← Chapters

အန္တရာယ်ရှောင်ဖို့ ငွေသုံးခြင်း

Vol. 24 Ch. 348

အန္တရာယ်ရှောင်ဖို့ ငွေသုံးခြင်း

Vol. 24 Ch. 348

လူနည်းစုသာ ယာဉ်ပျံထုတ်လုပ်နေသည်ဆိုလျှင်ပင် မူပိုင်ကြေးတစ်ခုတည်းဖြင့် လုယန် ငွေကြေးဖူလုံသည်။

မူပိုင်ခွင့် ကျမလာသေးသဖြင့် ယာဉ်ပျံများ စီးပွားဖြစ်မထုတ်လုပ်ရသေးဟု လုယန်ထင်ခဲ့သည်။ ထို့ကြောင့် မူပိုင်ကြေးကိစ္စကို ခေါင်းထဲမှ ထုတ်ထားခဲ့သည်။

ယခု ရထားပျံများ သူ့ခေါင်းပေါ်တွင် ရဲရဲတင်းတင်းပျံသန်းနေသည်။ မူပိုင်ခွင့်မကျသေးခြင်း မဖြစ်နိုင်။

"ပဉ္စမအကြီးအကဲက အပေါ်ယံသဘောကောင်းဟန်ဆောင်ပြီး စိတ်ထားပုပ်လို့ ငါ့မူပိုင်ကြေးတွေကို 'ဖျောင်'သွားတာလား"

ထိုအတွေး သူ့ခေါင်းထဲ ရုတ်တရက်ဝင်လာသည်။ သို့သော် ချက်ချင်း စွန့်ပယ်လိုက်သည်။

အကြီးအကဲကျိုးရှင်သည် မဆိုစလောက်အကျိုးအမြတ်လေးအတွက် ထိုမျှသိက္ခာကျခံမည်မထင်။

"ထားပါတော့လေ။ အကြီးအကဲနဲ့တွေ့မှပဲ မေးကြည်‌တော့မယ်"

လုယန် ဆက်မတွေးတော့။

မြင်းအိုက ရထားကိုဆွဲ၍ လုယန်နှင့်မုန်ကျင်းကျိုးကို တောင်ခြေသို့ခေါ်သွားသည်။ အသစ်တည်ဆောက်ထားသည့် တည်းခိုခန်းတစ်ခု ရှိသည်။

ချင်းကျိုးပွဲတော်က ခုနစ်ရက်ကြာမည်။ ထိုခုနစ်ရက်အတွင်း ကျင့်ကြံသူများ ကြုံရာကျပမ်းအိပ်၍မဖြစ်။ သိက္ခာကျစရာဖြစ်မည်။

လုယန်နှင့်မုန်ကျင်းကျိုးတို့ စောစောရောက်လာသဖြင့် အခန်းလွတ်တစ်ချို့ ကျန်သေးသည်။

"ခင်ဗျားတို့မှာရှိတဲ့ အကောင်းဆုံးအခန်းနှစ်ခန်းပေးပါ"

"ကောင်းပါပြီ။ 'ကောင်း'ကင်ခန်းနှစ်ခန်းရပါမယ်။ မြင်းအတွက်ရော အခန်းယူဦးမလားခင်ဗျ"

မုန်ကျင်းကျိုး အံ့အားသင့်သွားသည်။ တည်းခိုခန်းပိုင်ရှင်က သူ့မြင်းအို၏ထူးခြားသည့်သဘာဝကို ရိပ်မိသဖြင့် လူတစ်ယောက်လို ဆက်ဆံနေခြင်းလားဟု တွေးမိသည်။

တည်ခိုခန်းပိုင်ရှင်က ပြုံး၍ရှင်းပြသည်။

"ဒီလိုရှိပါတယ် ဧည့်သည်တော်တို့။ ဝိညာဉ်သားရဲတွေကို ကျုပ်တို့က အခမဲ့စောင့်ရှောက်ပေးပါတယ်။ ဒါပေမယ့် နေရာက အကန့်အသတ်ရှိတော့ သားရဲအားလုံးကို ခြံနောက်ဖေးမှာပဲ အတူစုပြီးထားရပါတယ်။ ချင်းကျိုးပွဲတော်ချိန်မှာ အဆင့်မြင့်ကျင့်ကြံသူတွေက သူတို့ရဲ့အဆင့်မြင့်ဝိညာဉ်သားရဲတွေကို ခေါ်လာတတ်ပါတယ်။ ဒီစွမ်းအားမြင့်သားရဲတွေကို နောက်ဖေးခြံထဲမှာထားရင် တစ်ခြားဝိညာဉ်သားရဲတွေအပေါက် သက်ရောက်မှုရှိတတ်ပါတယ်။ အဲလိုဖြစ်မှာကို စိတ်မရှိဘူးဆိုရင်တော့ ကျုပ်တို့ အခမဲ့စောင့်ရှောက်ပေးပါ့မယ်"

မုန်ကျင်းကျိုးစဉ်းစားသည်။ ထိုမြင်းအိုစွမ်းအားကို အတိအကျမသိသော်လည်း သူ့မိသားစုက စောင့်ရှောက်သူအဖြစ်လွှတ်လိုက်ခြင်းဖြစ်၍ အတော်စွမ်းအားမြင့်လောက်သည်။ အနိုင်ကျင့်ခံရမည်ထက် တစ်ခြားလူများကို အနိုင်ကျင့်ဖို့ကများသည်။

သို့သော် မြင်းမများနှင့် ပလူးပလဲလုပ်တတ်သည့် မြင်းအို၏အကျင့်ကို သိထားသဖြင့် သီးခြားအခန်းတစ်ခုတွင် ထားသည်က ပိုကောင်းပေလိမ့်မည်။

"ဒါဆို ဒီမြင်းအတွက်လည်း အခန်းတစ်ခုပေးပါ"

"ကောင်းပါပြီ။ ဒါဆို 'ကောင်းကင်'ခန်းသုံးခဲပေါ့"

"မြင်းအို၊ မင်းကငါနဲ့တန်းတူနေရပြီ။ မင်းရဲ့စွမ်းအားအဆင့်ကဘာလဲ။ ငါမသိသလိုဟန်‌ဆောင်ပေးမယ်လို့ ကတိပေးပါတယ်"

မုန်ကျင်းကျိုး တီးတိုးပြောလိုက်သည်။

မြင်းအိုက မုန်ကျင်းကျိုးကိုတစ်ချက်ကြည့်၍ နှာခေါင်းရှုံ့သည်။ သူလုံးဝမယုံ။

လုယန်နှင့် မုန်ကျင်းကျိုးတို့ အပေါ်ထပ်သို့တက်သွားပြီးနောက် နောက်ထပ်လူတစ်စု တည်းခိုခန်းသို့ ရောက်လာသည်။ မုန်ကျင်းကျိုးလောက်တော့ မချမ်းသာကြ။

"ပိုင်ရှင်၊ 'လူ'ခန်းသုံးခန်းပေးပါ"

"စိတ်မကောင်းပါဘူး ဧည့်သည်တို့။ ကျုပ်တို့မှာ 'လူ'ခန်းမရှိပါဘူး"

ထိုလူစု အံ့အားသင့်သွားသည်။

"'လူ'ခန်းတွေအားလုံး ပြည့်သွားပြီလား"

သူတို့လက်ကျန်ငွေကို တွက်ဆကြသည်။ တည်းခိုဖို့ လုံလောက်ရုံသာဖြစ်သည်။

"ဒါဆို 'မြေ'ခန်းနှစ်ခန်းပေးပါ"

ခြစ်ခြုတ်၍ သုံးရတော့မည်။

"စိတ်မကောင်းပါဘူးခင်ဗျာ။ ကျုပ်တို့မှာ 'ကောင်းကင်'ခန်းတွေပဲ ရှိပါတယ်"

"ဘာရယ်"

သူတို့သည် ချီစုစည်းခြင်းအဆင့်သာဖြစ်သည်။ ယခုလိုအဆင့်မြင့်အခန်းမျိုးကို မတတ်နိုင်ကြ။

"အကိုကြီး။ တစ်ခြားတည်းခိုခန်း သွားရှာကြည့်ရအောင်"

"ကျုပ်ပြောတာတော့ စိတ်မဆိုးပါနဲ့။ တစ်ခြားတည်းခိုခန်းတွေလည်း 'ကောင်းကင်'ခန်းတွေပဲ ရှိပါတယ်"

ထိုလူစု မျက်နှာတင်းသွားသည်။ ပွဲတော်သို့ရောက်သည့် ပထမဆုံးနေ့မှာပင် လမ်းဘေးတွင်အိပ်ရမလို ဖြစ်နေသည်။

သူတို့အမူအရာကို တည်းခိုခန်းပိုင်ရှင် မအံ့ဩပါ။

"ခင်ဗျားတို့ထင်သလိုမဟုတ်ပါဘူး။ နှစ်တိုင်း ပွဲတော်ချိန်ရောက်ရင် 'ကောင်းကင်'ခန်းတွေလုရင်း စကားများတာတွေဖြစ်တတ်တယ်။ ဒါကြောင့် ချင်းကျိုးအုပ်ချုပ်သူတွေက အခန်းအားလုံးကို ပထမအဆင့်ထိမြှင့်ပြီး ဈေးနှုန်းကိုတော့ 'လူ'ခန်းနှုန်းအတိုင်းထားဖို့ ညွှန်ကြားထားပါတယ်။ ကွာဟတဲ့ငွေပမာဏအတွက် ချင်းကျိုးရုံးတော်က ပေးပါတယ်"

ကျင့်ကြံသူများတိုက်ခိုက်သည့်ပြဿနာကို ဖြေရှင်းမည့်အစား ထိုသို့မဖြစ်အောင် ချင်းကျိုးအုပ်ချုပ်သူများက ဝိညာဉ်ကျောက်နည်းနည်းပိုသုံးလိုက်ကြသည်။

.....

ပထမအဆင့် 'ကောင်းကင်'ခန်းများ ဈေးနှုန်းအလွန်ချိုသာနေသည့်အဖြစ်ကို မုန်ကျင်းကျိုး သတိမထားမိ။ ထိုအသေးအဖွဲကုန်ကျစရိတ်မျိုးကို ဘယ်တုန်းကမှ အရေးမစိုက်ခဲ့။

"လုယန်၊ မင်းအသင့်ဖြစ်ရင် ထွက်ခဲ့တော့။ တောင်ပေါ်က လမ်းတစ်ခုမှာ ရှေးဟောင်းပစ္စည်းနဲ့မှော်ရတာတွေမျိုးစုံ ရောင်းနေတယ်လို့ ငါကြားတယ်"

"သဘောပေါက်ပြီ"

လုယန် အထုပ်ဖြေစရာ များများစားစားမရှိ။ ခရီးရှည်ထွက်ခဲ့ရသဖြင့် သူ့အဝတ်အစားများချွတ်သည်။ သန့်စင်မှော်ပညာမတတ်သဖြင့် အခန်းထဲမှ လျှော်ဖွပ်မှော်စက်ဝန်းကိုသုံးသည်။ သန့်ရှင်းသပ်ရပ်သည့်ဝတ်စုံအဖြစ် ပြောင်းသွားသည်။ မွှေးပျံသည့်ရနံ့ဖြင့် အခန်းထဲမှ သူထွက်လိုက်သည်။

မြင်းအိုလည်း အထုပ်ဖြေစရာဘာမှမရှိ။ ခရီးရှည်ထွက်လာပြီးနောက် သူ့မြင်းနှီးကုန်းကို သူ့ဘာသာချသည်။ သန့်စင်မှော်ပညာသုံးနိုင်သည်။ အခန်း၏လျှော်ဖွပ်မှော်စက်ဝန်း သုံးစရာမလို။ ထို့နောက် ဝိညာဉ်အာရုံကိုဖြန့်၍ အနီးအနားတွင် မြင်းမများရှိမရှိကြည့်သည်။

"အခြေတည်ဆောက်ဆေးလုံးတွေနော်။ ဆေးပစ်စည်းနာမည်တွေပါတယ်။ အခြေတည်အဆင့်ရောက်စေရမယ်လို့ အာမခံတယ်။ အလုပ်မဖြစ်ရင် ငွေအပြည့်ပြန်အမ်းမယ်"

"သားရဲသားရေဗျို့၊ ချီစုစည်းခြင်းထိပ်ဆုံးအဆင့်သားရဲရဲ့ သားရေပါ။ မှော်ရတနာတွေသန့်စင်ဖို့ အကောင်းဆုံးကုန်ကြမ်းပစ္စည်းပါ"

"သားရဲအသားကင်တွေနော်။ လတ်လတ်ဆတ်ဆတ်သိမ်းထားတဲ့ ချီစုစည်းထိပ်ဆုံးအဆင့်သားရဲရဲ့ အသားကိုကင်ထားတာပါ"

"'အခြေခိုင်မာကျင့်စဉ်' 'တိမ်စီးဓားကျင့်စဉ်' အသံကြည်လျှို့ဝှက်ကျမ်း'..ကျင့်စဉ်မျိုးစုံ မှော်ပညာမျိုးစုံး ဒီမှာရှိတယ်နော်"

"အပြည့်စုံဆုံးကြယ်မြေပုံရမယ်။ ကောင်းကင်ကို နှစ်ပေါင်းနှစ်ဆယ်စောင့်ကြည့်ပြီး ဒီကြယ်မြေပုံကို ခက်ခက်ခဲခဲဖန်တီးခဲ့တာ။ ကြယ်နဲ့ဆက်စပ်တဲ့ကျင့်စဉ်ပညာတွေ လေ့ကျင့်တဲ့သူအတွက် မရှိမဖြစ်လိုတယ်"

"ခွန်အားတိုးစေတဲ့ ဖီးနစ်သွေးကျောက်၊ ဓားသွားလှံသွားအရည်အသွေးကို တိုးမြှင့်ပေးနိုင်တဲ့ ထိုက်ဝမ်ကျောက်၊ ရွှေကိုစုပ်ယူနိုင်တဲ့ ရွှေစုပ်ကျောက်"

လမ်းတစ်ခုလုံး အော်ဟစ်ရောင်းချသံများ အဆက်မပြတ်ပေါ်ထွက်၍ သက်ဝင်လှုပ်ရှားနေသည်။

ဈေးလမ်းသို့ ဝင်လိုက်သည်နှင့် ဖိအားတစ်ခုကို လုယန်ခံစားရသည်။ ကျင့်စဉ်စွမ်းအားကို ဖိနှိပ်ခြင်းမဟုတ်။ သူ့ဝိညာဉ်အာရုံကို ဖိနှိပ်ခြင်းဖြစ်သည်။

မည်သို့ဆိုစေ ကျင့်စဉ်ကျမ်းလို ပစ္စည်းများကို ဝိညာဉ်အာရုံဖြင့် အလွယ်တကူ ဖတ်ရှုနိုင်သည်။ မထိန်းချုပ်ဘဲထားလျျင် ဈေးသည်များ ဈေးရောင်း၍ရမည်မဟုတ်တော့။

"သူတို့မှာ 'တိမ်စီးဓားကျင့်စဉ်'တောင်ရှိတယ်ပေါ့"

လုယန် အံ့အားသင့်သွားသည်။ တိမ်စီးဓားကျင့်စဉ်ကို လွန်ခဲ့သည့်နှစ်နှစ်ထောင်က တိမ်စီးသခင်စစ် ဖန်တီးခဲ့သည်။ အပြင်လောကတွင် ဖြန့်ဝေခြင်းမပြုခဲ့။ အလွန်ရှားပါးသည်။

ထိုကိစ္စမျိုးတွင် ပိုအတွေ့အကြုံများသည့် မုန်ကျင်းကျိုးက

"ဒီကကျင့်စဉ်ပညာတွေကို မယုံနဲ့။ တိမ်စီးသခင်စစ်ရဲ့ ဓားကျင့်စဉ်ကို တိမ်စီးဓားကျင့်စဉ်လို့ ခေါ်တယ်။ ဒါပေမယ့် မင်းရေးတဲ့ဘယ်ဓားပညာမဆို ဒီနာမည်ပေးလို့ရတာပဲ။ ဝယ်တဲ့လူတွေက တိမ်စီးဓားကျင့်စဉ်အစစ်ကို မြင်ဖူးကြမှာမဟုတ်ဘူး။ ကျင့်စဉ်မှာ ချို့ယွင်းချက်တွေ့ရင်တောင် သူတို့ဝယ်လိုက်တာ ကျင့်စဉ်အတုလို့ အတည်ပြုနိုင်မှာမဟုတ်ဘူး။

နေ့တိုင်း ကျင့်စဉ်သစ်တွေ ဖန်တီးနေကြတာပဲ။ နာမည်တူတွေလည်း အရမ်းများတယ်"

လုယန် သဘောပေါက်သွားသည်။ ဤနေရာတွင် ထိုမျှလှည့်ကွက်များမည်ဟု ထင်မထားခဲ့။

"ခင်ဗျားမှာ ကြယ်မြေပုံရှိလား"

လုယန် ခုနကအော်ဟစ်ကြော်ငြာနေသည့် ဈေးသည်ကို မေးလိုက်သည်။

သူ့ကျင့်စဉ်နည်းက ကြယ်များနျှင့် မသက်ဆိုင်သော်လည်း ကြယ်မြေပုံတစ်ခုဝယ်၍ မည်သည့်ကြယ်များက အမယွမ်၏ရွှေသန္ဓေဖြစ်မည်ကို ခန့်မှန်းရလျှင် ပျော်စရာကောင်းပေလိမ့်မည်။

"အမြင်စူးရှတာပဲ။ ဒီကြယ်မြေပုံက အနာဂတ်မြင်ရတနာသုံးပြီး ဖန်တီးထားတာပါ။ ကျုပ်ရဲ့ကျင့်စဉ်ပညာက အမြင်အာရုံနဲ့ ဆက်စပ်နေတယ်။ ဒီတော့ ဒီကြယ်မြေပုံကို ပြီးအောင်ဆွဲဖို့ စိတ်နှစ်ကိုယ်နှစ် မနားမနေကြိုးစားခဲ့ရတာပါ"

"ကျုပ်ကြည့်လို့ရမလား"

ဈေးသည် ချက်ချင်းနောက်တွန့်သွားသည်။

"မရဘူး၊ ခင်ဗျားကျင့်စဉ်အဆင့်ကို ကျုပ်မခွဲခြားနိုင်ဘူး။ ဒီနေရာမှာ ဝိညာဉ်အာရုံသုံးမရဘူးဆိုပေမယ့် ခင်ဗျားရဲ့သိစိတ်နယ်မြေအားကောင်းရင် တစ်ချက်ကြည့်ရုံနဲ့ ကြယ်မြေပုံကို အလွတ်ရသွားမှာပေါ့"

လုယန် တဟဲဟဲရယ်လိုက်သည်။ ထိုသို့လုပ်ဖို့ သူစိတ်ကူးလုံးဝမရှိခဲ့ပါ။

"ဝိညာဉ်ကျောက်ဘယ်လောက်လဲ။ ကျုပ်ဝယ်မယ်"

"ဒါက ဒီလောကမှာ ကြယ်မြေပုံရဲ့ တစ်ခုတည်းသောမိတ္တူပါ။ ဝိညာဉ်ကျောက်နှစ်ထောင်...ဈေးထပ်မလျှော့ဘူး"

ဝိညာဉ်ကျောက်နှစ်ထောင်သည် သူ့အတွက် သိပ်မများလှပါ။ သူငွေချေရန်ပြင်နေချိန်တွင် နောက်ဘက်မှ စကားသံတစ်ခုပေါ်လာသည်။

"အကိုကြီး၊ ကြည့်ပါဦး။ ဒီမှာ ကြယ်မြပုံတစ်ခုရှီတယ်"

"ဟုတ်လား"

အကိုကြီးဆိုသူ ဝမ်းသာသွားသည်။ ကြယ်နှင့်ပတ်သက်သည့် ကျင့်စဉ်တစ်ခု ကျင့်ကြံပြီး ကြယ်မြေပုံလိုအပ်နေသည့် သူ့စီနီယာအမတစ်ယောက်ရှိသည်။

ထိုအမကို စိတ်ကျေနပ်စေလိုလျှင် ဤကြယ်မြေပုံကို ဝယ်မှဖြစ်မည်ဟု သူစဉ်းစားသည်။

လုယန်မျက်နှာကလည်း သဘောကောင်းပုံရသဖြင့် ညှိနှိုင်းဖို့လွယ်လောက်သည်ဟု တွေးမိသည်။ သူပြောမည့်စကားကို စိတ်ထဲတွင် အသံတိတ်လေ့ကျင့်သည်။

__အကို၊ ဒီကြယ်မြေပုံက ကျုပ်ချစ်ရတဲ့ အမတစ်ယောက်အတွက် လိုအပ်လို့ပါ။ ကျုပ်ကိုဝယ်ခွင့်ပေးလို့ရမလား__

နှစ်ကြိမ်လေ့ကျင့်သည်။ စကားအထားအသိုနှင့် လေသံ အဆင်ပြေသည်ဟု ယူဆလိုက်သည်။ လှုပ်ရှားနေသည့်စိတ်ကိုထိန်း၍ လက်နှစ်ဘက်ဆုပ်အရိုအသေပြုပြီး လုယန်ကို ပြောလိုက်သည်။

"အမ၊ ဒီကြယ်မြေပုံက ကျုပ်ချစ်ရတဲ့အကိုတစ်ယောက်အတွက် လိုအပ်လို့ပါ။ ကျုပ်ကိုဝယ်ခွင့်ပေးလို့ရမလား"

လုယန် ခေါင်းလှည့်ကြည့်သည်။ သူကိုယ်တိုင်ရော ပြောသည့်လူပါ ယောက်ျားစစ်စစ်များဖြစ်ကြောင်း အတည်ပြုသည်။ ထို့နောက် နောက်သို့ ခြေနှစ်လှမ်း အသာဆုတ်လိုက်သည်။

All Chapters