့်တစ်ခု၏ စင်္ကြန်ပေါ်သို့ရောက်ရှိလာခဲ့သည်။ ထို့နောက် ကျင့်ကြံသူပေါင်းများစွာကို တွေ့လိုက်ရသောကြောင့် အံ့ဩရပြန်သည်။ သူတို့သည် အရွေးချယ်ခံမည့်လူများအပြင် လာရောက်အားပေးသူများ ဤမည်မျှများပြားလိမ့်မည်ဟုမထင်ထားခဲ့ပေ။
သို့သော် ဆယ်နှစ်မှ တစ်ကြိမ်သာကျင်းပသည့် လင်းယွမ်နယ်မြေ၏ အကြီးဆုံးဂိုဏ်း ဖြစ်သောကြောင့် နယ်မြေတွင်းရှိလူများစွာ လာရောက်ကြည့်ရှုကြသည်မှာ မဆန်းချေ။ ထိုရင်ပြင်ပတ်လည်ရှိအဆောက်ဦးများသည် လူသိန်းဂဏန်းကျော် ရှိသည့် ပွဲကြည့်ပရိသတ်များ ကို သက်သာစွာ ကြည့်ရှုနိုင်စေသည်။
ရှေးနဂါးရင်ပြင်၏ အရှေ့ဘက်ရှိ ခမ်းနားသည့်အဆောက်အုံကြီးတွင် ဂိုဏ်း၏ အကြီးအကဲများ၊ အခမ်းအနား တာဝန်ရှိသူများ ထိုင်နေကြသည်။ ထိုထိုင်ခုံများ၏ နောက်ရှိ တံတိုင်းကြီးပေါ်တွင် ထိုက်ရွှမ်ဂိုဏ်း၏ အမှတ်သားတံဆိပ်ပုံကို ထွင်းထုထားသည်။ ထိုအမှတ်သားသည် နဂါးတစ်ကောင်၏ ပုံစံဖြစ်ပြီး ဂိုဏ်း၏ ဂုဏ်သိက္ခာနှင့် ခမ်းနားမှုကို ဖော်ပြနေသည်။
ထို့နေရာရှိ အလယ်ခုံတွင် ထိုက်ရွှမ်ဂိုဏ်းချုပ် ထိုက်ဟုန်ကျွင်း သည်ခမ်းနားထည်ဝါစွာ ထိုင်နေသည်။ သူသည် ဂိုဏ်းအခမ်းနားစတင်ခြင်းကို စောင့်ဆိုင်းနေခြင်းဖြစ်သည်။
“ဒုတိယ အစ်ကို ဒီနှစ်လူငယ်တွေကို ဘယ်လိုမြင်လဲ”