← Chapters

ချင်းကျိုးပွဲတော်

Vol. 24 Ch. 346

ချင်းကျိုးပွဲတော်

Vol. 24 Ch. 346

ထာဝရနတ်မယ် ယွမ်ကျိလက်ချောင်းကြောင့် လွင့်ထွက်သွားပြီး အနီးမှသစ်ပင်ကိုင်းတစ်ခုပေါ် ဇောက်ထိုးတင်နေသည်။ ခန္ဓာကိုယ်က ရှေ့နောက်လွှဲရမ်းနေသည်။

"လုယန်၊ နင်က မသေမျိုးတွေကို မခန့်လေးစားလုပ်နေတာပဲ"

နတ်မယ် ဒေါသတကြီးအော်ဟစ်လိုက်သည်။ အကြောင်းမဲ့သက်သက် သူဒုက္ခခံရသည်။ နေရင်းထိုင်ရင်း ဒုက္ခရောက်ခြင်းဖြစ်သည်။

လောကကို သူလွှမ်းမိုးခဲ့သည့် ရှေးဟောင်းခေတ်အကြောင်း ပြန်တွေးကြည့်ပါ။ ယခုလိုပုံစံမျိုး သူ့ကိုဘယ်သူမှမဆက်ဆံရဲ။။

လုယန်က ရိုရိူသေသေပြန်ပြောသည်။

"ကျုပ်ခင်ဗျားကို မလေးမစားလုပ်တာမဟုတ်ပါဘူးနတ်မယ်။ ပြိုင်ဘက်ကင်းသန္ဓေ အခုမှတည်ဆောက်ပြီစဆိုတော့ ကောင်းကောင်းနားမလည်သေးဘူး။ ခင်ဗျားဒီသန္ဓေကို ဘယ်လိုသုံးသလဲဆိုတာ သရုပ်ပြစေချင်လို့ပါ။ ခုနက သရုပ်ပြခဲ့တာ ကျေးဇူးတင်ပါတယ်။ ပြိုင်ဘက်ကင်းသန္ဓေ ဘယ်လိုသုံးရမလဲဆိုတာ ကျုပ်သိသွားပြီ"

"ဟုတ်လို့လား"

နတ်မယ် လုယန်ကို သံသယမျက်လုံးဖြင့်ကြည့်သည်။ တစ်ခုခု မူမမှန်ဟု ထင်နေသည်။

"ကျုပ်က သေမျိုးတစ်ယောက်ပဲလေ။ နတ်မယ်ကို ဘယ်လိုလှည့်စားနိုင်မှာလဲ"

"အဲဒါတော့ ဟုတ်တယ်"

နတ်မယ် ကိုယ်ကိုယ်ကို သဘောထားကြီးသူဟု ယူဆလိုက်သည်။ ထိုကိစ္စ ထပ်မပြောတော့။

ရုပ်သေးက သစ်ပင်ပေါ်ခုန်တက်ပြီး လုယန်ကို အင်္ကျီကော်လာမှကိုင်၍ ကြောင်ပေါက်တစ်ကောင်လို အောက်သို့ဆွဲချလာသည်။

ယွမ်ကျိက လုယန်ခါးပေါ် လက်နှစ်ချောင်းတင်လိုက်သည်။ သမားတော် ရောဂါစမ်းသပ်သည်နှင့်တူသည်။

"ငါသဘောပေါက်ပြီ။ ဒီကျင့်စဉ်ရေးတုန်းက ဒါကိုထည့်မစဉ်းစားမိဘူး။ ပြိုင်ဘက်ကင်းသန္ဓေက မင်းကို မျက်ကန်းယုံကြည်ချက်မျိုးရှိအောင် လုပ်နိုင်တဲ့ဗီဇမျိုးရှိတယ်ဆိုတာ ငါမေ့သွားတယ်။

ဒီကျင့်စဉ်ကြောင့် မင်းကိုယ့်ကိုယ်ကို ယုံကြည်စိတ်ချမှုလွန်ကဲသွားတယ်။ သာမန်တွေးခေါ်နိုင်စွမ်းမရှိတော့ဘဲ မင်းခန္ဓာကိုယ်က ထိန်းချုပ်မှုလွတ်သွားတယ်"

မြေပေါ်ကျနေသည့် ကျင့်စဉ်ကျမ်းကို သူကောက်ယူလိုက်သည်။ ချင်းချင်းမီးလောင်ပြာကျ၍ ပျောက်ကွယ်သွားသည်။

"ငါဒီကျင့်စဉ်ကို ပြန်ပြင်လိုက်မယ်။ ခဏစောင့်ပါ"

ယွမ်ကျိ ကျောက်စားပွဲဘေးတွင်ထိုင်သည် လေဟာနယ်ကိုခွဲဖွင့်သည်။ စာရွတ်အလွတ်တစ်ခုကို ယူသည်။

ခဏစဉ်းစားပြီးနောက် ဘယ်လိုပြန်ပြင်ရမည်ကို ချက်ချင်းသိလာပြီး လျင်မြန်စွာစရေးသည်။

သိပ်မကြာမီ ရွှေသန္ဓအဆင့် နှလုံးသဘာဝဉာဏ်အလင်းကျင့်စဉ်သစ် ပြီးဆုံးသွားသည်။

"ရော့...ထပ်စမ်းကြည့်ပါ"

လုယန် စာအုပ်ကိုယူလိုက်သည်။ အရင်ကျင့်စဉ်နှင့်ယှဉ်ကြည့်လျှင် စာပိုဒ်တစ်ချို့သာ ပြောင်းလဲထားခြင်းဖြစ်သည်။

ပြိုင်ဘက်ကင်းသန္ဓေ၏ လှုံ့ဆော်မှုများကို တကယ်ထိန်းချုပ်နိုင်ပါ့မလားမပြောတတ်။

လုယန် ပုံမှန်အတိုင်းပင် စွမ်းအင်တစ်ပတ်ပြည့်အောင် လည်ပတ်လေ့ကျင့်လိုက်သည်။ ထို့နောက် မျက်လုံးမှိတ်၍ ကျင့်ကြံနေသည့်ယွမ်ကျိကို တစ်ချက်လှမ်းကြည့်ပြီးနောက် သက်ပြင်းတစ်ချက်ချလိုက်သည်။

ဤတစ်ကြိမ်တွင် ယွမ်ကျိကို မိုက်ရူးရဲစိန်ခေါ်လိုသည့်ဆန္ဒမျိုး ပေါ်မလာတော့။

လုယန်နေရာတွင်ထိုင်၍ ဆက်ကျင့်ကြံသည်။ ကျင့်စဉ်ကြောင့်ဖြစ်လာသည့် အပြောင်းအလဲများကို ခံစားသည်။

အထူခြားဆုံးအပြောင်းအလဲက သူ့စိတ်ထဲတွင် အရင်ကနှင့်မတူပဲ ရှင်းလင်းနေခြင်းဖြစ်သည်။ ကျင့်စဉ်က ရှေ့ဆက်ရမည့်လမ်းကို ညွှန်ပြသည်။ ထိုလမ်းကြောင်းအတိုင်း သူလျှောက်ရုံသာရှိသည်။

အရင်က သူ့ကျင့်ကြံမှုသည် ဝိညာည်ချီများစုစည်းရုံသာဖြစ်သည်။ ကျင့်စဉ်အဆင့် တိုးတက်မလာ။ ယခု ကျင့်စဉ်အသစ်ကြောင့် အရင်ကစုစည်းထားသည့်ချီစွမ်းအင်များ အသုံးတည့်လာသည်။

ရွှေသန္ဓေအစောပိုင်းအဆင့်မှ...ထိုအဆင့်မှာသာရှိပါသေးသည်။

တိုးတက်မှုမရှိဟု ထင်ရသော်လည်း အပြောင်းအလဲက တကယ်သိသာသည်။

သူ့ဝိညာဉ်အာရုံနှင့် သိစိတ်နယ်မြေ နည်းနည်းကျယ်ပြန့်လာသည်။ သိစိတ်နယ်မြေနံရံကိုကပ်၍ရှိနေသည့် နတ်မယ်၏ကုတင်စွန်းက ယခု နံရံနှင့် နှစ်ပေခန့်ကွာဟသွားသည်။

နတ်မယ်လည်း ထိုအဖြစ်ကို သတိပြုမိသည်။ သူ့ကုတင်ကို နံရံဘက်သို့ ထပ်ဆုတ်သည်။

ကုတင်ပေါ်ကျောခင်း၍ နံရံကို ခြေကန်ထားရသည်ကို သူသဘောကျသည်။ ထိုအနေအထားကို အလွန်သက်တောင့်သက်သာရှိသည်ဟု မြင်သည်။

"လုယန်ရှိလား"

မုန်ကျင်းကျိုး တောင်ပေါ်တက်လာပြီး ခပ်အုပ်အုပ်လှမ်းခေါ်သည်။

အာကျယ်တတ်သူဖြစ်၍ ပုံမှန်ဆိုလျှင် တစ်ယောက်ယောက်ကို လာရှာလျှင် ကျယ်လောင်စွာအော်ခေါ်ပေလိမ့်မည်။

သို့သော် ဤနေရာသည် ကောင်းကင်ဂိတ်တောင်ထိပ်ဖြစ်သည်။ လုယန်အပြင် ကြောက်စရာကောင်းသည့်ယွမ်ကျိလည်း ရှိနေသည်။ အသက်ရှစ်ချောင်းပါလျှင်ပင် ဤနေရာတွင် သူဆူဆူညံညံမလုပ်ရဲ။

"အမယွမ်က ဒီမှာလား"

သစ်ပင်ဘေးတွင် မျက်လုံးမှိတ်၍ အနားယူနသည့်ယွမ်ကျိကို မြင်သဖြင့် မုန်ကျင်းကျိုး ဦးညွှတ်နှုတ်ဆက်သည်။

ယွမ်ကျိ ခေါင်းတစ်ချက်ငြိမ့်သည်။ ကောင်းကင်ဂိတ်တောင်ထိပ်သို့ မုန်ကျင်းကျိုးတက်လာကတည်းက သူအာရုံခံမိသည်။

"မင်းဘာလိုချင်လို့လဲ"

မန်ကျင်းကျိုက ထူးဆန်းသည့်လေသံဖြင့်ပြောသည်။

"သတင်းကောင်းရှိလို့ပါ။ ချင်းကျိုးပွဲတော်အကြောင်း အမယွမ်ကြားဖူးလား။ အဲဒါ စတော့မယ်"

"မဟာရှားက သာမန်ပွဲတော်တွေအကြောင်း ငါသိပ်မသိဘူး။ ချင်းကျိုးပွဲတော်ဆိုတာဘာလဲ"

လုယန် ပြန်မေးသည်။

"ချင်းကျိုးအုပ်ချုပ်သူတွေနဲ့ ပထမအဆင့်ဂိုဏ်းတစ်ချို့ ကျင့်ကြံသူတွေအတွက် စီစဉ်ပေးတဲ့ ပွဲတော်ကြီးလေ။ နှစ်တိုင်း ဩဂုတ်လမှာကျင်းပတယ်။ သိုင်းပြိုင်ပွဲတွေ၊ လေလံပွဲတွေ တစ်ခြားစိတ်ဝင်စားစရာ လှုပ်ရှားမှုတွေပါတယ်။ အဓိက ရည်ရွယ်ချက်က လူငယ်ကျင့်ကြံသူတွေကို ချင်းကျိုးမှာနေချင်အောင် ဆွဲဆောင်ဖို့ပဲ။ ပွဲတော်ကိုလာတဲ့လူအများစုက ငါတို့အရွယ်လောက်တွေပဲ"

လုယန်မျက်လုံးများ အရောင်လက်လာသည်။ သက်တူရွယ်တူများနှင့် သူတွေ့ဆုံရခဲသည်။ ဤပွဲတော်သည် သူ့အတွက် မဟာအခွင့်အ‌ရေးကြီးဖြစ်သည်။

"သွားစို့၊ ဒါနဲ့..ချင်းကျိုးဆိုတာ ပဉ္စမအကြီးအကဲပြောတဲ့ ချင်းကျိုးနဲ့ အတူတူပဲလား။ လွန်ခဲ့တဲ့ နှစ်တစ်သိန်းကျော်က ကူးဖြတ်ခြင်းအဆင့်ချင်းကျိုးနယ်စား တိုက်ခိုက်သလိုဟန်ဆောင်ပြီး အိမ်နီးချင်းပြည်နယ်က မြို့တော်တစ်ခုကို သူနယ်မြေထဲရွှေ့ပြောင်းခဲ့တယ်ဆိုတာလေ"

"အဲဒီ့ချင်းကျိုးပါပဲ"

မျက်လုံးမှိတ်၍ အနားယူနေသည့်ယွမ်ကျိ ဖြေးညှင်းစွာမျက်လုံးဖွင့်လာသည်။ စိတ်ဝင်စားသည့်အရိပ်မျိုး ပြလာသည်။

"အကြီးအကဲကျိုးရှင်းက အဲဒီ့ချင်းကျိုးနယ်စားအကြောင်း မင်းတို့ကို ပြောပြခဲ့တာလား"

"အမယွမ်လည်း ဒီအကြောင်းသိနေတာလား"

"မသိဘဲ ဘယ်နေမလဲ။ အဲဒီ့ချင်းကျိုးနယ်စားဆိုတာ ငါတို့ဂိုဏ်းတည်ဘိုးဘေးလေ"

လုယန် - "..."

မုန်ကျင်းကျိုး - "..."

ဘာကြောင့်မှန်းမသိ။ သူတို့စိတ်ထဲ ထူးထူးခြားခြား အံ့ဩသွားခြင်းမရှိ။

တာအိုလမ်းစဉ်ဂိုဏ်း၏ ပုံမှန်စတိုင်နှင့် ကိုက်ညီသည်။ ယုတ္တိကျသည်။ သို့သော် ကြောင်တက်တက်နိုင်သည်။

"ချင်းကျိုးနယ်စားဇာတ်လမ်းကို သိပေမယ့် မင်းတို့အပြင်မှာ လျှောက်မပြောနဲ့။ ငါတို့တာအိုလမ်းစဉ်ဂိုဏ်းရဲ့ ဂုဏ်သိက္ခာ ထိခိုက်နိုင်တယ်"

တာအိုလမ်းစဉ်ဂိုဏ်း၏ အစစ်အမှန်ဂိုဏ်းချုပ်တစ်ယောက်ဖြစ်၍ ယွမ်ကျိ ဂိုဏ်းနာမည်ကိုတန်ဖိုးထားရမည်။

အပြင်လောကတွင် တာအိုလမ်းစဉ်ဂိုဏ်းကို ဘယ်လိုမြင်ကြမည်သူသေချာမသိပါ။

မုန်ကျင်းကျိုးက စိတ်ဝင်တစားမေးသည်။

"အမယွမ်၊ အဲဒီ့နယ်စား နောက်ပိုင်းဘာဖြစ်သွားလဲ"

"ချင်းကျိုးကို တစ်ဆင့်ချင်းတိုးတက်အောင်လုပ်တယ်။ အခုမင်းပြောတဲ့ပွဲတော်ဆိုတာလည်း သူ့စိတ်ကူးပဲ။ ဒီပွဲတော်က ပါရမီရှင်လူငယ်ကျင့်ကြံသူတွေကို ဆွဲဆောင်နိုင်တော့ အတော်အကျိုးရှိတယ်။

တစ်ခြားနယ်စားတွေပါ အဲလိုလုပ်လာကြတယ်။ ချင်းကျိုးက သူ့အုပ်ချုပ်မှုအောက်မှာ တဖြေးဖြေးတိုးတက်လာတယ်။ နာမည်ဂုဏ်သတင်းနဲ့‌အောင်မြင်မှု ရလာတဲ့အချိန်မှာ သူအငြိမ်းစားယူပြီး ဂိုဏ်းကိုပြန်လာတယ်"

လုယန် တစ်ခုတွေးမိသည်။

"ဒါနဲ့..မသေမျိုးငါးဂိုဏ်းကလူတွေက အစိုးရဝန်ထမ်းလုပ်လို့ရတယ်ပေါ့"

လွမ်းမိုးနိုင်စွမ်းမြင့်မားသည့် မသေမျိုးငါးဂိုဏ်းကို ကြောက်စိတ်နှင့်သံသယစိတ်ကြောင့် မဟာရှားက ရုံးတော်တွင်တာဝန်ထမ်းခွင့် တားမြစ်ထားမည်ဟု သူထင်ခဲ့သည်။

"ရတာပေါ့"

မုန်ကျင်းကျိုးက ရှင်းပြသည်။

"ရုံးတော်က ပါရမီရှိတဲ့လူတွေကို အမြဲတမ်းရှာနေတာ။ ပါရမီရှင်အများစုက ဘယ်မှာရှိလဲ။ မသေမျိုးငါးဂိုဏ်းထဲမှာပဲလေ။ စွန်စီးဘုံကျောင်းက ကျောင်းထိုင်ကိုတောင် အရာရှိခန့်ဖို့ ရုံးတော်ကဖိတ်ခေါ်ခဲ့သေးတယ်။ သူသာ လက်ခံရင် ဝန်ကြီးချုပ်ဖြစ်လာမှာ။ ဒါပေမယ့် သူငြင်းခဲ့တယ်။

ထောင်ချုပ်ဂိုဏ်းချုပ်ကိုလည်း ဖိတ်ခေါ်ခဲ့တယ်။ သူလည်း ငြင်းတယ်။ မင်းနဲ့ငါလို ပါရမီရှင်တွေကို အရာရှိခန့်ဖို့ဆို သူတို့က သိပ်ကြိုဆိုတာပေါ့။ ဒါပေမယ့် စွန်စီးကျောင်းထိုင်လိုတော့မဟုတ်ဘူး။ ငါတို့ကျတော့ အရည်အချင်းစစ် တော်ဝင်စာမေးပွဲတွေ ဝင်ဖြေရမယ်"

ယွမ်ကျိက သတိပေးသည်။

"လုယန်၊ အဲဒီ့နန်းတွင်းစာမေးပွဲတွေ မင်းဝင်ဖြေလို့မရဘူး။ အရာရှိလုပ်လို့မရဘူး"

လုယန် မင်သက်မိသွားသည်။

"ဘာလို့လဲ"

အရာရှိဖြစ်ချင်စိတ်တော့မရှိပါ။ သို့သော် သူ့အခွင့်အရေးကို တားမြစ်ခံရသဖြင့် မတရားဟု ထင်မိသည်။

"ငါတို့ဆရာကြောင့်ပေါ့"

ဉာဏ်ထက်မြက်သူဖြစ်၍ အကြောင်းရင်းကို လုယန်ချက်ချင်းသဘောပေါက်သည်။ လွန်ခဲ့သည့် နှစ်နှစ်သိန်းက တာအိုလမ်းစဉ်ဂိုဏ်းသည် မသေမျိုးငါးဂိုဏ်းတွင် ထိပ်ဆုံးအဆင့်မဟုတ်သေး။ သို့သော်ယခု တာအိုလမ်းစဉ်ဂိုဏ်းသည် နံပတ်တစ်မသေမျိုးဂိုဏ်းဆိုသည်မှာ ဘယ်သူမှမငြင်းနိုင်။

လွှမ်းမိုးမှုဩဇာတိုးလာသည့် တာအိုလမ်းစဉ်ဂိုဏ်းကို ရုံးတော်ကကြောက်မည်။ တပည့်များကို....အထူးသဖြင့် ဂိုဏ်းချုပ်၏တပည့်များကို အရာရှိလုပ်ခွင့်မပေးရဲ။ ရုံးတော်မှလူများနှင့် လျှို့ဝှက်ပူးပေါင်းပြီး မဟာရှားဥပဒေအား ခြိမ်းခြောက်လာမည်ကို စိုးရိမ်ကြမည်။

ယွမ်ကျိ ဆက်ပြောသည်။

"ငါတို့ဆရာ ပြစ်မှုတွေ အများကြီး ကျူးလွန်ခဲ့တယ်။ ဒါကြောင့် သူ့တပည့်တွေတင်မကဘူး ငါတို့ရဲ့ဘိုးဘေးဆရာကိုပါ အရာရှိလုပ်ခွင့် တားမြစ်ထားတာပါ"

All Chapters