← Chapters

ဝိညာဉ်သဏ္ဌာန် ဖန်တီးခြင်း

Vol. 3 Ch. 43

ဝိညာဉ်သဏ္ဌာန် ဖန်တီးခြင်း

Vol. 3 Ch. 43

“အခမ်းနားမှုး ချီလင်းဟောင် ရှောင်ထျန်းတို့ကို ဒီကိုလာဖို့ခေါ်လိုက်” ထိုက်ဟုန်ကျွင်းသည် ချီလင်းဟောင်ကို အမိန့်ပေးလိုက်၏။

ချီလင်းဟောင်သည် ကျောက်စိမ်းပြား တစ်ခုကို ထုတ်ယူလိုက်ပြီးနောက် ဂိုဏ်းအတွင်း သို့ သတင်းပို့လွှတ်လိုက်သည်။

“မင်းတို့ဆရာ ဘယ်မှာလဲသိချင်မိသား” ထိုက်ဟုန်ကျွင်းသည် မေးမြန်းလိုက်၏။

“ကျုပ်တို့ဆရာက နေရာတကာကို သွားလာတက်တဲ့လူမျိုးမဟုတ်ဘူးလေ၊ သူက တိတ်တဆိတ်နေရတာကိုပဲ ဝါသနာပါတာ” ပိုင်ကျန့်ယွီသည် ပြောလိုက်၏။

‘တတိယအစ်ကို စကားအပြောမတက်ရင်လဲ မပြောပါနဲ့လား’

ရုတ်တရက်ကျောချမ်းသည့် ခံစားချက်ပေါ်လာလေသည်။ ယွဲ့ဝူယောင်အနားမှာ ရှိသောကြောင့်ဟုသာထင်လိုက်၏။ ထို့နောက် ယွဲ့ဝူယောင်သည် ပိုင်ကျန့်ယွီအနားကပ်ခါ တီးတိုးပြောလိုက်၏။

“ဆရာရောက်နေပြီ”

ပိုင်ကျန့်ယွီ၏ မျက်လုံးအစုံသည်ပြူးကျယ်သွားတော့သည်။

ပိုင်ကျန့်ယွီ “ဘယ်တုန်းကလဲ”

ယွဲ့ဝူယောင် “ငါထိုက်ရွှမ်ဂိုဏ်းကို စိန်ခေါ်လိုက်တုန်းက”

ထို့ကြောင့်သူမသည် ဤသို့ရဲတင်းစွာလုပ်ဆောင်နေခြင်းဖြစ်သည်။

ပိုင်ကျန့်ယွီ “...”

‘သေပြီ၊ ငါတော့သေပြီ၊ ဆရာ့ကို ငပျင်းလို့ပြောတဲ့ အဓိပ္ပါယ်မဟုတ်ဘူးဆိုတာ ဆရာသိမှာပါ’

“မင်းတို့ဆရာကို ဒီကို ဖိတ်ခေါ်ပေးနိုင်မလား” ထိုနှစ်ဦးတီးတိုးပြောနေသည်ကို ကြားဖြတ်ကာပြောလိုက်၏။

“အားနာပါတယ်၊ ဒီကိစ္စတွေပြီးရင်တော့ ဖိတ်ခေါ်တဲ့အကြောင်းပြောပေးပါ့မယ်” ယွဲ့ဝူယောင်သည် ငြင်းပယ်လိုက်သည်။

“သခင်လေး” မုန့်ချန်အာသည် သတိရလာပြီဖြစ်သည်။ သူမအားနည်းနေသေးသော်လည်း လုရှင်းယန်၏ ချီစွမ်းအင်များကြောင့် အဆင်ပြေနေသည်။ သူမ အကြောင်းစုံသိသွားပြီးနောက် ငိုလုမတက်ဖြစ်နေသည်။ သူမ ကြောင့် အခုလို ကိစ္စများ ဖြစ်ပေါ်လာခြင်းပင်။ လုရှင်းယန်သည် စိတ်မပူစေရန်ရှင်းပြလိုက်သည်။

ထို့နောက် သူတို့သည် ယှဉ်ပြိုင်မည့် ကွင်းဘေးတွင်စောင့်ဆိုင်းနေကြသည်။

ခဏကြာပြီးနောက် ကျင်းဝူတောက် သည်ထိပ်တန်းတပည့် လေးယောက်နှင့် အတူရောက်ရှိလာခဲ့သည်။ ရှဲ့လန်သည် အဖြစ်ပျက်များကို အကျဉ်းချုံးက ရှင်းပြလိုက်၏။

“ငါတို့ဂိုဏ်းက တွေ့ကရာလူ စိန်ခေါ်လို့ရတဲ့ ဂိုဏ်း ဖြစ်နေပြီလား” ကျင်းဝူတောက်သည် ထိုက်ဟုန်ကျွင်းကို မေးခွန်းထုတ်သည့်ပုံနှင့် ယွဲ့ဝူယောင်တို့ကို ဖိနှိပ်လိုက်သည်။

“အဖိုးကြီး စကားမများနဲ့ ကျုပ်နဲ့ တိုက်မဲ့လူလွှတ်လိုက်” လျှိုမင်ယွမ်သည် ပြိုင်ပွဲစဉ်မြင့်သို့ တက်လာပြီး မောက်မာစွာပြောလိုက်၏။

ပရိတ်သတ်များ “...”

ကျင်းဝူတောက်သည် အလွန်ပင်ဒေါသထွက်သွား၏။

“အစ်ကိုကြီး စိတ်ထိန်းဦး လူငယ်တွေ” ရှဲ့လန်သည် သတိပေးလိုက်ရသည်။

“ဟမ့်..”

မိန်းကလေးတစ်ဦးသည် နှာမှုတ်သံနှင့် အတူ ယှဉ်ပြိုင်မည့်စဉ်ပေါ်သို့ ရောက်လာခဲ့သည်။ အသက် ဆယ့်ခုနှစ်နှစ်ရှိသည့် သူမသည် အခြေတည်ဝိညာဉ် အလယ်လတ်အဆင့်တွင်ဖြစ်သည်။

“ငါနာမည် ရွှေယင် ဒီကရောင်းရင်း အကြံပေးပါဦး”

သူမသည် ဂိုဏ်းဝတ်စုံအပြာရောင်နှင့် အတော်လေးလိုက်ဖက်သည်ဟုဆိုရပေမည်။ သူမသည် မုန့်ချန်အာနှင့်ပင် မယှဉ်နိုင်သော်လည်း အတော်လေးလှသည့်အထဲတွင်တော့ပါဝင်နေသည်။

“လျှိုမင်ယွမ်”

ပြိုင်ပွဲကွင်းပြင် အလယ်တွင် လျှိုမင်ယွမ်သည် သူ၏ အနက်ရောင်ဝတ်စုံ နှင့် မောက်မာမှုကြောင့် သူ၏ ချောမောမှုကို ပိုမိုပေါ်လွင်နေစေသည်။

ရွှေယင်သည် စတင်လှုပ်ရှားတိုက်ခိုက်လိုက်သည်။ သူမ၏ လက်ထဲတွင် ရေစွမ်းအင်နှင့် ဖန်တီးထားသည့် ကြာပန်းတစ်ခုပေါ်လာခဲ့သည်။ ထို့နောက် ထိုကြာပန်းကို လျှိုမင်ယွမ်ဆီဦးတည်၍ ပစ်လွှတ်လိုက်သည်။ ထိုအရှိန်သည်အတော်ပင် မြန်ပေသည်။

လျှိုမင်ယွမ်သည် ချက်ချင်း သူ၏ ရှေ့တွင် ဝိညာဉ် စွမ်းအင်ဖြင့်ပြုလုပ်ထားသည့် အကာကွယ်တစ်ခုပေါ်လာခဲ့သည်။

“ဝုန်း..” ရွှေယင်၏ ရေကြာပန်းသည် လျှိုမင်ယွမ်၏ အကာကွယ်နှင့် ထိမိသွားပြီး ပေါက်ကွဲသံများပေါ်ထွက်လာသည်။ လျှိုမင်ယွမ်သည် သူ၏ ခန္ဓာကိုယ်တွင် ရေစများတောင် မစင်ပေ။

“အစွမ်းစတော့ရှိသားပဲ” ရွှေယင်သည် သူမ၏ ရေကြာပန်းတွင် သူမ၏ စွမ်းအား ငါးဆယ်ရာခိုင်နှုန်းခန့် ထည့်သွင်းထားခြင်းဖြစ်သည်။ သို့သော်လျှိုမင်ယွမ် မထိခိုက်သည်ကို သိပြီး ပို၍ ပြင်းထန်စွာတိုက်ခိုက်ရန် ပြင်လိုက်၏။

ထို့နောက် သူမသည် လက်ပုံစံတစ်ခု ဖော်ထုတ်လိုက်သည်။ သူမ၏ နောက်ကျောတွင် ရေစွမ်းအင်ဖြင့် ပြုလုပ်ထားသည် မြှားပုံစံ များ နှစ်ဒါဇင်ခန့်ပေါ်ထွက်လာသည်။

“သွားစမ်း” သူမသည် ချက်ချင်းပင် လျှိုမင်ယွမ်ဆီဦးတည်ပြီး ပစ်လွှတ်လိုက်သည်။ ထိုရေစွမ်းအင်မြှား များသည် အလွန်ပင် မြန်ဆန်လှသည်။

သို့သော် လျှိုမင်ယွမ်သည် သက်တောင့်သက်သာနှင့် ခုန်ပေါက်၍ မြှားအားလုံးကို ရှောင်ရှားလိုက်လေသည်။

“ရှင် မတိုက်ခိုက်တက်ဘူးလား” ရွှေယင်သည် ဒေါသထွက်လာပြီး အော်ဟစ်လိုက်၏။

“ငါပြန်တိုက်ရင် မင်းတိုက်ခိုက်ချိန်ရမှာ မဟုတ်ဘူး၊ ဒါကြောင့် မင်းအစွမ်းကုန်တိုက်ခိုက်ထား” လျှိုမင်ယွမ်သည် မောက်မာစွာပြောလိုက်၏။ပရိတ်သတ်များပင် ဆင်းရိုက်ချင်စိတ်ပေါက်နေကြသည်။

ဆွေယင်သည် ဒေါသအလွန်ထွက်လာကာ လက်ပုံစံကို အစောက အတိုင်းပင် လုပ်လိုက်၏။ သို့သော် ကွာခြားသွားသည်မှာ ရေစွမ်းအင်မြှားသည် တစ်ထောင်ကျော်ပေါ်ထွက်လာခဲ့သည်။ ထို့အပြင် အစောက ထက်ပို၍ စွမ်းအင်များပြားလာသည်။

“ရေစွမ်းအင်မြှား တစ်သောင်း သွားစမ်း”

ရွှေယင်သည် ထိုနည်းစနစ်ကို ထပ်မံပစ်လွှတ်လိုက်၏။ ထိုစွမ်းအင်မြှား တစ်ထောင်ကျော်ကို လျှိုမင်ယွမ် ရှောင်ရှားရန်မှာ မဖြစ်နိုင်တော့ပေ။ ထိုမြှားများသည် အရှိန်ဟုန် ပြင်းစွာနှင့် ရောက်လာခဲ့သည်။

“ဝိညာဉ် ထိန်းချုပ်ခြင်း” လျှိုမင်ယွမ်သည် ထိုသို့ ရေရွတ်လိုက်ပြီးနောက် ထိုမြှား တစ်ထောင်ကျော်ကို ထိန်းချုပ်လိုက်ပြီး သူမထံ ပြန်လည်ပစ်လွှတ်လိုက်၏။ သွေးဝံပုလွေထံတွင် သုံးခဲ့တုန်းင အဆင့်များစွာကွာခြားချက်ကြောင့် ခနတာ စိတ်လွတ်ယုံသာ လုပ်နိုင်ခဲ့သည်။ သို့သော် ယခုအဆင့်တူတစ်ယောက်ကိုတော့ ကောင်းစွာ ထိန်းချုပ်နိုင်ပြီဖြစ်သည်။

“ဒီကောင်လေးက စိတ်ဝိညာဉ်ကျင့်ကြံသူပဲ” ထိုက်ဟုန်ကျွင်းသည် ဆိုလိုက်၏။ ကျင်းဝူတောက်လဲ ခေါင်းညိတ်ကာ ထောက်ခံလိုက်၏။ ထိုကောင်လေးသည် မောက်မာသည်ဆိုသော်လည်း စွမ်းရည်အချို့ရှိနေ၏။

ရွှေယင်သည် မျက်နှာပျက်သွားခဲ့သည်။ သူမ၏ မြှားများသည် သူမထံ ပြန်လာနေပြီဖြစ်သည်။ အလွန်မင်း မြန်ဆန်သည့်အရှိန်နှင့်ပင်။ သို့သော်လည်း ပြာယာခက်မသွားချေ။ အကာကွယ် ထုတ်သုံးလိုက်ရလေသည်။

“ရေစွမ်းအင် အကာကွယ်”

ရွှေယင်၏ ရှေ့တွင် ကြီးမားသည့် ရေတံတိုင်းကြီးတစ်ခုပေါ်ထွက်လာခဲ့ပြီး ထိုမြှားတစ်ထောင်ကျော်ကို ကာကွယ်လိုက်ရသည်။

“ဝုန်း..ဝုန်း..”

ထိုစွမ်းအင်မြှား များသည် တစ်စင်းပြီးတစ်စင်း သူမ၏ အကာကွယ်ကို ထိမှန်နေပြီး ကျယ်လောင်သည် စွမ်းအင် မြည်သံများထွက်ပေါ်နေသည်။

ပရိတ်သတ်များသည် အလွန်ပင် အံ့ဩနေရသည်။ ချောမောလှသည့် လူငယ်လေးသည် ဤမျှကြောက်စရာကောင်းမည်ဟု မထင်ထားခဲ့ချေ။ ဤအတိုင်းဆိုလျှင် သူရှေ့တွင် နည်းစနစ်သုံးပြီး တိုက်ခိုက်နေလည်း အလကားပင်။

ရွှေယင်သည် သူမ၏ ဝိညာဉ်စွမ်းအင် အတော်များများသုံးလိုက်ရသည်။ ထို့ကြောင့် အချိန်မဆွဲတော့ပဲ တိုက်ရန်ပြင်လိုက်သည်။

လျှိမင်ယွမ်သည် မျက်နှာသည် သက်တောင့်သက်သာ ရှိနေတုန်းပင်။ ထို့နောက်ရွှေယင်ကို မေးလိုက်၏။

“အတည်တိုက်တော့မှာလား”

ထိုအခိုက်တန့်မှာပဲ ရွှေယင်၏ ခန္ဓာကိုယ်မှ ရေစွမ်းအင်များစွာ အရှိန်ဟုန်ဖြင့်ပေါ်ထွက်လာသည်။ ထို့နောက်တွင် သူမ၏ ဘေးတွင် ရေပွေလှိုင်းငယ်များစွာပေါ်ထွက်လာပြီး တစ်ခုထဲအဖြစ်သို့ စုစည်းသွားကာ ရေပွေလှိုင်းအကြီးစားတစ်ခုဖြစ်ပေါ်လာခဲ့သည်။

လျှိုမင်ယွမ်သည် သူ၏ လက်ဖဝါးချင်းယှက်လိုက်ပြီး ဝိညာဉ်စွမ်းအင်များကို စုစည်းလိုက်သည်။ သူ၏ အရှေ့ရှိ လေထုသည် မမြင်ရတဲ့ လှိုင်းဂယက်တွေနဲ့ တုန်ခါလာပြီး ချက်ချင်းပင် နည်းစနစ်တစ်ခုဖော်ထုတ်လိုက်သည်။ ခဏအကြာတွင် သူ၏ ရှေ့တွင် ထိုလှိုင်းများနှင့်စုဖွဲ့ထားသည့် နဂါးတစ်ကောင်သဏ္ဌာန် ပုံပေါ်လာသည်။ ထိုနဂါးသည် ဖောက်ထွင်းမြင်နေရသည့်အလားပင် ကြည်လင်နေ၏။ စွမ်းအင် အငွေ့သက်များသာ ရှိမနေဘူးဆိုလျှင် ဘာမျှမရှိသည့်လေထုဟု ထင်နိုင်ပေသည်။

“ဧရာမ ရေပွေလှိုင်း သွားစမ်း” ရွှေယင်သည် သူမ၏ နည်းစနစ်ကို လျှိုမင်ယွမ်ထံ ပစ်လွှတ်လိုက်၏။ ထိုရေပွေလှိုင်းကြီးသည် အလွန်ပင်ကြီးမားပြီး တလိမ့်လိမ့် ရစ်ပတ်ကာ လျှိုမင်ယွမ်တည့်တည့်သို့ ဦးတည်လာသည်။

“ဝိညာဉ်သဏ္ဌာန် ဖန်တီးခြင်း” လျှိုမင်ယွမ်သည် ခုခံရန် ပြင်လိုက်သည်။ ထိုနဂါးပုံစံ စိတ်ဝိညာဉ်လှိုင်းသည် ချက်ချင်းပင် ထိုရေပွေလှိုင်းကြီးဆီသို့ ဦးတည်သွားသည်။

“ဝုန်း...” ကြီးမားသည့် စွမ်းအင် နှစ်ခု ထိပ်တိုက်တွေ့ဆုံသွားသည်နှင့် ပေါက်ကွဲသံပေါ်ထွက်လာခဲ့သည်။ ရေပွေလှိုင်းကြီးသည် လျှိုမင်ယွမ်ကို ဖျက်စီးပစ်ရန် ဒေါသတကြီး တိုးဝေ့နေသည့်အလားပင်။ သို့သော် နဂါးပုံစံ ဝိညာဉ်လှိုင်းသည် ၎င်း၏ ရှေ့မှတားဆီးထားသည်။ ထို့အပြင် ရေပွေလှိုင်းကြီးကို ဝါးမြိုနေသည့်အလား ရေပွေလှိုင်း၏ အဖျတ်စွမ်းအင်များလျော့နည်းလာခဲ့သည်။

“မဖြစ်နိုင်ဘူး” ရွှေယင်သည် ထိတ်လန့်တကြား ရေရွတ်မိသွားသည်။ ထိုရေပွေလှိုင်းသည် များပြားလှသည့်စွမ်းအင်များ ထည့်သွင်းထားပြီး အဖျတ်စွမ်းအားမှာလည်း အလွန်ပင် ထိတ်လန်စရာကောင်းပေသည်။ သို့သော် ယခုတွင် နဂါးပုံစံ စွမ်းအင်များကြောင့် သူမရေပွေလှိုင်းသည် ပျောက်ကွယ်လုမတက်ဖြစ်နေခဲ့သည်။

ထို့နောက် ရေပွေလှိုင်းသည် လုံးလုံးပျောက်ကွယ်သွားပြီးနောက် လျှိုမင်ယွမ်၏ နဂါးပုံစံ စွမ်းအင်သည် ရွှေယင်ထံသို့ ဦးတည်လာခဲ့သည်။ ရွှေယင်သည် အသက်ရူရပ်လုမတက်ပင်ဖြစ်သွားသည်။ ထိုစွမ်းအင်နဂါး ကို ခုခံစရာ ဝိညာဉ်စွမ်းအင် မရှိတော့ချေ။ ကျန်ရှိသေးသည့် ဝိညာဉ်စွမ်းအင်များနှင့်လည်း မခုခံနိုင်ချေ။ သူမစိတ်ပျက်အားငယ်သွားခဲ့သည်။

“ကျုပ်တို့ အရှုံးပေးတယ်”

All Chapters