နှစ်ယောက်တွဲ
Vol. 24 Ch. 358
"ဘုန်း ဘုန်း ဘုန်း"
လုယန်နှင့်မုန်ကျင်းကျိုး အပြန်အလှန်တိုက်ခိုက်နေသည်။ ထိချက်တိုင်းက မိုးခြိမ်းနေသယောင်ထင်ရသည်။ သူ့တို့ခြေသိုင်းကွက်များ လှုပ်ရှားဟန်များက ပြည့်စုံသည်။ အနည်းငယ်နေရာရွှေရုံဖြင့် တိုက်ခိုက်မှုများကို ရှောင်တိမ်းနိုင်သည်။
စွမ်းအားထိန်းချုပ်မှုက အလွန်တိကျသည်။ အောက်ဘက်မှကြည့်နေသည့် ရွှေသန္ဓေကျင့်ကြံသူများပင် မျက်ခုံးလှုပ်၍ စိတ်လှုပ်ရှားစွာ တံတွေးမျိုနေကြသည်။ ထိုမျှတိုက်ပွဲပြင်းထန်နေသော်လည်း စွမ်းအားအပို တစ်စွန်းတစ်စမှ ထွက်မလာ။ ထိုနှစ်ယောက် ရွှေသန္ဓေအခြေခံအဆင့်ဆိုသည်မှာ ယုံဖို့ခက်လှသည်။
မဟုတ်သေး။ ထိုထိန်းချုပ်နိုင်စွမ်းမျိုးသည် ရွှေသန္ဓေအဆင့်ပင် ဟုတ်နိုင်ပါမည်လော။
"မင်းမှာ တစ်ကိုယ်တော်ကျိန်စာလက်သီးရှိတာပဲ။ ပြိုင်ဘက်သုံးယောက်ကို အသာလေးအနိုင်ယူနိုင်ပါတယ်"
"အဓိပ္ပါယ်မရှိတာကွာ ငါ့တစ်ကိုယ်တော်ကျိန်စာလက်သီးက ယောက်ျားတွေအတွက်ပဲ သုံးလို့ရတာ။ ဒီလက်သီးသုံးရင် သူတို့က စွမ်းအားနှစ်ဆမြှင့်ပြီး တိုက်ခိုက်လာမှာပေါ့။ မင်းမှာ လုမိသားစုအရဟတ်လက်သီးရှိတာပဲ။ ဒီသုံးယောက်က မင်းကိုဘာလုပ်နိုင်မှာလဲ"
"မင်းလာနောက်နေတာလား။ ငါအရဟတ်လက်သီးသုံးရင် လန်ထင်ကငါ့ကို အလွတ်ပေးမယ်ထင်လို့လား။ လသံလွင်မသေမျိုးနန်းတော်တစ်ခုလုံးက ငါ့ကိုအလွတ်ပေးကြမှာမဟုတ်ဘူး။ ပြီးတော့ မင်းပဲ ပထမရချင်တယ်လို့ ပြောခဲ့တာမဟုတ်လား။ မင်းကို ပထမနေရာပေးမယ်လေ"
"စိတ်မလောပါနဲ့။ မင်းလည်း ပထမဖြစ်နိုင်ပါတယ်"
သူတို့တိုက်ခိုက်ကြသည်။ ဒုတိယနေရာကို လုကြသည်။
တစ်ယောက်ချင်းယှဉ်လျှင် သူတို့ ဘယ်သူ့ကိုမှမကြောက်ပါ။ သို့သော် သုံးယောက်တစ်ယောက်တိုက်ခိုက်ဖို့တော့ မဖြစ်နိုင်။ သူတို့ဦးနှောက်ကို ပြိုင်ဘက်ကင်းရွှေသန္ဓေဗီဇ လွှမ်းမိုးမနေလျှင် ထိုစွန့်စားမှုမျိုးကို ဘယ်သူမှလုပ်ကြမည်မဟုတ်။
လုန်ယန် စင်ပေါ်မှခုန်ဆင်းရန်ကြိုးစားလျှင် မုန်ကျင်းကျိုးက လှမ်းဆွဲပြီး ပုခုံးဖြင့်ဖိထားသည်။ မုန်ကျင်းကျိုးခုန်ချရန် ကြိုးစားလျှင် လုယန်က ခါးကိုလှမ်းဆွဲပြီး နောက်ပြန်ကိုင်လွှင့်သည်။
တစ်ယောက်နှင့်တစ်ယောက် ပြိုင်ပွဲစင်မှ မထွက်နိုင်အောင် အကြိမ်ကြိမ်တားဆီးကြသည်။ ပထမနေရာကို အလျှော့ပေးနိုင်အောင် ကြိုးစားကြသည်။
ပြင်းထန်စွာ တိုက်ခိုက်နေကြပြီးနောက် နောက်ဆုံးတွင် တစ်ယောက်ကိုတစ်ယောက်ဆွဲရင်း စင်ပေါ်မှ ပြိုင်တူကျသွားသည်။
ပိုင်မင်ထရပ်၍ လက်ခုပ်တီးသည်။
"ပထမနေရာကို ပူးတွဲရရှိသွားပါပြီခင်ဗျာ။ သူတို့အတွက် လက်ခုပ်တီးပေးကြပါဦး"
ပြိုင်ပွဲမှတ်ချက်ပေးရသည့်ကိစ္စကို ကျော်လိုက်ပြီး ရွှေရောင်နှင့်အဖြူရောင်အမှတ်အသားပါသည့် လှံရှည်ကိုကိုင်၍ ဒိုင်လူကြီးထိုင်ခုံမှ ပြိုင်ပွဲကွင်းထဲသို့ ချက်ချင်းခုန်ဆင်းလိုက်သည်။
လန်ထင်နှင့် ယန်ထန်ကျိလည်း ကပ်လိုက်လာသည်။
"ဂုဏ်ယူပါတယ် အကိုလုယန်၊ အကိုမုန်ကျင်းကျိုး။ ပါရမီရှင်အခြေတည်ကျင့်ကြံသူတွေ ဒီလောက်အများကြီးအနိုင်ယူပြီး ပထမနေရာကို ရလာမယ်လို့ ဘယ်သူထင်ထားမှာလဲ"
ပိုင်မင်က ရယ်ချင်စိတ်ကိုထိန်း၍ ပြောသည်။
"ငါတို့ကြားမှာ နားလည်မှုလွဲနေတာတစ်ခုရှိမယ်ထင်တယ်။ လန်ထင်၊ မင်းင့ါအကြောင်းသိပါတယ်။ ငါ့ထက်အားနည်းတဲ့လူတွေကို ငါဘယ်တုန်းကမှ အနိုင်မကျင့်ဖူးပါဘူး"
လုယန် လျှောက်လဲချက်ပေးသည်။
"တိုက်ကြ"
ပိုင်မင်က လုယန်နှင့်မုန်ကျင်းကျိုးကို စကားပြောခွင့်မပေး။ ယှဉ်ပြိုင်တိုက်ခိုက်ဖို့ ရှားပါးအခွင့်အရေးတစ်ခု ရလာခြင်းဖြစ်သည်။ နောက်တစ်ခါထိုအခွင့်အရေးမျိုးရဖို့ ဘယ်လောက်စောင့်ရဦးမည်မသိ။
ဓာတ်ငါးမျိုးဂိုဏ်း၏ ပါရမီအထူးချွန်ဆုံးတပည့်ဖြစ်သည့် ပိုင်မင်သည် သူနှင့်သင့်တော်သည့်ပြိုင်ဘက်ကို ရှာတွေ့ဖိုခဲယဉ်းသည်။ သူနဲ့အဆင့်တူတွင် ဘယ်သူမှ သူ့ကိုမနိုင်။ သူ့အဆင့်မြင့်သူများကို တိုက်ခိုက်ရသည်ကလည်း စစ်မှန်သည့်ခံစားချက်မျိုး မခံစားရ။
သူရွေးချယ်စရာလူကို တွေးကြည့်လျှင် တစ်ခြားမသေမျိုးလေးဂိုဏ်းမှ တပည့်များသာ သူ့ပြိုင်ဘက်စစ်ဖြစ်နိုင်သည်။
သူ့လှံကို အပေါ်သို့ ဝှေ့ယမ်းလိုက်သည်။ အဖြူရောင်အလင်းရိပ်တစ်ခု ပြိုင်ပွဲက်ွင်းထဲ ဖြတ်သန်းသွားသည်။ လုယန် ဓားကိုမြှောက်၍ ခုခံသည်။ လှံဖျားက ဦးတည်ရာလွဲသွားသည်။ အင်အားကြီးရန်သူကို ရင်ဆိုင်ရသကဲသို့ သတိမပြတ်ထားသည်။
"သိပ်ကောင်းတဲ့တိုက်ကွက်ပဲ။ စင်ပေါ်မှာ အခြေတည်အဆင့်တွေနဲ့ တိုက်ခိုက်တုန်းကတောင် ဒီလိုဖိအားမျိုးမခံစားခဲ့ရဘူး"
လုယန်၏စိတ်ဝင်စားမှု မြင့်တက်သွားသည်။ မျက်လုံးများက တိုက်ပွဲဆန္ဒဆို့ဖြင့် အရောင်လက်လာသည်။ ပိုင်မင်က တိုက်ခိုက်ချင်သည်ဆိုလျှင် တိုက်ပွဲကောင်းတစ်ခု ဖန်တီးပေးရမည်။
မည်သို့ဆိုစေ သူချင်းကျိုးပွဲတော်လာတက်ခြင်းမှာ သက်တူရွယ်တူများနှင့် ပညာဖလှယ်ဖို့ဖြစ်သည်။
လုယန်ကလိသည့်စကားကြောင့် ပိုင်မင်က နေမီးတောက်စစ်ကို လှံထိပ်တွင်ဖန်တီးလိုက်သည်။ စင်မြင့်ထက်မှအပူချိန် မြင့်တက်လာသည်။ အကာအကွယ်မှော်စက်ဝန်းနောက်ဘက်မှ ပရိတ်သတ်များပင် စင်မြင့်ပေါ်မှ ရိုက်ခတ်လာသည့် အပူလှိုင်းများကို ခံစားရသည်။
လုယန် မျက်ခုံးတစ်ဘက်မြင့်တက်သွားသည်။ အခြေတည်အဆင့်တုန်းက ပိုင်မင် ရွှေကျီးကန်းမီးတောက် အသုံးပြုခဲ့သည်ကို သူမှတ်မိသည်။ အခြေတည်အဆင့်သို့တက်ပြီးနောက် ထိုမီးတောက်က သန့်စင်ယန်မီးတောက်နှင့် တန်းတူအဆင့်ရှိသည့် နေမင်းမီးတောက်စစ်အဖြစ် ပြောင်းလဲသွားသည်။
သို့သော် စွမ်းအားချင်းယှဉ်လျှင် တစ်ကိုယ်တော်အမွှာရွှေသန္ဓေတည်ဆောက်ထားသည့် မုန်ကျင်းကျိုး၏ သန့်စင်ယန်မီးတောက်ကို မမီနိုင်။
သမိုင်းတွင် ဘယ်တစ်ကိုယ်တော်ဝိညာဉ်မြစ်ပိုင်ရှင်မှ ထိုမျှအစွန်းရောက်သည့်လမ်းကြောင်းမျိုး မရွေးချယ်ရဲခဲ့ကြ။
"ဖြတ်ဓား"
လုယန် ခပ်အုပ်အုပ်အော်ဟစ်လိုက်သည်။ ချင်ဖုန်းဓားက လေထုကို ရွှီးခနဲထိုးခွဲသွားသည်။ ပြိုင်ပွဲကွင်းတစ်ခုလုံး ဓားအော်သံပဲ့တင်ထပ်သွားသည်။ ကျင့်စဉ်အဆင့်နိမ့်သူများ မျက်စိကိုအပ်ဖြင့်ထိုးသလို ခံစားကြရသည်။
"ဒါက ဓားစွမ်းအင်ပဲ"
ပရိတ်သတ်ထဲမှ ရွှေသန္ဓေအဆင့် ကျင့်ကြံသူတစ်ယောက်က တအံ့တဩပြောလိုက်သည်။ ဓားစွမ်းအင် အတိုင်းအတာတစ်ခုထိရောက်လျှင် တိုက်ရိုက်ကြည့်ရုံဖြင့် ခန္ဓာကိုယ်ထိခိုက်နိုင်သည်ဟု ကြားဖူးသည်။
ဓားစွမ်းအင်ကို ထိုအတိုင်းအတာထိ ကျင့်ကြံထားသူမျိုး သူတစ်ခါမှမမြင်ခဲ့ဖူး။
လုယန်က ရွှေသန္ဓေအခြေခံအဆင့်၌ ရုပ်ခန္ဓာထိခိုင်နိုင်သည့် ဓားစွမ်းအင်မျိုးကို ကျွမ်းကျင်နေသည်။
ဓားစွမ်းအင်က ပိုင်မင်လှံဖျားမှနေမီးတောက်ကို ပိုင်းဖြတ်သွားသည်။ မီးတောက်စစ်မြေပြင်ပေါ်ကျသွားသည်။ မီးပွားကျသည့်နေရာတွင် တွင်းငယ်များအဖြစ် လောင်ကျွမ်းသွားသည်။
ယန်သခင်လေးတို့နှင့် တိုက်ခိုက်စဉ်က သိုင်းပြိုင်ကွင်း လုံးဝမပျက်စီးခဲ့။
လုယန် သဘောကျစွာရယ်မောလိုက်သည်။ သူ့တိုက်ပွဲစိတ်ဓာတ်များ မြင့်တက်လာသည်။
"လန်ထင်၊ မင်းနဲ့ပိုင်မင် ငါ့ဆီအတူတက်ခဲ့ပါ"
လန်ထင် မပွင့်တပွင့်ပြုံးသည်။
"အကိုလုဆန္ဒအတိုင်းပါပဲ"
သူ့ဂါဝန်မှ ဖဲကြိုးများ ရေးကူးနေသည့်နဂါးများပမာ လူးလွန့်လှုပ်ရှားလာပြီး လုယန်ကို ဝိုင်းရလျက် ချက်ချင်းရစ်ပတ်သွားသည်။ ထိန်းချုပ်ရန် ကြိုးစားသည်။
"မြေအောင်းစွမ်းအား"
လုယန် ထိုအဖြစ်မျိုးကို မျှော်လင့်ထားပြီးဖြစ်၍ မြေထဲသို့အောင်းသွားသည်။ ဖဲကြိုးများကြားမှ လွတ်မြောက်သွားသည်။
"ဒီမိန်းကလေးက စိတ်ဝင်စားစရာပဲ။ သူလည်း မသေမျိုးခန္ဓာတစ်ခုပိုင်တယ်။ နင့်အတွက် တိုက်ပွဲကောင်းတစ်ခုကြုံပြ"
သိစိတ်နယ်မြေမှ ထာဝရနတ်မယ်က သူ့အိပ်ယာပေါ်မှ စောင့်ကြည့်နေသည်။
"လန်ထင်လည်း မသေမျိုးခန္ဓာပိုင်ရှင်ပေါ့"
လန်ထင်ကို ဧကဝိညာဉ်မြစ်ပိုင်ရှင်ဟုသာထင်ထားသည်။
"ဟုတ်တယ်။ သူက ကမ္ဘာဦးကပ်ဆိုးမသေမျိုးရုပ်ခန္ဓာပိုင်ရှင်ပဲ။ ဒဏ္ဍာရီအရ လူသားမျိုးနွယ်တွေ ပိုင်ဆိုင်ခဲ့တဲ့ ပထမဆုံးမသေမျိုးခန္ဓာပဲ။ မသေမျိုးခန္ဓာကျင့်စဉ်စနစ်မပေါ်ခင်က လူသားတွေအတွက် တစ်လောကလုံးကျင့်ကြံကြတဲ့နည်းလမ်းက ချီလေ့ကျင့်ခြင်းကျင့်စဉ်ပဲ။ ကျင့်ကြံသူတွေ သဘာဝကနေ ချီစွမ်းအင်မျိုးစုံ ခန္ဓာကိုယ်ထဲကို ဆွဲယူကြတယ်။ အောင်မြင်သွားတဲ့လူတွေကို ချီလေ့ကျင့်သူတွေလို့ ခေါ်တယ်။
ဒါပေမယ့် ဒီနည်းလမ်းက လူတိုင်းကျင့်ကြံလို့မရတော့ တဖြေးဖြေးစွန့်ပယ်လာကြတယ်။
ချီလေ့ကျင့်မှုပညာဖန်တီးခဲ့တဲ့လူက ကမ္ဘာဦးကပ်ဆိုးမသေမျိုးခန္ဓာပိုင်ရှင်ပဲ။ လူသားကျင့်ကြံမှုရဲ့ ရှေ့ဆောင်လမ်းပြပဲ။ သားရဲတွေနဲ့ သဘာဝဘေးအန္တရာယ်တွေကို ခုခံနိုင်ပြိး အရိုင်းခေတ်မှာ လူသားတွေ ကိုယ့်ဘာသာရှင်သန်ရပ်တည်နိုင်အောင် သူဦးဆောင်ခဲ့တယ်။ ကမ္ဘာဦဂကပ်ဆိုးရဲ့ လမ်းပြမှုကြောင့် လူသားတွေ ပထမဆုံးအလင်းရောင်ကို မြင်လာရတယ်။ ဒါကြောင့် ဒီမသေမျိုးခန္ဓာကို ကမ္ဘာဦးကပ်ဆိုးမသေမျိုးခန္ဓာလို့ နာမည်ပေးခဲ့တယ်။
ဒါနဲ့ ငါနင့်ကို ကူတိုက်ပေးရမလား"
"မလိုဘူး။ ပြိုင်ဘက်ကင်းသန္ဓေကို စမ်းကြည့်ဦးမယ်"
......
ယန်ထန်ကျိ မုန်ကျင်းကျိုးထံ အသံတိတ်ချဉ်းကပ်လာသည်။ သူ့ကျောပေါ်တွင် ခပ်မှိန်မှိန်အလင်းရောင်တစ်ခု တောက်ပလာပြီး လည်ပင်းအထိ ဆန့်ထွက်လာသည်။ ထိုအချိန်ကျမှ လုယန်သတိထားမိသည်။ ယန်ထျန်ကျိကိုယ်ပေါ်တွင် တက်တူးတစ်ခုရှိသည်။
ထူးဆန်းသည့်သားရဲတစ်ကောင်ပုံရိပ် သူ့နောက်ဘက်တွင် ပေါ်လာသည်။ သိုးခန္ဓာကိုယ်၊ ကျားသွား၊ ချိုင်းကြားတွင်မျက်လုံးများနှင့် ကလေးငိုသံလို အော်သံမျိုးရှိသည်။ စိတ်မအီမသာဖြစ်စရာကောင်းသည်။
"ထောင်ထျဲ့လား"
အောက်ဘက်မှလူအုပ်ကြီး လှုပ်လှုပ်ရှားရှားဖြစ်လာသည်။ အဖြစ်အပျက်ကို နားမလည်ကြ။
ဂိုဏ်းတပည့်ရွေးချယ်သည့် အကြီးအကဲတစ်ယောက်က ထောင်ထျဲ့ဇစ်မြစ်ကို သိထားသဖြင့် သူ့ဘေးပတ်လည်မှလူများကို ရှင်းပြသည်။
"ဒါက ထောင်ချုပ်ဂိုဏ်းရဲ့ တိုက်ပွဲတက်တူးတစ်ခုပါ။ အခြေတည်အဆင့်ကနေစပြီး နတ်ဆိုးတွေ သားရဲတွေရဲ့ ရုပ်ပုံတွေ ကိုယ်ပေါ်မှာ ထိုးနိုင်တယ်။ သူတို့ရဲစွမ်းအားတွေ ဗီဇစွမ်းရည်တွေကို ရတယ်။ အဆင့်တစ်ခုတက်တိုင်း နောက်ထပ်သားရဲတက်တူးတစ်ခု ထိုးနိုင်တယ် ။
ဒါပေမယ့် ရွှေသန္ဓေအဆင့်မှာ ထောင်ထျဲ့တက်တူးထိုးတဲ့လူမျိုး ပထမဆုံးမြင်ဖူးတာပဲ"
"ဪ၊ မင်းက ထောင်ချုပ်ဂိုဏ်းကလူလား။ ငါတို့မျိုးနါယ်အကြီးအကဲက မင်းတို့ဂိုဏ်းရဲ့တိုက်ပွဲတက်တူးတွေကို အရမ်းချီးကျူးကြတာ။ ဒီနေ့မှ နာမည်ဂုဏ်သတင်းနဲ့ လိုက်ဖက်မှန်း လက်တွေ့မြင်ရတော့တယ်"
မုန်ကျင်းကျိုး လက်နှစ်ဘက်ဆုပ်အရိုအသေပြုသည်။
"တာအိုလမ်းစဉ်ဂိုဏ်း၊ မုန်ကျင်းကျိုး"
"ထောင်ချုပ်ဂိုဏ်း၊ ယန်ထန်ကျိ"
ယန်ထန်ကျိ ပါးစပ်ဟလိုက်သည်။ သူ့နောက်ဘက်မှ ထောင်ထျဲ့အရိပ် ပိုထင်ရှားလာသည်။ အသက်ဝင်လာတော့မယောင်ရှိသည်။
"ကောင်းကင်မျိုမြေစားစွမ်းအား"
ကြမ်းတမ်းသည့် လေပြင်းတစ်ခု ပြိုင်ပွဲကွင်းကို ဖြတ်သန်းတိုက်ခတ်လာသည်။ ကြောက်စရာစုပ်အားကြောင့် မုန်ကျင်းကျိုးခြေခိုင်ခိုင်ရပ်ဖို့ ခက်ခဲလာသည်။
"ကောင်းကင်တုန်ခြောက်ကွက်။ မြေပြင်တုန်ခါခြင်းစွမ်းအား"
မုန်ကျင်းကျိုး တည်ငြိမ်စွာ တုံ့ပြန်သည်။ သူ့လက်သီးများက မိုးခြုန်းသံကဲ့သို့ တဝုန်းဝုန်းအသံမြည်နေသည်။ လေထဲတွင် အသံလှိုင်းများ ပေါ်လာသည်။ လှိုင်းတစ်ခုချင်းစီ ယန်ထန်ကျိ၏ ဝမ်းဗိုက်ထဲသို့ ဆွဲယူသွားသည်။ ယန်ထန်ကျိ ဗိုက်နာလာသဖြင့် ထောင်ထျဲ့နတ်စွမ်းအား ဆက်ထိန်းမထားနိုင်လောက်အောင် ဖြစ်လာသည်။
မုန်ကျင်းကျိုး အတွင်းအားစုစည်းလိုက်သည်။ လေထုနှင့်မြေပြင် တုန်ခါသွားသည်။ လေပြင်းများ အော်မြည်လာသည်။ သူ့အားအရှိန်က အံ့ဩစရာကောင်းသည်။ ယန်ထန်ကျိက လူသားထောင်ထျဲ့အသွင်ဖြင့် သူ့လမ်းကြောင်းမှ အရာအားလုံးကို ဝါးမျိုနေသည်။
ကြီးမားသည့် လက်သီးချက်များ အကြိမ်ကြိမ်ရင်ဆိုင်တွေ့သည်။ တစ်ချက်ဆုံလိုက်တိုင်း နားကွဲမတတ် မြည်ဟိန်းသံထွက်လာသည်။ ဘေးမှကြည့်နေသူများ ကြက်သီးထမိသည်။ နဖူးမှ ချွေးသီးများကျလာသည်။ မျက်နှာတွင် စိတ်လှုပ်ရှားနေသည့်အရိပ်များ ပြည့်နေသည်။
သူတို့နှစ်ယောက်လှုပ်ရှားမှုက မြန်လွန်းသဖြင့် အရိပ်လိုဖြစ်နေသည်။ အမြင်အာရုံ အားနည်းသူများ မမြင်ရတော့။ ဆန်ခါတင်စာရင်းထဲ ပါခဲ့သူများကတော့ မြင်နိုင်သေးသည်။ သို့သော် ဝိုးဝဝါးသာဖြစ်သည်။ သူတို့စိတ်က မြန်ဆန်သည့် တိုက်ခိုက်မှုများနှင့် အမီလိုက်နိုင်အောင် အတင်းကြိုးစားနေရသည်။
"ဒါတကယ် ရွှေသန္ဓေအခြေခံအဆင့်ရဲ့ တိုက်ခိုက်စွမ်းအားလား"
အောက်ဘက်မှ ရွှေသန္ဓေကျင့်ကြံသူများ မယုံနိုင်အောင်ဖြစ်နေသည်။ သူတို့ကျင့်ကြံထားသမျှ တန်ဖိုးမရှိတော့သလို ခံစားရသည်။
"သူတို့က ဘယ်လိုရွှေသန္ဓေမျိုး...အဲ..ဟုတ်ပြီ။ ရွှေသန္ဓေအကဲဖြတ်ပွဲတစ်ခု ရှိတယ်မဟုတ်လား။ အဲဒီ့လူတွေကို ဒီကိုလာကြည့်ဖို့ မြန်မြန်သွားခေါ်ကြ"