ထိပ်တိုက်ရင်ဆိုင်ခြင်း
Vol. 017 Ch. 1653
ရီဖူရှင်းဘေးတွင် သောမျိုးနွယ်စုမှ ရန်ဟောင်များနှင့် ထိုက်ရွှမ်တောင်မှ ရန်ဟောင်များလည်း ကောင်းကင်သို့ ပျံတက်လာကြသည်။
ထိုစဉ် တစ်စုံတစ်ယောက်က ရီဖူရှင်းအား လှမ်းပြောလိုက်သည် “မင်းက ဒါကို ကိုင်တွယ်နိုင်စွမ်းရှိလို့လား”
ရီဖူရှင်းက နောက်လှည့်ကြည့်လိုက်လျှင် လှပသော မျက်နှာအား မြင်၏။ သူမကား ထိုက်ရွှမ်အိမ်တော်သခင်မ ဧကရီရန်ဖြစ်သည်။
“အိမ်တော်သခင်မ... ကျွန်တော့ကို အထင်မသေးပါနဲ့” ရီဖူရှင်းက မသက်မသာပြုံးကာ ပြောသည်။
သူသည် ကောင်းကင်ထံသို့ အလင်းတန်းအသွင်ဖြင့် ပျံတက်သွား၏။
ဧကရီရန် မျက်လုံးပြူးသွားသည်။ သူမနှင့် တေးသံသာအင်ပါယာတို့နှစ်ဦးလုံး ရီဖူရှင်းနောက်ကို လိုက်ပါပျံတက်သွားကြ၏။ ရီဖူရှင်း ထိခိုက်မည်ကို သူတို့ စိုးရိမ်ကြသည်။
သည်ကောင်လေးကား ရန်ဟောင်အဆင့်သို့ တက်ရောက်သည်မှာ မကြာသေး။ သူ၏တန်ခိုးအဆင့်ကား မတည်ငြိမ်သေးပေ။ ရန်ဟောင်အဆင့်များ၏တိုက်ပွဲတွင် အနည်းငယ်မျှသော မတော်တဆက သေစေနိုင်၏။
“သတိထား...” တေးသံသာအင်ပါယာက ကောင်းကင်ထက်ကို မော့ကြည့်ကာ ပြောသည်။ ရွှေရောင်နတ်ပြည်ထောင်မှ အစွမ်းထက်ရန်ဟောင်တစ်ပါး ရီဖူရှင်းထံသို့ ဦးတည်လာသည်ကို သူမြင်၏။ တေးသံသာအင်ပါယာက သူ၏လက်ကို ဆန့်တန်းလိုက်သည်။ သူက လေထုကို ဖမ်းဆုပ်လိုက်လျှင် သူ့ရှေ့၌ မရေမတွက်နိုင်သော ကြိုးမျှင်များပေါ်လာကာ တစ်ဘက်လူ၏တိုက်ခိုက်မှုများအား ပိတ်ဆို့၏။
သူက ကြိုးများကို တီးခတ်လိုက်လျှင် ဓားစွမ်းအားတစ်ခု ပေါက်ကွဲထွက်လာကာ တေးသံသာအင်ပါယာသည် ရီဖူရှင်းရှေ့ကို တိုးသွားပြီး တစ်ဘက်လူကို နောက်ဆုတ်စေအောင် တိုက်ခိုက်လိုက်၏။
“ကျေးဇူးတင်ပါတယ် စီနီယာ...” ရီဖူရှင်းက ပြောသည်။ သူ၏အကြည့်က တခြားတစ်နေရာသို့ ရောက်သွားသည်။ ရိပ်ခနဲ သူသည် ထိုနေရာသို့ ဦးတည်သွား၏။
ထိုနေရာတွင်ကား ကောင်းကင်အာဏာစက်ပြည်ထောင်မှ ရန်ဟောင်တစ်ပါးရှိနေသည်။ သူသည်ကား အဆင့်နိမ့်ရန်ဟောင်ဖြစ်ကာ သူ၏နတ်ဝင်ရိုးသည် ဒုတိယအဆင့်ဖြစ်သည်။
ထိုရန်ဟောင်သည် ရီဖူရှင်း သူ့ထံသို့ ဦးတည်လာသည်ကို မြင်၏။ သူ့မျက်လုံးများ၌ အေးစက်သော အငွေ့အသက်များ ဖြတ်သန်းသွားသည်။ သူ့ခန္ဓာကိုယ်မှ နတ်ဝင်ရိုးသည် ပေါက်ကွဲထွက်လာကာ စွမ်းအားများ ပတ်ဝန်းကျင်ကို ပျံ့လွင့်သွား၏။ ရီဖူရှင်း၏ပါရမီသည် ထူးကဲကောင်းမွန်သော်လည်း သူကား ရန်ဟောင်အဆင့်သို့ ယခုမှ တက်လာခြင်းဖြစ်သည်။ ရီဖူရှင်းက သူနှင့် တိုက်ခိုက်စမ်းသပ်လိုနေသည်လား။
ဟူး...
ရီဖူရှင်းက တစ်ဘက်လူကို တစ်ချက်ကြည့်ကာ လေထုကို တိုက်ရိုက်ဖြတ်သန်းသွားလိုက်၏။ ရန်ဟောင်အဆင့်ကိုတက်လှမ်းသွားပြီးနောက်တွင် သူသည် ယခင်ကထက် များစွာ မြန်ဆန်လာသည်။ သူသည် ချက်ချင်းပင် တစ်ဘက်ရန်ဟောင်၏ရှေ့ကို ရောက်လာပြီး အနီးကပ်တိုက်ခိုက်လိုက်သည်။
ရန်ဟောင်တန်ခိုးရှင်၏အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။ ရီဖူရှင်းကား အတင့်ရဲလွန်း၏။
ရီဖူရှင်းကား ယခုမှ လမ်းစဉ်ကို သက်သေပြပြီးဖြစ်သော်လည်း သူနှင့် အနီးကပ်လာရောက်တိုက်ခိုက်ရဲသည်။
ရီဖူရှင်း၏ပုံရိပ်သည် လမ်းစဉ်ဖြစ်သွားကာ သူ၏နတ်ဝင်ရိုးမှ နတ်ဘုရားအလင်းတစ်ခု ထွက်ပေါ်လာ၏။ ကြောက်မက်ဖွယ် သတ်ဖြတ်ခြင်းမုန်တိုင်းတစ်ခုသည် သူ့အား ဗဟိုပြု၍ ဖြစ်ပေါ်လာ၏။ သူ့လက်ထဲတွင် လှံတစ်လက်ပေါ်လာသည်။ သူက တွန့်ဆုတ်ခြင်းမရှိဘဲ တိုက်ခိုက်လိုက်၏။
ဘန်း...
လှံများ ရင်ဆိုင်တွေ့ကြ၏။ ကြည့်နေသူများမှာ စူးရှသော အလင်းများကိုသာ မြင်တွေ့ရသည်။ ထိုအခိုက်တွင်ပင် တစ်ဘက်ရန်ဟောင် ပျောက်ကွယ်သွား၏။
ထိုရန်ဟောင်၏အသိကား လေထဲ ငြိတွယ်ကျန်ရစ်နေဆဲဖြစ်သည်။ သို့သော်လည်း သူ၏ခန္ဓာကိုယ်ကား မည်သည့်နေရာတွင်မှ မတွေ့ရတော့။ သူကား လှံဖြင့် ထွင်းဖောက်ခံရပြီး ဖုန်မှုန့်အဖြစ်သို့ ပြောင်းလဲသွားသည်။
လျပ်တပြက်သတ်ဖြတ်ခြင်း...
ထိုအဖြစ်အပျက်အား မြင်တွေ့ကာ လူတိုင်း မျက်လုံးပြူးသွားကြသည်။ ရီဖူရှင်း သတ်ဖြတ်ခဲ့သောသူမှာလည်း ရန်ဟောင်တစ်ပါးဖြစ်သည်။ သို့သော်လည်း သူကား ရီဖူရှင်း၏တိုက်ခိုက်မှုကို ခုခံနိုင်စွမ်းပင် မရှိခဲ့။ သူသည် မည်သို့မည်ပုံ သတ်ခံလိုက်ရသည်ကိုပင် သိလိုက်ဟန်မတူ။
ကျင့်ကြံသူတစ်ဦးသည် ရန်ဟောင်အဆင့်သို့ တက်လှမ်းပါက နတ်ဘုရားဝင်ရိုးကို တည်ဆောက်ကြရသည်။ နတ်ဝင်ရိုး၏အရည်အသွေးကို မူတည်၍ သူတို့ထုတ်လွှတ်သော စွမ်းအားများမှာလည်း ကွာခြား၏။ ဒုတိယတန်းစား နတ်ဘုရားဝင်ရိုးသည် ပထမတန်းစားနတ်ဝင်ရိုးအား ဖိနှိပ်နိုင်၏။
သို့သော်လည်း ကောင်းကင်အာဏာစက်ပြည်ထောင်မှ ရန်ဟောင်ကား လှံတစ်ချက်တည်းဖြင့် အသတ်ခံလိုက်ရ၏။ သူ၏စွမ်းအားများကိုပင် အသုံးမပြုလိုက်ရပေ။
ဤကား နတ်ဝင်ရိုးများ၏ကွဲပြားမှုဖြစ်သည်။
ထိုမြင်ကွင်းကိုမြင်လျှင် ကောင်းကင်အာဏာစက်ပြည်ထောင်မှ ရန်ဟောင်သည် တိုက်ခိုက်ရေး၌ အတွေ့အကြုံသိပ်မရှိဟု ကောက်ချက်ချကြသည်။ ဗဟိုအင်ပါယာဘုံမှ ထိပ်သီးအင်အားစုအချို့သည် ကျင့်ကြံသူများ၏နတ်ဝင်ရိုးအတန်းအစားကွဲပြားမှုက တိုက်ပွဲတွင် မည်သို့ အကျိုးသက်ရောက်သည်ကို ကောင်းကောင်းနားလည်ကြ၏။
ရီဖူရှင်းက တစ်ဘက်လူအား လှံတစ်ချက်တည်းဖြင့် သတ်ဖြတ်လိုက်၏။ ဆိုလိုသည်က သူတို့နှစ်ယောက်အကြား နတ်ဝင်ရိုးအတန်းအစားသည် အလွန်ကွာခြား၏။
ထို့အပြင် ရီဖူရှင်းသည် သူ၏နတ်ဝင်ရိုးကိုပင် မထုတ်ပြခဲ့ပေ။
ထိပ်သီးအင်အားစုများအတွက်ပင် ရန်ဟောင်တန်ခိုးရှင်တစ်ပါးသည် ပင်မထောက်တိုင်တစ်ခုဖြစ်သည်။ သို့သော်လည်း တိုက်ပွဲဖြစ်လာသောအခါ ရန်ဟောင်တစ်ပါးသည်ပင် အလွယ်တကူ သတ်ဖြတ်ခံရ၏။
အင်ပါယာရှားက ခေါင်းမော့ကြည့်သည်။ ရီဖူရှင်း ထုတ်သုံးလိုက်သော လှံချက်ကို မြင်လျှင် သူ၏မျက်နှာက ရှုံ့တွသွား၏။ သူကဘေးမှ ဥဒေါင်းအင်ပါယာကို လှမ်းကြည့်သည်။
ဥဒေါင်းအင်ပါယာကလည်း သူ့အား ပြန်ကြည့်သည်။ သူတို့နှစ်ဦးလုံး၏မျက်လုံးများတွင် အံ့အားသင့်ထိတ်လန့်ဟန်များ ရှိနေသည်။ ရီဖူရှင်းကား သူတို့ကဲ့သို့ပင် ရန်ဟောင်တစ်ပါးဖြစ်နေလေပြီ။
သူ၏စွမ်းရည်များက မည်မျှ မြင့်မားနေလေပြီနည်း။
ဝုန်း...
ရုတ်တရက် ပြင်းထန်သော စွမ်းအားတစ်ခုသည် ရီဖူရှင်းထံသို့ ဦးတည်လာသည်။
ဝှစ်...
ရီဖူရှင်းက နောက်ကို လှည့်ကာ သူ၏လှံဖြင့် ဝှေ့ယမ်းလိုက်သည်။ သူ၏လှံချက်ကတစ်ဘက်မှ ဝင်လာသော လှံချက်ကအား ပျက်စီးသွားစေ၏။
သို့သော်လည်း အန္တရာယ်ရှိသော ဖိအားတစ်ခုသည် သူ့ပတ်ဝန်းကျင်အား ချက်ချင်းလိုပင် ရစ်ပတ်လာခဲ့သည်။
ရွှေရောင်ခန္ဓာတစ်ခုက ရီဖူရှင်း၏အပေါ်တွင် ပေါ်လာခဲ့သည်။ သူ့ထံမှ နတ်ဝင်ရိုး၏အလင်းများ ဖြာထွက်နေသည်။ သူကား ရှေးနတ်ဘုရားတစ်ပါးအလား ထင်မှတ်ရ၏။
ရီဖူရှင်းကား ထိုလူကို ယခင်က မြင်ဖူး၏။ သူသည် ရီဖူရှင်းကိုပင် တိုက်ခိုက်ဖူးသည်။ ထိုလူကား ရွှေရောင်နတ်ပြည်ထောင်မှ ကိုက်ရှီ၏အစ်ကို ကိုက်ကျိုထျန်းပင် ဖြစ်ပေသည်။
နောက်ဆုံးအကြိမ် နတ်ဘုရားနန်းတော်အပြင်ဘက်တွင် ကိုက်ရှီသည် ရီဖူရှင်းကို ရှုံးနိမ့်ခဲ့၏။ ထိုကိုက်ကျိုထျန်းကား အလွန်ရင့်သီးမောက်မာ၏။
ယခု ကိုက်ကျိုထျန်းသည် သူ့ထံသို့ တဖန် လှမ်းလာချေပြီ။ သူ၏ရွှေရောင်မျက်လုံးအစုံသည် သတ်ဖြတ်လိုသော အငွေ့အသက်များ ပြင်းထန်နေ၏။
ရီဖူရှင်းသည် သူ၏ညီကို သတ်ဖြတ်ခဲ့သည်။
သူသည် မည်သည့်စကားမှ မဆို။ လေထဲတွင်သာ ဝင့်ထည်စွာ ရပ်နေ၏။ သူ့အနီးပတ်လည်တွင် ရွှေရောင်ရှေးနတ်ဘုရားပုံရိပ်များ ကောင်းကင်မှ ဆင်းသက်လာကြ၏။ သူတို့သည် ကောင်းကင်ကို ဖိနှိပ်ကြသည်။ ကိုက်ကျိုထျန်းကား နေနှင့်လတို့နှင့်အပြိုင်ထွန်းလင်းနိုင်သော နတ်ဘုရားတစ်ပါးအလား...။
နတ်ဝင်ရိုး၏အလင်းများ ဖြန့်ကျက်လာခဲ့သလို ရှေးဟောင်းနတ်ဘုရားများကလည်း အောက်ကို ဆက်လက်ဆင်းလာကြ၏။ နတ်ဘုရား၏အသံပြုခြင်းကို သဲ့သဲ့မျှ ကြားကြရသည်။ ထိုကား နတ်ဘုရားတို့၏သက်ပြင်းချသံဖြစ်ချေမည်။
ကိုက်ရှီကား တတိယအဆင့်အတန်း အဆင့်နိမ့်ရန်ဟောင်ဖြစ်သည်။ တစ်ဘက်လူ၏ကိုယ်ရောင်ကိုယ်ဝါကို ရီဖူရှင်းက သိသိသာသာ ခံစားမိ၏။ တစ်ဘက်လူကား ဧကရီရန်နှင့် အဆင့်တူဖြစ်သည်။ နတ်ဘုရားနန်းတော်အပြင်ဘက်တွင် ရီဖူရှင်းသည် ဧကရီရန်နှင့် တိုက်ခိုက်ခဲ့၏။
ကိုက်ရှီ၏နတ်ဝင်ရိုးသည်လည်း ရတနာအဆင့်တွင် ရှိပေသည်။
ရွှေရောင်နတ်ပြည်ထောင်၏အိမ်ရှေ့စံမင်းသားဖြစ်သည့်အလျောက် သူဖွဲ့စည်းခဲ့သော နတ်ဝင်ရိုးသည်လည်း သာမန်မဟုတ်ပေ။ နတ်ဝင်ရိုးကား ရတနာအဆင့်ဖြစ်ကာ တတိယတန်းစား နတ်ဝင်ရိုးဖြစ်သည်။ သူ၏နတ်ဝင်ရိုးသည် မည်မျှ အားကောင်းသည်ကို ခန့်မှန်းနိုင်၏။
“သွားမယ်...”
အင်ပါယာရှားက ပြောသည်။ သူနှင့် ဥဒေါင်းအင်ပါယာတို့သည် ကူရန် အသင့်ဖြစ်နေသည်။ သူတို့၏နတ်ဝင်ရိုးကား တတိယတန်းစားများဖြစ်ကြသည်။ ထို့အပြင် သူတို့၏နတ်ဝင်ရိုးမှာ ရွှေရောင်အဆင့်ဖြစ်၏။ တစ်ဘက်တွင် ရွှေရောင်နတ်ပြည်ထောင်၏မင်းသားသည် သူတို့ထက် ပိုသန်မာပေသည်။
ရီဖူရှင်းတွင် ပြိုင်စံရှားပါရမီရှိသော်လည်း သူသည် ရန်ဟောင်အဆင့်ကို ယခုမှ တက်လာခြင်းဖြစ်၏။ သူ၏နတ်ဝင်ရိုးမှာ ပထမအတန်းအစားတွင်သာ ရှိသည်။ ထို့ကြောင့် တစ်ဘက်လူနှင့် ကြီးမားစွာ ကွာဟနေရာ သည်တိုက်ပွဲကို အနိုင်ရရန် မျှော်လင့်ချက် မရှိပေ။
ယခုတွင် တိုက်ပွဲမှာ နေရာတိုင်း၌ ဖြစ်နေသည်။ လူအနည်းငယ်မျှသာ ဘေးတွင် ကျန်နေသေးရာ အင်ပါယာရှားနှင့် ဥဒေါင်းအင်ပါယာတို့က သည်အတိုင်း ရပ်ကြည့်မနေလိုကြပေ။
“အရှင်မင်းကြီး... ခဏနေပါဦး...” အသံတစ်သံကို ကြားရသည်။ အင်ပါယာရှားက လီဟန်ဓားသမားကို နားမလည်စွာ ကြည့်သည်။
“အရှင်မင်းကြီး... ခဏစောင့်ကြည့်ကြရအောင်...” လီဟန်ဓားသမားက အကြံပေးသည်။
“လီဟန်ဓားသမား... ရီဖူရှင်းနဲ့ သူ့ပြိုင်ဘက်က အဆင့်ချင်းကွာလွန်းတယ်” အင်ပါယာရှားက စိုးရိမ်စွာ ပြောသည်။
“နတ်ဝင်ရိုးတွေရဲ့အဆင့်ကို အတန်းအစားတွေနဲ့ ပြန်ပြီး နှိုင်းယှဉ်လို့ရသေးတယ်...” လီဟန်ဓားသမားက ပြောသည် “တကယ်လို့ ရီဖူရှင်းမဟန်တော့မှ ကျုပ်တို့ ဝင်ပါကြတာပေါ့”
ရီဖူရှင်းသည် တစ်ဘက်လူကို မနိုင်လျှင်ပင် အချိန်တိုအတွင်း ရှုံးနိမ့်မည် မဟုတ်ပေ။ သူ့တွင် တိုက်ခိုက်ရန် လုံလောက်သော သန်မာမှု ရှိပေသည်။
“နတ်ဝင်ရိုးအတန်းအစား...” အင်ပါယာရှားက အံ့အားသင့်သွား၏။ ကိုက်ထျန်းရှီ၏နတ်ဝင်ရိုးကား အလွန်အဆင့်အတန်းမြင့်၏။ နတ်ဝင်ရိုးမှ စူးရှသော အလင်းများ ဖြာထွက်နေသည်။ သို့မဟုတ်လျှင် ရီဖူရှင်း၏နတ်ဝင်ရိုးက ပို၍ မြင့်မားနေသည်များလား။
သိပ်အယုံအကြည်မရှိသည့်တိုင် အင်ပါယာရှားသည် လီဟန်ဓားသမား၏အကြံပေးချက်ကို လက်ခံ၏။ သူက တိုက်ပွဲကို လှမ်းကြည့်ကာ အချိန်မရွေး ဝင်ပါနိုင်အောင် အသင့်ပြင်ထားသည်။
ကောင်းကင်ထက်တွင် ရီဖူရှင်းသည် ရွှေရောင်ရုပ်ထုများနှင့် ဝန်းရံခံထားရသည့်တိုင် သိပ်အလေးမထားဟန်ရှိနေသည်။
သူ့ခန္ဓာကိုယ်ထဲမှ စူးရှသော အလင်းများ ပေါက်ကွဲထွက်လာသည်။ အလင်းသည် ကောင်းကင်ကို ဖုံးလွှမ်းသွားခဲ့၏။ သူ့အား အဆုံးအစမဲ့သော အလင်းများ ရစ်ပတ်လာခဲ့ဟန်ရသည်။ လောကလမ်းစဉ်သည် သူနှင့် လိုက်လျောညီထွေ ဖြစ်တည်သည်။ သူကား လောကနှင့် တစ်သားတည်းဖြစ်နေသည့်အလား...။
ရီဖူရှင်း၏အပေါ် ကောင်းကင်ထက်တွင် ထူးဆန်းသော လက္ခဏာများ ပေါ်လာသည်။ အဆုံးအစမဲ့သော မဟာလမ်းစဉ်အသိများသည် ရေတံခွန်အလား အောက်ကို ဖြန့်ကျက်လာခဲ့ကာ မိုင်ပေါင်းများစွာသော ဒေသများအထိ ဖုံးလွှမ်းသွားသည်။
သည်နတ်ဝင်ရိုးကိုသာ အမှန်တကယ် နတ်ဘုရားဝင်ရိုးဟု ခေါ်သင့်ပေသည်။ နတ်အလင်းများသည် ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းထား၏။
“ဒါက အက်ကြောင်းမဲ့ဝင်ရိုးပဲ... ဒါက နတ်ဘုရားအဆင့်ပဲ...”
ဘုံကိုးခုမှ အဓိကပုဂ္ဂိုလ်များသည် ရီဖူရှင်းရှိရာသို့ လှမ်းကြည့်ကြသည်။ သူတို့၏မျက်လုံးများထဲတွင် အက်ကြောင်းဝင်ရိုးများ သို့မဟုတ် အက်ကြောင်းမဲ့ဝင်ရိုးများသာ ရှိပေသည်။
အက်ကြောင်းမဲ့ဝင်ရိုးသည်သာ စစ်မှန်သော နတ်ဘုရားဝင်ရိုးဖြစ်ပေသည်။ ထိုမှသာ နတ်ဘုရားတို့နှင့် နှိုင်းယှဉ်နိုင်သည်။
နတ်ဘုရားအလင်းများသည် ကောင်းကင်တခွင်ကို ဖြန့်ကျက်ကာ အဝေးမိုင်ပေါင်းများစွာသို့အထိ ရောက်ရှိသွားသည်။ အင်ပါယာရှားသည် ထိုနတ်ဝင်ရိုးကို မြင်လျှင် ကြီးစွာ စိတ်လှုပ်ရှားသွား၏။ ထိုအခိုက်အတန့်တွင် သူ၏နတ်ဝင်ရိုးသည် ဟာသတစ်ခုထက် မပိုတော့။ သူက ရန်ဟောင်အဆင့်သို့ တက်လှမ်းရန် ဖွဲ့စည်းခဲ့သော နတ်ဝင်ရိုးကို နတ်ဝင်ရိုးဟုပင် ခေါ်ဆိုနိုင်ပါဦးမည်လော။
သူ၏နတ်ဝင်ရိုးကို ရီဖူရှင်း၏နတ်ဝင်ရိုးနှင့် နှိုင်းယှဉ်ပါက နေရောင်အောက်တွင် တောက်ပနေသော မီးတောက်ငယ်တစ်ခုမျှသာ ဖြစ်နေပေလိမ့်မည်။
အက်ကြောင်းမဲ့ခြင်း...။ ဤကား စစ်မှန်သော အက်ကြောင်းမဲ့...။ ကောင်းကင်သည် ထူးဆန်းသော အရောင်အဆင်းတို့ကို ထုတ်ဖော်ကာ နတ်အလင်းများအား ဖြန့်ကျက်သည်။
လူအများအပြားသည် ထိုလှပသော မြင်ကွင်းတွင် မှင်တက်ငေးမောကြကုန်၏။ နတ်ဘုရားအကြွင်းအကျန်နယ်မြေတွင် လူအများတို့သည် အက်ကြောင်းမဲ့ဝင်ရိုးများကို ဖွဲ့စည်းခြင်းအားမြင်ဖူးကြသော်လည်း အမှန်တကယ်အားဖြင့် သာမန်လူများ မြင်တွေ့ခွင့်ရသော အက်ကြောင်းမဲ့ဝင်ရိုးများမှာ ရှားပါးလွန်းလှသည်။ ဘုံသုံးထောင်တွင် အက်ကြောင်းမဲ့ဝင်ရိုးများ အရေအတွက် မည်မျှ ရှိသနည်း။
ကောင်းကင်အာဏာစက်ဘုံတွင် ရီဖူရှင်းမတိုင်မှီ၌ အက်ကြောင်းမဲ့ဝင်ရိုးကို ဖွဲ့စည်းနိုင်သူ မည်သူမှ မရှိဖူးပေ။
ဘုံသုံးထောင်၏ထိပ်သီးပုဂ္ဂိုလ်များတွင်ပင် အက်ကြောင်းမဲ့ဝင်ရိုး မရှိပေ။
ဆိုလိုသည်က အက်ကြောင်းမဲ့နတ်ဝင်ရိုးကို ဖွဲ့စည်းရန်မှာ ဘုံသုံးထောင်တွင် ထိပ်သီးပုဂ္ဂိုလ်ဖြစ်ရန်ထက် ခက်ခဲ၏။ ထိုအဆင့်ကို အောင်မြင်ခဲ့လျှင် ထိုသူသည် ဘုံသုံးထောင်တွင်လည်း အမြင့်ဆုံး အဆင့်သို့ တက်လှမ်းနိုင်မည်မှာ ရာနှုန်းပြည့်သေချာပေသည်။
အင်ပါယာနန်နှင့် ရှန်းကလန်မှ လူများသည်ပင် ရီဖူရှင်းကို အာရုံစိုက်ကြည့်နေကြ၏။ သူတို့၏မျက်လုံးများ အရောင်လက်သွားသည်။
ရီဖူရှင်းတွင် အက်ကြောင်းမဲ့ဝင်ရိုးရှိသည်သာမက ထူးဆန်းသော နိမိတ်များလည်း ပေါ်လာခဲ့၏။
“သူဟာ နတ်ဘုရားအကြွင်းအကျန်နယ်မြေမှာ ကံကောင်းမှုတွေ ရှိခဲ့တာလား” အင်ပါယာနန်က သူ့ဘေးရှိ နန်လော့ရှန်းကို မေးသည်။
“အဲလိုပဲ ဖြစ်လိမ့်မယ်...” နန်လော့ရှန်း၏လှပသော မျက်လုံးများ၌ ထူးဆန်းသော အငွေ့အသက်များ ဖြစ်လာသည်။ သည်လူ၏နတ်ဝင်ရိုးကား သူမ၏ဝင်ရိုးထက်ပင် အရောင်အဆင်း လှပတောက်ပြောင်နေသည်။
မဟာလမ်းစဉ်၏ကြိုးများ သူ့ဘေးတွင် ဖြစ်ပေါ်လာသည်။ ကု့ချင်းသံသည် သူ့အလိုအလျောက် မြည်လာ၏။ မဟာလမ်းစဉ်အား ကြိုးများအဖြစ် အသုံးပြုလျှင် အသံသည် နတ်ဘုရားများကိုပင် ဖိနှိပ်နိုင်သည်။
နတ်ဘုရားအလင်းများသည် ထက်ရှသော ဓားများအလား ဖြစ်ပေါ်လာပြီး ရှေးဟောင်းနတ်ဘုရားများအား ထွင်းဖောက်သွား၏။ ချက်ချင်းပင် ပြိုလဲသံတစ်ခု ဖြစ်ပေါ်လာသည်။
ရီဖူရှင်း၏နတ်ဝင်ရိုးသည် မည်မျှ စွမ်းအားမြင့်သည်ကို မည်သူမှ မသေချာသော်လည်း သူသည် များစွာသော လမ်းစဉ်သစ်သီးများကို စားသုံးကာ အဆင့်တက်လှမ်းထားရာ သူ၏အခြေခံအုတ်မြစ်သည် အလွန်ခိုင်မာ၏။
“ပထမအတန်းအစားနတ်ဝင်ရိုးက တတိယအတန်းအစား နတ်ဝင်ရိုးကို ယှဉ်ပြိုင်နေတာလား”
လူအုပ်ကြီးသည် မယုံကြည်နိုင်စွာ ကြည့်ကြ၏။ ရီဖူရှင်း၏ကိုယ်ရောင်ကိုယ်ဝါသည် အမှန်ပင် အလေးနိမ့်နေဟန် မရှိပေ။ သူ၏လမ်းစဉ်မှာလည်း ဖိနှိပ်ခံရဟန် မရှိ။
ကိုက်ကျိုထျန်း၏အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။ အက်ကြောင်းမဲ့နတ်ဝင်ရိုး...။ ဤကား ရွှေရောင်နတ်ပြည်ထောင်မှ တပည့်များအားလုံး၏အိပ်မက်ဖြစ်သည်။ သို့သော် ကိုက်ကျိုထျန်းကား ထိုအိပ်မက်ကို အကောင်အထည် မဖော်နိုင်ခဲ့။ မူလက ကိုက်ရှီသည် နတ်ဘုရားအကြွင်းအကျန်နယ်မြေကို ဝင်ပြီး အက်ကြောင်းမဲ့ဝင်ရိုးကို ဖွဲ့စည်းရန် အခွင့်အရေးရှိခဲ့သော်လည်း ရီဖူရှင်း၏သတ်ဖြတ်ခြင်းကို ခံလိုက်ရသည်။
ရီဖူရှင်းတွင် နတ်ဘုရားအဆင့်နတ်ဝင်ရိုးရှိလျှင်ကော အဘယ်အရေးနည်း။ သူတို့အကြား အဆင့်နှစ်ခု ကွာဟနေသေးသည်။ ထိုအဆင့်နှစ်ခုကို ရီဖူရှင်း၏နတ်ဝင်ရိုးက အောင်နိုင်လိမ့်မည်ဟု သူမယုံကြည်။
ကိုက်ကျိုထျန်း၏နတ်ဝင်ရိုးမှာလည်း ရတနာအဆင့်တွင် ရှိပေသည်။
ကိုက်ကျိုထျန်းက လက်မြောက်လိုက်သည်။ ကောင်းကင်နှင့်မြေပြင်သည် သိမ့်သိမ့်တုန်သွားကာ မဟာလမ်းစဉ်က မာန်ဖီသည်။ လက်ဝါးရိုက်ချက်သည် ဧရာမအသွင်သို့ ပြောင်းလဲသွားကာ ရီဖူရှင်းကို အုပ်မိုးလျှက် ကျဆင်းလာ၏။ လက်ဝါး၏သွင်ပြင်ကား နတ်ဆိုးသို့၏မျက်နှာနှင့် အလားသဏ္ဌာန်တူသည်။ ထိုလက်ဝါးသည် သူ၏အောက်မှ ဖြစ်တည်မှုအားလုံးကို ဖျက်ဆီးမည့်ပုံစံ။
အက်ကြောင်းမဲ့နတ်ဝင်ရိုးမှ လွဲ၍ တခြားသော နတ်ဝင်ရိုးများမှာ သာမန်အဆင့်ဖြစ်၏။
ရီဖူရှင်းက သူ၏လက်ကို ဆန့်တန်းလိုက်သည်။ သူက မိုးကို မြောက်ကာ လက်ညိုးဖြင့် ထိုးလိုက်လျှင် မရေမတွက်နိုင်သော နတ်ဓားများဖြစ်ပေါ်လာသည်။ ဓားမုန်တိုင်းသည် ကောင်းကင်ခွင်းဓားအဖြစ် ပြောင်းလဲသွား၏။ ဓားချက်က လက်ဝါးကို အပိုင်းပိုင်းအစစ ပြိုကွဲသွားစေခဲ့သည်။
***