ကြယ်ကျင့်စဉ်များ
Vol. 24 Ch. 349
သူ့ကိုယ်သူ ယောက်ျားပီသ၍ ရုပ်ရည်ခံ့ညားရှိသည်ဟု အတိအကျမဆိုနိုင်သော်လည်း မိန်းမတစ်ယောက်ဟု အထင်မှားရလောက်အောင်တော့ မဆိုးဝါးသေးဟု လုယန်ယုံကြည်သည်။
သူယောက်ျားစစ်စစ်ပါဟု ပြောလိုက်ချင်သည်။ သို့သော် တစ်ဘက်လူက စီနီယာအကိုတစ်ယောက်ကို ကြွေနေသူဖြစ်၍ သူနောက်တွန့်နေသည်။
သူမိန်းမပါဟု ပြောလိုက်ဖို့လည်း တွေးသည်။ သို့သော် ထိုသို့ပြောလျှင် ကြယ်မြေပုံတစ်ခု အပျော်ကြည့်ဖို့ဝယ်ရန် ဈေးမြင့်မြင့်ပေးရနိုင်သည်။
မြန်မြန်ထွက်ပြေးခြင်းက အကောင်းဆုံးဖြစ်သည်။
တစ်ဘက်မှအကိုကြိး သူ့စကားသူ ချက်ချင်းနောင်တရပြီး ကိုယ့်ပါးကိုယ် ရိုက်ချင်စိတ်ပေါ်လာသည်။ ဘာတွေလျှောက်ပြောမိသည်မသိ။
သူ့နောက်လိုက်နှစ်ယောက်က ပို၍ပင်ရှက်နေကြသည်။ သူတို့အကိုကြီးသည် ထိုပြဿနာမျိုးရှိသည်။ စိတ်လှုပ်ရှားလာလျှင် စကားအမှားများ ပြောမိတတ်သည်။
ပိုဆိုးသည်က သူသည် အမြဲလိုလိုစိတ်လှုပ်ရှားတတ်ခြင်းဖြစ်သည်။
သူတို့နန်းတော်သခင်က သူ့ကို ဝစီပိတ်ကျင့်စည်ကျင့်ဖို့ အကြံပြုထားသည်ဟု ကောလဟာလကြားရသည်။
"မဟုတ်ဘူး အကို၊ ကျုပ်ပြောချင်တာက ဒီကြယ်မြေပုံကို ကျုပ်ချစ်ရတဲ့အကိုက ကျင့်ကြံဖို့အတွက်လိုလို့ပါ။ ကျုပ်ကိုပေးနိုင်မလား"
သူစကားရပ်သည်။ ရှုပ်ယှက်ခတ်နေသည့် အတွေးများကို စုစည်းဖို့ ကိုယ့်ကိုယ်ကို အရင်မိတ်ဆက်ရန် ဆုံးဖြတ်လိုက်သည်။
"ကျုပ်က ကုချီရှီန်းပါ။ သက်တန့်နန်းတော်ရဲ့တပည့် အခြေတည်အဆင့်ပါ။ ဒီပွဲတော်ရဲ့ပြိုင်ပွဲမှာ ဝင်ပြိုင်ဖို့လာတာပါ။ အကိုက ကျုပ်နဲ့အသက်တူလောက်ပဲ ထင်ပါတယ်။ အကိုလည်း ပြိုင်ပွဲဝင်ဖို့လာတာမဟုတ်လား"
ကုချီရှန်းသည် ဆယ့်ရှစ်နှစ်မပြည့်သေး။ အခြေတည်အစောပိုင်းအဆင့်ရောက်နေသည်။ သက်တန့်နန်းတော်သမိုင်းတွင် ကျင့်စဉ်တိုးတက်နှုန်းတွင် ထိပ်တန်းငါးယောက်စာရင်းဝင်ဖြစ်သည်။
ကုချီရှန်းအတွေ့အကြုံအရ အခြေတည်အဆင့်ထက်မြင့်သည့် ကျင့်ကြံသူများသည် သူတို့ရုပ်ရည်ကို လိုသလိုပြောင်းလဲနိုင်သည်။ ထိုလူသည် ရွှေသန္ဓေအဆင့် သို့မဟုတ် နတ်ဝိညာဉ်အဆင့်ဖြစ်လျှင် ဤနေရာမျိုးတွင် ပစ္စည်းများ လာဝယ်မည်မဟုတ်။ ထိုဘိုးတော်ကြီးများက သက်တမ်းရှည်သည်။ အတွေ့အကြုံများသည်။ ဈေးဝယ်သည့် ကိုယ်ပိုင်လမ်းကြောင်းများ ရှိကြသည်။
ကျိကျိုးနယ်မှ ပထမအဆင့်ဂိုဏ်းဖြစ်သည့် သက်တန့်နန်းတော်အကြောင်း လုယန်ကြားဖူးသည်။ သို့သော် ထိုဂိုဏ်းနှင့်ပတ်သက်၍ များများစားစားသူမသိ။
"ငါဒီကိုလာတာ ပြိုင်ပွဲဝင်ဖို့ဆိုတာ မှန်ပါတယ်။ စင်ပေါ်မှာ ငါတို့ဆုံချင်ဆုံကြမှာပါ။ ကြယ်မြေပုံကိုတော့ မင်းယူလို့ရပါတယ် ညီလေး"
လုယန် နောက်ထပ်ခြေတစ်လှမ်းဆုတ်လိုက်သည်။
သူထပ်ဆုတ်သွားသည်ကို မြင်သဖြင့် ကုချီရှန်းက အမြန်ရှင်းပြသည်။
"ခုနက ကျုပ်စကားပြောမှားသွားလို့ပါ။ ကျင့်ကြံဖို့အတွက် ကြယ်မြေပုံကိုလိုတဲ့လူက ကျုပ်ရဲ့စီနီယာအမပါ"
လုယန်နှင့်မုန်ကျင်းကျိုးတို့ စိတ်သက်သာရာရပြီး သက်ပြင်းချလိုက်ကြသည်။ မုန်ကျင်းကျိုးလည်း ခုနကအတော်လန့်နေခဲ့သည်။ သူ့တစ်ကိုယ်တော်ကျိန်စာလက်သီးကို ထုတ်သုံးမိမတတ်ဖြစ်ခဲ့သည်။
လုယန် ပြုံး၍ပြောသည်။
"ကျုပ်က ကြယ်မြေပုံကိုပဲ စိတ်ဝင်စားတာပါ ဒါပေမယ့် ညီလေးကုရဲ့အချစ်ဇာတ်လမ်းလောက် အရေးမကြီးပါဘူး"
ကုချီရှန်း ပျော်ရွှင်သွားပြီး ဝိညာဉ်ကျောက်ထောင့်ငါးရာထုတ်၍ မြေပုံကိုဝယ်သည်။
ဝိညာဉ်ကျောက် ထောင့်ငါးရာဆိုသည်မှာ သူ့အတွက် မနည်းလှ။ သို့သော် သူ့စီနီယာအမ ပျော်ရွှင်ဖို့ဆိုလျှင် ထိုက်တန်ပါသည်။
စိတ်အားထက်သန်စွာဖြင့် ကြယ်မြေပုံကို ဖွင့်ကြည့်လိုက်သည်။ သွေးဆက်များဖုံး၍ မထင်မရှားဖြစ်နေသည်ကိုသာ မြင်လိုက်ရသည်။
"ဒါဘယ်လိုဖြစ်တာလဲ'
ကုချီရှန်း ဒေါသထွက်သွားသည်။ ကြယ်မြေပုံတစ်ခုဝယ်ဖို့ ပင်ပင်ပန်းပန်း သူအလုပ်လုပ်ခဲ့ရသည်။ ယခု သွေးစွန်းနေသည့် စက္ကူတစ်ခုသာ ရလိုက်သည်။
ဈေးသည်က တည်ငြိမ်စွာ ရှင်းပြသည်။
"ကျုပ်အစကတည်းက ပြောခဲ့တယ်မဟုတ်လား။ ကြယ်မြေပုံကို ကျုပ်က ပင်ပင်ပန်းပန်းဆွဲထားတာ။ ဆွဲနေရင်းနဲ့ သွေးချောင်းဆိုးတာ ဆန်းလို့လား"
လုယန် - "..."
ဘာကြောင့် ဤဈေးတန်းသည် အလိမ်အညာများ ပြည့်နေရသနည်း။
မုန်ကျင်းကျိုးက လုယန်ကို သိစိတ်အာရုံမှ လှမ်းပြောသည်။
"ဒီဈေးထဲက ပစ္စည်းအများစုက အတုတွေပါ။ မုန်မိသားစုက ကလေးတွေရဲ့ အရွယ်ရောက်အထိမ်းအမှတ်ပွဲမှာ စမ်းသပ်မှုတစ်ခုက ဈေးကနေ ပစ္စည်းအစစ်တစ်ခု ဝယ်ဖို့ပဲ"
"နားလည်ပြီ။ ဒါပေမယ့် နေပါဦး၊ အရွယ်ရောက်အထိမ်းအမှတ်ပွဲက ဆယ့်ခြောက်နှစ်ပြည့်မှလုပ်တာမဟုတ်လား။ မင်းအိမ်ပြန်တယ်လို့လည်း ငါတစ်ခါမှမကြားမိပါဘူး"
တအိုလမ်းစဉ်ဂိုဏ်းဝင်ဖို့ အသက်သတ်မှတ်ချက်က ဆယ့်ခြောက်နှစ်မတိုင်မီဖြစ်သည်။ မုန်ကျင်းကျိုး မုန်မိသားစုသို့ပြန်သည်ကို သူတစ်ခါမှမမြင်ခဲ့။
မုန်ကျင်းကျိုးက အရှင်းလင်းဆုံးပြန်ဖြေသည်။
"ငါက အိမ်ကနေ ထွက်ပြေးလာတာလေ။ အရွယ်ရောက်အထိမ်းအမှတ်ပွဲကို ငါကဘာလို့ဂရုစိုက်နေမှာလဲ"
ကုချီရှန်းက ဈေးသည်နှင့်ဆက်ငြင်းခုန်နေသည်။
"ဒါဆိုရင် ဒီကြယ်မြေပုံကို ပြန်ဆွဲပေးလေ"
"အဲဒါ မင်းနားမလည်သေးလို့ပါ။ ကြယ်တွေမှာ ကြီးမားတဲ့လျှို့ဝှက်ချက်တွေရှိတယ်။ လွန်ခဲ့တဲ့ ရာစုနှစ်တစ်ချို့အတွင်းမှာ ကြယ်မြေပုံကို အောင်မြင်အောင် ဆွဲနိုင်တဲ့လူ တစ်ယောက်မှ မရှိခဲ့ဘူး။ အောင်မြင်အောင် ဆွဲပြီးပြီဆိုရင်လည်း အကြောင်းအမျိုးမျိုးကြောင့် ပျက်စီးသွားတယ်။
ပြီးတော့ မြေပုံဆွဲတဲ့လူတွေဟာ ကြယ်တွေရဲ့အနေအထားကို တည်နေရာအနေအထားကို မမှတ်မိကြဘူး။ ဒီကြယ်မြေပုံမှာ တစ်စိတ်တစ်ပိုင်းပဲ သွေးစွန်းတာတောင် အတော်ကောင်းနေပြီလို့ ဆိုရမှာ။ မင်းကို ဝိညာဉ်ကျောက်ထောင့်ငါးရာနဲ့ ရောင်းတယ်ဆိုတာ အတော်ဈေးတန်နေပါပြီ"
ကုချီရှန်းက ဈေးသည်၏စကားများကို မယုံ။ သို့သော် သူ့စီနီယာအမ ကြယ်မြေပုံတစ်ခုမှ မရှိခဲ့ဖူးသည်ကို ပြန်သတိရလာသည်။ သူ့အမအဆင့်အတန်းအရ ထိုသို့မဖြစ်ခဲ့သင့်။
လုယန်နှင့်မုန်ကျင်းကျိုးလည်း ထိုကိစ္စမျိုး တစ်ခါမှမကြားဖူး။ သာမန်အတိုင်းစောင့်ကြည့်ရုံဖြင့် ကြယ်များ၏တည်နေရာကို ဘယ်သူမှတ်မိမည်နည်း။ သို့သော် လုယန်စိတ်ထဲ ယွမ်ကျိ၏ ရွှေသန္ဓေအကြောင်းကို တွေးမိသည်။ ဈေးသည်ပြောသည့်စကားတွင် အမှန်တရားနည်းနည်းပါလောက်သည်ဟု တွေးမိသည်။ သူ့သိစိတ်နယ်မြေသို့ဝင်၍ နတ်မယ်ကိုနှိုးသည်။
"အင်း...ငါ့ကိုခေါ်တာလား"
ထာဝရနတ်မယ် သမ်းဝေ၍ ထရပ်လာသည်။
ဈေးသည်ပြောသည့်စကားကို လုယန်ပြန်ပြောပြလိုက်သည်။ နတ်မယ် စိတ်ဝင်စားသွားသည်။
လုယန်ခန္ဓာကိုယ်ကို ခဏငှား၍ ကောင်းကင်သို့ မော့ကြည့်လိုက်သည်။ နေ့ခင်းဘက်ဖြစ်သော်လည်း နေရောင်နောက်ဘက်တွင် ပုန်းကွယ်နေသည့် ကြယ်များကို သူမြင်နိုင်စွမ်းရှိသည်။
ထို့နောက် လုယန်ခန္ဓာကိုယ်ကို ပြန်ပေးလိုက်သည်။
"အဲလိုလား၊ အမယွမ်ရဲ့ရွှေသန္ဓေ ဘယ်ကြယ်လဲဆိုတာ ကြည့်လို့မရအောင် ရွှေသန္ဓေက အကာအကွယ်တစ်ခု တည်ဆောက်ထားတယ်ပေါ့"
"ဒီအကာအကွယ်ကို ရှောင်ယွမ်တည်ဆောက်ခဲ့တာ ဟုတ်မဟုတ်တော့ ငါမသိဘူး။ ဒါပေမယ့် တည်နေရာမမှတ်မိနိုင်အောင်လုပ်ထားတဲ့ အကာအကွယ်တစ်ခု ရှိနေတာတော့ အသေအချာပဲ။ ကောင်းကင်ထဲမှာ တိုက်ရိုက်မကြည့်ဘဲနဲ့ ကြယ်တွေရဲ့တည်နေရာကို မှတ်မိဖို့ဆိုတာ မဖြစ်နိုင်ဘူး"
လုယန်စဉ်းစားသည်။ အမယွမ်လုပ်ထားခြင်းဖြစ်မည်ဟု သူယူဆသည်။ သို့သော် ရည်ရွယ်ချက်ကို စည်းစားမရ။
သူ့ရွှေသန္ဓေတည်နေရာကို ရန်သူများ မထောက်လှန်းနိုင်အောင် ကာကွယ်ထားခြင်းများလား။
သို့မဟုတ် ကြယ်နှင့်ဆက်စပ်သည့် ကျင့်စဉ်ပညာများ မကျင့်ကြံနိုင်အောင် လူသားများကို ယွမ်ကျိက တားဆီးရန်ကြိုးစားခြင်းလား။
ကြယ်ကမ္ဘာများကို သူတို့ခြေထောက်အောက်မှမြေပြင်အဖြစ် သန့်စင်ခဲ့သဖြင့် ကြယ်ကျင့်စဉ်များသည် ရှေးဟောင်းခေတ်ကလို့ စွမ်းအားမကြီးတော့။ ကြယ်ကျင့်စဉ်များ၏ စွမ်းအားသည် ကောင်းကင်ရှိကြယ်များဆီမှ ရခြင်းဖြစ်သည်။
သို့သော် တစ်ချို့က ရှေးဟောင်းကျင့်စဉ်များသည် ပိုစွမ်းအားကြီးသည်ဟု တစ်ချို့က ခေါင်းမာစွာယုံကြည်၍ ကြယ်ကျင့်စဉ်များကို ကျင့်ကြံနေကြဆဲဖြစ်သည်။
"နင်က ချင်းကျိုးပွဲတော်မှာ ပျော်ဖို့လာတာမဟုတ်လာ။ လာပါ...ဒီမသေမျိုးရဲ့ မသေမျိုးမျက်လုံးစွမ်းအား နင့်ကိုပြမယ်"
နတ်မယ်ကို နှိုးခဲ့မိသည့်အတွက် လုယန် နောင်တရသွားသည်။ နိုးလာသည်နှင့် ခွန်ပြည့်အားပြည့် စိတ်အားတက်ကြွပြီး ဂဏာမငြိမ်ဖြစ်နေသည်။
လုယန် စာအုပ်မျိုးစုံခင်းကျင်းထားသည့် ဆိုင်တစ်ခုဘေးမှ ဖြတ်လျှောက်သွားသည်။ အများစုက ရှေးဟောင်းလျှို့ဝှက်ဇာတ်လမ်းမျိုးစုံ မှတ်တမ်းတင်ထားသည့် သမိုင်းဝင်ကျမ်းများဖြစ်သည်။
"လုယန်၊ "ရှေးဟောင်းခေတ်လျှို့ဝှက်ချက်များ'ဆိုတဲ့ စာအုပ်ကိုကြည့်။ အဲဒါ ဝယ်လိုက်ပါ။ စာအုပ်ထဲမှာ ဘာတွေပါလဲ ငါကြည့်ချင်တယ်"
နတ်မယ်က စိတ်လှုပ်ရှားနေဟန်ဖြင့် ပြောသည်။
"ဆိုင်ရှင်၊ ဒီစာအုပ်က ဘယ်လောက်လဲ"
"ဝိညဉ်ကျောက်သုံးထောင်ပါ"
လုယန်မျက်မှောင်ကျုံ့သွားသည်။ ဈေးကြီးလွန်းသည်ဟု ထင်မိသည်။ ဈေးသည်က အခွင့်အရေးကို လက်လွတ်မခံဘဲ ပြောသည်။
"ဈေးများတယ်မထင်ပါနဲ့ ဧည့်သည်တော်။ ရှေးဟောင်းခေတ်ရဲ့လျှို့ဝှက်ချက်တွေထဲမှာ ပုန်းကွယ်နေတဲ့ ဘယ်သူမှမသိသေးတဲ့ အခွင့်အရေးတွေကို ခင်ဗျားသိရမယ်လေ။ ကံကောင်းရင် ဒီစာအုပ်ကနေ ဘယ်သူမှသတိမထားမိတဲ့ လျှို့ဝှက်အခွင့်အလမ်းတစ်ခု ခင်ဗျားရှာတွေ့နိုင်တယ်။ ကောင်းကင်ကိုတက်ပြီး လောကကြီးထဲ လွတ်လွတ်လပ်လပ် သွားလာနိုင်မယ်။
ဒါက နောက်ဆုံးထွက် ရှေးဟောင်းလျှို့ဝှက်ချက်ကျမ်းပဲ။ ရှေးဟောင်းခေတ်နဲ့ပတ်သက်တဲ့ ပညာရှင်တွေနောက်ဆုံးလေ့လာတင်ပြထားတဲ့ စာအုပ်ပဲ"
"ရော့...ဝိညာဉ်ကျောက်သုံးထောင်"
လုယန် ငွေပေးသည်။ ဝိညာဉ်ကျောက်သုံးထောင်သည် သူ့အတွက် သိပ်မများပါ။ ထူးဆန်းစွာပျောက်ဆုံးနေသည့် မူပိုင်ကြေးကို ထည့်မပြောသေး။ ကိုးငရဲဂိုဏ်းမှ ခွဲတမ်းရလာမည့် အမြတ်အစွန်းသည်ပင် ဝိညာဉ်ကျောက်သုံးထောင်ထက် အဆများစွာပိုမည်။
မုန်ကျင်းကျိုးလည်း ရှေးဟောင်းလျှို့ဝှက်ချက်များကို စိတ်ဝင်စားသဖြင့် ခါးကိုင်း၍ လှမ်းဖတ်သည်။
စာအုပ်၏ ပထမအခန်းက ထိုသို့ရေးထားသည်။
"ရှေးဟေင်းခေတ်တွင် ယင်ထန်မသေမျိုးသည် မိန်းမလှများကို နှစ်ခြိုက်ခဲ့သည်။ အထူးသဖြင့် အိမ်ထောင်ပြုပြီးသူများကို နှစ်သက်သည်။ မိန်းကလေးပေါင်းမရေမတွက်နိုင်အောင် ကိုယ်ဝန်တည်စေခဲ့သည်"
လုယန် အကြီးအကျယ်နားရှုပ်သွားသည်။ သိစိတ်နယ်မြေသို့ဝင်၍ မေးသည်။
"ယင်ထန်မသေမျိုးက တကယ်ဒီလိုလူလား"
နတ်မယ်က အရိုးခံလေသံဖြင့်ပြန်ဖြေသည်။
"ဒီကောလဟာလကို ဘယ်သူဖြန့်တာလဲ။ ယင်ထန်မသေမျိုးက ဒီလိုလူမျိုးမဟုတ်ပါဘူး"