သာမညစမ်းသပ်ချက်
Vol. 3 Ch. 38
“ဒုတိယ အစ်ကို ဒီနှစ်လူငယ်တွေကို ဘယ်လိုမြင်လဲ”
ထိုက်ဟုန်ကျွင်းသည် သူ၏ ဘယ်ဘက်ဘေးထိုင်ခုံတွင် လူငယ်များကို စောင့်ကြည့်နေသည့် ရှဲ့လန်ကို မေးလိုက်၏။ ဟုတ်ပေသည် ရှဲ့လန်သည် နတ်အင်ပါယာထျန်းရှီ၏ ဒုတိယတပည့်ဖြစ်ပေသည်။
“ရှောင်ကျွင်း မင်းက ငါ့ထက် အစွမ်းထက်တယ်လေကွာ၊ ငါ့ကို အဲ့လိုမေးတော့ ဘယ်လိုပြန်ဖြေရမှာတုန်း”
ရှဲ့လန်သည် ကျင်းဝူတောင်နှင့်မတူပေ။ သူသည် မလိုအပ်သည့် ကျင့်ဝတ်များကို စောင့်ထိန်းမနေချေ။ ခေါ်နေကြအတိုင်းသာခေါ်လိုက်၏။ ထို့အပြင် နတ်ဘုရင်အဆင့်ရောက်နေသူသည် နတ်ဘုရားတစ်ပိုင်းသာရှိသေးသည့် သူကို လာမေးနေသောကြောင့် ငိုချင်စိတ်ပင်ပေါက်လာခဲ့သည်။ သူသည် တပည့်လေးဦးထဲတွင် အားအနည်းဆုံး ကျင့်ကြံမှု အဆင့် အနိမ့်ကျဆုံးသူဖြစ်၏။
“ကျုပ်မျက်လုံးသိပ်အကြိုက်မတွေ့ဘူး၊ အဲ့ဒါကြောင့် ဒုတိယအစ်ကိုရဲ့ အမြင်ကိုမေးကြည့်တာ”
ထိုက်ဟုန်ကျွင်းသည် ရှဲ့လန်၏ ထင်မြင်ချက်ကိုမေးလိုက်၏။
“ဒါလဲဟုတ်တာပဲ၊ မင်းအဆင့်နဲ့ဆိုရင်တော့ တော်ရုံပါရမီရှင်တောင် မျက်လုံးထဲဝင်မှာမဟုတ်ဘူး၊ အဆင်ပြေတဲ့ လူငယ်တွေ တွေ့ရင် ငါပြောမယ်၊ ပြီးတော့ ဒီအခမ်းနားပြီးသွားရင် ဆွေးနွေးစရာရှိသေးတယ်”
ရှဲ့လန်သည်ထိုသို့ပြောလိုက်၏။ သူပြောသည့်ဆွေးနွေးစရာမှာ ဟွမ်းအကြောင်း ဖြစ်ပေလိမ့်မည်။ ထိုက်ဟုန်ကျွင်းသည် မကြာသေးခင်ကမှ ရောက်ရှိလာခဲ့ခြင်းကြောင့် ထိုအကြောင်းရာများကို မပြောရသေးပေ။ ဤနေရာသည်လည်း ထိုအရာများ ဆွေးနွေးရန် မသင့်လျော်သောကြောင့်ဖြစ်သည်။
ထို့နောက် ဂိုဏ်းသားရွေးချယ်ပွဲ သာမညစမ်းသပ်ချက် စတင်တော့မည်ဖြစ်သည့် အကြောင်း ဤပွဲ၏ အခမ်းနားမှုးဆီမှ ကြေညာသံ ထွက်ပေါ် လာခဲ့သည်။ အခမ်းနားမှုးသည် ရှေးနဂါးရင်ပြင်၏ အလယ်ရှိ ကြေညာခြင်းစင်မြင့်တွင် ရပ်နေလေသည်။ ထိုအခမ်းနားမှုးမှာ ထိုက်ရွှမ်မြို့၏ အုပ်ချုပ်သူဟောင်း ဖြစ်သည့် ချီလင်းဟောင် ပင်ဖြစ်ပေသည်။ ပုံမှန်ဆိုလျှင်တော့ မြို့အုပ်ချုပ်သူသာ အခမ်းနားမှုးလုပ်လေ့ရှိသည်။ သို့သော် သူသည် အဘယ်ကြောင့် ဤနေရာသို့ရောက်ရှိနေရမှန်းမသိချေ။
“အားလုံးပဲ လင်းယွမ်နယ်မြေရဲ့ အရွေးချယ်ခံမဲ့ လူငယ်ပြိုင်ပွဲဝင်များ နေရာယူပေးကြပါ သာမညစမ်းသပ်ချက် စတင်ပါမယ်”
ချီလင်းဟောင်သည် သူ၏ အသံကို ရင်ပြင်တစ်ခုလုံး ကြားနိုင်အောင် ဝိညာဉ်စွမ်းအင်သုံး၍ ပြောလိုက်သည်။
ထိုက်ရွှမ်ဂိုဏ်းသားသစ်ရွေးချယ်ပွဲတွင် အဆင့် နှစ်ဆင့်ဖြင့် ကျင်းပမည်ဖြစ်သည်။ ပထမအဆင့်သည် သာမညစမ်းသပ်ချက် ဖြစ်ပြီး ထို့အဆင့်တွင် လင်းယွမ်နယ်မြေရှိ ကျင့်ကြံသူ တစ်သောင်းကျော် ပါဝင်ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ထို အထဲကမှ အောင်မြင်သူများသာ ဒုတိယအဆင့်ဖြစ်သည့် အဓိကစမ်းသပ်ချက်သို့ တက်ရောက်ရမည်ဖြစ်သည်။ လင်းယွမ်နယ်မြေ၏ မြို့တော်တိုင်းရှိ လူငယ်တစ်ဦးစီကို အဓိကစမ်းသပ်ချက်သို့ တိုက်ရိုက်တက်ရောက်ခွင့်ပေးထားခဲ့သည်။
ထိုအရာသည် တစ်ကိုယ်တော်ကျင့်ကြံသူများ၊ အဆင့်တန်းနိမ့်ကျင့်ကြံသူအများအတွက် မျှတမှုမရှိသည်ဖြစ်သော်လည်း ပြန်လည်မေးခွန်းထုတ်ခြင်းမပြုနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ခွန်အားသည်သာ စည်းမျဉ်းဖြစ်သောကြောင့်ဖြစ်သည်။
အရွေးချယ်ခံရန် ကြိုးစားကြသည် လူငယ်တစ်သောင်းကျော်သည် ရှေးနဂါးရင်ပြင်၏ တောင်ဘက်တွင်ရှိသော အစီရင် တစ်ခုထဲသို့ ဝင်ရောက်လာကြသည်။ ထိုအစီရင်သည် စိတ်စွမ်းအင် စမ်းသပ်သည့် အစီရင်ကြီးတစ်ခုဖြစ်သည်။ ထိုအစီရင်ကြီးသည် ဝိညာဉ်စွမ်းအင်ဖြင့် လည်ပတ်နေပြီး နေရာတစ်ခုလုံးကို လင်းထိန်နေစေသည်။
“ပြိုင်ပွဲဝင်လူငယ်တွေက ဒီအစီရင်ထဲမှာ သုံးရက်နေရမယ်၊ ဒီအစီရင်က စိတ်စွမ်းအင်ကို စမ်းသတ်တာပဲ၊ ပထမတစ်ရက်မှာ ရင်ဆိုင်ရမဲ့ ဖိအားထက် ဒုတိယရက်မှာ ရင်ဆိုင်ရမဲ့ဖိအားက နှစ်ဆပိုမြင့်လာမယ်၊ တတိယရက်မှာ ရင်ဆိုင်ရမဲ့ ဖိအားကတော့ ပထမရက်ထက် ငါးဆမြင့်တက်လာလိမ့်မယ်၊ သုံးရက် မပြည့်ခင် သတိလစ်သွားခဲ့ရင် ဒီအစီရင်က သူအလိုလို အပြင်ထုတ်ပေးလိမ့်မယ်၊ အဲ့ဒီလူတွေက အိမ်ပြန်လို့ရပြီ၊ ဒါပဲ စဝင်ကြတော့”
ပြိုင်ပွဲဝင်များသည် ချက်ချင်းပင် ထိုအစီရင်ကြီးထဲသို့ ဝင်ရောက်သွားကြသည်။ ပြိုင်ပွဲဝင်များထဲတွင် အဆင့်အမြင့်ဆုံးသည် ရွှေအမြူတေကနဦး အဆင့်သာရှိကြပြီး အနိမ့်ဆုံးများကတော့ အခြေခံအုတ်မြစ်အလယ်လတ်အဆင့်များသာရှိကြသည်။ ထိုအစီရင်ထဲသို့ ပြိုင်ပွဲဝင်လူငယ်များ ဝင်ရောက်သွားပြီးနောက် ချီလင်းဟောင်သည် အစီရင်ကို စတင်ရန် အမိန့်ပေးလိုက်သည်။ ကျင့်ကြံသူများသည် သုံးရက်လောက် မအိပ်မစားပဲနေကြလျှင်တောင် ပြသနာမရှိပေ။
ထိုအစီရင် စတင်လိုက်သည်နှင့် အတွင်းရှိ လူငယ်များ အပေါ်တွင် ဖိအား တစ်ခု ကျရောက်လာခဲ့သည်။ ထိုဖိအားစစချင်းတွင် အခြေခံအုတ်မြစ် အလယ်လတ်ကျင့်ကြံသူများပင် သက်တောင့် သက်သာရှိနေ၏။
“အစ်မကြီး နဲ့ အစ်ကိုတို့ ပထမရက် ဖိအားက ပျော့တဲ့ပုံပဲ” လျှိုမင်ယွမ်သည် အခြေခံအုတ်မြစ် အလယ်လတ်အဆင့်များ သက်တောင့်သက်သာရှိနေသည်ကို မြင်ပြီး ကောက်ချက်ချလိုက်၏။
“ဒီဖိအားက ပျော့ပေမဲ့ အချိန်ခဏလေးပဲ ရှိသေးတယ်၊ ကြာလာရင် ဖိအားကြောင့် ပင်ပန်းလာမှာ” ယွဲ့ဝူယောင်သည် သုံးသပ်ပြလိုက်၏။
သူမ ပြောသလိုပင် သုံးနာရီခန့်ကြာပြီးနောက် အခြေခံအုတ်မြစ် အလယ်လတ်ကျင့်ကြံသူများသည် ချွေးများ ရွဲနစ်လာခဲ့သည်။ ထိုတည်ငြိမ်သည့် ဖိအားသည် အားနည်းသော်လည်း အချိန်ကြာကြာ ဖိနိပ်ခံရလျှင် အလွန်ပင် ပင်ပန်းလာမည်ဖြသည်။
နေ့ဝက်ခန့်ကြာပြီးနောက်တွင် ပါဝင်သူ သုံးပုံတစ်ပုံခန့်သည် သတိလစ်သွား၍ အစီအရင် အပြင်ဘက်သို့ပို့ဆောင်ခံလိုက်ရပြီဖြစ်သည်။
“သုံးပုံတစ်ပုံဆိုတာက နည်းတယ်ထင်ရပေမဲ့ နေ့ဝက်အတွင်း ဆိုတော့ အလွန်များတဲ့ ပမာဏပဲ” ထိုက်ဟုန်ကျွင်းသည် အနည်းငယ်စိတ်ပျက်နေမိသည်။ နေ့ဝက်အတွင်း လူတစ်သောင်းတွင် ခြောက်ထောင် ကျော်ခန့်သာ ကျန်ခဲ့သောကြောင့်ဖြစ်သည်။ ထိုက်ရွှမ်ဂိုဏ်းသည် ဂိုဏ်းသား တစ်ရာသာ ရွေးချယ်မည်ဆိုသော်လည်း မဆုတ်မနစ်ကြိုးစားကြသည့် လူငယ်များစွာကို ထိုက်ဟုန်ကျွင်းသည် ထွက်ပေါ်စေချင်နေသည်။
“ရှောင်ကျွင်း ဒါက သူတို့အပြစ်မဟုတ်ဘူး၊ ငါတို့နယ်မြေက နိမ့်ကျနေတဲ့ အပြင် ရင်းမြစ်တွေလဲ မကြွယ်ဝဘူးလေ” ရှဲ့လန်သည် သူတတိယညီလေး၏ စိတ်ကို သိသူဖြစ်သောကြောင့် နှစ်သိမ့်လိုက်၏။
တစ်ရက်ကြာပြီးနောက် လူငါးထောင် သာကျန်ခဲ့လေသည်။ သို့သော်လဲ ရွှေအမြူတေ ကနဦး အဆင့်မှာရှိသည့် လူငယ်အချို့သည် ချွေးပင်မထွက်ခဲ့ချေ။
“တစ်ရက်ထဲနဲ့ ပြိုင်ပွဲဝင်ဦးရေတစ်ဝက်လောက်တောင် ကျဆင်းသွားတာပဲ” လုရှင်းယန်သည် သက်ပျင်းချကာ ဆိုလိုက်၏။
“အငယ်ဆုံးလေး ငါတို့ထဲ မင်းရဲ့ ဝိညာဉ်က အားအကောင်းဆုံးပဲ မင်းဘယ်နှစ်ရက်လောက်နေနိုင်မယ်ထင်လဲ” ပိုင်ကျန့်ယွီသည် လျှိုမင်ယွမ်ကို မေးလိုက်သည်။
“အဲ့ဒီဒဏ်ကို မခံစားကြည့်ရရင်တော့ ပြောရခက်မယ်” လျှိုမင်ယန်သည် မသေချာစွာ ပြောလိုက်၏။
ဒုတိယရက်စတင်သည်နှင့် ဖိအား သည် နှစ်ဆဖြစ်လာခဲ့သည်။ ဒုတိယရက် စတင်ပြီး နှစ်နာရီအကြာမှာတင် လူတစ်ထောင်လောက် ထွက်ခွာသွားရပြီဖြစ်သည်။
ထိုက်ဟုန်ကျွင်းသည် ခေါင်းတခါခါ နှင့်သာ ဖြစ်နေ၏။ သို့သော် သူ၏ မျက်လုံးထဲတွင် လူငယ်လေးတစ်ဦး ဝင်လာခဲ့သည်။ ထူးခြားသည်မှာ ထိုလူငယ်လေးသည် အခြေခံအုတ်မြစ် အထွတ်ထိပ်အဆင့်တွင်သာရှိ၏။ သို့သော် ဒုတိယရက်၏ ဖိအားအောက်တွင် ကြံကြံခံနေသည်။ ဒုတိယရက်စတင်သည်နှင့် ရွှေအမြူတေအောက်အဆင့် ကျင့်ကြံသူများ ထွက်ခွာသွားရပြီဖြစ်သည်။ ထိုလူငယ်လေးသည် လက်ရှိအချိန်ပြိုင်ပွဲတွင် တစ်ဦးတည်းသော အခြေခံအုတ်မြစ်ကျင့်ကြံသူဖြစ်သည်။
ထိုလူငယ်လေးသည် ထျန်းလုံ ဖြစ်သည်။ သူသည် မြို့တစ်ခုမှလာရောက်ခဲ့ခြင်းမဟုတ်ပေ။ သံမဏိသစ်တောရွာ ဆိုသည့် ရွှာငယ်လေးမှ လာရောက်ပြိုင်ပွဲဝင်ခဲ့ခြင်း ဖြစ်သည်။ ထိုရွှာငယ်လေးသည် ထိုက်ရွှမ်မြို့နှင့် အလွန်ပင်ဝေးကွာလွန်းသည်။ သူ၏ စိတ်ဝိညာဉ်သည် အတော်လေး အားကောင်းသည်ဟု ဆိုနိုင်ပေမည်။ ရွှေအမြူတေ အလယ်လတ်ကျင့်ကြံသူများနှင့်ပင် ယှဉ်၍ ရပ်တည်နေနိုင်သည်။
လုရှင်းယန်တို့သည်လည်းစိတ်ဝင်တစား ကြည့်ရှုနေကြသည်။ အချိန်သည် တဖြည်းဖြည်းနှင့် သုံးရက်မြောက်နေ့သို့ရောက်လာခဲ့သည်။ ပြိုင်ပွဲဝင်လူငယ်များသည်လည်း အလွန်ပင် ပင်ပန်းနေကြသည်ဖြစ်သည်။ဒုတိယ နေ့တွင် လူတစ်ထောင်လောက်သာ ထွက်ခွာသွားရသော်လည်း တတိယနေ့စစချင်းတွင်ပင် လူသုံးထောင်ခန့် ချက်ချင်းပင် ထွက်ခွာခဲ့ရ၏။ အဘယ်ကြောင့် ဆိုသော် တတိယနေ့ဖိအားသည် ပထမနေ့ထက် ငါးဆ မြင့်တက်လာခြင်းကြောင့်ဖြစ်သည်။
ဒုတိယနေ့တွင် လူငယ်များသည် ကြိတ်မှိတ်၍ အားတင်းထားကြသော်လည်း တတိယနေ့တွင် ပြင်းထန်သည့်ဖိအားကို ချက်ချင်းခံစားလိုက်ရသောကြောင့်ဖြစ်သည်။ သူတို့သည် ထိုဖိအားကို ခုခံနိုင်ခြင်းမရှိတော့ပဲ သတိလစ်ကုန်ကြရသည်။ ထို့ကြောင့် များပြားလှစွာ ထွက်ခွာသွားရလေသည်။ ထူးဆန်းသည်ကတော့ ထျန်းလုံသည် အံကြိတ်၍ ကြံကြံခံနေဆဲပင်။
“ဒီနေ့ပြီးရင် လူကျန်ပါဦးမလား” ထိုဟုန်ကျွင်းသည် အလွန်ပင် စိတ်ပျက်နေပြီဖြစ်သည်။
“ရှောင်ကျွင်း မင်းကဂိုဏ်းချုပ်လေ မင်းစိတ်ဓာတ်ကျနေလို့ဘယ်ဖြစ်မလဲ၊ အနည်းဆုံးတော့ မင်းပြောတဲ့ ကလေးကတော့ မဆိုးဘူးလေ အခုထိတောင့်ခံနေတုန်း၊ ပြီးတော့ ဒီလောက်လူငယ်တွေအများကြီးထဲက လူတစ်ရာပဲရွေးမှာပဲကို” ရှဲ့လန်သည် ထျန်းလုံကို ချီးကျုးကာ အကျိုးသင့်အကြောင်းသင့်ရှင်းပြလိုက်၏။
“ဂိုဏ်းသားဦးရေ ကန့်သတ်ထားပေးမဲ့ ကျရှုံးတဲ့ လူငယ်တစ်ချို့က တစ်ခြားဂိုဏ်းငယ်လေးတွေကိုဝင်သွားရင် အသုံးဝင်မဲ့ လူငယ်လေးတွေပဲဖြစ်စေချင်တာ”
ထိုက်ဟုန်ကျွင်းသည် သူ၏သဘောထားကို ပြောပြလိုက်၏။