အခန်း (၆၃)
Vol. 6 Ch. 63
အမှန်တိုင်းပြောလျှင် စွင်းအမေသည် ချွေးမဖြစ်သော လင်းဟုန်န ကိုသဘောမကျပေ။
သိမ်နုပ်သော မိသားစုက ဖြစ်သည့်အပြင် လင်းဟုန်နမိသားစု၏ စရိုက်မှာဆိုးလှ၍ နှာခေါင်းရှုံ့ချင်စရာပင်။
စွင်းအမေမှာလည်း ကောင်းမွန်သော မိသားစုကဖြစ်ပြီး အဖေမှာလည်း မြို့ရှိစပါးရုံမှဒါရိုက်တာဖြစ်သည် ။ အကိုသည်လည်း ပြည်သူ့လုံခြုံရေးဌာနမှဒါရိုက်တာ ဖြစ်ပြီး ခင်ပွန်းမှာမကြာမီ ပင်စင်ယူတော့မည့် မီးသီးစက်ရုံ၏ ဒါရိုက်တာတစ်ဦးပင်။ စက်ရုံမှဒါရိုက်တာများထဲတွင် စက်ရုံ၏ အတွင်းရေးမှူးအဖြစ် လုပ်ကိုင်ခဲ့သော စွင်း အဖေကိုလူသိများကြသည်။ ထို့ကြောင့် အလုပ်အပြောင်းအလဲရှိလျှင် ရာထူးရာခံရနိုင်ချေရှိသည်။
စက်ရုံဒါရိုက်တာ၏ ဇနီး ဘဝဖြင့် ပျော်ရွှင်နေသော စွင်းအမေသည် စိတ်ချမ်းသာ၍ပင်မဆုံးသေး ကံတရားကရိုက်ခတ်လိုက်ပြန်သည်။ သူမ လက်မခံနိုင်ခဲ့ပေ။
စွင်းအမေတွင် သား ၁ ယောက်နှင့် သမီး ၂ ယောက်ရှိလေသည်။ သမီးကြီး ၂ ယောက် လက်ထပ်သွားကြသောအခါ သားအငယ် စွင်းကျားလျန် ကျန်ခဲ့သည်။
သားဖြစ်သူ ရွေးချယ်မည့် မိန်းကလေးကို ချမ်းသာသည့်အသိုင်းအဝိုင်း သို့မဟုတ် ပညာတက်အသိုင်းအဝိုင်း သို့မဟုတ် အနည်းဆုံးရိုးသားသည့် မိန်းကလေး ဖြစ်မည်ဟုထင်ထားခဲ့သည်။
သို့သော် သူ့သား၏ အမြင်ကို ထိုသို့ဆိုးရွားလိမ့်မည်ဟုမထင်ထားပေ။ နယ်ဘက်မှလာသော လင်းဟုန်န ဟူသော မိန်းကလေးဖြင့် မဖွယ်မရာဖြစ်ခဲ့သည်။
ထို့ကြောင့် လင်းဟုန်နကို မြင်သောအခါ ပြုံး၍ပင်မပြ။
ယခုတော့ လင်းဟုန်န၏ ဗိုက်ထဲတွင် စွင်းမျိုးဆက်ရှိနေလေပြီ။ မိသားစုဝင်အဖြစ် လက်ခံခဲ့ခြင်းကလည်း ရင်ထဲမှ သဘောကျ၍မဟုတ်ပေ။
လင်းဟုန်န ကိုယ်ဝန်ဖြင့် အိမ်သို့ရောက်လာသောအခါ စွင်းအမေက စည်းကမ်းများ ထုတ်လိုက်သည်။
(၁) မနက် ၆ နာရီတိုင်းထ၍ အိမ်အစ အဆုံးကိုသန့်ရှင်းရေးလုပ်ရမည်။
(၂) ဧည့်သည်များ အိမ်သို့လာလျှင် ရိုသေနေရ ပြီး လက်ဖက်ရည် ငှဲ့ပေးသည့်အခါ အပြည့်ဖြစ်မနေစေရန်၊ အရမ်းပူမနေစေရန် သတိထားရမည်။
(၃)ငွေကြေးကိစ္စအားလုံးကို အိမ်၏အချက်အချာဖြစ်သော စွင်းအမေမှ စီစဉ်မည်။ တလလျှင် ၁၀ယွမ်ပေးမည်။
(၄)စွင်း မိသားစုထဲသို့ ရောက်လာပြီဖြစ်သောကြောင့် လင်းဟုန်နသည် ရှုပ်ရှုပ်ရှက်ရှက် ဆွေမျိုးများနှင့်ပတ်သက်ခြင်းမပြုရ။
(၅)စွင်းကျားလျန်၏ အလုပ်မှာအရေးကြီးဆုံးဖြစ်သည့်အတွက် အပြင်မှအတင်းများကို လိုက်နားမယောင်ရ။ ပြသနာမဖြစ်ရ။ ထိုသို့ဆိုးရွားသော အပြုအမူများဖြစ်လျှင် စွင်းမိသားစုမှ အပြစ်ပေးမည်။
စည်းကမ်းများကို တင်းကျပ်သည်ဟု ထင်ရသော်လည်း နောက်ဆုံးစည်းကမ်း ၅ ခုမှာ လိုက်နာနိုင်လောက်သည့်အဆင့်ဖြစ်သည်။
ကံမကောင်းစွာဖြင့် လင်းဟုန်နမှာ မရိုးသားသည့်လူတစ်ယောက်ပင်။
အခက်အခဲများကြားထဲမှ ဝမ်းကွဲညီမ၏ မင်္ဂလာပွဲကိုဖျက်ချင်ခဲ့ပြီး ယခု တစ်ဖန်မွေးဖွားလာသည်ဟုပင် ခံစားရသည်။ စွင်းမိသားစုဆီမှ အကျိုးအမြတ်များကို မျှော်လင့်နေခဲ့သည်။
ထိုမိန်းမက ဘာလို့ အရာအားလုံးကို ချုပ််ကိုင်ထားရသနည်း။
အထူးသဖြင့် သူမကိုစကားပြောသောအခါ အမြဲ မောက်မာဝေဖန်ကာ အထင်သေးသည့်အသံနှင့်ပင်။ ထိုကြောင့်လည်း လင်းဟုန်န ရင်ထဲ၌မကျေနပ်ကာ ဖွင့်ပြောပြရမည့် လူလည်း မရှိပေ။
လင်းဟုန်န ရင်ဘတ်ကြီး ပေါက်ထွက်ကာ ဝမ်းထဲမှ တဆစ်ဆစ်ဖြစ်အောင် မုန်းနေပြီး စွင်းမိသားစု၌ ပြသနာဖြစ်သွားလောက်သည်အထိ ဒေါသထွက်သော်လည်း စိတ်ထဲမှအချို့အကြောင်းအရာများကြောင့် ငြိမ်နေရလေသည်။
ရန်ဖြစ်လိုက်ချင်သော်လည်း စွင်းမိသားစု၏ အရှိန်အဝါနှင့် ချမ်းသာမှုကို တွေးမိလိုက်လေသည်။
သည်းမခံလျှင် အစီအစဉ်များ ပျက်သွားနိုင်သောကြောင့် လင်းဟုန်န မိမိကိုယ်ကို သည်းခံနေရန် အားပေးရလေသည်။ စွင်း အမေသည် အသက် ၅၀ ရှိနေပြီး ထိုမိန်းမကြီး ဘယ်လောက်ထိ မောက်မာနိုင်မလဲဆိုသည်ကို လင်းဟုန်န ကြည့်ချင်သေးသည်။
လင်းဟုန်န အားတင်း၍ စွင်း မိသားစု၏ အစေခံကဲ့သို့အလုပ်များ ဆက်လုပ်နေလိုက်လေသည်။
တရုတ်နှစ်သစ်ကူးနေ့များတွင် စွင်းမိသားစုထံသို့ ဧည့်သည်များ လာရောက်ကြလေသည်။ နှစ်သစ်ကူးပြီး ၅ ရက်မြောက်နေ့ဖြစ်သော်လည်း လူစည်နေဆဲပင်။
မီးသီးစက်ရုံမှ လုံခြုံရေးဝန်ထမ်းနှင့် မိသားစုသည်လည်း အသီးဘူးများဖြင့် စွင်းမိသားစုထဲသို့ လာရောက်ဂါရဝပြုကြသည်။
စွင်းအမေသည် ဆိုဖာပေါ်တွင်ထိုင်ကာ ကြွေပန်းကန်လုံးနှင့် လက်ဖက်ရည်သောက်နေပြီး မျက်လုံးက်ို ကျုံ့လိုက်လေသည်။
လင်းဟုန်နလည်း လျင်မြန်စွာလက်ဖက်ရည်၊ ရေ၊ မုန့်၊ သကြားလုံးတို့ကိုသယ်လာပြီး စွင်းအမေကို ရိုသေသည့်ပုံဖြင့် ရေနွေးအိုးကမ်းပေးလိုက်သည်။
“ အမေ ရေနွေးရပါပြီ”
ဘာမှမပြောပဲ အနည်းငယ်သာ ခေါင်းငြိမ့်ပြလိုက်ပြီး တငုံသောက်ကာ ဧည့်သည်များနှင့် ဆက်စကားပြောလေသည်။
ဧည့်သည်များ ပြန်သွားသောအခါ ကြမ်းပြင်ပေါ်၌ ကွာစေ့ခွံ၊ သကြားလုံးခွံများနှင့် စားပွဲ ၁ ခုလုံးရှုပ်ပွနေခဲ့သည်။ လင်းဟုန်န မျက်လုံးကို ကျုံ့လိုက်ပြီး တံမြက်စည်းယူကာ စိတ်ထဲမှကျိန်ဆဲလိုက်ရင်း တံမြတ်စည်းလှည်းလေသည်။ အသန့်ကိုကြိုက်လေသည် !
နှစ်သစ်ကူး ပထမနေ့တွင် ပြည်သူ့လုံခြုံရေးဌာနမှလက်ထောက်ဒါရိုက်တာ ကုရှီအန်း အလုပ်ပြန်သွားခဲ့သည်။ တောင်များ၊ တံတားများကိုဖြတ်၍ စက်ဘီးနင်းသွားရသည်မှာမလွယ်ကူလှပေ။
လင်းယောင်လည်း နားလည်သောကြောင့် ညစဉ် အနမ်းပေးသော သူကို မငြိုငြင်ရက်ပေ။
ထို့ကြောင့် ပို၍နှစ်သက်ရလေသည်။
ညအမှောင်ကျလာသောအခါ ကုမန်ဆန်နှင့် ဇနီးတို့အိမ်ပြန်လာကြသည်။ သုန်ဇီကတော့ အခန်းထဲ၌ သူ့စာအုပ်လေးများကိုသာ ဖတ်ပြီး နောက်ဆုံးအိပ်ပျော်သွားလေသည်။
ဒါရိုက်တာကုလည်း မီးပိတ်အိပ်ရန်ပြင်ဆင်သည်။ တောင်ပေါ်တွင် တိတ်ဆိတ်နေခဲ့ပြီး တံခါးမှ လေအေးတိုက်သံသာကြားခဲ့ရသည်။
လင်းယောင်လည်း မိနစ်ပိုင်းအတွင်းမျက်နှာလေးရဲကာ အိပ်ပျော်သွားခဲ့သည်။
ညသန်းခေါင်ယံတွင် နိုးတစ်ဝက်အိပ်တစ်ဝက်ဖြစ်နေချိန်၌ တစ်ယောက်ယောက်က ဖွဖွလေးနမ်းလိုက်သည့်ခံစားချက်ကိုပြီး မျက်လုံးဖွင့်ကြည့်လိုက်သောအခါ ဆွဲဆောင်မှုရှိသည့် အသံတစ်ခုက နားထဲသို့ ရောက်လာခဲ့သည်။
“ ယောင်ယောင်၊ နိုးနေတာလား ”
လင်းယောင်လည်း ကြောင်တောင်တောင်ဖြင့် “အင်း” ဟုသာပြန်ဖြေလိုက်ပြီး ကုရှီအန်းသည် ငြင်သာစွာပြုံးပြလိုက်ကာ နှုတ်ခမ်းပေါ်သို့ အနမ်းများထပ်ခါထပ်ခါရောက်လာလေသည်။
ညစဉ်ညတိုင်း လင်းယောင်သည် ပင်လယ်ကြမ်းထဲမှ လှေငယ်ကဲ့သို့ပင်။ ကြမ်းကြမ်းတမ်းတမ်း အထိအတွေ့များကြောင့် နံနက်မိုးလင်းသောအခါ ခါးများနာကာ ခြေထောက်များ အားနည်းပြီး အိပ်ရာမှပင်မနည်းထရသည်။
ကုရှီအန်းသည် အနယ်နယ် အရပ်ရပ်သို့သွားရခြင်းကြောင့်သာ။ မဟုတ်လျှင် ကလေးမြန်မြန်ရမည်ဖြစ်သည်။
ဤသို့သာ ဆက်ဖြစ်နေလျှင် လက်ထောက်ဒါရိုက်တာကုနှင့် အနေခွါခြင်း တစ်နည်းသာရှိတော့သည်။
ဒီတခေါက် နွေဦးပွဲတော်ကတော့ ဘယ်လိုလာမလဲ မသိပေ။ ၂ ရက်၊ ၃ ရက်လောက်ထိ နှင်းကျနေသော်လည်း နှစ်သစ်ကူး ဒုတိယမြောက်နေ့တွင် နှင်းကျတာရပ်သွားပြီး ၆ ရက်မြောက်နေ့တွင် ပြန်ကျလာခဲ့သည်။ နှင်းကျပြီးသောအခါ လမ်းများ ဗွက်ထသွားပြီး လမ်းလျှောက်ရခက်သွားခဲ့သည်။ လမ်းလျှောက်ဖို့ရန်ပင် ခဲယဉ်းလှပေသည်။
လင်းယောင်၏ ခြေထောက်များ ဗွက်ပေနေပြီး အိမ်သည်လည်း စိုစွတ်နေခဲ့သည်။ နေရောင်ခြည်ကိုမမြင်ရသည်မှာကြာပြီး တောင်မှာလည်း မြူခိုးများနှင့်ပင်။ မှောင်ပြပြ မြူခိုးများနှင့်အတူ နှင်းများက အိမ်မှာနေရသည်ကို ခက်ခဲစေသည်။
ယွင်ရွှေကောင်တီမှ စက်ရုံများပြန်စမည့်ရက်မှာ လိုသေးသည်။ ငတ်မွတ်ခေါင်းပါးခြင်းမှာလည်း မပြီးဆုံးသေးပေ။ မြောက်ဘက်မှ လူများသည်ပင် ဂျုံမှုန့်နှင့်တူသော ကွမ်းရင်မြေကြီးကိုတောင် စားကြရလေသည်။ အစာမရရှိခြင်းကြောင့်ပင်။
ကောင်တီမှလူများသည် ကြမ်းထော်သောစပါးများကိုလဲလှယ်တက်သည်။
ပြောင်းဂျုံ၊ ပြောင်းနှံစားပင်၊ ကန်စွန်းဥ၊ ပေါက်စီ စသည်ဖြင့် ဗိုက်ပြည့်မည့် အစားအသောက် အားလုံးကို လဲကြလေသည်။
စွင်းမိသားစုမှ လုပ်သောခေါက်ဆွဲ၌ ကန်စွန်းဥများပါပြီး အိုးထဲ၌သေချာပြုတ်ထားလေသည်။ ပန်ကိတ်များကိုလည်း အိုးကြီးထဲ၌ ထည့်ပြုတ်ထားသည်။ စွင်းကျားလျန်၏ ဦးလေးသည် စပါးရုံမှ တာဝန်ခံဖြစ်ပြီး ပြောင်းပန်ကိတ် နှင့် ငါးဆားနယ်၊ တို့ဟူး တို့ရနိုင်သေးသည်။
လင်းဟုန်န အတွက်တော့ စွင်းမိသားစုမှာ ခိုနားရာပင်ဖြစ်ပြီး သူမကိုအငတ်ထားမည် မဟုတ်ပေ။
သို့သော် နယ်ဘက်မှ လင်းတာ့ကော် မိသားစုမှာတော့ ကံမကောင်းလှပေ။
လင်းအိမ်ရှေ့တွင်ကား ကန်တင်းဖြစ်သည်။ သို့သော် အခြေအနေကိုမကြည့်ပဲ စားသောက်ဖြုန်းတီးလေသည်။
ယခုပို၍ကောင်းသွားသည်က ကန်တင်းအလုပ်မလုပ်တော့ပဲ မိသားစုတိုင်းက ကိုယ့်ဘာသာစားကြရသည်။
လင်းတာ့ကော်ထံတွင် ပဲမဲပေါက်စီအထုပ်သေး ၁ ခုသာရှိပြီး လင်းဟုန်န ခိုးထားသောပစ္စည်းများဖြင့် မှောင်ခိုစျေးတွင် လဲထားခြင်းဖြစ်လေသည်။
လင်းတာ့ကော် မိသားစုတွင် လူ ၃ ယောက်ရှိပြီး ပိုက်ဆံကိုမည်သို့စုဆောင်းရသနည်းဆိုတာမသိကြပေ။ ပိုက်ဆံကုန်လျှင် သားမက်ကိုသာ သွားကပ်ကြလေသည်။
စွင်းကျားလျန်လည်း ပိုက်ဆံ ၂ ဆပေးပြီး ထပ်အတွေ့မခံတော့။
စွင်းမိသားစုတွင် လင်းဟုန်န မည်သည့်အမှားမှမလုပ်ရဲပေ။ သို့သော် မိဘများ ငတ်ပြတ်နေသည်ကိုလည်း မကြည့်နိုင်ချေ။
ထို့အပြင် လင်းဟုန်ဝူသည် တစ်မိသားစုလုံး စားစရာမရှိသောကြောင့် ခွက်ကိုယ်စီဖြင့် တောင်းစားမည်ဖြစ်ကြောင်း သတင်းပို့ခဲ့သည် ။
ဘာကြောင့်လဲဟုမမေးနှင့်။ အဖြေမှာ သားမက်နှင့်သမီးဖြစ်သူက ဂရုမစိုက်သောကြောင့် တောင်းစားရသည်ဟုပဲ ပြောပေလိမ့်မည် ။
လင်းဟုန်န အလွန်ဒေါသထွက်သွားသော်လည်း မတတ်သာသည့်အဆုံး သူမ၏ပိုက်ဆံထဲကသာ ပေးလိုက်ရသည်။ ထို့နောက် လင်းဟုန်ဝူသည် မှောင်ခိုစျေးသို့သွားကာပြောင်းခေါက်ဆွဲ ၃၊ ၄ ကီလို၊ ၂ ကီလို ရှိသော ခေါက်ဆွဲမဲ၊ ကန်စွန်းဥ ၂၀ ကီလိုကို ကျောကုန်းပေါ်သို့တင်ကာ လင်းကျားဆွင်သို့ပြန်လေသည်။
ရိက္ခာရသောအခါ လင်းတာ့ကော် မိသားစုလည်းငြိမ်သွားလေသည်။
ရိက္ခာနည်းသောကြောင့် အိမ်ထောင်စု အတော်အများတွင်စားစရာ လျော့နည်းနေပြီး တနေ့ ၂ နပ်မလောက်ငှ၍ ဟင်းသီးဟင်းရွက်များ ရှာကြရသည်။
နှစ်သစ်ကူး ၈ ရက်မြောက်တွင် ညသန်းခေါင်ထိ နှင်းကျနေပြီး နောက်နေ့ညနေအထိပင်။
၉ ရက်မြောက်နေ့တွင် လင်းယောင် ကန်စွန်းဥခြောက်များ စားပြီးသောအခါ နှင်းကျခြင်းရပ်သွားသည်ကို တွေ့လိုက်လေသည်။ ခြံထက်၌ နှင်း၏ အထူမှာ ၂ လက်မလောက်ရှိလေပြီ။ တောင်လမ်းတစ်ဖက်ဆီမှ အပင်တို့သည်လည်း ညှိုးကျကာ နှင်းများဖုံးနေလေသည်။ တောင်၏ အဝေးတွင်ရှိသော ဝါးတောမှာလည်း နှင်းများဖုံးနေပြီး တိရစ္ဆာန် ခြေရာများ တောင်လမ်းပေါ်တွင်တွေ့ရသည်။ ညဘက် အစာရှာထွက်ကြသည့်ပုံပင်။
နှင်းကျနေလျှင် ယုန်များမှာ ဖမ်းရအလွယ်ဆုံးပင်။ ကုရှီတုန်းသည် ဂွမ်းသားဂျက်ကပ်ကိုဝတ်လိုက်ကာ အခန်းထဲမှ မှန်အသေးလးထဲသို့ကြည့်လိုက်လေသည်။ သူ၏ ချောမောမှုကို ရှုမဝသည့်ပုံပင်။ ထို့နောက် ဂွမ်းသားဂျက်ကပ်ကို ချွတ်လိုက်ပြီး အကိုဖြစ်သူပေးထားသော စစ်ကုတ်အင်္ကျီကို ဝတ်လိုက်ကာ အလွန်ပင် ကွက်တိကျ၍ လိုက်ဖက်သည်။
ထို့နောက် ကောင်စုတ်လေးသည် ဆံပင်များကို ချလိုက်ပြီး မှန်ထဲ၌ ဒေါင်းအလှပြသကဲ့သို့ ဖြီးနေလေသည်။
“မမယောင်ယောင်၊ ယုန်သွားဖမ်းဖို့။ ဘယ်လိုနေလဲ ”
လင်းယောင်လည်း သိချင်စိတ်ဖြင့် " အိမ်မှာ ယုန်ရှိတယ်မဟုတ်ဘူးလား ?”
ဘာလို့ တောင်အနောက်ကိုသွားဖမ်းမှာလဲ။
“ မမယောင်ယောင် ဘာလို့ တုံးအရတာလဲ။ အိမ်က ယုန်တွေက ကြီးပေမယ့် စားလို့မရဘူးလေ။ တောင်နောက်ကယုန် တွေကဝတယ်။ ဖမ်းပြိီး အားလူးနဲ့ ချက်ရင် မွှေးနေမှာ ။”
လင်းယောင် ထိုစကားကြားသောအခါ လောဘတက်သွားလေသည်။
မောင်နှမ ၂ ယောက် ယုန်အသိုက်မှ ယုန်ကိုသွားရည်ယိုနေလေသည်။
ကျန်းဆွေ့လန်လည်း ထွက်မလာပဲ ရီသာနေလေသည်။
ကုမန်ဆန် စောစောထလိုက်ပြီး တံမြတ်စည်းအကြီးကိုယူလာပြီး ယုန်အသိုက်ကို လှဲလိုက်ကာ ယုန်မစင်များကိုတူး၍ မြေဩဇာအဖြစ် ဥယျာဉ်ထဲတွင် ထားလိုက်သည်။ ထို့နောက် ခြံကိုရှင်းလင်းလိုက်သည်။ ကုရှီတုန်းလည်း သူ၏အဖေနှင့် ယုန်ဖမ်းရန် လိုက်သွားလေသည်။
ကုမန်ဆန်လည်း ပျော်ရွှင်စွာ ခေါ်သွားလေသည်။
လင်းယောင် လိုက်သွားချင်သော်လည်း ပျော့ညံ့သောခန္ဓာကိုယ်က ပြဿနာပေ။
“ယောင်ယောင် ဘာလို့လိုက်မှာလဲ။ တောင်ပေါ်မှာ အရမ်းအေးတယ်။ လေတစ်ချက်တိုးပြီး နှင်းတွေ သစ်ကိုင်းပေါ်ကကျလာရင် ခြေထောက်တစ်ဖက်ညပ်ပြီး နောက်တစ်ဖက်က ဆွဲထုတ်မဘဲဖြစ်နေမယ်။ အိမ်မှာပဲနေခဲ့ ”
လင်းယောင်လည်း လျင်မြန်စွာ အိမ်မှာပဲစောင့်တာအဆင်ပြေကြောင်း ပြန်ပြောလိုက်သည်။
ကုရှီတုန်းလည်း ရယ်ကာ အဖေနောက်သို့ လိုက်သွားခဲ့သည်။
ကျန်းဆွေ့လန်ကတော့ ဘီဒိုရှင်းနေခဲ့ပြီး အထဲမှ ချည်စ ၂ ခုထွက်လာလေသည်။ တစ်ခုသည် အဝါရောင်ဖြစ်ပြီး နောက်တစ်ခုမှာ မရမ်းရောင်ဖြစ်သည်။ သူမသမီး ကုချွင်မေသည် ကိုယ်ဝန်ရနေပြီ ဖြစ်သောကြောင့် မြေးလေးမရခင် စောင်ချုပ်ပေးချင်နေပြီး ယခုအတော်ပဲဖြစ်သွားလေသည်။
ယုန်အသိုက်လေးထဲတွင် ယုန်လေးများဗိုက်ဆာ၍ နံရံကိုကုတ်ခြစ်သံက ကြောင်ဝါလေးကိုပင် လန့်စေပြီး “မြောင်” ဟုအော်လေသည်။
လင်းယောင် လျင်မြန်စွာ ဂေါ်ဖီရွက်များ ကျွေးလိုက်ပြီး ယုန်လေးများ စားနေသည်ကို ကြည့်နေခဲ့သည်။ ယုန်မကြီး ထိုအသိုက်တွင် ကလေး ၈ ကောင် မွေးပြီး ယခုဗိုက်ထဲတွင်လည်း ကလေးရှိနေသည်။ ထိုတရုတ်ဂေါ်ဖီရွက်များမှာ ကျန်းဦးလေး ပေးထားခြင်းဖြစ်သည်။
ကုရှီအန်း မကြာခင်အိမ်သို့ ပြန်လာပြီး စက်ဘီးကိုသယ်လာကာ လမ်းလျှောက်ဝင်လာလေသည်။
လက်ထောက်ဒါရိုက်တာကုသည် စက်ဘီးကို ထမ်း၍ ပြန်လာလေသည်။ အကြောင်းမှာ တောင်ပေါ်မှနှင်းများကြောင့်ဖြစ်ပြီး ဒါရိုက်တာအဟောင်းက ကုရှီအန်းကို ဂျစ်ကားဖြင့် တောင်ပေါ်သို့ လိုက်ပို့ရန် အစ်ကိုကြီးထို့ထို့ကို မှာလိုက်ခြင်းကြောင့်ပင်။
တောင်ပေါ်ရောက်သောအခါ ကုရှီအန်းသည် စက်ဘီးကိုကိုယ်တိုင်ထမ်း၍ သွားလေရာ အကိုကြီးထို့ထို့လည်းကြည့်သာနေလိုက်ရသည်။ မည်သို့ပင် သတိထား၍သွားပါစေ၊ ခြေလှမ်းများယိမ်းယိုင်ကာ စက်ဘီးကိုကိုင်၍ လဲကျလေသည်။
သို့သော် ဖင်ထိုင်ချလိုက်ကာ အောက်သို့မကျသွားပေ။သို့သော် သူ၏ ခေါက်ထားသောအင်္ကျီလက်က ဗွက်များပေသွားခဲ့သည်။ ချောမောသောမျက်နှာတွင် ချမ်းလွန်း၍ အမူအရာကင်းနေခဲ့ပြီး စက်ဘီးကိုထမ်းထားသောကြောင့် နယ်ဘက်မှ ဦးလေးကြီးတစ်ယောက်ကဲ့သို့ပင်။
လင်းယောင် ရယ်ချင်သွားခဲ့ပြီး ပျို့အန်ချင်သော ခံစားချက်တစ်ခုက ရင်ဘတ်ထဲတွင် ဆို့တက်လာလေသည်။