မုန့်ချန်အာ၏ ရုန်းကန်မှု
Vol. 3 Ch. 40
ပထမအဆင့် အောင်မြင်စွာ ဖြတ်ကျော်ပြီးသူများ သည် ထွက်ပေါက်မှ ထွက်လာပြီးနောက် တံခါးတစ်ချပ်ရှိသည်ကို မြင်တွေ့လိုက်ကြရသည်။ ထို့နောက် သူတို့သည် ထိုတံခါးကို ဖွင့်၍ ဝင်သွားလိုက်သည်။ အစီရင်ကြီး၏ လုပ်ဆောင်ချက်ကြောင့် တစ်ဦးကို တစ်ခန်းစီ ခွဲခြားသွားပေးသည်။ ထိုအခန်းသည် ရွှေအမြူတေ ကျင့်ကြံသူများ တိုက်ခိုက်ရန် လုံလောက်အောင် ကျယ်ဝန်းသည်။
မုန့်ချန်အာသည် အခန်းအတွင်းသို့ ဝင်ရောက်လာပြီးနောက် ထိုအခန်းအတွင်းတွင် လက်နက်ရွေးရန် စဉ် တစ်ခုထားရှိပေးသည်။ သူမသည် ဓားရှည်တစ်ချောင်းကို ရွေးလိုက်ပြီးသည့်နောက် အနက်ရောင်ကျားသစ်တစ်ကောင် တစ်လှမ်းချင်း လျှောက်လှမ်းလာသည် ကိုတွေ့လိုက်ရသည်။ ထိုကျားသစ်သည် သူမ၏ စွမ်းရည်ထက် အနည်းငယ်သာ သာလွန်၏။ ထို့ကျားသစ်သည် မကြီးမားပေ။ သာမန်အရွယ်အစားသာဖြစ်၏။ သို့သော်လျှင်မြန်လှသည်။
ထို့နောက် ကျားသစ်သည် သူမကို ခုန်အုပ်လိုက်သည်။ သူမရှေ့ချက်ချင်းရောက်လာပြီး ၎င်း၏ လက်သည်းနှင့် သူမကိုကုက်လိုက်သည်။
မုန့်ချန်အာသည် ထိုလက်သည်းကို သူမရွေးယူထားသည့် ဓါးဖြင့် ခုခံလိုက်သည်။
“ချွမ်..” သတ္တုများ ထိမိသွားသည့်အလား မြည်သံထွက်ပေါ်လာခဲ့သည်။ ထို့နောက် မည်သူမျှ မထင်မှတ်ထားသည့်အရာ ဖြစ်ပေါ်လာခဲ့သည်။
“ဝုန်း..” ထိုကျားသစ်ကုတ်လိုက်သည့်အားကို သူမ မထိန်းနိုင်ပဲ ချက်ချင်းလွင့်စင်သွားခဲ့သည်။
“အစ်မချန်အာ..” လုရှင်းယန်သည် တီးတိုးရေရွတ်လိုက်ပြီး သူ၏လက်သီးများ ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်မိသည်။ ကျန်သုံးယောက်သည်လည်း စိုးရိမ်တကြီးနှင့် ကြည့်နေကြသည်။
“ဒီမိန်းကလေးက တိုက်ခိုက်ရေးမှာ မထူးချွန်ဘူးလား” ထိုက်ဟုန်ကျွင်းသည် တီးတိုးရေရွတ်လိုက်၏။
“ငါအထင်ကြီးတာနည်းနည်း လွန်ကဲသွားတာပဲ” ရှဲ့လန်သည်လည်း ခေါင်းခါရမ်းကာပြောလိုက်သည်။
အားလုံးသည် သူမကို စိတ်မဝင်စားတော့ပဲ ထျန်းလုံ အပေါ်တွင် အကြည့်များရောက်သွားလေသည်။ ထျန်းလုံသည်လည်း ကျားသစ်နက်တစ်ကောင်နှင့်တိုက်ခိုက်နေရသည်။ သူသည် မည်သည် လက်နက်မှ မရွေးချယ်ပဲ လက်ဗလာနဲ့သာ တိုက်ခိုက်နေခြင်းဖြစ်သည်။ ဤအစီရင်၏ ထူးခြားချက်မှာ တိုက်ခိုက်ရသည့်သားရဲသည် ယှဉ်ပြိုင်သူ၏ စွမ်းအား ထက် အနည်းသာလွန်ယုံလောက်ပင် ချိန်ညှိပေးနိုင်ခြင်းဖြစ်သည်။ သို့သော် ဤအစီရင်သည် စွမ်းအားကိုသာချိန်ညှိပေးနိုင်၏၊ တိုက်ခိုက်ရေးကိုမှု ချိန်မညှိပေးနိုင်ချေ။ ထို့အပြင် သူတိုရွေးချယ်သည့် လက်နက်များ၊ တိုက်ခိုက်သည့် သားရဲများသည် ပုံရိပ်ယောင်သာ ဖြစ်၏။
ထျန်းလုံသည် ထိုကျားသစ်နက်ကို ဖိနှိပ်ထားနိုင်သည်။
‘ဒီလိုသားရဲအဆင့်ကများ’ ကျားသစ်နက်သည် လျှင်မြန်လှသည် ဆိုသော်လည်း ထျန်းလုံ သည် အပေါ်စီးကနေ ပယ်ပယ်နယ်နယ်ထိုးကြိတ်နေသည်။ ကျားသစ်နက်သည် အားကုန်ပြန်တိုက်နေသော်လည်း အချီးနှီးသာ။
“ဒီကောင်လေးရဲ့ ကျင့်ကြံမှုအဆင့်ကသာ နိမ့်ကျနေတာ တော်တော်လေးသန်မာတယ်ပြောရမယ်”
“ဟုတ်တယ်”
စင်မြင့်ထက်မှ ပရိတ်သတ်များသည် ထျန်းလုံကို ချီးကျုးနေကြသည်။
အခြားပြိုင်ပွဲဝင်များသည်လည်း အသည်းအသန်တိုက်ခိုက်နေကြသည်။ အချို့သည်လည်းဒဏ်ရာများစွာ ရရှိနေသည်။ အချို့သည်လည်းအောင်မြင်ပြီးကြပြီဖြစ်သည်။
လဲ့ကျန်းသည်လည်း မဆိုးလှချေ။ သူသည် ဓားမော့တစ်ချောင်းကို ရွေးချယ်ပြီး ကျားသစ်နက်ကို တိုက်ခိုက်နေသည်။ သူသည် ကျားသစ်နက်နှင့် ဘတစ်ပြန် ကျားတစ်ပြန် တိုက်ခိုက်နေပြီး အလွန်ကြည့်ကောင်းလှသည်။
“အစ်ကိုကြီး ကျုပ်သား တော်တာ သိပြီမလား” လဲ့ရှီးဟန်သည် သူသားတိုက်ခိုက်ပုံကြည့်ပြီး ဂုဏ်ယူစွာပြောလိုက်သည်။
လဲ့ရွှမ်ယန်သည် ဘာမျှမကြားသည့်အလား စိတ်ပျံ့လွင့်နေသည်။ လဲ့ကျန်း၏ တိုက်ပွဲတွင်လည်း အာရုံရှိမနေချေ။ ထို့နောက် လဲ့ရှီးဟန်ကိုပြောလိုက်၏။
“မင်းသား ဝင်ခွင့်အတွက် ငါလုပ်ပေးခဲ့ပြီးပြီ ငါပြန်တော့မယ်”
“အကိုကြီးကျုပ်က လဲ့ကျန်းအဖေဆိုပေမဲ့ လဲ့ကျန်း ထိုက်ရွှမ်ဂိုဏ်းထဲဝင်ရင် အသိမှတ်ပြုလက်မှတ်ရေးထိုးဖို့က အိမ်တော်သခင်ဖြစ်တဲ့ အကိုကြီးရှိနေမှ ရမှာလေ” လဲ့ရှီးဟန်သည် လဲ့ရွှယ်ယန်ကို ဆွဲထားလိုက်၏။ သို့သော် သူပြောသည်မှာလဲ မှန်ပေသည်။ ထိုက်ရွှမ်ဂိုဏ်းဝင်ရောက်ပြီးကြောင်း ကို မြို့သခင်ကိုယ်တိုင်ကလည်း အသိမှတ်ပြု လက်မှတ်ရေးထိုးပေးရမည်ဖြစ်သည်။ ထိုအရာသည် ထိုက်ရွှမ်ဂိုဏ်း၏ တိကျမှုပင်ဖြစ်၏။
ထျန်းလုံသည် ဒုတိယအဆင့်ကို ချော့မွေ့စွာ အောင်မြင်ခဲ့ပြီးနောက် အခန်း၏ ဝင်ပေါက်နှင့် ဆန့်ကျင်ဘက်တွင် တံခါးတစ်ချပ်ပေါ်လာသည်။ ထျန်းလုံသည် ထို့တံခါးမှ ထွက်လာပြီးနောက် ကြီးမားလှသည့် လှေကားကြီးကို တွေ့လိုက်ရသည်။ ထိုလှေကားသည် တတိယအဆင့်ပင် ဖြစ်၏။
ထိုလှေကားတွင် လှေကားထစ် တစ်ရာ တိတိရှိပြီး နောက်ဆုံးလှေခါးထစ်ကို တက်ရောက်ပြီးမှသာလျှင် ထိုက်ရွှမ်ဂိုဏ်းအတွင်း ဝင်ရောက်နိုင်မည်ဖြစ်သည်။ ထိုလှေကားထစ်များသည် ပြိုင်ပွဲဝင်များ၏ ကိုယ်တွင်းအညစ်ကျေးများ၊ စိတ်ရိုင်းများ ကို စစ်ဆေးခြင်းဖြစ်သည်။ လှေကားထစ်များတက်လှမ်းရာတွင် စိတ်အတွင်း သန့်ရှင်း မှုရှိရင်ရှိသလောက် ပေါ့ပါးစေလိမ့်မည်ဖြစ်သည်။ လှေကားထစ်များ စတင်တက်လိုက်လျှင် သူတို့၏ စိတ်ထဲတွင် ပုံရိပ်ယောင် အနှောက်ယှက်များ ပေါ်လာမည်ဖြစ်သည်။ ထိုအရာများကို စိတ်ကသန့်စင်ပြီး ဖယ်ရှားနိုင်မှသာ တက်နိုင်မည်ဖြစ်သည်။ လှေကားအထပ် မြင့်လာလေလေ အနောက်ယှက်စွမ်းအားသည် ပိုကြီးလာလေလေဖြစ်သည်။
ထိုက်ရွှမ်ဂိုဏ်း၏ စမ်းသတ်ချက်မြင့်မားသည်ဆိုသည်မှာ ဤ အရာများကြောင့် ဖြစ်ပေသည်။ ဤစမ်းသတ်ချက်များကို အောင်မြင်သွားသည့်လူငယ်များကို အတော်ပင်ထူးချွန်သည်ဟု ဆိုနိုင်သည်။ စမ်းသက်ချက်ဆိုသော်လည်း ဂိုဏ်းအတွင်း ဝင်လာမည့်တပည့်များကို ကြိုတင်လေ့ကျင့်ပေးခြင်းမျိုးဖြစ်သည်။ ဤစမ်းသတ်ချက်များပြီးလျှင် သူတို့၏ စိတ်ဓာတ်နှင့် ခွန်အားလည်း တိုးလာပေမည်။ လှေကားထစ်ပေါ်အထိရောက်ရှိခဲ့ပြီး ဝင်ခွင့်မရသည့် လူငယ်များပင်လျှင် အားအင်အဆင့် တိုးတက်လာမည်ဖြစ်သည်။ သို့သော်အမြဲတမ်းမလုပ်နိုင်ခြင်းမှာ ဤအစီရင်ကြီးကို ထောက်ပံ့ပေးသည့် ဝိညာဉ်ကျောက်တုံးများသည် ရှားပါလွန်းသောကြောင့်ဖြစ်သည်။
“ဒီလိုကိုး” ထျန်းလုံသည် သဘောပေါက်သွားပြီးနောက် ဆက်လက်၍ တက်ရန်ကြိုးစားလိုက်သည်။ သူ၏ လှေကားပေါ် တက်လှမ်းနှုန်းသည် မမြန်လှသော်လည်း မနှေးချေ။ အစပိုင်းလှေကားထစ်များကို ပုံမှန်နှုန်းနှင့်တက် နေခဲ့သည်။
ထို့နောက် လှေကားထစ်များသို့ တက်သည့်လူဦးနေသည် များပြားလာသည်။ သို့သော် မုန့်ချန်အာ မပါဝင်သေးချေ။
မုန့်ချန်အာသည် ထိုကျားသစ်နက်ကို အနိုင်ယူရန် ခက်ခဲနေ၏။ သူမ၏ နက်ပြာရောင် အဝတ်စားကြောင့် သူမ၏ သွေးများစွန်းထင်းနေခြင်းသည် သိပ်မသိသာခဲ့ချေ။ သို့သော် ကျားသစ်နက်၏ တိုက်ခိုက်မှုများကြောင့် ဒဏ်ရာများစွာ ရရှိနေပြီဖြစ်သည်။
“ငါအနိုင်ရမှဖြစ်မယ် သခင်ကြီးကို စိတ်ပျက်စေလို့မဖြစ်ဘူး”
သူမသည် တိုက်ခိုက်ရေးတွင် မကျွမ်းကျင်ပေ။ တိုက်ခိုက်ရာတွင်လည်း အတွေ့ကြုံမရှိခဲ့ချေ။ ရွှေအမြူတေ အဆင့်ရောက်ရှိခဲ့သော်လည်း သူမ၏ အင်အားသည် အရမ်းကြီးမကောင်းခဲ့ချေ။
ဤတောအတွင်း သူမသည် ဒဏ်ရာများစွာရရှိထားသော်လည်း ကျားသစ်နက် တိုက်ခိုက်သည့် တိုက်ခိုက်ပုံများကို မှတ်သားထားခဲ့ပြီးဖြစ်သည်။ သူမသည် လက်ကျန်စွမ်းအင်ကို သုံးကာ ထပ်မံတိုက်ခိုက်ရန်ပြင်လိုက်သည်။ ကျားသစ်နက်သည် သူမရှေ့မှ လျှင်မြန်စွာ ခုန်ထွက်သွားပြီး သူမ၏ နောက်ကျောဘက်ရောက်ရှိသွားသည်။ ထို့နောက် ကျားသစ်နက်သည် သူမ၏ လည်ဂုတ်ကို ကိုက်ဖြတ်ရန်ပြင်လိုက်သည်။ မုန့်ချန်အာသည် ရင်းနှီးပြီးသား တိုက်ကွက်အလားပင် ချက်ချင်း နောက်လှည့်လိုက်၏။ ထို့နောက် သူမလည်ဂုတ်သို့ ဦးတည်လာနေသည့် ကျားသစ်နက်၏ ရင်ဝတည်တည့်ကို သူမ၏ ဓားဖြင့် အားကုန်သုံး၍ ထိုးသွင်းလိုက်သည်။ ထိုကျားသစ်နက်၏ အရှိန်သည် အတော်လေးမြန်ပေသည်။ သို့သော် မုန့်ချန်အာ၏ ဓားသည် ကြိုတင်စီစဉ်ထားသည့်အလား ထိုကျားသစ်နက်၏ ရင်ဝသို့စိုက်ဝင်သွားခဲ့လေသည်။
ထို့နောက် ကျားသစ်နက်သည် ခဲတံဖြင့်ရေးဆွဲထားသည့် ပန်းချီကို ခဲဖျတ်နှင့် ဖျတ်လိုက်သည့်အလား တဖြေးဖြေး ပျောက်ကွယ်သွား၏။ ထို့အပြင် သူမ၏ ဓားပါ ပျောက်ကွယ်သွားပြီဖြစ်သည်။ သူမ၏ အဝတ်စားရှိ သွေးများသည်လည်း ပုံရိပ်ယောင်မျှသာဖြစ်သည်။ ထို့ကြောင့် သူမ ရထားသည့်ဒဏ်ရာများလည်း မရှိတော့ပေ။ အားလုံးသည် ပုံရိပ်ယောင်မျှသာ ဖြစ်သည်။ သို့ပေမဲ့ သူမ ခံစားရခဲ့သည့် နာကျင်မှုသည်တော့ အစစ်မှန်ဖြစ်ပေသည်။ ထိုအပြင် တိုက်ခိုက်မှုတွင် သူမ၏ ချီစွမ်းအင်များ ထုတ်ယူသုံးစွဲခြင်းကြောင့် အနည်းငယ်သာ ကျန်တော့သည်။
“အစ်မချန်အာ..” လုရှင်းယန်သည် ပျော်ရွင်လွန်းသဖြင့် အော်ဟစ်လိုက်မိ၏။ သူသည် ရင်တထိတ်ထိတ်နှင့် သူမဖြတ်သန်းပုံများကို ကြည့်ရှုနေခဲ့ရသည်။ သူမ အောင်မြင်သွားသည့်အခါမှသာ သက်ပျင်းချနိုင်တော့သည်။ သူသည် ပွဲစဉ်တစ်လျှောက်လုံးရှိ ပြိုင်ပွဲဝင်များကို တစ်ချက်မျှပင်မကြည့်ခဲ့ချေ။ သူ၏ အကြည့်များသည် မုန့်ချန်အာအပေါ်တွင်သာရှိနေခဲ့သည်။
သူနှင့် အတူ လုချောင်းယန်သည်လည်း သူမကျရှုံးသွားမှာစိုးရိမ်နေခဲ့ရသည်။
‘တုဟယ်မြို့ပြန်ရောက်မှ ငါရဲ့ မွေးစားသမီးဆိုတာ တစ်မြို့လုံးကြေညာလိုက်မယ်’
“ဒီမိန်းကလေးက ခွန်အားတော့မကောင်းပေမဲ့ ဉာဏ်တော့ ကောင်းတယ် ဒါပေမဲ့ ဝင်ခွင့်အတွက်တော့ မသေချာတော့ဘူး” ထိုက်ဟုန်ကျွင်းသည် ရှဲ့လန်ကို ပြောလိုက်၏။
“နှမြောစရာပဲ” ရှဲ့လန်သည် အသာခေါင်းရမ်းက ပြောလိုက်သည်။