← Chapters

ပြိုင်ဘက်ကင်းသန္ဓေ၏စွမ်းအား

Vol. 24 Ch. 360

ပြိုင်ဘက်ကင်းသန္ဓေ၏စွမ်းအား

Vol. 24 Ch. 360

အရဟတ်လက်သီးသည် ကတုံးဖြစ်စေသည့်အာနိသင်လည်းရှိသလို ဗုဒ္ဓဂိုဏ်း၏ ထိပ်တန်းလက်သီးပညာလည်းဖြစ်သည်။

အစောပိုင်းက လန်ထင်ကို မတော်တဆထိခိုက်မည်စိုးသဖြင့် ထိုပညာကို သူမသုံးခဲ့။ ယခု သူ့ကိုယ်ပွားက လန်ထင်နှင့်ရင်ဆိုင်နေသည်။ သူကိုယ်တိုင်က ပိုင်မင်နဲ့ရင်ဆိုင်ရသည်။ အရဟတ်လက်သီးကို လွတ်လပ်စွာ သုံးခွင့်ရလာသည်။

"ခန္ဓာကိုယ်နှစ်ခုကို မင်းတစ်ပြိုင်တည်းဘယ်လိုထိန်းမလဲ ကြည့်ရ‌ောအင်"

လုယန် ခန္ဓာနှစ်ခုကို တစ်ပြိုင်တည်းမထိန်းနိုင်ကြောင်း ပိုင်မင်သေချာသိသည်။ ထက်မြက်သည့် သူ့လှံသွားကို ရှေ့သို့ထိုးလိုက်သည်။ ကောင်းကင်ယံတွင် ကြယ်ကြွေသကဲ့သို့ပင်ဖြစ်သည်။

လုယန် လှံသွားထိပ်ကို တည်ငြိမ်စွာ အာရုံစိုက်သည်။ သူ့ခန္ဓာကိုယ်မှ လှိုဏ်သံပါသည့် ပဲ့တင်သံတစ်ခု ထွက်လာသည်။ ဗုဒ္ဓတစ်ယောက် ကျမ်းစာရွတ်၍ သက်ရှိအားလုံးကို မေတ္တာပို့နေသည်နှင့်တူသည်။

သူ့လက်သီးကို ဆန့်ထုတ်လိုက်သည်။ မိုးခြုန်းသံလိုမြည်ဟိန်း၍ အားပြင်းသည်။ လှံရှည်ထံသို့ ပြင်းထန်သည့်အရှိန်ဖြင့် တိုးဝင်သွားသည်။ အားလှိုင်းများ လေထဲတွင် ပျံ့နှံ့လာသည်။

"အရဟတ်လက်သီး"

"ချွင်"

လှံရှည်တုန်ခါသွားပြီး သတ္ထုရိုက်ခတ်သံ ထွက်ပေါ်လာသည်။ လုယန်လက်သီးက လှံရိုးတလျှောက် ကျင်လည်စွာ ရွေ့လျားသွားပြီး ပိုင်မင်ကို အနီးကပ်ရင်ဆိုင်သည်။

ပိုင်မင် ခါးထဲသို့ အားအပြည့်ထည့်၍ ခန္ဓာကိုယ်နှင့်လှံကို တစ်ဖြေင့်တည်းထားပြီး ပြန်ဆွဲယူရန် ကြိုးစားသည်။ သို့သော် လုယန်က အရဟတ်လက်သီးဖြင့် အဆက်မပြတ်တိုက်ခိုက်သဖြင့် လှံရှည်တုန်ခါနေသည်။ ပိုင်မင် မြဲမြဲကိုင်မထားနိုင်တော့။

ပိုင်မင် အန္တရာယ်ကို ရိပ်စားမိသည်။ လုယန်၏နတ်စွမ်းအားများကို သူသတိထားနေခဲ့သည်။ သို့သော် လုယန်၏လက်ဗလာတိုက်ကွက်က ထိုမျှကြောက်စရာကောင်းမည်ဟု သူထင်မထား။

လက်သီးထိခါနီးတွင် ပိုင်မင် ဘယ်လက်ဖြင့် မှော်တံဆိပ်တစ်ခု အမြန်ဖန်တီးသည်။ ပြင်းထန်သည့်လေလှိုင်းဓားရိပ်တစ်ခု ခေါင်းဖြတ်စက်ကဲ့သို့ လုယန်ကို နှစ်ခြမ်းခွဲရန် အပေါ်မှကျလာသည်။

အာရုံလွှဲတိုက်ကွက်သုံး၍ ရှောင်တိမ်းရန် ကြိုးစားခြင်းဖြစ်သည်။ သို့တိုင်အောင် အရဟတ်လက်သီးက သူ့ကိုပွတ်ထိသွားသေးသည်။

"အတော်ပြင်းတဲ့လက်သီးပါလား"

ပိုင်မင် ထိတ်လန့်သွားသည်။ ရှောင်လိုက်၍သာ ကံကောင်းသွားခြင်းဖြ်စသည်။ လက်သီးအားက ပြင်းထန်လွန်းသည်။ ပွတ်ထိရုံဖြင့်ပင် ဒဏ်ရာရသည်။ ထိပ်တိုက်ရင်ဆိုင်ရလျှင် ပိုဆိုးသွားမည်။

နောက်တစ်ကြိမ် လက်သီးထိခံ၍မဖြစ်။

ရုတ်တရက် အနက်ရောင်ဆံပင်များ ကျလာသည်။ ပိုင်မင် လန့်ဖျတ်သွားသည်။ သူတုန်လှုပ်စိတ်မပြေသေးမီ နောက်ထပ်ဆံပင်များ ကျလာပြန်သည်။

'နေပါဦး..ဒါတွေက...'

အလိုလို သူ့ခေါင်းကိုစမ်းမိသည်။ မျက်နှာအကြီးအကျယ်ပျက်သွားသည်။

"ငါ့ဆံပင်တွေ ဘယ်ရောက်သွားတာလဲ"

သူ့ဆံပင်များက မြေပြင်ပေါ် ပြန့်ကျဲသွားသည်။ လုယန်ကို သူဒေါသတကြီးစိုက်ကြည့်သည်။

"သိုင်းပညာနဲ့မှော်ပညာကို ပေါင်းစပ်ထားတယ်ပေါ့။ မင်းပေါင်းစပ်ပုံ ပြည်စုံလွန်းလို့ ငါတောင်အငိုက်မိသွားတယ်"

ပိုင်မင်စိတ်တည်ငြိမ်အောင်ထိန်း၍ အခြေအနေကိုသုံးသပ်သည်။ ဟန်မပျက်အောင် ကြိုးစားသည်။

ထိုအချိန်တွင် နောက်ထပ်နောက်ထပ်ကျင့်ကြံသူများ တိုက်ပွဲကြည့်ရန် ပြိုင်ပွဲစင်ဘေးသိူ့ ရောက်လာကြသည်။

"ဟေ့၊ ဟိုကတုံးကောင်ကဘယ်သူလဲ။ စွန်စီးဘုံကျောင်းက တစ်ယောက်မှမလွှတ်ဘူးလို့ ပြောတယ်မဟုတ်လား"

"ခုနက အရဟတ်လို့တော့ ကြားလိုက်တယ်။ ဒီကတုံးက အရဟတ်တစ်ယောက်များလား"

"အဲဒါ အတုဖြစ်မှာပေါ့။ သူ့ခေါင်းမှာ ဓမ္မအမှတ်အသားတွေတောင် မရှိဘူး"

(**တရုတ်ဘုန်းကြီးများခေါင်းမှ အစက်ကလေးများကို ဆိုလိုပါသည်)

ပရိတ်သတ်များ၏စကားကို ကြားနေရသဖြင့် ပိုင်မင်ဒေါသမထိန်းနိုင်တော့ဘဲ အော်ဟစ်လိုက်သည်။

"လုယန်၊ မင်းငါ့ကိုဒီလိုလုပ်ဖို့ တွန်းအားပေးခဲ့တာပဲ။ ဓာတ်ငါးမျိုးလှံလှည့်စွမ်းအား"

"ဓာတ်ငါးမျိုးလှံလှည့်ပညာလား။ သူက ဒီပညာတောင် တတ်ထားတယ်ပေါ့"

အကြီးအကဲခန်း တအံ့တဩရေရွတ်လိုက်သည်။

"ဓာတ်ငါးမျိုးလှံလှည့်ပညာဆိုတာဘာလဲ"

ဘေးလူများက မေးသည်။

"ဓာတ်ငါးမျိုးပညာတွေ ကျွမ်းကျင်တဲ့ ဓာတ်ငါးမျိုးဂိုဏ်းဘိုးဘေးတစ်ယောက် တီထွင်ခဲ့တဲ့ လှံပညာတစ်ခုပါ။ လှံပညာနဲ့ဓာတ်ငါးမျိုးပညာတွေ ပေါင်းစပ်ထားတာ။ ပညာနှစ်မျိုးလုံးကျွမ်းကျင်မှ ဒီပညာကိုသင်နိုင်တာ။ ဒီဂိုဏ်းတပည့်က ဒီပညာသုံးနိုင်တဲ့အဆင့်မျိုး ရောက်နေမယ်လို့ ငါလုံးဝမထင်ခဲ့မိဘူး။

သူ့မှာ ဓာတ်ငါးမျိုးလက္ခဏာတွေပါတဲ့ ရွှေသန္ဓေရှိတယ်လို့ပဲ ငါတွေးခဲ့တာ။ ဒါပေမယ့် ဓာတ်ငါးမျိုးရွှေသန္ဓေမှာ ဒီလိုတိုက်ခိုက်စွမ်းအားမျိုး မရှိသင့်ဘူး"

"တောက်ပတဲ့ရွှေ"

လှံက နဂါးတစ်ကောင်လို မြန်ဆန်ပြင်းထန်သည့်အင်အားဖြင့် လုယံဆီ တိုးဝင်သွားသည်။

လုယန် ရဲရဲတင်းတင်းရှေ့တိုးလိုက်သည်။ သူ့အသံက ဗုဒ္ဓကျမ်းရွတ်သံလို ပဲ့တင်ထပ်နေသည်။ စွမ်းအင်ရောင်က လေထုကိုလွှမ်းခြုံသွားသည်။ လှံရှည်နှင့်ထိပ်တိုက်ရင်ဆိုင်ဖို့ အရဟတ်လက်သီးကို နောက်တစ်ကြိမ် သူသုံးလိုက်သည်။ ပြင်းထန်သည့်အားလှိုင်းများ ဘေးပတ်လည်သို့ ပြန့်ထွက်သွားသည်။

သူ့လက်သီးများက သံတုံးနှင့်တူသည်။ သူ့စွမ်းအင်များ ထိုးထွက်လာသည်။ လက်သီးချက်များမှ ပြင်းထန်သည့်အားအရှိန် ထွက်လာသည်။

လက်သီးနှင့်လှံ ရင်ဆိုင်တွေ့သည်နှင့် ပရိတ်သတ်များ မင်သက်မိသွားကြသည်။ နတ်ဝိညာဉ်အဆင့် ကျင့်ကြံသူများပင် အမူအရာပြောင်းသွားသည်။ ထိုကဲ့သို့စွမ်းအားမြင့်တိုက်ခိုက်မှုမျိုးကို ရင်ဆိုင်နိုင်မည်ဟု သူတို့ယုံကြည်ချက်မရှိကြ။

"ဒါတကယ်ရွှေသန္ဓေအခြေခံအဆင့်ပဲလားကွာ"

"မသေမျိုးဂိုဏ်းတပည့်တွေဟာ သမရိုးကျအတွေးကို ဆန့်ကျင်ကြတယ်လို့ ငါအမြဲကြားခဲ့ရတယ်။ ဒီနေ့မှ လက်တွေ့မြင်ရတာပဲ"

"ဟိုရှေးဟောင်းပါရမီရှင်တွေလည်း ဒီလိုပဲဖြစ်မယ်ထင်တယ်"

"မဟာကပ်အပြိုင်အဆိုင်ခေတ်မှာ ပါရမီရှင်အများကြီး ရှိနေရင်တောင် သူတို့နဲ့ယှဉ်နိုင်တဲ့ပါရမီရှင်မျိုး တွေ့ဖိုခဲယဉ်းလိမ့်မယ်"

ဓာတ်ငါးမျိုးလှံလှည့်စွမ်းအားကို အဆင့်တူချင်းတွင် ခုခံနိုင်သည့်ကျင့်ကြံသူမျိုး ပိုင်မင် ပထမဆုံးတွေ့ကြုံဖူးခြင်းဖြစ်သည်။

အေးစက်စက်လှောင်ပြုံးပြုံး၍ သူ့လှံကို မြေပြင်သို့ဆောင့်ချလိုက်သည်။ မြေနဂါးတစ်ကောင် ဆူနာမီလှိုင်းကဲ့သို့ မြေပြင်မှထိုးထွက်လာပြီး အော်ဟစ်ဟိန်းဟောက်၍ လုယန်ဆီ တိုးဝင်သွားသည်။

လုယန်က မြေအောင်းပညာသုံး၍ ပိုင်မင်ကို အောက်ဘက်မှ အလစ်တိုက်ခိုက်ရန် ကြိုးစားသည်။ သိစိတ်အာရုံအပြည့်အဝဖွင့်ထားသည့်ပိုင်မင်က လုယန်၏လှုပ်ရှားမှုကို ရှင်းလင်းစွာမြင်နေရသဖြင့် သူ့လှံကို အောက်သို့ထိုးစိုက်ချလိုက်သည်။

"မင်းက ဒီမှာပဲ"

ထို့နောက် ပိုင်မင်အံ့အားသင့်သွားသည်။ လုယန်၏ခန္ဓာကိုယ် ချက်ချင်းကျုံ့သွားသဖြင့် သူ့လှံချက်အောက်မှ လွတ်သွားသည်။

"လိုသလိုချုံ့ချဲ့ပညာလား"

လုယန် နတ်စွမ်းအားမျိုးစုံ တတ်ကျွမ်းမည်ဟု တွေးထားပြီးဖြစ်သော်လည်း လိုသလိုချုံ့ချဲ့ပညာ အသုံးပြုနိုင်မည်ဟု သူထင်မထား။ ပုံမှန်ဆိုလျှင် မှော်ပညာများသည် လေ့လာမှုစနစ်၏အစိတ်အပိုင်းတစ်ခုဖြစ်သည်။ တစ်ခုကျွမ်းကျင်လျှင် တစ်ခြားအမျိုးစားတူတစ်ခု ထပ်သင်ယူနိုင်သည်။

သို့သော် လုယန်၏ နတ်စွမ်းအားပညာများက ဆက်စပ်မှုမရှိ။ ကောင်းကင်မျိုမြေစားပညာ။ မြေအောင်းပညာ။ လိုသလိုချုံ့ချဲ့ပညာ။ ထို့အပြင် သူတစ်ခါမှ မကြားဖူးသည့် ထူးဆန်းသည့်ဆံပင်ကျွတ်မှော်ပညာ။

"အဲတော့ ဘာအရေးလဲ"

လှံကို ဆက်တိုက် ဆယ့်ရှစ်ချက် ထိုးချလိုက်သည်။ သို့သော် လုယန်က အချက်တိုင်း ရှောင်တိမ်းသွားသည်။ ဆယ်ကိုးချက်မြောက်ထိုးရန်ပြင်နေစဉ် သူ့ခန္ဓာကိုယ် ရုတ်တရက် ကျွံဝင်သွားသည်။ အမှောင်ထုထဲတွင် ပိတ်မိနေသည်။

ကိုယ်ချုံ့ထားသည့်လုယန်ကို လှံဖြင့်ထိုးနေချိန်တွင် လုယန်က သူ့ဘေးပတ်လည်တွင် စက်ဝိုင်းလှည့်နေသည်ကို သူသတိမထားမိ။

မြေပြင်ထောင်ဆွဲပညာသုံးဖို့ လုံလောက်ရုံသာဖြစ်သည်။

"ဘယ်သူမှမသိတဲ့နောက်ထပ်မြေဓာတ်မှော်ပညာလား"

ဓာတ်ငါးမျိုးမှော်ပညာများတွင် လုယန်ပိုသာနေသည်ကို ပိုင်မင်သည်းမခံနိုင်တော့။ တစ်ခြားမှော်ပညာတစ်မျိုးသုံး၍ မြေကြီးထဲမှ ထိုးထွက်ရန် ကြိုးစားသည်။ လုယန်၏အားပြင်းသည့်လက်သီးဖြင့် ရင်ဆိုင်တွေ့သည်။

"မြေပြင်ထောင်ဆွဲ"

လုယန် ပိုင်မင်ကို နောက်တစ်ကြိမ် မြေတိုက်ခန်းထဲပိတ်လိုက်သည်။

ပိုင်မင် အမူအရာမပျက်အောင် ဆက်ထိန်းထားသည်။ တိုက်ရိုက်ဖောက်ထွက်မရသဖြင့် မြေကြီးတူးပြီး တစ်ခြားတစ်နေရာမှထွက်ရန် ဆုံးဖြတ်လိုက်သည်။ နေရာတစ်ခုမှ ကိုယ်တစ်ဝက်ပေါ်လာချိန်တွင် အထက်မှ လုယန်၏စကားသံကို ကြားလိုက်ရသည်။

"မြေပြင်ထောင်ဆွဲ"

မြေတိုက်ခန်းထဲ ထပ်ရောက်သွားသည်။

"မြေနဂါး..."

ပိုင်မင် လက်နှစ်ဘက်ဖြင့် မှော်တံဆိပ်တစ်ခုဆွဲ၍ မြေနဂါးဆင့်ခေါ်ရန် ကြိုးစားသည်။

"မြေပြင်ထောင်ဆွဲ"

ပိုင်မင်ခန္ဓာကိုယ် တုန်ခါသွားသည်။ သူပျောက်ကွယ်သွားပြီးနောက်တွင် မူလနေရာ၌သာ ပြန်ပေါ်လာသည်။ သူ့မှော်ပညာ ကြားဖြတ်နှောက်ယှက်ခံရသည်။

"ဒါမြေမှော်ပညာမဟုတ်ဘူး။ လေဟာနယ်ပညာပဲ"

နောက်ဆုံးတွင် ပြဿနာကို ပိုင်မင်နားလည်သွားသည်။

"ငါမယုံဘူးကွ။ မြေနဂါး..."

"မြေပြင်ထောင်ဆွဲ"

လုယန် မြေပြင်ပေါ် ဆောင့်ကြောင့်ထိုင်၍ ပိုင်မင်လှုပ်ရှားမှုကို ဝိညာဉ်အာရုံဖြင့် စောင့်ကြည့်ပြီး စက်ဝိုင်းများ ဆွဲနေသည်။ ပိုင်မင်တစ်ချက်လှုပ်ရှားတိုင်း သူ့ကိုကြားဖြတ်နှောက်ယှက်ဖို့ လုယန်ကမြေတိုက်ခန်းတစ်ခုဆွဲသည်။

အတော်ကြာအောင် ကြိုးစားသော်လည်း မအောင်မြင်သဖြင့် ပိုင်မင်လက်လျှော့လိုက်သည်။

"ကောင်းပြီလေ၊ ငါအရှုံးပေးပါတယ်"

တစ်ခြားရွေးချယ်စရာမရှိတော့သဖြင့် အရှုံးကို သူဝန်ခံလိုက်ရသည်။ မြေမျက်နှာပြင်ပေါ်တက်လာချိန်တွင် လုယန်၏ ပြုံးရွှင်နေသည့်မျက်နှာကို တွေ့ရသည်။ သူ့ဒေါသများ ပိုတိုးလာသည်။

"မင်းမှော်ပညာအသက်သွင်းတဲ့နှုန်းသာ ပိုမမြန်ခဲ့ရင်ကွာ..."

ပိုင်မင် အံတင်းတင်းကြိတ်သည်။ သူ့မှော်ပညာများသုံးရာတွင် အမြန်နှုန်း ကန့်သတ်ထားသလို ခံစားရသည်။ သူသင်ထားသည့် မြေဓာတ်ပညာများက အကြီးစားတိုက်ခိုက်မှုများအတွက်ဖြစ်သည်။ မှော်အသက်သွင်းချိန် ပိုကြာသည်။

လုယန် မြေပြင်ထောင်ဆွဲပညာမသုံးမီ သူ့မှော်ပညာကိုသာအသက်သွင်းနိုင်လျှင် သူရုန်းထွက်ပြီး ဆက်၍တိုက်ခိုက်နိုင်ခဲ့ပေလိမ့်မည်။ အနိုင်အရုံး ကွဲပြားမည်မဟုတ်သေး။

လုယန် ဘာမှပြန်မပြော။ အစောပိုင်းက ပြိုင်ဘက်ကင်းသန္ဓေ ပြောခဲ့သည့်ဗျူဟာကို သူပြန်တွေးမိသည်။

"ပိုင်မင်ရဲ့ လှံပညာက လှည့်စားရုံသက်သက်ပဲ။ သူရဲ့အဓိကတိုက်ခိုက်စွမ်းအားက ဓာတ်ငါးမျိုးမှော်ပညာတွေပါ။ သူ့လှုပ်ရှားမှုတွေက ဒီမှော်ပညာတွေပေါ်မှာ အခြေခံထားတယ်။ စနစ်တကျပေါင်းစပ်တိုက်ခိုက်ရင် စွမ်းအားကို တိုးမြှင့်နိုင်တယ်။ သူ့ကို ဘာအခွင့်အရေးမှမပေးနဲ့"

အရဟတ်လက်သီးသုံးပြီး ပိုင်မင်၏စိတ်ကို ဆွခိုင်းသည်။ ပိုင်မင် စိတ်တည်ငြိမ်မှု ပျက်ပြားလာသည်။ ထို့ကြောင့်‌ မြေပြင်ထောင်ဆွဲပညာဖြင့် သူ့ကို မြေအောက်တွင်ထိန်းချုပ်ဖို့ အခွင့်အရေးရလာသည်။ မြေဓာတ်မှော်ပညာများကို အဓိကအားထားရသူဖြစ်၍ သူ့ထက်မြန်အောင် မှော်ပညာကို အဆက်မပြတ်အသက်သွင်းနိုင်လျှင် သူ့ကြိုစားမှုများ အောင်မြင်တော့မည်မဟုတ်။ အညံ့ခံဖို့သာ ရွေးချယ်ရမည်။

အထိရောက်ဆုံး အသက်သာဆုံးဗျူဟာဖြစ်သည်။

All Chapters