← Chapters

အခန်း (၃၇)

Vol. 4 Ch. 37

အခန်း (၃၇)

Vol. 4 Ch. 37

“အဖေ…..အမေ….အစ်ကိုကြီးကို တောင်တွေနောက်မှာ တောဝက်သတ်သွားတယ်…."

မြေပြင်ပေါ်တွင် မိုးခြိမ်းသံတစ်ခု ထွက်ပေါ်လာသကဲ့သို့ ကုရှီတုန်း၏ စကားသည် လေးလံသောတူကြီးသည် ကျန်းဆွေ့လန်၏ နှလုံးသားကို ထုချေလိုက်သည့်နှယ် ခံစားလိုက်ရသည်။ သူမ၏ အမြင်အာရုံတစ်ခုလုံး မှောင်မိုက်သွားလေ၏။ ကျန်းဆွေ့လန် ဟန်ချက်ပျက်လုနီးပါး ဖြစ်သွားလေသည်။

ထိုစဉ် ဘေးနားက ဦးလေးကျန်း ကျေးဇူးကြောင့် ကျန်းဆွေ့လန် လဲမကျအောင် ထိန်းထားနိုင်ခဲ့လေသည်။

ထိုအချိန်တွင် ဦးလေးကျန်း၏ ဆေးရွက်ကြီးအိတ်သည် မြေပြင်ပေါ်သို့ လွတ်ကျသွားပြီး သူ့မျက်လုံးများလည်းချက်ချင်းပင် အနီရောင် ပြောင်းသွားသည်။

ကုမန်ဆန်သည်လည်း သူ့လက်ထဲရှိ အိတ်ဆောင်နာရီကို တင်းကြပ်စွာ မကိုင်နိုင်တော့ပေ။ သူ့နှုတ်ခမ်းများ တုန်ရီလျက် ငိုမဲ့မဲ့ရှေ့သို့ တိုးသွားလေ၏။

အကြီးဆုံးအဒေါ်နှင့် ဒုတိယအဒေါ်တို့က မီးဖိုချောင်ထဲတွင် ခေါက်ဆွဲလှိမ့်နေကြသည်။ အပြင်မှာ စကားသံကို ကြားသောအခါ မျက်ရည်များဝဲလျက် ခြံထောင့်သို့ ထွက်လာကြလေ၏။ အဒေါ်ကြီးမှာ ဂျုံလှိမ့်တုံးကိုပင် မြဲအောင် မကိုင်နိုင်တော့ချေ။ သူ့နှုတ်ခမ်းများ တုန်ရီလျက် ဖြည်းညှင်းစွာ မေးလေ၏။

“ဒီလို နေ့ထူးနေ့မြတ်မျိုးမှာ ဘယ်လို ဖြစ်ရတာလဲ။ ငါခုနလေးတင် တောင်ပေါ်က ပြန်လာတာပါ။ အန်းဇီက ဘယ်လိုလုပ် တောဝက်နဲ့ထိပ်တိုက်တွေ့ရတာလဲ။ တောဝက်က ဘယ်လိုလုပ်…."

ထိုခေတ်အခါက တောဝက်များသည် အလွန်ရက်စက်ကြလေသည်။ ရွာရှိ မုဆိုးများသည်ပင် တောဝက်များနှင့်တွေ့လျှင် လမ်းလွှဲသွားကြသည်။ လွန်ခဲ့သည့်နှစ်အနည်းငယ်က ရွာမှလူငယ်တစ်ဦးသည် မှိုကောက်ရန် တောင်ပေါ်သို့ တက်ရာ တောဝက်နဲ့တွေ့သဖြင့် တောဝက်လက်မှ လွတ်အောင်ပြေးရင်း ခြေထောက်တစ်ဖက် ဆုံးရှုံးခဲ့ရ၍ ဒဏ်ရာကို တစ်နှစ်ခွဲကြာ ကုခဲ့ရလေသည်။

ကုရှီအန်းသည် ကျန်းမိသားစု၏ မျက်စိရှေ့တွင် ကြီးပြင်းခဲ့သူဖြစ်ပြီး မိသားစုတွင် အလားအလာ အရှိဆုံးသူလည်း ဖြစ်သည်။ တစ်မိသားစုလုံး ဝမ်းနည်း ငိုယိုပြီး မျက်ရည်များ သုတ်နေကြလေ၏။

တဖြည်းဖြည်း အသိပြန်ဝင်လာသော ကျန်းဆွေ့လန်လည်း သူ့ခန္ဓာကိုယ်ရှိ ခွန်အားများအကုန်လုံး နှုတ်ယူခံလိုက်ရသကဲ့သို့ ရှိပေသည်။ ကျန်းဆွေ့လန်မှာ မတ်တပ်ရပ်ရန်ပင် မနည်း အားယူနေရပေသည်။ ထို့ပြင် သားဖြစ်သူကိုလည်း နောက်ဆုံးတစ်ကြိမ် ကြည့်လိုက်သေးသည်။

ကုမန်ဆန်က မျက်ရည်များကို ထိန်းလျက် ပြောလေ၏။ "သွား…သွားကြရအောင်…"

သားသမီးများ ထွက်သွားလျှင် မိဘများက လိုက်လံကြည့်ရှုမြဲဖြစ်ပေသည်။

ဇနီးမောင်နှံနှစ်ဦး၏ မျက်နှာများသည် မျက်ရည်များဖြင့် ပြည့်နှက်ကာ ခြေထောက်များပင် တုန်ရီနေကြသည်။

ရီဝေဝေမျက်လုံးများနှင့် ကုရှီတုန်းသည်လည်း အိမ်သို့ ပြန်လာခဲ့သည်။ ကုရှီတုန်း တံခါးဝကို ဝင်လိုက်သည်နှင့် ဤမြင်ကွင်းကို မြင်လိုက်ရာ အနည်းငယ် စိတ်ရှုပ်သွားမိသည်။ "မဟုတ်သေးပါဘူး….အသားစားရတာကောင်းတဲ့ကိစ္စကို။ ဦးလေးနဲ့အဒေါ်တို့က ဘာလို့ အဲ့လောက် ဝမ်းနည်းနေကြတာလဲ။"

ကုရှီတုန်းက သူ့ပါးစပ်ကို သပ်လိုက်ကာ ဦးလေးကျန်းအား မျှော်လင့်တကြီးပြောလေ၏။ "ဦးလေး ရွာထဲက တစ်ယောက်ယောက်ကို အမြန်ခေါ်လိုက်။ ကျွန်တော့်အစ်ကိုက ဝဖြီးနေတဲ့ တောဝက်ကြီးတစ်ကောင်ကို သတ်ပြီး တောင်နောက်မှာ ထားခဲ့တယ်။ အမြန်သွားရှာကြရအောင်။ အသားများများ စားရအောင် ပြန်သယ်ကြမယ်။"

"ဒီညတော့ ဝက်သားစားရပြီဟေး….."

ရှိုက်ကြီးတငင် ငိုနေသော ဦးလေးကျန်းသည်ပင် အေးတိအေးစက်ဖြစ်သွားသည်။ "တော….တောဝက်ကို သွားသယ်ရမှာလား…."

"ဟုတ်တယ်လေ ဦးလေး….ကျွန်တော့်အစ်ကိုက ဘယ်လောက် အစွမ်းထက်လဲ ဦးလေး မတွေ့လိုက်လို့နော်"

"အစွယ်ရှည်ကြီးနဲ့ ခွာလေးခွာရှိတဲ့ တောဝက်ကြီးနော်။ အစ်ကိုက အပြေးအရမ်းသန်တာ။ အစ်ကိုပြေးတာ မြေကြီးတွေတောင် တုန်တယ်။ တောဝက်ကြီးက ကြောက်စရာကြီး‌ဗျာ။ အစ်ကိုက တောဝက်ရဲ့လည်ချောင်းတည့်တည့်ကို သစ်သားချောင်းကြီးနဲ့ ထိုးချလိုက်တာ။ တောဝက်ကြီးခမျာ ငရဲမင်းကြီးနဲ့ ရင်ဆိုင်ရတဲ့အတိုင်းပဲ။"

ကျန်းမိသားစုမှာ ပါးစပ်အဟောင်းသား ဖြစ်သွားသည်။

ကောင်စုတ်ကလေးမှာ ဖြစ်ပျက်နေသည့် အမူအရာများကိုပင် အရိပ်အကဲမခတ်မိဘဲ ရွှင်မြူးခုန်ပေါက်နေလေတော့သည်။

ကုရှီတုန်းမှာ သူ့ဒေါသကိုရော အော်ဟစ်ဆူငေါက်တတ်သည့် မိဘများကိုပါ အနိုင်ယူနိုင်ခဲ့လေတော့သည်။

"ကောင်စုတ်လေး….ကိုယ့်စကား အဓိပ္ပါယ်ကို နားမလည်ဘူးလား။ ကိုယ့်အမေကို အလကားနေရင်း ငိုရအောင် လုပ်တယ်။"

ကျန်းဆွေ့လန်မှာ ဒေါသအရမ်းထွက်ပြီး စားပွဲပေါ်ရှိ ဂျုံလိမ့်တုံးကို ယူလိုက်သည်။

ကုမန်ဆန်မှာလည်း ဒေါသအရမ်းထွက်ပြီး ကိုယ့်သားကိုယ် ပထမဆုံးအကြိမ် သတ်ပစ်ချင်စိတ်များ ပေါ်လာမိသည်။

ကျန်းမိသားစုမှ လူတိုင်းသည် ကောင်စုတ်ကလေးအား မျက်စောင်းထိုးနေကြပေတော့သည်။ ရှီတုန်းသည် သူ၏ တင်ပါးနီနီတို့ကို အုပ်ကာ စိတ်လိုက်မာန်ပါ ရှင်းပြလေ၏။ "ကျွန်တော့်အမေ ဒေါသပိုပိုထွက်လာတာမြင်ရတော့ အဲ့ကောင်ကြီးကို ပိုအပိုင်းပိုင်း ဖြတ်ပစ်ချင်တယ်ဗျာ။ တောဝက်မကြီးက ငယ်သံပါအောင် အော်ပြီး ပြေးတော့တာပဲ။"

ကျန်းဆွေ့လန်မှာ လိုက်ကြည့်ချင်မိသည်။

ဦးလေးကျန်းလည်း မရယ်ဘဲ မနေနိုင်တော့ပေ။ “ကောင်းပြီကွာ….ဆွေ့လန်ကိုလည်း သူ့ဒေါသတွေပြေအောင် လိုက်ကြည့်ခိုင်းလိုက်။ ပြီးတော့ ဒါက သုန်ဇီရဲ့ အမှားချည်းလည်း မဟုတ်ပါဘူး။ ကလေးက သတင်းကောင်းပြောဖို့ စိတ်တွေအရမ်းလှုပ်ရှားပြီး အိမ်ပြန်လာတာကို။ သူမှားပြောလိုက်လည်း ငါတို့လူကြီးတွေက သေချာ အမှားအမှန် မခွဲခြားနိုင်လိုက်ပဲကို။ ဒါက မှားယွင်းတဲ့သတိပေးမှုဖြစ်သွားတာ။"

အကြီးဆုံးတူမှာ အဆင်ပြေပြီး ဦးလေးကျန်ကလည်း သူ့နောက် လိုက်သွားသည်။ " ငါတို့ရဲ့ အကြီးဆုံးတူက ကိုရီးယားကိုသွားပြီး အမေရိကန်နတ်ဆိုးတွေကို တိုက်ခိုက်ရေး လူစွမ်းကောင်းလိုလူပဲ။ တောဝက်တစ်ကောင်က သူ့ကို ဘယ်လိုလုပ်အနိုင်ယူနိုင်မှာလဲ။"

ဒုတိယအဒေါ်က မျက်စောင်းထိုးကာ ကြည့်နေသည်။ ကိုယ့်သိက္ခာကို ပြန်ကြည့်ရလျှင် ယခုနက မြေးငယ်တစ်ယောက်ကဲ့သို့ ငိုခဲ့နေသည်မဟုတ်ပါလော။

အသက်၅၀အရွယ် အဘိုးကြီးတစ်ယောက်အတွက် သွားဖြူဖြူကြီးဖြီး၍ ငိုလိုက်ရယ်လိုက်လုပ်နေခြင်းသည် ရှက်စရာ မဟုတ်ပါလော။

ဦးလေးကျန်းမှာမူ မရှက်ရုံတင်မကဘဲ ဂုဏ်ယူနေသေးပေသည်။

တူဖြစ်သူက သတ်လိုက်သော ဆူဖြိုးဖြိုး တောဝက်သည် ဦးလေးအတွက် အလွန်သွားရည်ယိုဖွယ်ဖြစ်သည်။ မိသားစုဝင်များ၏ ပျော်ရွှင်မှုနှင့်အတူ ယနေ့ နားလည်မှုလွဲမှားမှုများ လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့လေ၏။

အဖွဲ့မှူး၏တူဖြစ်သူ လက်ထောက် ဒါရိုက်တာသည် ပြည်သူ့လုံခြုံရေးဌာနမှ လက်မြှောက်ထားရသည့် တောဝက်တစ်ကောင်ကို သတ်နိုင်ခဲ့သည့်သတင်းမှာ ဖြန့်ကျက်ထားသော အတောင်ပံတစ်ခုနှယ် ပျံ့နှံ့သွားပေသည်။

တောဝက်သည် ကိုယ်အလေးချိန် ကီလိုဂရမ်သုံးရာရှိပြီး သာမန်လူများ လွယ်လွယ်အနိုင်မယူနိုင်ပေ။

ဦးလေးကျန်းသည် ကြွက်သားများနှင့် တောင့်တင်းသန်မာသော အမျိုးသားအချို့ကို ရွေးချယ်ခဲ့သည်။

ထို့နောက် ထူထဲသောကြိုးကို ခါးတွင်ပတ်၍ တောဝက်ကို ချည်နှောင်ထားသည်။

အားလုံးအတူတကွ ကြိုးကြိုးစားစား လုပ်ခဲ့ကြပြီးနောက် တောဝက်ကြီးကို သယ်နိုင်ခဲ့သည်။ တောဝက်ကြီးကို ရွာသို့ ပြန်သယ်လာနိုင်ခဲ့ကြလေသည်။

လင်းယောင်နှင့် အခြားသူများလည်း ရွာသို့ ပြန်လိုက်လာခဲ့ကြသည်။

ကောင်စုတ်ကလေးများမှာ မိသားစုကို မပြောဘဲ ပျားအုံဆောက်ရန် တောင်ပေါ်သို့ သွားကြသည်။ ထို သတင်းကြားသောအခါ လူကြီးများက လျင်မြန်စွာ ရောက်လာကြလေ၏။ ယင်းနောက် ကလေးများကို ပွေ့ဖက်ကာ ငိုကြွေးကြသည်။

ထို့နောက် ကလေးများကို ဆွဲယမ်းကာ ရိုက်ကြသည်။ ၎င်းမှာ ကုရှီအန်းဖြစ်သည်ဟုလည်း သူတို့ ကြားသိခဲ့ကြသည်။ အန်းမိသားစုသည် ၎င်းတို့၏ သားသမီးများကို ကယ်တင်ပေးခဲ့သဖြင့် မိဘများက သူတို့သားသမီးများကို ဒူးထောက်အရိုအသေပေးလျက် ကျေးဇူးတင်နေကြလေသည်။

လင်းယောင်သည် ဤမြင်ကွင်းကို တစ်ခါမှ မမြင်ဖူးသောကြောင့် အိမ်ပြန်သွားသူ ကုချွင်မေကို ခေါ်ကာ ဖြေရှင်းခိုင်းခဲ့ရလေသည်။

မောင်းတန်နှင့် ရှောင်နီတို့လည်း အိမ်သို့ ကောင်းစွာ ပြန်ရောက်လာခဲ့ကြသည်။ ကလေးနှစ်ယောက်မှာ ကြောက်လန့်ခြင်းလည်း မရှိပေ။ အိမ်ပြန်လမ်းတွင်လည်း လူကြီးများက သူတို့ကို ကောင်းစွာ ဂရုစိုက်ပေးခဲ့ကြသည်။ ထို့နောက် အိမ်ပြန်ရောက်သည်နှင့် သူတို့တန်းအိပ်ပျော်သွားကြလေသည်။

ဒုတိယအဒေါ်လည်း စိတ်သက်သာရာရသွားပြီး လင်းယောင်၏ လက်ကလေးကို ကိုင်ကာ ကျေးဇူးတင်စကားဆိုသည်။

ချွင်မေသည် သူမ၏တူမဖြစ်ပြီး ယောင်ယောင်သည် အိမ်ထောင်သည် ချွေးမဖြစ်သည်။ ထိုကဲ့သော အန္တရာယ်ရှိသော အခြေအနေတွင် ယောင်ယောင်သည် သူ့ကလေးကို ကာကွယ်ပေးခဲ့လေသည်။

ဒုတိယအဒေါ်သည် ဤကြင်နာမှုကို သူ့နှလုံးသားထဲတွင် သိမ်းဆည်းထားခဲ့သည်။ ဦးလေးကျန်းသည်လည်း လင်းယောင်ကို ကျေးဇူးတင်သည့်အကြည့်များဖြင့် ကြည့်လေသည်။ သူမအား နဂိုကတည်းက သမီးအရင်းအဖြစ် အသိအမှတ်ပြုထားသော်လည်း ယခုမူ ပို၍ပင် အလေးထားမိသည်။

ကယ်တင်ပေးခဲ့သော ကလေးများ၏ မိဘများသည် ခေါင်းဆောင်၏ အိမ်သို့ နောက်တစ်ကြိမ် ရောက်လာကြပြီး ကျေးဇူးတင်လက်ဆောင်များ ပေးကြသည်။ သူတို့လက်ထဲတွင် တန်ဖိုးကြီးပစ္စည်းများ မပါပေ။ ကြက်ဥများ၊ စွံပလွန်သီးများနှင့် အခြားသော အစားအစာများသာ ပါလေသည်။

ကျန်းမိသားစုက လက်ခံရန် ငြင်းဆန်သော်လည်း မိဘများသည် လက်ဆောင်ပစ္စည်းများကို လက်မခံမချင်း တံခါးဝမှာ ခေါင်းမာစွာ နေခဲ့ကြလေသည်။

မျက်နှာခပ်တင်းတင်းနှင့် လက်ထောက်ဒါရိုက်တာ ကုသည်ပင် ကြားဝင်ဖြေရှင်းမပေးနိုင်ခဲ့ပေ။

ကျန်းမိသားစုအနေဖြင့် လက်ဆောင်ပစ္စည်းများကို လက်ခံပေးရန်မှလွဲရန် ရွေးချယ်စရာ မရှိတော့ပေ။

လင်းယောင်သည် ပြတင်းပေါက်နားတွင် လဲလျောင်းရင်း စိတ်လှုပ်ရှားမှုများစွာဖြင့် ထိုမြင်ကွင်းကို ကြည့်နေသည်။ မိန်းကလေးငယ်၏ လှပသော ပါးပြင်များသည် နေရောင်ကြောင့် နီမြန်းနေ၏။ ထို့နောက် သူမ ခေါင်းကို မော့ပြီး အပြင်တွင် ဖြစ်နေသည့်မြင်ကွင်းကို စပ်စုနေမိသည်။

ကုရှီအန်းသည် ကြွေခွက်ထဲရေငှဲ့ကာ သောက်လိုက်သည်။ "ဘာမှမဟုတ်ပါဘူး။ ဦးလေးပြောတာတော့ခုညနေ တောဝက်တစ်ကောင်ကို သတ်နိုင်ခဲ့တယ်တဲ့။ တောဝက်က သုံးရာကီလိုဂရမ်ရှိတယ်။ မွေးမြူရေးအဖွဲ့က ကီလိုဂရမ်နှစ်ရာ သိမ်းဆည်းလိမ့်မယ်။ ကိုတို့ မိသားစုကို ခြောက်ဆယ်ကီလိုဂရမ်ကို ခွဲဝေပေးမှာ။ ကျန်တာတွေကိုတာ့ ရွာသူရွာသားတွေကို ခွဲပေးလိမ့်မယ်။ အာမခံငါးမျိုးရှိတဲ့ အိမ်ထောင်စုတွေပါ့။”

ထိုအခါ လင်းယောင်က ဝမ်းသာအားရ ခေါင်းညိတ်လိုက်သည်။

၎င်းသည် သူမစီစဉ်ထားသည့်အတိုင်းပင် ဖြစ်၏။ ထိုခေတ်၌ တောဝက်များကို အမဲလိုက်တဲ့အခါ ကျေးလက်တောရွာများတွင် အများအားဖြင့် အချို့ကိုသာ ရွာကိုပေးပြီး အချို့မှာ သိမ်းယူသွားကြသည်။

ကျန်သည်များကို ကုသိုလ်ကောင်းမှုများ ပြုလုပ်ကြပြီး အထီးကျန် သက်ကြီးရွယ်အိုများကို လှူဒါန်းကြသည်။

ယခုမူ ရုတ်တရက် အိမ်ထဲမှာ တောဝက်သား ခြောက်ဆယ်ကီလိုဂရမ် ရှိနေပြီဖြစ်သည်။ လင်းယောင်သည် အသားကို ကင်စားရမည်လော ဝက်ဆီလုပ်ရမည်လော တွေးနေပေ၏။

ထမင်းတစ်နပ်စာချက်ပြီး ကျန်သည်ကို ဝက်အူချောင်းနဲ့ ရောလိုက်သည်ကို ပိုကောင်းပေမည်။

ထိုခေတ်က တရုတ်နှစ်သစ်ကူးတွင်ပင် ဝက်အူချောင်းမစားရပေ။ ကုအိမ်တွင် ဝက်သားတစ်ပေါင် ဝယ်လျှင်ပင် ဖက်ထုပ်လုပ်ရန်ပင် မလောက်ပေ။ ဝက်အူချောင်းကိုတော့ မပြောပေနှင့်။

လင်းယောင် တစ်နပ်တည်းနှင့် အသားကီလိုဂရမ်ပေါင်းများစွာမစားနိုင်ပေ။ သူမ၏နေရာလွတ်ထဲတွင် ဝက်သားတွေ အများကြီးရှိသော်လည်း အသားကိုထုတ်ယူရန် အကြောင်းပြချက် ခိုင်ခိုင်လုံလုံ ရှာရပေသည်။

လင်းယောင် တွေးလိုက်သည်။ သူမ ဝက်အူချောင်းတွေအစာသွပ်တုန်းက ကီလိုဂရမ်အနည်းငယ်ခိုးထည့်လိုက်သည်။ အဲ့ဒါကြောင့် အပြင်လူတွေ မသိနိုင်ပါဘူးနော် ဟုတ်တယ်မလား?

မိသားစုဝင်များကတော့ အသားစားရပြီဆိုလျှင် အငမ်းမရ စားကြတော့သည်။ အသားတွေ အရမ်းများနေလားဆိုတာကို ဘယ်သူက ဂရုစိုက်နေမည်နည်း?

လင်းယောင် ဝက်အူချောင်း၏ မွှေးပျံ့နေသောအနံ့ကိုပြန်တွေးမိပြီး မျိုမချပဲမနေနိုင်တော့။ ပါးစပ်ထဲတွင်ကောင်းသော အရသာလေးရှိနေပြီး အသားနံ့မွှေးပျံ့နေသည်။

ဘုရားရေ စားလို့ကောင်းလိုက်တာ!

လင်းယောင်မှာ ဝက်အူချောင်း၏ အရသာကိုတွေးနေတော့ ရေခွက်ကိုင်ထားသူမှာ အနက်ရောင်မျက်လုံးကျဉ်းကျဉ်းများဖြင့် စိုက်ကြည့်နေသည်ကို သတိမထားမိပေ။

လင်းယောင် နောက်ကိုတစ်လှမ်း ဆုတ်လိုက်မိပြီးထိတ်လန့်စွာ ပြောလိုက်သည်။ "ရှင် ရှင်ဘာလို့ကျွန်မကိုအဲ့လိုကြီးစိုက်ကြည့်နေရတာလဲ?"

အရပ်ရှည်ရှည်လူမှာ တိတ်တဆိတ် ပြောလိုက်ပြီး မိန်းမငယ်လေးအား ထောင့်ထဲသို့ တွန်းပို့လိုက်သည်။ သူ့နှုတ်ခမ်းများကို သူမ နားထက်တွင်ထားကာ ပြောလိုက်သည်။ "ယောင်ယောင် အတိုးမပေးရသေးဘူးနော်"

အတိုး? သူမ ဘယ်တုန်းက ဒီလူကိုအကြွေးတင်သွားတာလဲ?

ကုရှီအန်းရဲ့ပိုက်ဆံတွေအားလုံးက သူမဟာပဲ မဟုတ်ဘူးလား?

လင်းယောင် မသိလိုက်ပဲအောက်နှုတ်ခမ်းများကိုသပ်လိုက်မိပြီး ကြောင်တောင်တောင်လေး ကြည့်နေစဉ် သူမ၏ပန်းရောင်နှုတ်ခမ်းများကို တစ်စုံတစ်ယောက်ကသိမ်းပိုက်သွားခဲ့သည်။

အ‌နမ်းခံလိုက်ရတာကြောင့် သူမမှာ မူးဝေနေခဲ့ပြီးနောက်မှ ကုရှီအန်းပြောသည့် အတိုးမှာ သူမအိပ်နေတုန်းပြောလိုက်သည့် ထိုလူအား တစ်နေ့ကိုတစ်ခါနမ်းမည့်ကတိဖြစ်ကြောင်း သိလိုက်ရသည်။

"..."

*

ထိုနေ့ညနေခင်းတွင် ဟုန်ချီစီရင်စုအဖွဲ့ဝင်များမှာ ရွာမှဝက်သတ်သမားကို ခေါ်လိုက်ပြီး ဓါးသွေးကာ တောဝက်ကိုလှီးပြီး ၈ ပိုင်း ပိုင်းလိုက်သည်။ ထို့နောက် ဝက်သားကြာဇံကြော်လုပ်တော့သည်။

ဟုန်ချီစီရင်စုတွင် လူ ၂၀၀ ‌ခန့်ရှိပြီး သူတို့အားလုံးမှာဗိုက်များ တင်းသွားကြသည်။ ဦး‌လေးကျန်းမှာ အပြန်လမ်းတွင်လေချဉ်များပင် တက်နေတော့သည်။

"ကောင်းလိုက်တာ တကယ်ကို ကောင်းတာပဲ။ တရုတ်နှစ်သစ်ကူးမှာ ဒီလိုမျိုး မစားရတာကြာပြီ!"

"နေ့တိုင်းအသားစားရရင် သိပ်ကောင်းမှာပဲ!"

"ဘာတွေ စဉ်းစားနေတာလဲ? အသားနေ့တိုင်းစားတာမကောင်းဘူး။ မင်းကို သေစေနိုင်တယ်"

လူကြီးများရော ကလေးများပါ ထိုညတွင် ပျော်ရွှင်‌ကျေနပ်စွာ ပြုံးနေခဲ့ကြသည်။

တာဝန်နှင့်ထွက်သွားသော ရွှီရှန်းချန်မှာ သူ့ဂျစ်ကားကိုမောင်းကာပြန်လာခဲ့သည်။ အစက သူ ရွာထဲက ကလေးများခုန်ပေါက်ပြီးစုရုံးကာ ကားကိုကြည့်ကြမည်ဟု ထင်ခဲ့သည်။

မမျှော်လင့်ထားစွာပင် သူတို့မှာသူ့ကိုတစ်ချက်မျှပင်မကြည့်ပေ။ အကုန်လုံးမှာ ဖောင်းနေသောသူတို့ဗိုက်များကိုကိုင်ကာ ဘဲအမဝဝကြီးများလို ကားတားကားတားနှင့်အိမ်ပြန်သွားကြသည်။

ရှုပ်ထွေးသွားသော အစ်ကိုကြီးထို့ထို့က ပြောလေသည်။ "...တကယ်ထူးဆန်းတယ်"

ဟုန်ချီထုတ်လုပ်ရေး အသင်းတစ်ခုလုံးတွင် ကုရှီတုန်းတစ်ယောက်တည်းကသာ ဟိုဟိုဒီဒီ စိတ်ပူနေလေသည်။

သူကြောက်တာက သူ့အစ်ကိုကြီးသာ ဒီအကြောင်းသိသွားရင် သူတော့ဒုက္ခရောက်ပြီပင်။

ကောင်စုတ်လေးမှာ ကြာဇံကြော်ပင်မစားပဲ အပြင်တွင်အချိန်တော်ကြာပုန်းနေခဲ့သည်။

မိသားစုဝင်များ ထွက်တော့မည်ပြင်တော့ သူခြံနောက်မှလျှောက်လာပြီး သူ့မရီးအား အဆောင်အဖြစ် အသုံးချကာ လင်းယောင်နောက်သို့ နာနာခံခံ လိုက်နေလေသည်။

လင်းယောင် ကောင်စုတ်လေးအား စ,ကာ တိုးတိုးပြောလိုက်သည်။ "ဘာတွေဖြစ်နေတာလဲ? ကောင်စုတ်လေးတစ်ကောင်တော့ ထပ်ပြီးဒုက္ခရောက်ပြန်ပြီလား?"

အရှေ့တွင်ရှိနေသော ကုရှီအန်းမှာ လှည့်လာသည်။

တစ်စက္ကန့်အတွင်းပင် ကုရှီအန်းမှာ ကားထဲတွက်မတ်မတ်ထိုင်နေသော ဦးလေးမန်ဆန်ထက်ပင် မတ်မတ်လေးဖြစ်နေတော့သည်။ အလွန်အင်မတန် နာခံတတ်နေပုံပင်။

ကျန်းဆွေ့လန်က ကြည့်ပြီးနှာခေါင်းရှုံ့လိုက်ကာ ဘာမှမပြောပေ။

သူ့အစ်ကိုကြီးက ထိုကောင်စုတ်လေးအား ကြားဝင်ဆုံးမပေးရပေမည် မဟုတ်လို့ကတော့...

*

ဂျစ်ကားလေးမှာတောင်ပေါ်လမ်းတွင် ခုန်ကာမောင်းနှင်နေပြီး နာရီဝက်ကြာပြီးနောက် ယွင်ရွှေကောင်တီ၏ မြို့တော်ဂိတ်တာဝါကို တွေ့လိုက်ရသည်။

သူတို့ခြံဝန်း၏ အဝင်ကိုရောက်သောအခါ မိသားစုဝင်များအားလုံးမှာ အိတ်ကြီးအိတ်သေးများနှင့် ကားပေါ်မှဆင်းလာကြသည်။

ကျေးလက်ဒေသကိုသွားရတာက အလုပ်သွားရတာထက်ပင် ပိုပင်ပန်းသေးသည်။

မိသားစုဝင်များမှာ ဆေးကြောပြီး အိပ်ကြသည်။ ကုရှီတုန်းမှာ ကူလီထမ်းသမားလေးကဲ့သို့ပင် ရက်စ်ဘယ်ရီသီးခြင်းဝက်နှင့် ဟော်သွန်းတစ်ခြင်းကို သူ့မရီးအတွက်သယ်ပေးနေလေသည်။

လင်းယောင် ရက်စ်ဘယ်ရီသီးများကို ရေဆေးပြီး ယိုလုပ်ရန်ကြံလိုက်သည်။ သစ်ကိုင်းများပေါ်တွင် ဟော်သွန်းများ တွဲလဲကျနေတာက လူတွေကိုသွားရည်ပင်ကျစေသည်။ သူတို့အနည်းငယ် ကောက်လာပြီးနေလှန်းကာ အိမ်တွင် ရေပြန်စိမ်ရန် ထားလိုက်သည်။ ထိုရေမှာသောက်ချင်စရာကောင်းကာ လန်းဆန်းစေသည်။

အိမ်တွင်တစ်ရက်မရှိတော့ အိမ်မှမီးခိုးရောင်ယုန်လေးများမှာ အသိုက်ထဲရှိ အသီးအရွက်များ အားလုံးကို စားလိုက်လေသည်။

ကုချွင်မေမှာ ခြင်းဝက်မျှရှိသော အသီးအရွက်များကိုပစ်ချလိုက်တော့ ယုန်လေး ၂ ကောင်မှာ ခေါင်းကိုငုံ့ကာ အသည်းအသန် စားနေတော့သည်။

လင်းယောင် ဆောင့်ကြောင့်ထိုင်လိုက်ပြီး ယုန်မလေး၏ဗိုက်မှာ အလွန်ဖောင်းနေတာကို တွေ့လိုက်တော့ မိသားစုဝင်များကို လာကြည့်ရန်ခေါ်လိုက်သည်။

ကုချွင်မေ စိုးရိမ်သွားသည်။ " ယုန်မလေးက နေမကောင်းတာလား?"

လင်းယောင် ခေါင်းခါလိုက်သည်။ ထိုသို့ဟုတ်ပုံမရပေ။ယုန်မလေးမှာမြက်များကို အားအင်ပြည့်ဝစွာနှင့်စားနေသည်ပင်။ နေမကောင်းတာမဟုတ်ပေ။ သူ့မှာကလေးတွေရှိနေတာများလား?

ကုမန်ဆန်လာကြည့်ပြီး ယုန်မလေး၏ ဗိုက်ကိုကိုင်ကြည့်လိုက်ကာ ပြုံးပြီးပြောခဲ့သည်။ "ယုန်လေးကိုပြန်ထားလိုက်"

လင်းယောင်၏ နှလုံးသားမှာ ပျော်ရွှင်မှုများနှင့် ပြည့်သွားတော့သည်။

မကြာမီတွင် ယုန်လေးများ ပေါက်လာတော့မည်ဖြစ်ပြီး အသားစားရမည့်ရက်မှာ မဝေးတော့ပေ!

အဖွားကျန်း၏ ၇၈ နှစ်ပြည့်မွေးနေ့ပြီးနောက် ကျေးလက်ဒေသတွင် ဆက်ပြီးဆောင်းဦးရိတ်သိမ်းမှုများလုပ်ကြလေသည်။

တုန်းဖန်းဟုန် ထုတ်လုပ်ရေးအသင်းတွင် နေမှာခန္ဓာကိုယ်ပေါ်သို့ဖြာကျနေပြီး လူများမှာချွေးများရွှဲနေတော့သည်။

လင်းဟုန်နမှာ အင်္ကျီလက်ရှည်နှင့် မီးခိုးရောင်အဝတ်ကိုခေါင်းဆောင်းထားပြီး ကျေးလက်မှ မိန်းမကြီးတစ်ယောက်ကဲ့သို့ ကုန်းကုန်းကွကွနှင့် အလုပ်လုပ်နေလေသည်။

ပြောင်းဖူးခင်းမှာ နေသာနေပြီး ပူပြင်းနေပေသည်။ လင်းဟုန်နမှာ တစ်ကိုယ်လုံးကို ထုပ်ထား‌သော်လည်း လွှသွားလို အရွက်များမှာ ရံဖန်ရံခါ သူ၏မျက်နှာ၊လက်မောင်းများနှင့် လက်များကိုစူးကာ ယားလည်းယား နာလည်းနာသည်။

လင်းဟုန်နမှာ သူမမျက်နှာမှ ချွေးများကိုသုတ်လိုက်သည်။ သူမ ထိုဝါးခြင်းတောင်းကို ပစ်ချပြီး အကျယ်ကြီးသာ အော်ငိုပစ်ချင်တော့သည်!

ဆပ်ပြာစက်ရုံတွင် သူမယာယီအလုပ်သမားလုပ်နေသည်မှာအဆင်ပြေပေသည်။ အရှုံးသမား လင်းသုန်ဝူမှာ စက်ရုံတွင် နှစ်ဝက်အလုပ်လုပ်ပြီး တစ်ပြားတစ်ချပ်မှမစုဆောင်းမိပေ။ လောင်းကစားပင် လုပ်လိုက်သေးသည်!

လင်းတာ့ကော်၏ ဘဏ်စာအုပ်ထဲမှ ပိုက်ဆံအားလုံးကို ဒီအရှုံးသမားက ခိုးယူသွားလေသည်။‌ လောင်းကစားလုပ်ပစ်ကာ မိသားစုမှာ အကြွေးများပင်တင်နေသည်!

အကြွေးတောင်းသော ဂန်းစတားများမှာ သူသည်လင်းဟုန်န၏ အစ်ကိုအရင်းဖြစ်ကြောင်း သိသွားပြီး ၃ ရက်ကြာတိုင်း ပိုက်ဆံတောင်းရန် သူမဆီသို့လာလေသည်။

လင်းဟုန်မှာ ဘယ်လိုပိုက်ဆံရှိမည်နည်း? သူမတစ်လရသော ၁၂ ယွမ်မှာ သူမပင် မနည်းသုံးရသည်။တစ်ခါတစ်ရံအိမ်ကို ၈၀ ဆင့်ပေးရသည်။ ထိုသည်ကအလွန်များပေသည်!

သို့သော် ထိုဂန်းစတားများက ၎င်းကိုဂရုမစိုက်ပဲ ပိုက်ဆံပြန်မဆပ်လျှင် သူမကိုတောင်ပေါ်က လူပျိုကြီးထံရောင်းစားမည်ဟု ခြိမ်းခြောက်လေသည်!

လင်းဟုန်နမှာ သေအောင် ကြောက်သွားတော့သည်။ပြည့်သူ့လုံခြုံရေးဌာနမှ ရဲကို ခေါ်ချင်သော်လည်း သူမမှာသတ္တိမရှိပေ။ သူမ ထိုသူများကိုသာ ရန်စမိလျှင် အနာဂတ်တွင် ကောင်းကောင်းနေရမည် မဟုတ်ပေ။ သူမစွင်းကျားလျန်ကိုပင် အသိမပေးဝံ့ပေ။

စွင်းမိသားစုမှ မိန်းမကြီးမှာ အပြစ်ကင်းစင်ပြီးကောင်းမွန်သော မိသားစုမှ ချွေးမမျိုးကိုသာ လိုချင်ကြောင်း ဆက်တိုက်ပြောနေလေသည်။ ဆိုလိုတာကတော့ သူမသည် အပြစ်ကင်းစင်သောမိန်းကလေးတစ်ယောက် မဟုတ်ဟူ၍ပင်။

သေလေ သူမစွင်းကျားလျန်နဲ့အိပ်တော့ သူမငယ်ရွယ်တုန်းပင်!

စွင်းကျားလျန်က သူမကို ဖယ်ရှားချင်သော်လည်း အခွင့်အရေးမရှိပေ!

လင်းဟုန်နမှာ ရန်မစရဲသောကြောင့် ပုန်း၍သာနေနိုင်သည်။ ဆပ်ပြာစက်ရုံမှ သူမ ခွင့်ရက်အနည်းငယ်ယူလိုက်ပြီး မွေးရပ်မြေသို့ ပုန်းရန်ပြန်လာခဲ့သည်။

လင်းဟုန်ဝူမှာ ဘယ်ကိုရောက်နေမှန်းမသိပေ။ လီအိုက်ဖုန်းကအိမ်တွင်နေ့တိုင်းငိုကြွေးနေသည်။ ပထမတော့မိသားစုက ပျက်စီးနေပြီဆိုသည်။ ဒုတိယက သူ့သားဘာတွေဖြစ်နေမှန်း မသိရဘူးဟု ဆိုသည်။

ထိုစကားလုံးများမှာ လင်းတာ့ကော်ကို သာမက လင်းဟုန်နကိုပါ အာရုံနောက်စေသည်။

ထုတ်လုပ်ရေးအသင်း၏ ဆောင်းဦးရိတ်သိမ်းချိန်တွင် သူမလည်း အလုပ်လုပ်ကာ အနည်းဆုံးတော့ အလုပ်အမှတ်အနည်းငယ် စုဆောင်းနိုင်လေသည်။

နေ့ခင်းပိုင်းအလုပ်ပြီးသောအခါ ခွေးတစ်ကောင်ကဲ့သို့ပင်ပန်းကာ‌ပြန်လာပြီး မိန်းမကြီး ၂ ယောက် စကားပြောနေသည်ကို ကြားလိုက်ရသည်။

" အလံနီတပ်ဖွဲ့ရယ် မနေ့က အစားကောင်း အသောက်ကောင်း စားလိုက်ရတယ်ဆိုတာ နင်ကြားလိုက်လား?"

"အလံနီတပ်ဖွဲ့က ဖြန့်ဝေတာလား?"

"မဟုတ်ဘူး ငါကြားတာတော့ အလံနီတပ်ဖွဲ့ခေါင်းဆောင်ရဲ့တူ ပြည်သူ့လုံခြုံရေးဌာနရဲ့လက်ထောက် ဒါရိုက်တာက တောဝက်တစ်ကောင်သတ်လိုက်တာတဲ့"

" အလံနီတပ်ဖွဲ့ခေါင်းဆောင်ရဲ့တူ? သူက မြို့က ကုမိသားစုကမလား?"

"သူ့မိသားစုပဲ။ လင်းတာ့‌ကော်ရဲ့သမီးနဲ့ ကုမိသားစုကအကြီးဆုံးသားဘေးကို ငယ်ငယ်တည်းက စေ့စပ်ထားကြတာမလား? သားအကြီးလေးက စစ်သားလေဟုတ်တယ်မလား?သူကဘယ်လိုဖြစ်ပြီး ပြည်သူ့လုံခြုံရေးဌာနရဲ့လက်ထောက် ဒါရိုက်တာဖြစ်လာတာလဲ?"

" နင်မသိဘူးပေါ့။ အကြီးဆုံးသားလေးက သူပြန်ကောင်းလာတော့ ကောင်တီပြည်သူ့လုံခြုံရေးဌာနကိုဝင်လိုက်တာလေ"

"အိုး လင်းတာ့ကော်ရဲ့မိသားစုတော့ ဒေါသထွက်လွန်းလို့အငွေ့တထောင်းထောင်း ဖြစ်နေလောက်ပြီ"

"အင်းပေါ့"

အတင်းပြောနေသော မိန်းမကြီး ၂ ယောက်မှာ တခစ်ခစ်ရယ်နေကြပြီး ယင်းပင်နောက်တွင် ရှိနေသော လင်းဟုန်န၏ မျက်နှာဖြူဖျော့နေသည်ကို သတိမထားမိကြပေ။

All Chapters