← Chapters

ဘယ်လိုအကဲဖြတ်မည်နည်း

Vol. 24 Ch. 354

ဘယ်လိုအကဲဖြတ်မည်နည်း

Vol. 24 Ch. 354

ပြိုင်ပွဲစင်ပေါ်မှ လုယန်ရော စင်အောက်မှမုန်ကျင်းကျိုးပါ အတွေးနစ်နေကြသည်။

ချင်းကျိုးအုပ်ချုပ်ရေးအဖွဲ့က တာအိုလမ်းစဉ်ဂိုဏ်းတပည့်များကို ပွဲတော်တွင်ပါဝင်ပေးဖို့ ဖိတ်ကြားထားသည်ဟု ယွမ်ကျိက ပြောသည်။ သိုင်းပြိုင်ပွဲအတွက် သတ်မှတ်ချက်က ဆယ့်ရှစ်နှစ်အောက် ကျင့်ကြံသူများအတွက်ဖြစ်သည်။

သူတို့နှစ်ယောက် လူငယ်မျိုးဆက်များနှင့် ထိတွေ့ဆက်ဆံချင်သည်။ ထို့ကြောင့် ပြိုင်ပွဲဝင်ဖို့စာရင်းသွင်းသည်မှာ သဘာဝကြသည်။ သူတို့တွေးမိသည့်အတွေးတွင် ဘာမှအမှားအယွင်းမရှိ။

သို့သော် လန်ထင်၊ ပိုင်မင်နှင့် သူတို့မသိသည့်လူတစ်ယောက် ဒိုင်လူကြီးထိုင်ခံတွင် ဘာကြောင့်ထိုင်နေကြသနည်း။

သူတို့သုံးယောက်လုံး ဆယ့်ရှစ်နှစ်ကျော်သွားပြီထင်သည်။

လုယန်ကို တာအိုလမ်းစဉ်ဂိုဏ်းတပည့်ဖြစ်ကြောင်း ကြားသည်နှင့် အောက်ဘက်မှလူအုပ်လည်း အံ့အားသင့်သွားကြသည်။

မသေမျိုးငါးဂိုဏ်းတပည့်များ ဤပွဲတွင် ပါဝင်လာမည်ဟု ထင်မထားကြ။ အရင်က တစ်ခါမှထိုသို့ မကြုံဖူး။

"ဒါပေမယ့် လုယန်ဆိုတာ ဘယ်သူလဲ။ သူ့အကြောင်း ကြားဖူးကြလား"

လူအုပ်ကြီး ဇဝေဇဝါဖြစ်နေသည်။ တာအိုလမ်းစဉ်ဂိုဏ်းသည် နာမည်ကျော်သည်။ သို့သော် လုယန်ဆိုသည့်နာမည်ကို တစ်ယောက်မှ မကြားဖူးကြ။

"ငါတော့ မကြားဖူးဘူး။ သူ့ပြိုင်ဘက် ဖုန်ဟဲအကြောင်းပဲ ကြားဖူးတယ်"

"ငါလည်း အတူတူပဲ။ ဖုန်ဟဲက ဂီတကနေတစ်ဆင့် ဝိညာဉ်စွမ်းအင်ဆွဲယူတဲ့ မသေမျိုးလမ်းစဉ်ကို ဝင်ခဲ့တယ်လို့ ကြားတယ်။ အခြေတည်အဆင့်ရောက်ပြီးတော့ လေလံပွဲတစ်ခုကနေ ရှောင်းဟောင်းဗျတ်စောင်းပျက်တစ်ခု သူရခဲ့တယ်။ စွမ်းအားမြင့်ကျင့်ကြံသူတစ်ယောက်ပိုင်တဲ့ပစ္စည်းလို့ ပြောကြတယ်။ လောဘကြီးတဲ့ ဓားပြတွေက ဒါကိုလုယူဖို့ကြိုးစားတယ်။ အခြေတည်အစောပိုင်းတစ်ယောက် ချီထိပ်ဆုံးအဆင့်နှစ်ယောက်တဲ့။ သူတို့သုံးယောက်ကို ဖုန်ဟဲက ဗျတ်စောင်းစွမ်းအားနဲ့ အနိုင်ယူခဲ့တယ်"

လုယန်နာမည်သည် ပါရမီထူးရှင်ပြိုင်ပွဲဝင်များလောက် မကျော်ကြားပေ။

လူသိများသည့် ပြိုင်ပွဲဝင်များသည် သူတို့အောင်မြင်မှုများကို သက်ဆိုင်ရာဂိုဏ်းများက မကြာခဏသတင်းဖြန့်သည်။ သူတို့တပည့် တောင်တန်းပေါ်မှဆင်းပြီး မကောင်းဆိုးဝါးများ၊ သူခိုးဓားပြများ၊ နတ်ဆိုးများကို သုတ်သင်ရှင်းလင်းရန် အပြင်လောကသို့ဘယ်သို့ဘယ်ပုံဆင်းလာကြောင်းပြောပြီး ဂုဏ်သတင်းတည်ဆောက်သည်။ တစ်ခြားအကြောင်း ဘာမှပြောစရာမရှိလျှင် သူတို့၏ ဝမ်းနည်းစရာနောက်ခံဇာတ်လမ်းများကို ဖွင့်ချပြသည်။ မိဘများသေဆုံး၍ မရေမတွက်နိုင်သည့်အခက်အခဲများ ကျော်ဖြတ်ပြီး မသေမျိုးလမ််းစဉ်သို့ ဝင်ခဲ့ရပုံများကို တခမ်းတနားဇာတ်အိမ်ဖွဲ့သည်။ အတိုဆုံးပြောရလျှင် တတ်နိုင်သမျှ လူစိတ်ဝင်စားအောင် ကြော်ငြာကြခြင်းဖြစ်သည်။

ထို့ပြင် လန်ထင်၊ ပိုင်မင်နှင့် ယန်ထန်ကျိတို့လို့လူများ ရှိသည်။ သူတို့ဂိုဏ်းမစ်ရှင်များတွင် တရားမျှတမှုအတွက် ဆောင်ရွက်ချက်များပါဝင်သည်။ နယ်ခံသူဌေးများ၊ မြို့စားများ၊ ကောင်တီနယ်စားများက သူတို့ကို လေးစားမှုအပြည့်ဖြင့် ဆက်ဆံရသည်။ မသေမျိုးဂိုဏ်းများ၏ ဥပဒေလွှမ်းမိုးနိုင်မှုစွမ်းအားကို ကြောက်ကြသည်။ ထိုဂိုဏ်းတပည့်များ၏ ဆောင်ရွက်ချက်များက သာမန်လူတို့ကြားတွင် လူသိများသည်။ ယခုပြိုင်ပွဲဝင်နေသည့် ပါရမီရှင်များထက်ပင် ကျော်ကြားသည်။

သို့သော် လုယန်၏ လုပ်ရသည့်အလုပ်များက ထာဝရဂိုဏ်းကို အခြေတည်အဆင့်ဖြင့် သူလျှိုဝင်ရသည်။ နယ်စားရာထူးပူးတွဲယူထားသည့် ယန်ကျန်းဂိုဏ်းခွဲသခင်ကို သုတ်သင်ရသည်။ ထို့နောက် ထာဝရဂိုဏ်း၏ ဒုဂိုဏ်းချုပ်ကို တာအိုလမ်းစဉ်ဂိုဏ်းက သတ်ဖြတ်ပြီး နှစ်တစ်သောင်းလေးထောင်သက်တမ်းရှိသည့် ထာဝရဂိုဏ်းကြီး အဆုံးသတ်သွားသည်။

နောက်ပိုင်း ရွှေသန္ဓေအဆင့်ရောက်ချိန်တွင် ရေးဟောင်းခတ်ပါရမီရှင်အဖြစ်ဟန်ဆောင်၍ ကောင်းကင်ရုံးတော်ဂိုဏ်းကို တည်ထောင်သည်။ ကိုးငရဲဂိုဏ်းကို အယုံသွင်းပြီး သူတို့သတ်ဖြတ်သောင်းကျန်းမှုကို ယာယီထိန်းထားသည်။ အသားကင်ဆိုင်ဖွင့်သည်။

ထိုလုပ်ရပ်များက လျှို့ဝှက်လုပ်ဆောင်ရခြင်းဖြစ်သည်။ တစ်ခြားလူများကို အမှန်အတိုင်းပြောပြလျှင်ပင် ဘယ်သူမှယုံကြမည်မဟုတ်။

"အင်း...ဒါဆို တာအိုလမ်းစဉ်ဂိုဏ်းက မိတ်ဆွေပေါ့။ ကဲ..တိုက်ကြစို့"

ဖုန်ဟဲက ယုံကြည်ချက်အပြည့်ဖြင့် ပြုံး၍ပြောသည်။ အကောင်းပကတိဖြစ်နေသည့် ရှေးဟောင်းဗျတ်စောင်းကို မှော်လက်စွပ်ထဲမှ ထုတ်လိုက်သည်။ နေရောင်အောက်တွင် စောင်းကြိုးများက ရွှေရောင်တောက်နေသည်။

သူ့ဆရာက ထိုဗျတ်စောင်းကို အကဲဖြတ်စစ်ဆေးထားသည်။ ဝိညာဉ်ပြောင်းအဆင့်ကျင့်ကြံသူ၏ အမွေအနှစ်ဖြစ်ကြောင်း အတည်ပြုခဲ့သည်။ ခုနစ်ဆယ်ရာနှုန်းလောက် ပြန်ပြုပြင်နိုင်ခဲ့သည်။ ဝိညာဉ်ပြောင်းအဆင့်ကျင့်ကြံသူလို စွမ်းအားအပြည့် ထုတ်နိုင်မည်မဟုတ်သော်လည်း အဆင့်တူပြိုင်ဘက်များနှင့်ရင်ဆိုင်ဖို့ ထိုဗျတ်စောင်း၏ စွမ်းအားတစ်စိတ်တစ်ပိုင်း သုံးရုံဖြင့် လုံလောက်သည်။

ဖုန်ဟဲ ယုံကြည်ချက်ပြည့်နေရသည့် အကြောင်းရင်းများစွာ ရှိသည်။ လုယန်တွင် သူ့လိုပင် မျိုးဆက်တူ ဂျူနီယာဂိုဏ်းတူတပည့်များစွာရှိသည်။ အားလုံး ဆယ့်ရှစ်နှစ်မပြည့်ကြသေး။

သူတို့နှစ်ယောက်လုံး အခြေတည်အဆင့်ရောက်ပြီးစဖြစ်သည်(ဟု သူထင်သည်)။ သူတို့ထဲတွင် ကျင့်စဉ်နှုန်းအမြန်ဆုံးလူသည် အခြေတည်အလတ်တန်းအဆင့် ရှိမည်။

ထိုအချက်က ဖုန်ဟဲ၏ အထင်ကြီးလောက်သည့် ပါရမီကို သက်သေခံနေသည်။

သို့သော် လုယန်၏ဂျူနီယာများသည် လွတ်လပ်စွာကျင့်ကြံရသည့် အနေအထားတွင်ရှိသည်။ ဖုန်ဟဲက သူ့ဂိုဏ်းမှ အထူးတလည် ပြုစုပျိုးထောင်ခံထားရသူဖြစ်သည်။ တိုက်ရိုက်နှိုင်းယှဉ်ဖို့ မဖြစ်နိုင်။

ယုံကြည်ချက်ပြည့်နေသည့် သက်တူရွယ်တူပြိုင်ဘက်တစ်ယောက်ကို ရင်ဆိုင်ရမည်ဖြစ်၍ လုယန် မပေါ့ဆရဲ။ ပြိုင်ဘက်ကင်းသန္ဓေကို အသက်သွင်းလိုက်သည်။

ပြိုင်ဘက်ကင်းသန္ဓေက ချက်ချင်းအကဲဖြတ်ပေးသည်။

"ပုံမှန်အတိုင်းသာ ရိုက်လိုက်ပါ"

"ချွင်"

ဗျတ်စောင်းက ရွှေခေါင်းလောင်းသံလို မြည်လာသည်။ အသံလှိုင်းက ပဲ့တင်ထပ်၍ ထွက်လာသည်။ ရွှေရောင်အလင်းမျှင်များစွာ စတင်တုန်ခါလာသည်။ အားပြင်းသည့် အသံလှိုင်းတစ်ခု လုယန်ဆီ လိမ့်ဝင်လာသည်။ ဗျတ်စောင်း၏ဂီတသံစဉ်က လေထဲတွင် အဖြူရောင်မြွေတစ်ကောင်လို တိကျသည့် မျဉ်းကွေးအသွင်ဆန့်ထွက်လာသည်။ အသံလှိုင်းတွင် ပူပြင်းသည့်စွမ်းအင်ရောင်နှင့် ခွန်အားပါလာသည်။ လူသတ်ရိပ်ပြည့်နေသည်။

ဖုန်ဟဲ ပထမတစ်ကွက် လှုပ်ရျားသည်။ ဝိညာဉ်ချီကို ဗျတ်စောင်းထဲသို့ပေါင်းစပ်၍ အသားစီးရရန် လက်ဦးမှုယူပြီး တိုက်ခိုက်သည်။

လုယန် တိုက်ရိုက်ရင်ဆိုင်သည်ဖြစ်စေ ရှောင်တိမ်းသည်ဖြစ်စေ နောက်တစ်ကွက်ထပ်တိုက်ခိုက်ဖို့ သူပြင်ဆင်ထားပြီးဖြစ်သည်။

တိုက်ပွဲဆိုသည်မှာ ခန့်မှန်းတွက်ချက်၍ လှုပ်ရှားခြင်းပင်ဖြစ်သည်။

"အသံလှိုင်းစွမ်းအားထုတ်လွှတ်တယ်ပါ့။ သူက အခြေတည်အဆင့်ရောက်စပဲရှိသေးတာ။ ဒီပညာကိုတောင် ကျွမ်းကျင်နေပြီလား"

ဝါရင့်ကျင့်ကြံသူတစ်ယောက်က တအံ့တဩပြောသည်။ ဂီတလေ့လာသည့် ကျင့်ကြံသူများသည် ထိုအဆင့်ရောက်ဖို့ ဆယ်နှစ်မှ နှစ်နှစ်ဆယ်အထိ သင်ယူကြရသည်။ သို့သော် ဂျူနီယာဖုန်ဟဲက ကျွမ်းကျင်နေပြီဖြစ်သည်။

"သက်တမ်းရင့်အခြေတည်အဆင့် ဓားပြတစ်ယောက်ကို ဖုန်ဟဲက ဒီပညာသုံးပြီး အနိုင်ယူခဲ့တာလို့ ပြောကြတယ်။ အဲဒီတုန်းက ဗျတ်စောင်းကို ပြန်မပြင်ရသေးဘူး။ အခု ပြန်ပြင်ထားတာဆိုတော့ စွမ်းအားက ပိုပြင်းထန်မှာပဲ"

"ပွဲစစချင်း သူ့လျှို့ဝှက်ပညာကို ထုတ်သုံးနေပါလား"

"တာအိုလမ်းစဉ်ဂိုဏ်းကလုယန် ဒီတစ်ကွက်ကို ခံနိုင်ရည်ရှိပါ့မလား"

အသံလှိုင်းထွက်လာသည်နှင့် လုယန် စိတ်အေးလက်အေးမနေ။ စွမ်းအားအပြည့်ထည့်၍ ညာလက်ကို အောက်သို့ရိုက်ချလိုက်သည်။ သေမင်းတမံအသံလှိုင်း လက်ဝါးတစ်ချက်ဖြင့် ပြိုကွဲသွားသည်။

ရှေ့တစ်လှမ်းတိုး၍ လက်ညှိုးကိုဆန့်တန်းပြီး မမြင်နိုင်သည့် ဓားချီတစ်ခု ထုတ်လွှတ်လိုက်သည်။ ဖုန်ဟဲ အချိန်မီမတုံ့ပြန်နိုင်။ ဗျတ်စောင်းက သခင်ဖြစ်သူရှေ့မှ အလိုလိုကာကွယ် ခုခံပေးသည်။

ထက်မြက်ပြင်းထန်သည့် ဓားချီက ဗျတ်စောင်းကို ရိုက်ခတ်သည်။ ကြွင်းကျန်သည့် အားလှိုင်းကြောင့် ဖုန်ဟဲ၏ အတွင်းကလီစာများ ဗြောင်းဆန်သွားပြီး ဗျတ်စောင်းကိုဆုပ်ကိုင်လျက် စင်ပေါ်မှ ပြုတ်ကျသွားသည်။

အောက်ဘက်မှကျင့်ကြံသူများ ခဏငြိမ်ကျသွားသည်။ ထို့နောက် ကြက်သီးထလောက်သည့် ဆွေးနွေးသံများ ဆူညံလာလေသည်။

"မင်းမြင်လိုက်လာ။ အဲဒါ ဓားချီလား။ ဓားချီကို ငါပထမဆုံးမြင်ဖူးတာပဲ"

"သူက အသံလှိုင်းကို လက်ဝါးတစ်ချက်နဲ့ ဖြိုခွဲပြီး ဖုန်ဟဲကို တစ်ကွက်တည်းနဲ့ အနိုင်ယူသွားတာ။ ဒီလုယန် အတော်စွမ်းအားကြီးတာပဲ"

"သူအဆင့်ကဘာလဲ"

ဒိုင်လူကြီးနေရာတွင် ထိုင်နေသည့်လန်ထင် အတော်ကြာအောင် အသံတိတ်နေသည်။

နယ်စားပေးသည့်တာဝန်ကို လက်ခံခဲ့စဉ်က ရိုးရိုးရှင်းရှင်းဖြစ်မည်ဟု ထင်ခဲ့သည်။ အခြေတည်အဆင့်များ တိုက်ခိုက်ခြင်းသာဖြစ်သည်။ အားသာချက်အားနည်းချက်များကို ထောက်ပြဖို့ ခက်ခဲမည်မဟုတ်။

သို့သော်ယခုဖြစ်ရပ်က သူတွေးထားသည်ထက် ကျော်လွန်နေသည်။

ဘာပြောရမှန်းပင် မသိတော့။ အခြေတည်အဆင့်ဖုန်ဟဲကို ရွှေသန္ဓေအဆင့်ဖြင့် အနိုင်ယူခဲ့သည့် လုယန်ကို သူချီးကျူးရမည်လား။

သူထိုသို့မပြောနိုင်။

သို့မဟုတ် ဖုန်ဟဲ၏ အသံလှိုင်းတိုက်ခိုက်မှုသည် ဂီတပါရမီ၏သက်သေဖြစ်ပြီး တောက်ပသည့်အနာဂတ်ရှိကြောင်း ချီးကျူးရမည်လား။

သို့သော် ထိုအထင်ကြီးလောက်သည့် တိုက်ခိုက်မှုကို လုယန်က လက်ဝါးတစ်ချက်ဖြင့် ရိုက်ဖျက်ခဲ့သည်။

ပိုင်မင်နှင့် ယန်ထန်ကျိကို သူလှည့်ကြည့်သည်။ ပိုင်မင်က ပြိုင်ပွဲစင်ပေါ်မှ အဖြစ်အပျက်များကို မမြင်သကဲ့သို့ အသံတိတ်နေသည်။ ယန်ထန်ကျိ ပါးစပ်ဟလာပြီး စကားတစ်ခွန်း ဖြေးညှင်းစွာပြောသည်။

"မယုံနိုင်လောက်အောင်ကို..."

"မယုံနိုင်‌လောက်အောင်တဲ့လား"

ဘာကိုမယုံနိုင်ဖြစ်နေသနည်း။ မနာမကျင်စေဘဲ ဖုန်ဟဲကို စင်အောက်သို့ လွှင့်ကျအောင်လုပ်နိုင်သည့် လုယန်၏ သေသပ်သည့်ဓားစွမ်းနှင့် စွမ်းအားထိန်းချုပ်နိုင်မှုကို ချီးကျူးခြင်းလား။

လန်ထင် တွေးရခက်နေစဉ် ယန်ထန်ကျိနောက်ထပ် စကားတစ်လုံးထပ်ပြောသည်။

"...အရှက်မရှိတာပဲ"

လန်ထင် - "..."

ထိုနှစ်ယောက်ကို အားကိုး၍မရတော့ကြောင်း သူနားလည်သွားသည်။

ပင့်သက်တစ်ချက်ရှိုက်၍ မှတ်ချက်ပေးမည့်စကားကို အပြေးတစ်ပိုင်းစဉ်းစားသည်။

"ခုနက ဖုန်ဟဲရဲ့ အသံလှိုင်းတိုက်ခိုက်မှုဟာ တကယ်ထင်မထားလောက်အောင်ပါပဲ။ ဂီတပါရမီရှင်ဆိုတဲ့ နာမည်နဲ့ လိုက်ဖက်ပါတယ်။ တစ်ခြားပြိုင်ပွဲတင်တွေသာ ဒီတိုက်ခိုက်မှုကို ခုခံမယ်ဆိုရင် ဒဏ်ရာအပြင်းအထန်ရပြီး စွမ်းအားကုန်ခမ်းသွားပါလိမ့်မယ်။

ဒါပေမယ့် ဖုန်ဟဲရင်ဆိုင်ရတဲ့ပြိုင်ဘက်က လုယန်ပါ။ လုယန်က ဓားကျင့်ကြံသူပါ။ အမြင့်ဆုံးဓားပညာကိုရဖို့ စိတ်နှစ်ထားတဲ့လူပါ။ သူ့ရဲ့ အသွင်မဲ့ဓားချီမှာ ကြီးမားတဲ့စွမ်းအားပါတယ်။ ဓားလမ်းစဉ်မှာ ထူးခြားတဲ့အောင်မြင်မှုကို သက်သေပြနေပါတယ်။

ဒါပေမယ့် လုယန်နိုင်သွားတဲ့ အဓိကအကြောင်းရင်းက အဲဒါကြောင့် မဟုတ်ပါဘူး။ လုယန်က ရွှေသန္ဓေအဆင့် ဖြစ်နေလို့ပါ"

All Chapters