ဒိုင်လူကြီးနေရာမှာ ဘာလို့ထိုင်နေကြသလဲ
Vol. 24 Ch. 353
ချင်းကျိုးပွဲတော် တရားဝင်စသည်။ လူစိတ်အဝင်စားဆုံးက လူငယ်မျိုးဆက် စွမ်းရည်ပြိုင်ပွဲဖြစ်သည်။
နှစ်တိုင်း ထိုပြိုင်ပွဲမှ ပါရမီရှင်လူငယ်များ ထွက်ပေါ်လာသည်။ တစ်သက်လုံး မထင်မရှားဘဝဖြင့် ကြိုးစားနေကြသူများ ကိုယ့်ကိုယ်ကို စိတ်ပျက်လက်ပျက် သက်ပြင်းချကြရသည်။
ထိုလူငယ်ပါရမီရှင်များ၏ စွမ်းရည်သည် အချိန်ကြာလာသည်နှင့်အမျှ ထင်ရှားလာမည်။ ကြိုမမြင်နိုင်သည့် မတော်တဆဖြစ်ရပ်များကြောင့် သေဆုံးမသွားလျှင် ထိုလူငယ်အများစုသည် နောင်တစ်ချိန် အောင်မြင်မှုများစွာ ရလာပေလိမ့်မည်။ ဂိုဏ်းအမွေဆက်ခံသူများ သို့မဟုတ် ကိုယ်ပိုင်ဂိုဏ်းတည်ထောင်သူများ ဖြစ်လာပေလိမ့်မည်။
ထိုလူငယ်များကို ချင်းကျိုးအုပ်ချုပ်သူများကသာ တန်ဖိုးထားကြသည်မဟုတ်။ ပွဲတော်လာတက်သည် ဂိုဏ်းအဖွဲ့အစည်းများကလည်း စည်းရုံးဖို့ ကြိုးစားကြမည်။
မဟာကပ်ရောက်လာတော့မည့် အကြိုခေတ်ဖြစ်၍ ဤနှစ်ပိုင်းအတွင်း ဝင်ပြိုင်ကြသည့် လူငယ်ကျင့်ကြံသူများသည် မယုံနိုင်လောက်အောင် ပါရမီထူးကြသည်။ ယခင်ပြိုင်ပွဲများ၏ စံချိန်ကို ဆက်တိုက်ချိုးနေကြသည်။
"ဟိုတစ်ယောက်ကိုကြည့်။ အဲဒါ တိန့်ဖုန်းဂိုဏ်းက လီရှောက်ယန် မဟုတ်လား။ သူက အခြေတည်ထိပ်ဆုံးအဆင့်ရောက်နေပြီလို့ကြားတယ်။ အပြင်လောကမှာ ခရီးလှည့်ဖို့ တောင်ပေါ်ကဆင်းလာတော့ သူ့ကို ဓားပြားတွေက လမ်းပိတ်ကြတယ်။ လှံတစ်လက်နဲ့ ချီစုစည်းနဝမအဆင့်ရှိတဲ့ ဓားပြားသုံးယောက်ကို အသေထိုးသတ်ခဲ့တယ်တဲ့"
"ဘယ်လို၊ သူက ဒီလောက်ငယ်ငယ်ငယ်ရွယ်ရွယ်နဲ့ ချီစုစည်းမှုထိပ်ဆုံးအဆင့်ကို ရောက်နေပြီပေါ့။ ထိပ်တန်းရှစ်ယောက်ထဲ စာရင်းဝင်မယ့် အဆင့်မျိုးပဲ"
ချီနဝမအဆင့်ရောက်နေသူများသည် အခြေတည်ဆောက်ရန် ကြိုးစားနိုင်သည်။ အောင်မြင်မှုနှုန်းတိုးတက်စေရန် ထိုအဆင့်ကို သေချာဂရုတစိုက် ကျင့်ကြံကြသည်။ အပြင်လူများက ချီကျင့်ကြံမှုထိပ်ဆုံးအဆင့်ဟု ခေါ်သည်။
လာကြည့်သူအများစုက ချီစုစည်းခြင်းအဆင့်များဖြစ်သည်။ သူတို့၏ အမြင့်ဆုံးရည်ရွယ်ချက်က ချီနဝမအဆင့်သို့ရောက်ဖို့ဖြစ်သည်။ သို့သော် မသေမျိုးငါးဂိုဏ်းဝင်များက ထိုသတ်မှတ်ချက်ကို ထည့်ပင်မတွက်။ ချီစုစည်းခြင်းအဆင့်ကို အဆင့်ငယ်များခွဲဖို့ စိတ်မဝင်စားကြ။ ပထမအဆင့်ဖြစ်ဖြစ် ထိပ်ဆုံးအဆင့်ဖြစ်ဖြစ် သူတို့အတွက် ဘာမှမထူးခြား။
"ပြီးတော့ အထူးသဖြင့် သူ့ဘေးက မိန်းမလှပေါ့။ သူ့နာမည်က ချောင်ဟုန်ယဲ့တဲ့။ ထိပ်တန်းအဆင့်ဂိုဏ်းဖြစ်တဲ့ အင်္ကျီလက်မဲ့ဂိုဏ်းကပဲ။ သူလည်း ချီကျင့်ကြံမှုထိပ်ဆုံးအဆင့်ရောက်နေပြီ။ သစ်သားနဲ့မီးဓာတ် ဒွိဝိညာည်မြစ်ပိုင်ရှင်ပါ။ အင်္ကျီလက်မဲ့ဂိုဏ်းမှ ချီထိပ်ဆုံးအဆင့်တွေ ဂိုဏ်းတွင်းပြိုင်ပွဲလုပ်ခဲ့တယ်။ ချောင်ဟုန်ယဲ့က ပထမနေရာရတယ်"
"ချီထိပ်ဆုံးအဆင့်ဟာ ပြီးခဲ့တဲ့နှစ်တွေက ထိပ်တန်းရှစ်ယောက်စာရင်းဝင်တွေပဲ။ ဒါပေမယ့် ဒီနှစ်တော့ ပြောရခက်တယ်။ အခြေတည်အဆင့်ကျင့်ကြံသူတွေအများကြီး ယှဉ်ပြိုင်ကြမယ်လို့ကြားတယ်"
"အသက်ဆယ့်ရှစ်နှစ်မပြည့်ခင် အခြေတည်အဆင့်ရောက်နေတယ်ပေါ့။ ဒီလိုလူမျိုး အများကြီးရှိနေတာလား"
တစ်ယောက်က လေသံကိုနှိမ့်၍ ပြောသည်။
"သက်တန့်နန်းတော်က ကုချီရှန်းအကြောင်း ကြားဖူးလား။ ယင်နာရီ၊ယင်လ၊ယင်နှစ်မှာ မွေးတဲ့လူလေ။ သူက ယင်အခြေခံဗီဇနက်ရှိုင်းတယ်။ သူမွေးတုန်းက အဖြစ်ဆိုးတစ်ခုကြုံခဲ့တယ်။ သက်တန်နန်းတော်သခင်သာ မကယ်ခဲ့ရင် အဲဒီ့ကတည်းက သေသွားမှာ။ ယင်ခန္ဓာပိုင်ရှင်တွေဟာ ကောင်းကင်ရဲ့မနာလိုဝန်တိုမှု ခံစားရတယ်။ ခက်ခက်ခဲခဲမွေးဖွားလာရတယ်။ သူတို့ဆက်ပြီးရှင်သန်နိုင်ရင် သူတို့ကျင့်စဉ်ခရီးက ချောမွေ့မယ်။ အဲလိုမဟုတ်ရင် ငယ်ငယ်ရွယ်ရွယ်နဲ့ သေကြရတယ်။
မနေ့က ကုချီရှန်းရောက်လာတာ မြင်လိုက်တဲ့လူရှိတယ်။ သူက အခြေတည်အစောပိုင်းအဆင့်ကို ရောက်နေပြီ"
........
"ဒီမှာခင်ဗျ။ ကျုပ်တို့ ပြိုင်ပွဲအတွက် စာရင်းသွင်းဖို့လာတာပါ"
ပြိုင်ပွဲဝင်စာရင်းသွင်းသည့် နေရာအနီးတွင် အရာရှိတစ်ယောက် နာမည်များမှတ်တမ်းယူနေသည်။ ထိုနေရာက အတော်တိတ်ဆိတ်နေသည်။
ပြိုင်ပွဲဝင်အများစုက ကြိုတင်စာရင်းသွင်းထားကြသည်။ ရုတ်တရက် စိတ်ကူးပေါက်ပြီး ဝင်ပြိုင်ဖို့ ဆုံးဖြတ်သူဟူ၍ အနည်းကျဉ်းသာရှိသည်။
နှစ်လိုဖွယ်အပြုံးဖြင့်ရောက်လာသည့် လူငယ်နှစ်ယောက်ကို အရာရှိက တစ်ချက်မော့ကြည့်သည်။ ထိုနှစ်ယောက်၏ ကျင့်စဉ်အဆင့်ကို သူမခန့်မှန်းနိုင်သော်လည်း သိပ်မစိုးရိမ်ပေ။ ခရီးသွားရာတွင် လူတစ်ယောက်၏စွမ်းအားဖုံးကွယ်သည့် ရတနာများ ပါလာသည်မှာ မထူးဆန်းလှ။
အနီးမှ ကျောက်တုံးတစ်ခုကို သူလက်ညှိုးထိုးပြလိုက်သည်။
'အဲဒါ အဆင့်နိမ့်သံနက်ကျောက်ပဲ။ အခြေတည်နောက်ဆုံးအဆင့်ကျင့်ကြံသူတွေပဲ ဒါကို ခွဲနိုင်တယ်။ ကျောက်တုံးကို ခွဲလိုက်ပါ"
ထိုနှစ်ယောက်အတွက် ဤကျောက်တုံးက တို့ဟူးနှင့်မခြားလှ။ အသာအယာတစ်ချက်ရိုက်ရုံဖြင့် ကျောက်တုံးက အစိတ်စိတ်အမွှာမွှာဖြစ်သွားသည်။
"ဒီနှစ် အခြေတည်အဆင့်ပြိုင်ပွဲဝင်တွေ များတဲ့ပုံပဲ။ ပုန်းနေတဲ့နဂါး ဝပ်နတဲ့ကျားတွေမြူးတဲ့ နှစ်တစ်နှစ်ပါလား"
"ဒါက နှစ်စက်ဝန်းကျောက်တုံးပါ။ မင်းတို့လက်တွေ ဒီပေါ်တင်ပြီး ဝိညာဉ်စွမ်းအင်လွှတ်လိုက်"
တစ်ခြားတစ်ဘက်တွင် သစ်ငုတ်တစ်ခုနှင့်တူသည် ကျောက်တုံးတစ်တုံးရှိသည်။ စက်ဝိုင်းမျဉ်းများ အဆင့်ဆင့်မှတ်သားထားသည်။ လူတစ်ယောက်၏အသက်ကို စမ်းသပ်ကြည့်ရာတွင် သုံးသည်။
ထိုနှစ်ယောက် ကျောက်တုံးပေါ်လက်တင်၍ ဝိညာဉ်စွမ်းအင်လွှတ်ကြသည်။ စက်ဝိုင်းမျဉ်းများ တစ်ခုပြီးတစ်ခု အရောင်လက်လာသည်။ ဆယ့်ခုနစ်ခုမြောက်စက်ဝိုင်းမျဉ်းတွင် ရပ်သွားသည်။
"ဆယ့်ရှစ်နှစ်အောက်ပဲ။ မင်းတို့ဝင်ပြိုင်လို့ရတယ်။ နာမည်ပြောပါ"
"လုယန်"
"ဂိုဏ်း"
"တာအိုလမ်းစဉ်ဂိုဏ်း"
"ဟမ်"
အရာရှိ ဖျတ်ခနဲမော့၍ လုယန်ကို တစ္ဆေတစ်ကောင်ကို စူးစမ်းသည့်အကြည့်ဖြင့် ကြည့်သည်။
"ပြဿနာရှိလို့လား"
လုယန် စူးစမ်းလိုက်သည်။
အရာရှိစိတ်ထဲ နယ်စား၏စကားများကို ပြန်သတိရလာသည်။
"ပြိုင်ပွဲမှာ ဝင်ပြိုင်သူများများရှိအောင် လှုံ့ဆော်ပါ။ ဝင်ပြိုင်သူများလေ ပိုကောင်းလေပဲ။ ထူးခြားနောက်ခံရှိတဲ့လူတွေ ဝင်လာရင်လည်း မကြောက်နဲ့။ သူတို့ဝင်မပြိုင်မှာကိုပဲ စိုးရိမ်ရမှာ"
တာအိုလမ်းစဉ်ဂိုဏ်းတပည့် ဝင်ပြိုင်တော့မည်။ နယ်စားမင်း ပျော်လိမ့်မည်ဟု သူထင်သည်။
"မရှိဘူး။ ဘာမှပြဿနာမရှိပါဘူး။ မင်းတို့က ဝင်ပြိုင်ဖို့ သတ်မှတ်ချက်နဲ့ ကိုက်ညီတာပဲ။ ပြီးတော့ မင်းကရော။ မင်းနာမည် ဘာလဲ"
"မုန်ကျင်းကျိုးပါ။ တာအိုလမ်းစဉ်ဂိုဏ်းကပဲ"
"ရော့...မင်းတို့နံပတ်တွေ။ နောက်ဆယ့်ငါးမိနစ်လောက်ကြာရင် ပြိုင်ပွဲတွေစီစဉ်ဖို့ မဲနှိုက်တာ စလိမ့်မယ်။ အသင့်ပြင်ထားပါ"
"ဟုတ်ကဲ့ပါ"
........
"ထူးဆန်းတယ်။ ပြိုင်ပွဲပထမသုတ် စတော့မယ်။ လုယန်နဲ့မုန်ကျင်းကျိုးကို မမြင်သေးပါလား"
အကဲဖြတ်ဒိုင်နေရာမှ ထိုင်ခုံတွင် လန်ထင် တွေးရခက်သည့်အမူအရာဖြင့် ထိုင်နေသည်။
"လမ်းမှာ ကိစ္စတစ်ခုခုကြုံလို့ နောက်ကျနေတာဖြစ်ပါလိမ့်မယ်"
ပိုင်မင်က ခန့်မှန်းသည်။ ထိုသို့ ဖြစ်လေ့ဖြစ်ထရှိသည်။ သူတောင်အောက်သို့ လေ့ကျင့်ရေးခရီးများ ဆင်းခဲ့စဉ်ကလည်း ထင်မှတ်မထားသည့် အခြေအနေမျိုး မကြာခဏကြုံတတ်သည်။
"စောင့်တာပေါ့"
ယန်ထန်ကျိက ခါတိုင်းလိုပင် ခပ်တိုတို ပြောသည်။
လန်ထင် ယန်ထန်ကျိနှင့် ဤပွဲတော်သို့ရောက်မှ တွေ့ဖူးခြင်းဖြစ်၍ သိပ်မရှင်းနှီးသေး။ အလွန်စကားနည်းသူဖြစ်ကြောင်း ပိုင်မင်က သူ့ကိုပြောထားသည်။ ထို့ကြောင့် ပြိုင်ပွဲအတွက် ဒိုင်လူကြီးအဖြစ်မှတ်ချက်ပေးဖို့ ယန်ထန်ကျိကို အားကိုး၍ရမည့်ပုံမပေါ်။
လန်ထင် စိတ်ပျက်လက်ပျက် သက်ပြင်းချသည်။ မှတ်ချက်ပေးရမည့်တာဝန်က သူ့ပုခုံးပေါ်သာ ကျလာမည့်သဘောရှိသည်။
အောက်ဘက်မှလူများက ဒိုင်သုံးယောက်ကို မြင်ပြီးနောက် သူတို့ချင်း တီးတိုးပြောနေကြသည်။
"ဟိုသုံးယောက်က ဘယ်သူတွေလည်း။ အသက်ငယ်လွန်းနေသလိုပဲ။ ဒိုင်လုပ်ဖို့ အရည်အချင်းမီပါ့မလး"
"အထူးသဖြင့် ဟိုမိန်းကလေးပေါ့။ အတော်လှတယ်။ သူ့လောက်လှတဲ့လူ ငါတစ်ခါမှ မမြင်ဖူးသေးဘူး။ ဒါပေမယ့် သူ့ကြည့်ရတာ တိုက်ပွဲအတွေ့အကြုံ သိပ်ရှိမယ်မထင်ဘူး"
"အဲဒါ မင်းမှားတာပဲ။ ဒီသုံးယောက်က မသေမျိုးဂိုဏ်းက တပည့်တွေကွ။ အမြင့်ဆုံးပါရမီရှင်တွေပဲ။ သူတို့က မျိုးဆက်တူထဲမှာ အထူးချွန်ဆုံးလူတွေလို့ ငါကြားတယ်"
"ဒီထက်ပိုတာပေါ့။ နယ်စားမင်းရုံးမှာ အလုပ်လုပ်နေတဲ့ ငါ့ဆွေမျိုးတစ်ယောက်က ပြောတယ်။ သူတို့အားလုံး ရွှေသန္ဓေအဆင့်တွေတဲ့"
"ရွှေသန္ဓေအဆင့်လား"
"ပါရမီဘယ်လောက်ကွာလဲ မင်းသိသွားပြီမဟုတ်လား"
ပြိုင်ပွဲဝင်များကြားတွင် အမြင့်ဆုံးကျင့်စဉ်အဆင့်က အခြေတည်အဆင့်ဖြစ်သည်။ ထို့ကြောင့် ရွှေသန္ဓေအဆင့်များ အကဲဖြတ်ပေးခြင်းသည် လုံလောက်သည်ထက်ပင် ပိုနေသေးသည်။
လန်ထင်က ပထမပြိုင်ပွဲ၏ ပြိုင်ပွဲဝင်ကိုယ်ရေးအချက်များကိုကြည့်၍ ကြေညာသည်။
"ပထမဆုံးဝင်ပြိုင်မယ့်သူကတော့ ထိပ်တန်းအဆင့်ဂိုဏ်းဖြင့်တဲ့ ခံစားချက်ခုနစ်မျိုးဂိုဏ်းတပည့် ဖုန်ဟဲဖြစ်ပါတယ်။ ဖုန်ဟဲဟာ သိပ်မကြာသေးခင်ကမှ အခြေတည်ဆေးလုံးမသုံးဘဲ ချီအဆင့်မှာ ကျင့်ကြံခဲ့တဲ့ ခိုင်မာတဲ့ကျင့်စဉ်အခြေခံစွမ်းအားကိုသုံးပြီး အခြေတည်အဆင့်ကို တက်ခဲ့သူဖြစ်ပါတယ်။ သူအခု အခြေတည်အစောပိုင်းအဆင့်ကို ရောက်နေပါပြီ။
ခံစားချက်ခုနစ်မျိုးဂိုဏ်းဟာ ဂီတကနေတစ်ဆင့် ခံစားချက်ခုနစ်မျိုးနဲ့ ဆန္ဒခြောက်ပါးအတွေးအမြင်တွေကို ထုတ်ပြကြပါတယ်။ ဖုန်ဟဲဟာ သူ့ဂိုဏ်းရဲ့ စစ်မှန်တဲ့ပညာတွေကို ကျွမ်းကျင်ပြီး ဂီတပညာမှာထူးချွန်တယ်။ 'ခွဲခွာချိန်ပျော်ရွှင်မှု'ဆိုတဲ့ သူ့သံစဉ်ဟာ ငှက်တွေကို ရပ်နားပြီး ပန်းတွေကိုပွင့်လန်းအောင် လုပ်နိုင်တယ်လို့ ပြောကြပါတယ်။
ဖုန်ဟဲလည်း ဒီပြိုင်ပွဲမှာ ပါရမီထူးတဲ့ ပြိုင်ပွဲဝင်ဖြစ်ပါတယ်။ သူ့စွမ်းဆောင်ရည်ကို စောင့်ကြည့်ကြရအောင်"
ဖုန်ဟဲမျက်နှာတွင် ယုံကြည်ချက်ပြည့်သည့်အပြုံးမျိုး ပေါ်လွင်နေသည်။ အခြေတည်အစောပိုင်းအဆင့် ရောက်နေပြီဖြစ်၍ ဤပြိုင်ပွဲတွင် သူနာမည်ရတော့မည်မှာ သေချာနေသည်။
ကျင့်ကြံသူလောကတွင် လူတစ်ယောက်သည် စွမ်းအားကိုရော နာမည်ဂုဏ်သတင်းကိုပါ အားကိုးမှီတည်ရသည်။
ဤပြိုင်ပွဲသည် သူ့နာမည်ကျော်ကြားမှု၏ စမှတ်ဖြစ်လိမ့်မည်။
"ဖုန်ဟဲရဲ့ ပြိုင်ဘက်ကတော့ နောက်ဆုံးအချိန်ကျမှ စာရင်းသွင်းလာတဲ့ ကျင့်ကြံသူတစ်ယောက်ပါ။ သူ့ပြိုင်ဘက်က...တာအိုလမ်းစဉ်ဂိုဏ်းက လုယန်လား"
လန်ထင် ကြေညာနေရင်း ဣန္ဒေပျက်မတတ်ဖြစ်သွားသည်။
ပြိုင်ပွဲဝင်စာရင်းကို အောက်သို့ချ၍ စင်မြင့်ဆီ လှမ်းကြည့်သည်။ ရင်းနှီးနေသည့်လူကို မြင်လိုက်ရသည်။ သူ့မျက်နှာ အတော်ကြောင်တက်တက်ဖြစ်သွားသည်။
သူ့ဘေးမှ ပိုင်မင်ကို လှည့်ကြည့်သည်။ ပိုင်မင်အမူအရာလည်း သူ့လိုပင်ဖြစ်သည်။
လုယန်က ဒိုင်လူကြီးခုံမှ လန်ထင်နှင့်ပိုင်မင်ကို မြင်သွားသည်။ လက်ဝှေ့ယမ်းပြ၍ နှုတ်ဆက်သည်။ ထို့နောက် တွေးရခက်သွားပြီး ခေါင်းကိုကုတ်နေသည်။
ဘာတွေဖြစ်နေသည်မသိ။
ဘာကြောင့် သူတို့ဝင်မပြိင်ဘဲ ဒိုင်လူကြီးထိုင်ခုံတွင် ထိုင်နေကြသည်မသိ။