အလျှော့ပေးခြင်း
Vol. 24 Ch. 357
"ဘယ်လိုပေါက်တတ်ကရရွှေသန္ဓေကြီးလဲကွာ။ နောက်ဆုံးအနှစ်ချုပ်က ဘာမှမပြောင်းလဲပါလား"
လုယန်စိတ်ထဲ ဒေါသတကြီးကြိတ်၍ အော်ဟစ်လိုက်သည်။
"နင်ဘာလို့ဒါကို ပေါက်တတ်ကရလို့ ပြောနေတာလဲ။ ဒါက အခြေအနေကို သုံးသပ်တာလေ"
ထာဝရနတ်မယ်က သူ့ရွှေသန္ဓေကို ကာကွယ်သည်။
ပြိုင်ဘက်ကင်းသန္ဓေကို စတင်ဖန်တီးခဲ့သူဖြစ်၍ လုယန်အထင်အမြင်သေးသည်ကို သူသည်းမခံနိုင်။
လုယန်နှင့်နတ်မယ်တို့ အပြင်းအထန်ငြင်းခုန်ဆွေးနွေးနေချိန်တွင် ကျိုးဖန်ကောက အခွင့်ကောင်းယူ၍ တိုက်ခိုက်သည်။
"သတ်လိုက်"
သူ့ဝတ်ရုံထဲမှ အလံငယ်လေးခု ထုတ်ပြီး လေထဲတွင်မြှောက်လိုက်သည်။ အလံများက အရှေ့အနောက်တောင်မြောက် အရပ်မျက်နှာလေးခုတွင် နေရာယူ၍ လုယန်ကိုဝိုင်းထားသည်။
ဦးခေါင်းထက်တွင် အရိပ်တစ်ခုမိုးကျလာသည်ကို လုယန်ခံစားရသဖြင့် မော့ကြည့်လိုက်သည်။ တောင်ကုန်းငယ်တစ်ခု သူ့အပေါ်လျင်မြန်စွာ ထိုးကျလာသည်။
"တောင်ရွှေ့နတ်စွမ်းအားပဲ"
ကျိုးဖုန်ကော၏ မှော်ပညာကို လန်ထင် နားလည်သွားသည်။ ရွှေသန္ဓေအဆင့်ကျင့်ကြံသူပင် ထိုစွမ်းအားကို သုံးနိုင်ဖို့ခက်ခဲသည်။ ကျိုးဖန်ကောက အလံငယ်လေးခုသုံး၍ သူ့ကျင့်စဉ်အဆင့်ထက် စွမ်းအားမြင့်သည့် မှော်ပညာတစ်ခုကို ထုတ်သုံးခြင်းဖြစ်သည်။
ကျိုးဖန်ကော လုံးဝထိန်ချုပ်မထား။ သူ့ဝှက်ဖဲသုံးခုထဲမှတစ်ခုကို ချက်ချင်းသုံးလိုက်သည်။ ရွှေသန္ဓေအဆင့် ကျင့်ကြံသူကိုပင် မလှုပ်မရှားနိုင်ဖြစ်အောင်လုပ်နိုင်သည့် နတ်စွမ်းအားဖြစ်သည်။
တောင်ကုန်းက ကျလာသဖြင့် လုယန် ရှေးဟောင်းနတ်စွမ်းအားတစ်ခုဖြင့် တုံ့ပြန်သည်။
"ကောင်းကင်မျိုမြေစားစွမ်းအား"
လုယန်ပါးစပ်ကိုဟ၍ တောင်ကုန်းတစ်ခုလုံး မျိုချလိုက်သည်။ စိတ်ကျေနပ်ဟန်ဖြင့် လေတစ်ချက်ပျို့လိုက်သေးသည်။
"ဒါက ထောင်ထျဲ့မျိုးနွယ်ရဲ့ ကောင်းကင်မျိုမြေစားပညာပဲ"
ပိုင်မင် မယုံနိုင်အောင် ဖြစ်သွားသည်။ ထိုပညာသည် ထောင်ထျဲ့မျိုးနွယ်၏ အခြေခံနတ်စွမ်းအားဖြစ်သည်။ လုယန်ကျွမ်းကျင်နေမည်ဟု သူလုံးဝထင်မထား။
တောင်ရွှေ့နတ်စွမ်းအားနှင့်ယှဉ်လျှင် ကောင်းကင်မျိုမြေစားပညာက အဆင့်ကြီးတစ်ဆင့် ပိုခက်ခဲသည်။
ထောင်ထျဲ့မျိုးနွယ်စစ်သည်ပင် ရွှေသန္ဓေအဆင့်တွင် ထိုသွေးဆက်နတ်စွမ်းအားပညာကို မသင်ယူနိုင်ဟု ပိုင်မင်ကြားဖူးသည်။
"လုယန်တတ်ထားတဲ့ နတ်စွမ်းအားပညာဟာ တစ်ခုတည်းမဟုတ်နိုင်မှန်း ငါကြိုသိသားပဲ"
ယန်ထန်ကျိ မျက်လုံးနည်းနည်းမှေးသွားသည်။ ကိုယ့်ထင့်အဆင့်မြင့်သူများကို စိန်ခေါ်နိုင်သည့်ကျင့်ကြံသူတစ်ယောက် ပီိသသည်။ လုယန်သည် ကောင်းကင်မျိုမြေစားပညာကိုပင် တတ်မြောက်ထားသည်။
သူလည်း ထိုပညာကိုတတ်ပါသည်။ သို့သော် သူတတ်ထားသည်က ဖြတ်လမ်းနည်းဖြစ်သည်။ လုယန်လို ကိုယ့်အစွမ်းနဲ့ကိုယ် ကျင့်ကြံတတ်မြောက်ထားခြင်းမဟုတ်။
ကျိုးဖန်ကော ထင်မထားခဲ့။ သူသေချာပြင်ဆင်ထားသည့် လျှို့ဝှက်ပညာစွမ်းတစ်ခုကို လုယန်က အလွယ်တကူ ချေဖျက်သွားသည်။
"မသေမျိုးဂိုဏ်းတပည့် ပီသပါတယ်။ ဒါပေမယ့် ငါမပြီးသေးဘူးကွ"
ကျိုးဖန်ကော လက်ဝါးနှစ်ဘက် ဖျတ်ခနဲအတူပူးလိုက်သည်။ စူးရှသည့်အဖြူရောင်အလင်းတန်းတစ်ခု လက်ဝါးများကြားမှ ပေါက်ကွဲထွက်လာသည်။ စူးရှသည့်ဆူညံသံတစ်ခု ပေါ်လာသဖြင့် ကြည့်နေသည့်ပရိတ်သတ်များ နားကိုလက်ဖြင့်အုပ်လိုက်ကြသည်။
ပူပြင်းသည့်လျှပ်စီးအလင်း သူ့လက်ဝါးနှစ်ဘက်တွင် ပေါ်လာသည်။ သူ့မျက်နှာကို လျှပ်စီးရောင်ဟတ်နေသည်။ သူ့အသွင်က မကောင်းဆိုးဝါးအသွင်ဖြစ်လာသည်။
"ဒါက မိုးကြိုးလက်ဝါးပဲ"
ထာဝရနတ်မယ် ထိုမှော်ပညာကို ချက်ချင်းနားလည်သည်။
"ဒါက ယင်ထန်မသေမျိုး တီထွင်ခဲ့တဲ့ပညာပါ။ ငါ့ထက်အဆင့်မြင့်တဲ့လူတွေကို စိန်ခေါ်တိုက်ခိုက်တုန်းက သူအဲဒီပညာသုံးတယ်။ ဒါပေမယ့် သူကခြေထောက်အောက်မှာ လျှပ်စီးဖန်တီးပြီး ငါ့ကိုအလစ်အငိုက်လှမ်းကန်တာ။ အခု လူတွေက ဒီပညာကိုပြုပြင်ပြီး လက်ဝါးနဲ့သုံးနေကြတာပဲ"
"...ပိုကြည့်ကောင်းအောင်လို့ဖြစ်မျာပေါ့"
လုယန်ပြောနေစဉ်မှာပင် မိုးကြိုးလက်ဝါးက သူ့အပေါ်တည့်တည့်ကျလာသည်။
"ဘုန်း"
မိုးကြိုးလက်ဝါးချက်ကြောင့် ကြောက်စရာစွမ်းအင်များ ပေါက်ကွဲသွားသည်။ ဖုန်မှုန့်များ လိမ့်တက်လာသည်။ အားလှိုင်းများ ပြိုင်ပွဲစင်တစ်ခုလုံး ပြန့်နှံ့သွားသည်။ တိုက်ခိုက်နေသည့် ယန်သခင်လေးတို့လူစုကိုပင် အဖျားခတ်သွားသည်။
ကျိုးဖန်ကော အသက်ကိုမောပန်းစွာ ရှူနေရသည်။ ထိုမိုးကြိုးလက်ဝါးကျင့်စဉ်ကို ကူးဖြတ်ခြင်းအဆင့်အမွေအနှစ်တစ်ခုမှ သူရခဲ့ခြင်းဖြစ်သည်။ သူ့ဝိညာဉ်စွမ်းအားသည် တစ်ခြားအဆင့်တူလူများထက် ဆယ်ဆသာသော်လည်း ထိုမိုးကြိုးလက်ဝါးထုတ်သုံးလိုက်သဖြင့် စွမ်းအင်ခမ်းခြောက်လုနီးပါးဖြစ်သွားသည်။
"ဒီလက်ဝါးချက်ကို တိုက်ရိုက်ခုခံရင် အခြေတည်အစောပိုင်းအဆင့်မပြောနဲ့။ ရွှေသန္ဓေအလတ်တန်းအဆင့်တောင် အကောင်းပကတိ ထွက်လာနိုင်မှာမဟုတ်ဘူး"
ကျိုးဖန်ကော လှောင်ပြုံးပြုံးနေသည်။ သူ့ကိုအထင်သေးသည့်အတွက် လုယန်ထိုသို့ပေးဆပ်ရခြင်းဖြစ်သည်။
"ဪ...ဟုတ်လား။ ငါက ဘာမှမထူးခြားသလိုပဲလို့ တွေးနေတာ"
ဖုန်မှုန်များကြားမှ စကားသံတစ်ခု ပေါ်လာသည်။ ကျိုးဖန်ကော ကျောရိုးထဲစိမ့်တက်သွားသည်။
စိတ်ကိုတင်း၍ လုယန်၏တိုက်ခိုက်မှုကို ခုခံရန်ပြင်နေစဉ် လုယန်က သူ့နောက်ဘက်တွင်ပေါ်လာသည်။ ပြုံး၍ ကျိုးဖန်ကောပုခုံးကိုပုတ်သည်။
ကျိုးဖန်ကော ချက်ချင်း ရှေ့သို့ခုန်ရှောင်သည်။ သို့သော် လုယန်၏လက်က တောင်တန်းတစ်ခုကဲ့သို့ ကျိုးဖန်ကောကိုဟန်ချက်ပျက်သွားအောင် တွန်းထုတ်လိုက်သည်။ မတ်တပ်ရပ်ဖို့ပင် အတော်ခက်ခဲနေသည်။
အားဖြည့်ဆေးတစ်လုံးသောက်၍ လုယန်ကို သတိဖြင့်ကြည့်နေသည်။
"မသေမျိုးဂိုဏ်းတပည့် တကယ်ပီသတာပဲ။ ဒီတိုက်ကွက်နဲ့တောင် မင်းကိုထိခိုက်အောင် မလုပ်နိုင်ဘူး။ ဒီတော့ ငါနောက်ထပ် ထိန်းချုပ်မထားတော့ဘူး"
တတိယလျှို့ဝှက်တိုက်ကွက်က ပေးဆပ်ရမည့်တန်ကြေးများသည်။ သို့သော် ရွှေသန္ဓေနောက်ဆုံးအဆင့်နှင့် ယှဉ်နိုင်လောက်အောင် စွမ်းအားကြီးသည်။ အနိုင်ရဖို့အတွက် အလောင်းအစားလုပ်ရန် ထိုက်တန်သည်ဟု သူခံစားရသည်။
နောက်ဆုံးဝှက်ဖဲကို ထုတ်သုံးရန်ပြင်နေစဉ်မှာပင် တစ်ကိုယ်လုံး ရုတ်တရက် ပေါ့ပါးသွားသည်။ သူ့ဘေးပတ်လည်မြင်ကွင်းများ ဝေဝါးသွားသည်။ လုယန်က သူ့အင်္ကျီလက်ကိုကိုင်၍ ပြိုင်ပွဲကွင်းအပြင်ဘက်သို့ လွှင့်ပစ်လိုက်သည်။
ယုံကြည်မှုအပြည့်ရှိနေခဲသည့်ကျိုးဖန်ကောအား လုယန်က အလွယ်တကူ အနိုင်ယူလိုက်သည့်မြင်ကွင်းကို ယန်သခင်လေးတို့လူစု ကြည့်နေကြသည်။ သူတို့အတော်စိတ်ပျက်သွားသည်။
လုယန်ကို အနိုင်ယူမည်ဟု ကျိုးဖန်ကော ကြွေးကြော်ခဲ့သည်။ လုယန်က အားအပြည့်ပင်ထုတ်မသုံးခဲ့။ ဓားကိုင်လက်ကိုပင်မမြှောက်သေးကြောင်း သူတို့သတိထားမိသည်။
ထို့နောက် စိတ်ပျက်စရာအကောင်းဆုံးစကားလုံးများကို သူတို့ကြားရသည်။
"ဟားဟား၊ လောင်မုန်၊ မင်းက မပြီးသေးဘူးလား။ အရမ်းနှေးတာပဲ။ ငါလာကူပါ့မယ်"
ဖြစ်လာတော့မည့်မြင်ကွင်းကို မကြည့်လိုတော့သဖြင့် လန်ထင်တို့သုံးယောက် မျက်လုံးမှိတ်ထားမိကြသည်။
လုယန်နှင့်မုန်ကျင်းကျိုးသည် နတ်ဝိညာဉ်အစောပိုင်းအဆင့်များကိုပင် တိုက်ခိုက်နိုင်စွမ်းရှိကြသည်။ အခြေတည်လူတစ်စုကို တိုက်ခိုက်ဖို့ဆိုသည်မှာ ကလေးများကိုရိုက်နှက်ရသည်ထက်ပင် လွယ်သေးသည်။
လုယန် ဝင်လာသည်ကိုမြင်သဖြင့် ယန်သခင်လေးတို့လူစု အစောပိုင်းက တိုက်ပွဲဗျူဟာများကို စွန့်ပစ်ပြီး တစ်ယောက်တစ်နေရာစီ လူခွဲ၍ပြေးကြသည်။
ထိပ်တိုက်ရင်ဆိုင်မည့်အစား အမြန်ဆုံးပြေးနိုင်ဖို့ ကြိုးစားကြသည်။ သို့မဟုတ် တတိယနေရာရဖို့ ကံအကောင်းဆုံးလူဖြစ်အောင် ကြိုးစားကြသည်။
သူတို့လူစုကို ကြက်ဖမ်းသလို လိုက်ဖမ်းနေသည့် လုယန်နှင့်မုန်ကျင်းကျိုးကို ပရိတ်သတ်များ ကြည့်နေကြသည်။ ထိုနှစ်ယောက်သည် လူကောင်းများမဟုတ်ဟု ခံစားရပြီး အတင်းအဖျင်းစပြောကြသည်။
"ဘာလို့ ယန်သခင်လေးတို့လူစုက အဲလောက်သနားစရာကောင်းနေတာလဲ"
"နောက်စရာမဟုတ်ဘူးလေ။ ရွှေသန္ဓေအဆင့်က အခြေတည်အဆင့်တွေကို အနိုင်ကျင့်ပြီး ပျော်ပျော်ရွှင်ရွှင် ရယ်နေတယ်။ တကယ်အကျင့်မကောင်းကြတာပဲ"
"အကိုမုန်၊ ကျုပ်က ချင်းကျိုးရဲ့ ယန်မိသားစုကပါ။ ကျုပ်တို့နှစ်ယောက်လုံး မြင့်မြတ်တဲ့မိသားစုဝင်တွေပါ"
မုန်ကျင်းကျိုး၏နာမည်ဂုဏ်သတင်းကို ကြားဖူးထားသဖြင့် ယန်သခင်လေးက ညှိနှိုင်းဖို့ကြိုးစားသည်။
မုန်ကျင်းကျိုးက မျက်နှာတင်းတင်းဖြင့်
"ဒါက ပြိုင်ပွဲကွင်းလေ။ ပြိုင်ပွဲကွင်းမှာ အဆင့်အတန်းခွဲစရာမလိုဘူး။ အနိုင်အရှုံးကို နောက်ခံအဆင့်အတန်းနဲ့ မဆုံးဖြတ်သင့်ဘူး။ မင်းကိုညှာလိုက်ရင် ပြိုင်ပွဲကို မလေးစားရာကျမယ်။ ယန်မိသားစုကို သိက္ခာချရာ ရောက်သွားမှာပေါ့"
ယန်သခင်လေးက သတိထား၍ ပြန်မေးသည်။
"ဒါပေမယ့်အကိုမုန်ကရော ရွှေသန္ဓေအဆင့်နဲ့ ပြိုင်ပွဲဝင်ပြိုင်တာ မုန်မိသားစုကို သိက္ခာချရာမရောက်ဘူးလား"
"မရောက်ဘူး။ ငါက အိမ်ကထွက်ပြေးလာပြီးသားပါ"
ထိုသို့ပြောပြီးနောက် ယန်သခင်လေးကို ကွင်းအပြင်ဘက်သို့ ကန်ထုတ်လိုက်သည်။
ကုချီရှန်းတို့က ကိုယ့်သဘောဆန္ဒအလျောက် စင်မြင့်ပေါ်မှ ခုန်ဆင်းသွားသည်။ လုယန်နှင့် မုန်ကျင်းကျိုးသာ ကျန်ခဲ့သည်။
"ပထမနဲ့ ဒုတိယနေရာကို ငါတို့နှစ်ယောက်ပဲ ဆုံးဖြတ်ရတော့မယ်ထင်တယ်"
လုယန် ပြုံးလိုက်သည်။ ခုနက တိုက်ခိုက်ရသည်မှာ သိပ်အားမရ။ ယခု စိတ်လွတ်ကိုယ်လွတ်တိုက်ခိုက်နိုင်ပြီဖြစ်သည်။
မုန်ကျင်းကျိုးလည်း ပြုံးနေသည်။ ရွှေသန္ဓေစွမ်းအင်ရောင်ကို ထုတ်လွှတ်လိုက်သည်။ သူတို့အောက်ဘက်မှမြေပြင် တုန်ခါလာသည်။
"စဉ်းစားကြည့်လိုက်တော့ ငါတို့ချင်းမတိုက်ခိုက်ရတာတောင် အတော်ကြာပြီပဲ။ ဒါအကောင်းဆုံးအခွင့်အရေးပဲ"
"ငါလည်း အဲလိုပဲ တွေးနေတာပါ"
လုယန်လည်း မုန်ကျင်းကျိုးနှင့်တန်းတူအဆင့်ရှိသည့် စွမ်းအင်ရောင်ကို ထုတ်လွှတ်လိုက်သည်။
စင်မြင့်ပေါ်တွင် စွမ်းအင်ရောင်နှစ်ခု ရိုက်ခတ်သွားသည်။ ပုံမှန်ရွှေသန္ဓေအခြေခံဆင့်ကျင့်ကြံသူများ ထုတ်လွှတ်သည့်စွမ်းအင်ရောင်ထက် များစွာသာလွန်သည်။ ပြိုင်ပွဲကွင်းတစ်ခုလုံး ဆူပွက်နေသည့် ရေနွေးအိုးတစ်ခုလို ဖြစ်လာသည်။
ရုတ်တရက် လုယန် ကိစ္စတစ်ခုကို သတိရလာပြီး ဒိုင်လူကြီးစင်မြင့်ဆီ မော့ကြည့်လိုက်သည်။
"ဪ ဒါနဲ့လန်ထင်။ မင်းကိုတစ်ခုမေးဖို့ မေ့သွားတယ်"
"ပြောပါ"
"ပထမနေရာအတွက် ဆုကြေးရှိလား"
လန်ထင်က ထူးဆန်းသည့်အပြုံးမျိုးပြုံးသည်။ လုယန် ရင်ထိတ်လာသည်။
"ရှိတာပေါ့"
"ဘယ်လိုဆုကြေးလဲ"
"တတိယဆုက ရွှေသန္ဓေတည်ဆောက်တဲ့ ရတနာတစ်ခုရမယ်။ ရွှေသန္ဓေတည်ဆောက်တာအောင်မြင်နိုင်ခြေ ငါးဆယ်ရာနှုန်းထိ တိုးစေတယ်။ ပထမဆင့်ရွှေသန္ဓေရနိုင်ခြေ ဆယ်ရာနှုန်းရှိတယ်။
ဒုတိယဆုက ရွှေသန္ဓေတည်ဆောက်တဲ့ရတနာတစ်ခုရယ်။ ပြီးတော့ နယ်စားမင်းတန်ဖိုးထားတဲ့ ရွှေသန္ဓေအတွေးအမြင်စာအုပ်ရမယ်"
ပထမဆုကတော့ ရွှေသန္ဓေတည်ဆောက်တဲ့ရတနာနဲ့ ရွှေသန္ဓေအတွေးအမြင်စာအုပ်မယ်။ အဲဒါအပြင် နယ်စားမင်းကပြောတယ်။ ပြိုင်ပွဲဝင်တဲ့ကျင့်ကြံသူတွေဟာ လက်တွေ့တိုက်ပွဲအတွေ့အကြုံနဲ့ ရွှေသန္ဓေတည်ဆောက်တဲ့ဗဟုသုတမရှိသေးတဲ့အတွက် ကျွန်မတို့ဒိုင်လူကြီးသုံးယောက်ကိုယ်တိုင် သိုင်းပြိုင်ကွင်းထဲဝင်ပြီး ပထမရတဲ့လူကို ဘယ်လိုတိုက်ခိုက်ရမယ်ဆိုတာ ညွှန်ကြားပေးရမယ်တဲ့"
လုယန် မျက်တောင်တစ်ချက်ခတ်သည်။ ဒိုင်လူကြီးသုံးယောက်၏ ထူးဆန်းသည့်အပြုံးများကိုကြည့်၍ ကျောရိုးထဲစိမ့်တက်လာသည်။ ချက်ချင်းနောက်လှည့်ပြီး ပြိုင်ပွဲစင်ပေါ်မှခုန်ဆင်းသည်။
"လောင်မုန်၊ ပထမနေရာက မင်းအပိုင်ပါပဲကွာ"
မုန်ကျင်းကျိုးက လုယန်ကို လှမ်းဆွဲလိုက်ပြီး ပြိုင်ပွဲကွင်းထဲမှ သူ့ထက်ဦးအောင်ခုန်ဆင်းသည်။
"ငါ့ကံကြမ္မာက အရမ်းနည်းလွန်းတယ်။ ပထမနေရာရဲ့ ဝန်ထုပ်ဝန်ပိုးကို မခံနိုင်ဘူး။ မင်းပဲယူလိုက်ပါ"