မူပိုင်ကြေး
Vol. 24 Ch. 347
ယွမ်ကျိက ရွှေရောင်ဖောင်းကြွစာလုံးများပါသည့် ဖိတ်ခေါ်စာတစ်ခုကို ထုတ်လိုက်သည်။ အပြင်ပန်းကြည့်ရုံဖြင့် အတော်အလေးထားမှန်းသိသာသည်။
"ချင်းကျိုးပွဲတော်မှာ လူငယ်မျိုးဆက်တွေ သိုင်းပြိုင်တဲ့ပွဲပါတယ်။ ချင်းကျိုးအုပ်ချုပ်သူတွေက ငါတို့တာအိုလမ်းစဉ်ဂိုဏ်းကိုလည်း ဖိတ်စာတစ်စောင်ပို့ထားတယ်။ ငါတို့ဘက်က ပွဲတက်ဖို့ တစ်ယောက်ယောက်လွှတ်ပေးစေချင်တာ။ မင်းတို့ကို ဒီအကြောင်းငါပြောတော့မလို့ပဲ။ အခု ရှောင်မုန်လာပြောတော့ အချိန်ကုန်သက်သာသွားတာပေါ့"
"လူငယ်မျိုးဆက်ပြိုင်ပွဲလား"
လုယန် စိတ်အားတက်ကြွလာသည်။ ဓားငါးမျိုးဂိုဏ်းသားများမှလွဲလျှင် တခြားမျိုးဆက်တူများကို သူမယှဉ်ဖူးသေး။
"ဒါဆိုသွားစို့လေ၊ ငါ့ရထားနဲ့သွားကြမလား"
မုန်ကျင်းကျိုး အကြံပြေုသည်။
"ငါတို့နှစ်ယောက်ပဲလား၊ ညီမထောင်တို့ရော မသွားဘူးလား"
"ငါမေးခဲ့ပါတယ်။ ညီမထောင်က ဒုအကြီးအကဲနဲ့ အဋ္ဌမအကြီးအကဲ ဆွေးနွေးကြတဲ့ရလာဒ်ကို စောင့်နေတယ်တဲ့။ သူဘာာစောင့်နေလဲတော့ ငါသေချာမသိဘူး။ ပြီးတော့ ငှက်မသေမျိုးခန္ဓာအကြောင်း အာရုံစိုက်ပြီးလေ့လာနေတယ်။ ဒါကြောင့်ငါအတင်းဖိအားမပေးခဲ့ဘူး"
"ညီလေးအရိုးရိုင်းက သူ့မျိုးနွယ်တွေဆီ အလည်ပြန်သွားတယ်။ ဘယ်အချိန်ပြန်လာမယ်သေချာမသိဘူး"
"ညီလေးလီက မိသားစုဘဝကို သာယာနေတယ်။ ငါတို့တူမလေး ရွှေသန္ဓေတည်ဆောက်နိုင်ဖို့ အစွမ်းကုန်ကူညီပေးနေတယ်"
မုန်ကျင်းကျိုး စိတ်ပျက်လက်ပျက် သက်ပြင်းချသည်။ ဒီပွဲတော်မျိုးကြုံဖို့ ခဲယဉ်းသည်။ ရှားနိုင်ငံပြည်နယ်ဆယ့်ခုနစ်ခုတွင် နှစ်တိုင်း ပွဲတော်ကြီးဆယ့်ခုနစ်ခုသာ ကျင်းပသည်။ တစ်ပွဲလွတ်သွားလျှင် နောက်ထပ်လဝက်ကျော် ထပ်စောင့်ရမည့်သဘောဖြစ်သည်။ အချိန်ကောင်းကို သူတို့လက်လွတ်သွားမည်။
လူစည်ကားသည့်ပွဲများကို သူသဘောကျသည်။ လူများလေ ပျော်စရာကောင်းလေဖြစ်သည်။
လုယန်နှင့် မုန်ကျင်းကျိုးတို့ ထွက်သွားပြီးနောက် ယွမ်ကျိ တစ်စုံတစ်ခုကို သတိရလာပြီး ဖိတ်စာကိုဖွင့်ကြည့်လိုက်သည်။
"မဟာရှားပြက္ခဒိန် ၉၈၉၆၀ ခုနှစ်၊ ကိုးလပိုင်း သုံးရက်နေ့မှာ ချင်းကျိုးပွဲတော်ကို ရိုးရာအစဉ်အလာအတိုင်း ကျင်းပမည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ လေးစားရသည့် သင်တို့ဂိုဏ်းအနေဖြင့် ထူးချွန်သည့်တပည့်များကို ပွဲတော်သို့စေလွှတ်ပြီး အကဲဖြတ်ဒိုင်များအဖြစ် ညွှန်ကြားချက်ပေးပါရန် လေးစားစွာတောင်းဆိုပါသည်"
"ရှောင်လုနဲ့ရှောင်မုန် ပြိုင်ပွဲကို ဝင်တော့မပြိုင်လောက်ဘူးလားလို့ပဲ"
ယွမ်ကျိ သူ့ဘာသာရေရွတ်နေသည်။ ထို့နော် သူ့အတွေးလွန်နေခြင်းဖြစ်မည်ဟု ယူဆလိုက်သည်။
နှစ်ယောက်လုံးက တာအိုလမ်းစဉ်ဂိုဏ်းလူငယ်မျိုးဆက်၏ ပထမနှင့်ဒုတိယနေရာ ရထားသူဖြစ်သည်။ သူတို့စွမ်းအားက တစ်ခြားလူများထက်သာသည်မှာ သံသယဖြစ်စရာမလို။
သူတို့သာဝင်ပြိုင်လျှင် အနိုင်ကျင့်သလိုသာဖြစ်မည်။
....
"ငါ့အိမ်မှာတုန်းက ဒီပွဲတော်တွေအလွန်စည်းကားတယ်ဆိုပြီး ပြောကြတာ မကြာခဏကြားဖူးတယ်။ သူတို့ပြောပြတာနဲ့ကို ငါကိုယ်တိုင် သွားကြည့်ချင်စိတ်ပေါက်ခဲ့တာ။
အဲဒီတုန်းက ငါကမကျင့်ကြံနိုင်သေးလို့ ပွဲတက်ဖို့အရည်အချင်းမမီခဲ့ဘူး။ ချင်းကျိုးပွဲတော်က ကျင့်ကြံသူတွေအတွက် ကျင်းပတဲ့ပွဲကြီးပဲ။ သာမန်လူတွေရဲ့ဘဝနေထိုင်မှုကို အနှောက်အယှက်မဖြစ်အောင် မြို့ပြင်မှာ သီးခြားနေရာတစ်ခုသတ်မှတ်ပြီး အဆင့်မြင့်ကျင့်ကြံသူတွေက ယာယီမြို့တော်တစ်ခုတည်ဆောက်ထားကြတာ"
မြင်းရထားထဲတွင် မုန်ကျင်းကျိုးက ပွဲတော်အကြောင်း အားတက်သရောရှင်းပြနေသည်။ လုယန်က စိတ်ဝင်တစားနားထောင်သည်။
"ပွဲတော်မှာ သိုင်းပြိုင်ပွဲတွေတင်မဟုတ်ဘူး။ လေလံပွဲတွေ၊ ပစ္စည်းအကဲဖြတ်ပွဲတွေ၊ ပစ္စည်းဖလှယ်ပွဲတွေ၊ နယ်မြေပျက်စူးစမ်းရှာဖွေတာတွေ၊ ရွှေသန္ဓေအကဲဖြတ်တာတွေ အဲလိုလှုပ်ရှားမှုတွေလည်း ပါတယ်။ မျိုးစုံပေါင်းစပ်ထားတာ။ ပွဲတော်ကိုလာတဲ့လူမှန်သမျှ တန်ဖိုးရှိတာတစ်ခုခုတော့ သေချာပေါက်ရကြတယ်။
ငါတို့လိုလူငယ်မျိုးဆက်တွေတင်မကဘူး အလတ်တန်းဆင့် ထိပ်တန်းဆင့်ကျင့်ကြံသူတွေလည်းရှိတယ်။ သူတို့က သူတို့လူစုနဲ့သူတို့နေတာ။ ငါတို့ထဲကိုဝင်မရှုပ်ဘူး"
အလတ်တန်းဆင့်ထိပ်တန်းဆင့်ကျင့်ကြံသူများသည် လုယန်တို့ထက် အသက်များစွာကြီးသည်။ သူတို့ရှိနေလျှင် လူငယ်မျိုးဆက်များ လွတ်လပ်စွာ လှုပ်ရှားခွင့်ရမည်မဟုတ်။
ထိုခံစားချက်ကို လုယန် ကောင်းကောင်းနားလည်သည်။ အတန်းဖော်များ အိမ်သို့လာလည်ချိန်တွင် မိဘများရှိနေချိန်နှင့် မရှိသည့်အချိန် ကွာခြားပုံမျိုးဖြစ်သည်။
"ကျင့်ကြံသူ နှီးနှောဖလှယ်ပွဲမျိုးလား။ အဲလိုပွဲမျိုးတွေ ငါတို့ခေတ်တုန်းကလည်း ရှိခဲ့ဖူးပါတယ်။ လူတိုင်း ရန်လိုစိတ်အပြည့်ရှိတယ်။ 'မင်းတို့တစ်မိသားစုလုံးသတ်ပစ်မယ်'ဆိုတဲ့ ခြိမ်းခြောက်မှုမျိုးတွေ မကြာခဏဖြစ်တယ်။ ဆွေးနွေးဖလှယ်ပွဲကနေ လုယက်ပွဲ၊ အမှောင်ထဲမှာအလစ်တိုက်ခိုက်ပွဲတွေအဖြစ် ပြောင်းသွားတတ်တယ်။ အရမ်းအန္တရာယ်များတယ်။
ဒါကြောင့် အဓိကမျိုးနွယ်ကြီးတွေကပဲ ဒီလိုကျင့်ကြံသူဆွေးနွေးဖလှယ်ပွဲမျိုးကို ကျင်းပနိုင်ကြတယ်။ အမြင့်ဆုံးလုံခြုံရေးစံနှုန်း ထိန်းသိမ်းထားနိုင်လို့လေ။ ဥပမာ ကိုးဆမသေမျိုးရဲ့ လျန်ရှန်းမျိုးနွယ်၊ နဂါးမျိုးနွယ်၊ ဖီးနစ်မျိုးနွယ်၊ ရှေးဟောင်းနတ်ဆိုးမျိုးနွယ်လေးခုတို့လို မျိုးနွယ်ကြီးတွေပေါ့"
နတ်မယ်က အတိတ်ကိုပြန်သတိရနေဟန်ဖြင့် သက်ပြင်းချသည်။ တစ်ချိန်က အခြေအနေ ဘယ်လောက်ခက်ခဲခဲ့သည်ကို ပြန်တွေးမိသည်။
အကျဉ်းသားကို ဝန်ခံထွက်ဆိုခိုင်းဖို့ ကိုးဆမသေမျိုးက နယ်မယ်အား ဟင်းချက်ဖို့တောင်းဆိုခဲ့သည့်အကြောင်း လုယန်ပြန်သတိရမိသည်။ ထိုအကျဉ်းသားသည် လျန်ရှန်းမျိုးနွယ်၏စည်းမျဉ်းကို ဖောက်ဖျက်၍ လုယက်မှုကျူးလွန်ခဲ့သည့် ကျင့်ကြံသူမျိုးဖြစ်မည်။
"နောက်ပိုင်း ငါတို့ငါးယောက် မသေမျိုးဖြစ်လာတော့ ဒီလိုနှီးနှောဖလှယ်ပွဲတွေ ခဏခဏကျင်းပတယ်။ ငါတို့ပွဲတွေက အတော်စိတ်ချရတယ်။ ဘယ်သူမှ လူသတ်တာ လုယက်တာမျိုး မလုပ်ရဲဘူး။ ငါက ဒီလိုကိစ္စတွေ သိပ်မစီစဉ်တတ်ဘူး။ ဒီတော့ ချင်ဟဲက ငါ့ကိုယ်စား တာဝန်ယူပေးတယ်။
တစ်နေ့တော့ ငါအကြံပြုတယ်။ တွေ့ဆုံပွဲက ငါ့ဆီမှာလုပ်တာဆိုတော့ ထူးခြားတဲ့နေရာတစ်ခုကို ရွေးသင့်တယ်လို့ ငါပြောလိုက်တယ်။ သားအမိမြစ်ဖြစ်ဖြစ် အမွှာမြစ်ဖြစ်ဖြစ်ပေါ့။ တောင်တန်းနဲ့မြစ်ချောင်းတွေရှိနေရင် ရှုခင်းပိုလှတယ်လေ။ တစ်ယောက်ယောက် ရေကစားချင်ရင်လည်း မြစ်ထဲကိုခုန်ဆင်းလိုက်ရုံပဲ။
ချင်ဟဲက ငါ့အကြံကို အတင်းကန့်ကွက်တယ်။ အန္တရာယ်များလွန်းတယ်တဲ့"
လုယန်တွေးသည်။
'နတ်မယ်၊ ခင်ဗျားရဲံမြစ်က မိသားစုအစီအစဉ်အတွက် အကြီးဆုံးရန်သူပဲ။ ဘယ်သူက ဆင်းရဲမှာလဲ'
"တစ်ခါတစ်လေ ယင်ထန်မသေမျိုးက ဒီလိုပွဲတော်တွေမှာ စာအုပ်တစ်ချို့ချန်ခဲ့လေ့ရှိတယ်။ ငါတို့မသေမျိုးငါးယောက်ရဲ့ အောင်မြင်မှုကို မှတ်တမ်းတင်ထားတဲ့ စာအုပ်တွေပေါ့။
ဘာလို့ဒီလိုလုပ်တာလဲလို့ သူ့ကိုမေးတော့ မသေမျိုးတွေကိုယ်တိုင် အများသိထုတ်ထားတဲ့ စာအုပ်တွေဆိုရင် လူတွေက ငါတို့တကယ်မသေမျိုးအစစ်ဟုတ်မဟုတ် ဒွိဟဖြစ်လာမယ်တဲ့။ တကယ်လို့ အမှတ်မထင်ကျန်ခဲ့သလိုမျိုးလုပ်ထားရင် လူတွေက ပိုပြီးယုံကြည်လာလိမ့်မယ်တဲ့"
ယင်ထန်၏အတွေးက တကယ်ယုတ္တိကျသည်ဟု လုယန်ခံစားရသည်။ လှည့်ကွက်အသစ်တစ်ခု ပညာရလိုက်သည်။ သို့သော် ယခုလိုစာအုပ်များ တမင်ချန်ခဲ့သဖြင့် ယင်ထန်မသေမျိုးက မိန်းမပေါင်းများစွာ ကိုယ်ဝန်တည်အောင်လုပ်ခဲ့သည့် ကောလဟာလပြန့်နှံ့နေသည်ကိုတော့ လုယန်မသိသေး။
မြင်းအိုက နှစ်ရက်ကြာအောင် တောင်တန်းနှင့်မြစ်များကို ဖြေးညှင်းစွာဖြတ်ကျော်ပြီးနောက် ချင်းကျိုးသို့ရောက်လာသည်။
ချင်းကျိုးနယ်သို့ဝင်သည်နှင့် မြင်းအိုက လေဟာနယ်ဖြတ်စွမ်းရည်ကို ထိန်းချုပ်လိုက်သည်။ အစောပိုင်းက လူမသိသူမသိတောင်တန်းများကြား ဖြတ်ကျော်လာသဖြင့် ဘယ်သူမှမမြင်။ ကိစ္စမရှိ။ သို့သော် ချင်းကျိုးတွင် ထိုသို့လုပ်၍မရတော့။ လူအုပ်များနှင့် စူးစမ်းသည့်မျက်လုံးများ နေရာတိုင်းရှိနေသည်။ လမ်းသွားလမ်းလာများ ကြောက်လန့်သွားနိုင်သည်။
မုန်ကျင်းကျိုး ခေါင်းပြူကြည့်သည်။ အဝေးမှမြင်ကွင်းကို တွေ့ရသဖြင့် ပျော်သွားသည်။
"ငါတို့ရောက်ခါနီးပြီ"
လုယန်လည်း တစ်ခြားတစ်ဘက်မှ ခေါင်းပြူကြည့်သည်။ စိမ်းစိုသိပ်သည်းသည့် တောင်တန်းများကြားတွင် သေချာစီစဉ်ထားသည် ကျောက်သားအဆောက်အဦးများ လှပသည့်ပန်းချီကားတစ်ချပ်ကလို ခင်းကျင်းထားသည်။
ယာယီတည်ဆောက်ထားသည်ဆိုသော်လည်း အခင်းအကျင်းကို အနုစိပ်ဒီဇိုင်းဖော်ထားသည်။ ဘယ်လောက်ကြိုးစားအားထုတ်ထားမှန်း သိသာနေသည်။
အဆောက်အဦးများကြားတွင် အနက်ရောင်အစက်အပြောက်ကလေးများ ရွေ့လျားနေသည်။
ကျင့်ကြံသူများဖြစ်သည်။
သူတို့မြင်းရထားက ရိုးရှင်းသည်။ ထည်ထည်ဝါဝါမရှိ။ ထို့ကြောင့် လုယန်နှင့်မုန်ကျင်းကျိုးရောက်လာသည်ကို ဘယ်သူမှ သတိမထားမိကြ။
"ဝှီး"
သူတို့ခေါင်းပေါ်မှ အနက်ရောင်အရိပ်တစ်ခု ဖြတ်ကျော်သွားသည်။ သူတို့နှစ်ယောက် မော့ကြည့်ကြသည်။ အရှိန်မြင့်စွာပျံသန်းသွားသည့် လှေပျံတစ်စီးတွေ့ရသည်။
ထိုလှေပျံရောက်လာသည်နှင့် လမ်းသွားလမ်းလာများ လှုပ်လှုပ်ရှားရှားဖြစ်သွားသည်။
"ကြည့်ပါ၊ အဲဒါ မီးမိုးကြိုးဂိုဏ်းရဲ့ လှေပျံပဲ။ ပျံသန်းနှုန်းကိုကြည့်ပါဦး။ ဒီလှေအတွက် တိညာဉ်ကျောက်ဘယ်လောက်ကုန်မလဲမသိဘူး။ မီးမိုးကြိုးဂိုဏ်းက လက်ရှိမျိုးဆက်မှာ ထူးခြားတဲ့ပါရမီရှင်တစ်ယောက် ထွက်လာတယ်ကြားတယ်။ နောက်ကလိုက်လာတဲ့လူတွေက ဒီပါရမီရှင်ရဲ့ ကာကွယ်သူတွေဖြစ်မယ်။
အိုး..ငါထင်တာ မှားသွားတယ်။ မီးမိုးကြိုးဂိုဏ်းရဲ့လှေပျံက သတ်မှတ်အရှိန်ထက် ပိုမြန်အောင်အောင်းသွားတာ။ နောက်ကလိုက်လာတာတွေက မဟာရှားစစ်သည်တွေပဲ"
"ဟိုဟာက ထူးထူးဆန်းဆန်းနဲ့ ဘာကြီးလဲ။ အဲဒီပေါ်ကအမှတ်အသားက ယွမ်မုန်ဓားဂိုဏ်းတံဆိပ်ပဲ။
အော်ကဘက်မှာလည်း ဓားတ်စချောင်းပါတယ်။ ဓားပေါ်မှာ သတ္တုအိမ်ရှိနေတယ်။ အဲဒါမျိုး ငါတစ်ခါမှမမြင်ဖူးဘူး"
"ငါသိတယ်။ အဲဒါ ရထားပျံလို့ခေါ်တယ် ။ တာအိုလမ်းစဉ်ဂိုဏ်းက ဓားပါရမီရှင်တစ်ယောက် တီထွင်ခဲ့တာလို့ကြားတယ်။ ဒါပေမယ့် သိပ်ပြီးလူသိမများသေးဘူး။ အရင်တုန်းက ဓားပျံဆိုရင် လူတစ်ယောက်ပဲ စီးလို့ရတာ။ ဒီရထားကျတော့ လူငါးယောက်ထိ သယ်နိုင်တယ်လေ"
"တာအိုလမ်းစဉ်ဂိုဏ်း ပီသပါတယ်။ ဒီလိုတီထွင်ဉာဏ်မျိုးကို ငါတို့လက်လှမ်းမမီဘူး"
"သိပ်မှန်တာပေါ့။ တဖြေးဖြေးနဲ့ တာအိုလမ်းစဉ်ဂိုဏ်းက မသေမျိုးငါးဂိုဏ်းရဲ့ ခေါင်းဆောင်ဖြစ်လာပြီ။ အဲဒီ့ဂိုဏ်းကလူအားလုံ ပြိုင်ဘက်ကင်းပါရမီရှင်တွေပဲ"
မုန်ကျင်းကျိုး လုယန်ကိုလှည့်ကြည့်သည်။ လုယန်မျက်နှာက ကြောင်တက်တက်ဖြစ်နေသည်။
ရထားပျံက သူ့တီထွင်မှုဖြစ်သည်။ အကြီးအကဲကျိုးရှင်းက လီဟော်ရန်ကို မူပိုင်ခွင့်တင်ခိုင်းခဲ့သည်။ သို့သော် ထိုအချိန်ကတည်းက လုယန် မရောက်ဖြစ်တော့။ ယခုလို စီးပွားဖြစ်စတင်ထုတ်လုပ်နေမည်ဟု ထင်မထား။
"နေပါဦး...ငါ့အတွက် မူပိုင်ကြေးကရော"
(**royalty fee ဖြစ်ပါသည်။ တီထွင်သူအတွက်ရသည့် အခကြေးငွေဖြစ်သည်)