← Chapters

အခန်း (၇၂)

Vol. 6 Ch. 72

အခန်း (၇၂)

Vol. 6 Ch. 72

လီအိုက်ဖုန်း ရုတ်တရက် အရိုက်ခံလိုက်ရတာကြောင့် မျက်နှာကိုအုပ်ကာ အော်လိုက်သည်။ "ခမည်းခမက် ဘာလို့ဒီလိုလုပ်ရတာလဲ"

စွင်းအမေမှာ အရင်လို ချဉ်းကပ်ရလွယ်မနေကာ နှာခေါင်းရှုံ့လိုက်သည်။ "သူခိုးမ မလို့ရိုက်တာလေ။တောသူတွေကတော့ တောသူတွေပဲ။ မြို့ကို ရောက်တာနဲ့ပျက်စီးတာပဲ။ ချီးစားတဲ့ခွေးက ပြောင်းကိုမပြောင်းဘူး။ ငါ့‌ကောက်ညှင်းထုပ်တွေ ပြန်ထွေးထုတ်လိုက်"

အဖွားကြီး၏ အသံမှာ ပမာမခန့်မှုများနှင့်ပြည့်နေလေသည်။ စွင်းမိသားစုရှေ့တွင် လီအိုက်ဖုန်းတည်ဆောက်ခဲ့သော ယုံကြည်မှုမှာ သူမ၏ ဆူပူမှုအောက်တွင် ပျက်ပြားသွားခဲ့ရသည်။

အထူးသဖြင့် လီအိုက်ဖုန်း မြို့ကိုလာတော့ သူမက ရွာကလူများကို မြို့သို့ကောင်းချီးများ ခံစားရန် သွားသည်ဟုပြောခဲ့လေသည်။ အခုတော့ ကောက်ညှင်းထုပ်လေးစားတာနှင့် ခမည်းခမက်ဖြစ်သူက တောသူတစ်ယောက်လိုပင် ဖြစ်သွားသည်။ ခမည်းခမက်က သူမအား ကြွက်စုတ်တစ်ကောင်ကဲ့သို့ပင် အော်ကာ ထွက်သွားရန်ပြောလေသည်။

လီအိုက်ဖုန်း ဘယ်လို လွယ်လွယ်ထွက်သွားနိုင်မည်နည်း။

အမှန်တော့ သူမ ကောက်ညှင်းထုပ်များကို စားမိခြင်းမှာ ကျေးလက်ဒေသတွင် ထိုသို့အစားအသောက်ကောင်းကောင်း မစားဖူးသောကြောင့် ပါးစပ်ကိုပိတ်ပြီး မနေနိုင်၍ ဖြစ်သည်။ ဒီတစ်ကြိမ်တွင် ဝဝလင်လင်မစားရပေ။ ဒုတိယအနေနှင့် သူမတွင် လက်စားချေရန်အတွေးများရှိလေသည်။ သူမက အိမ်သန့်ရှင်းရေးလုပ်နေတုန်း စွင်းမိသားစု၏ ကောက်ညှင်းထုပ်များကို ခိုးစားခဲ့သည်။ ဘယ်သူက သခင်၏ အစားအစာများကိုစားရဲမည်နည်း။

တစ်ယောက်ယောက်မိသွားလျှင် လက်များခြေများ သန့်ရှင်းမည်မဟုတ်တော့ပေ။

သူမကတော့ ခြားနားသည်ပင်။ သူမသမီးက စွင်းမိသားစု၏ ချွေးမဖြစ်သည်။ သူမနှင့် စွင်းမိသားစုမှာ မိသားစုတစ်ခုတည်း၏ တစ်စိတ်တစ်ပိုင်းပင်ဖြစ်သည်။အမေက သမီးရဲ့ဖက်ထုပ်တွေကိုယူစားတာက သဘာဝကျတာပဲမလား။

ထို့ကြောင့် လီအိုက်ဖုန်းမှာ ကောက်ညှင်းထုပ်များကိုစားကာ ခမည်းခမက်ဖြစ်သူကို တိတ်တိတ်လေးလက်စားချေခဲ့သည်။ သူမက သန်စွမ်းကာစားနိုင်သောက်နိုင်ပြီး တစ်ခါတည်းနှင့် ကောက်ညှင်းထုပ် ၆ ခုစားခဲ့သည်။ ကောက်ညှင်းက သူမလည်ပင်းကိုပင် နင်သွားစေသည်။

လီအိုက်ဖုန်းတစ်ယောက် မုယောစပါးနှင့် ရောထားသောနို့ကို စွင်းအိမ်အံဆွဲထဲမှ ထုတ်ကာ ကရားကြီးနှင့်ထည့်ပြီး အကုန်သောက်လိုက်သည်။ ထိုဟာမှာအလွန်ပင်အရသာရှိသည်ဟု ခံစားရပြီး ကရားကြီးနှင့် ထည့်ကာ အိတ်ထဲသို့ ထည့်လိုက်သည်။ ရွာကိုယူသွားကာ သောက်ရန်လုပ်ထားလေသည်။

လီအိုက်ဖုန်း၏ ရိုင်းစိုင်းသည့်စိတ်မှာလည်း ပေါ်လာကာ ပြန်ပြီး အော်ငေါက်လေတော့သည်။ ထိုသို့စကားများရင်းတဖြည်းဖြည်း လက်ပါပါလာကြတော့သည်။

ခမည်းခမက်များကြားမှရန်ပွဲက ကလေးများရန်ဖြစ်သည်ထက် ပိုဆိုးလေသည်။ ဆံပင်ဆောင့်ဆွဲ၊လည်ပင်းညှစ်၊ ပါးရိုက်ကြသည်။

မည်သို့ပင်ဆိုစေ စွင်းအမေမှာ တစ်နှစ်ပတ်လုံး လယ်ထဲဆင်းနေရသော လီအိုက်ဖုန်းလောက်တော့ မတော်ပေ။အနည်းငယ် ပြန်ချပြီးနောက် နောက်ကျန်နေခဲ့တော့သည်။

ဝန်းထဲမှအိမ်နီးချင်းများမှာ ဆူညံသံကိုကြားပြီး တံခါးကိုဖွင့်ကာ တံခါးဝတွင် စိတ်လှုပ်ရှားစရာကို ကြည့်နေကြတော့သည်။

အခန်းထဲတွင် အနားယူနေသော လင်းဟုန်နမှာ နိုးလာလေသည်။ သူမဗိုက်ကိုကိုင်ပြီးသွားတော့ ယောက္ခမဖြစ်သူနှင့်မိခင်ဖြစ်သူတို့ ရန်ဖြစ်နေကြတာကို တွေ့လိုက်ရလေသည်။၂ ယောက်လုံးမှာမြေကြီးပေါ်တွင် လူးလိမ့်နေပြီး ဆဲရေးနေကြသည်။

လင်းဟုန်န၏ မျက်နှာမှာအလွန်ပင် အကျည်းတန်နေကာ ရန်ဖြစ်နေသည်ကိုခွဲရန် လျှောက်လာလေသည်။

အဖွားကြီးနှင့် လီအိုက်ဖုန်းမှာ သူမကို လုံးဝပင်လျစ်လျူရှုထားလေသည်။ လီအိုက်ဖုန်းမှာ ဆံပင်ကိုဆွဲထားကာ လွှတ်မပေးပေ။ အဖွားကြီး၏ မျက်နှာမှာနာကျင်မှုကြောင့်ရှုံံ့မဲ့နေကာ လီအိုက်ဖုန်း၏ မျက်နှာကိုအတင်းကုတ်ဆွဲရန် လက်ကိုဆန့်လိုက်သည်။

လီအိုက်ဖုန်းအော်ဟစ်ကာ မျက်နှာကိုအုပ်ပြီး နောက်ဆုတ်သွားလေသည်။ အဖွားကြီးက သူမ၏ဗိုက်ကိုခြေထောက်နှင့်ကန်လိုက်သည်။ ဖြစ်ချင်တော့ကိုယ်ဝန်ရှိနေသောလင်းဟုန်နမှာ လီအိုက်ဖုန်း၏ နောက်တွင်ရပ်နေမိလေသည်။ လီအိုက်ဖုန်း၏ ခေါင်းမှာ စူထွက်နေသော လင်းဟုန်န၏ ဗိုက်အား ဆောင့်မိသွားသည်။

လင်းဟုန်န သူမ၏ဗိုက်အား တစ်ခုခုနှင့်ထိုးလိုက်သလို ခံစားလိုက်ရပြီး နာကျင်မှုကစူးစူးဝါးဝါးပင်။ သူမ၏ ခြေထောက်တွင် နီရဲနေသော သွေးများရှိနေလေသည်။အဖွားကြီးက ထိုဟာကိုမမြင်ပဲ လီအိုက်ဖုန်းနှင့်နောက်တစ်ကြိမ်ထပ်ချချင်နေလေသည်။

လီအိုက်ဖုန်း သူမလက်တွင်ကပ်စေးစေးဖြစ်နေသည်ကိုခံစားလိုက်ရပြီး ငုံ့ကြည့်လိုက်တော့ သူမလက်မှာ သွေးများနှင့်ပြည့်နေသည်ကို တွေ့လိုက်ရလေသည်။

လင်းဟုန်နမှာ သတိလစ်ကာ မြေကြီးပေါ်တွင်လဲနေပြီး ဗိုက်အောက်မှလည်း သွေးများအလွန်အမင်းထွက်နေလေသည်။

လီအိုက်ဖုန်းမှာ အော်ဟစ်ကာ လင်းဟုန်နအား အမြန်လှုပ်နှိုးလေသည်။ "နန နန ဘာဖြစ်တာလဲ။ သမီးလေးရယ် အမေ့ကိုလန့်အောင်မလုပ်ပါနဲ့"

အဖွားကြီး - "အဲ့ဒါမွေးရမယ့်အချိန်ပဲ။ သူ့ကိုမြန်မြန်ဆေးရုံကိုပို့"

မိန်းမကြီး ၂ ယောက်မှာ ပြသနာရှာနေတာကို ရပ်လိုက်ကြသည်။ အဖွားကြီးက အော်လိုက်သောအခါ တံခါးနောက်တွင်ပုန်းနေကြသော အိမ်နီးချင်းများက ကူညီရန်အလျင်အမြန် ထွက်လာကြသည်။ အသက်အန္တရာယ်ရှိနေသည်လေ။

ထို့အပြင် လင်းဟုန်နသာ သေသွားလျှင် အိမ်နီးချင်းများမှာ ကံမကောင်းဟု ခံစားရပေမည်။

လူတိုင်းက သတိလစ်နေသော လင်းဟုန်နကို မ,ရန် အသည်းအသန် ကြိုးစားကြကာ ကျန်းမာရေးစင်တာသို့ ပို့လိုက်ကြသည်။

နောက်တစ်နေ့ မနက်စောစောတွင် တစ်ညလုံးနာကျင်နေခဲ့သောလင်းဟုန်နမှာ ၄ ပေါင်ပင် မပြည့်သော လမစေ့သည့်ကလေးလေးအား မွေးဖွားခဲ့လေသည်။

သူတို့လိုချင်နေခဲ့သော မြေးယောက်ျားလေးကို ရခဲ့သော်လည်း ကလေးမှာ မွေးခန်းထဲမှထွက်လာတော့ တစ်ကိုယ်လုံးဒဏ်ရာများနှင့် ပြည့်နေကာ မျက်နှာမှာလည်းဖြူရော်နေခဲ့လေသည်။ မြို့ရှိကျန်းမာရေးစင်တာမှာ ချို့တဲ့လေသည်။ ကလေးအား ကုသမှုခံယူရန် စီရင်စုရှိ ဆေးရုံသို့ ညတွင်းချင်း ပို့လိုက်လေသည်။ စွင်းမိသားစုဝင်များမှာ မျက်မှောက်ကျုံ့နေကြသည်။ အဖွားကြီးမှာ မြေးဖြစ်သူအား စိုက်ကြည့်နေခဲ့ပြီး ဆရာဝန်က ကယ်ဆယ်လို့မရနိုင်လောက်ဟု ပြောတော့ သူမမျက်လုံးများမှာ ချက်ချင်းနက်မှောင်သွားခဲ့သည်။

လင်းဟုန်န မီးဖွားခန်းထဲမှာပင် ရှိနေစဉ် အဖွားကြီးက ထိုအထဲသို့ နောက်တစ်ကြိမ်ဝင်သွားခဲ့သည်။

ပြဿနာကို ဖြစ်စေခဲ့သူ လီအိုက်ဖုန်းကတော့ ဆေးရုံထဲတွင်ပုန်းနေခဲ့ပြီး ဖြစ်စဉ်ကို နားထောင်နေခဲ့လေသည်။မြေးဖြစ်သူမှာ အသက်အန္တရာယ် စိုးရိမ်နေရသည်ဟုကြားသိရတော့ သူမကိုသတ်ချင်နေသောစွင်းမိသားစုဝင်များ၏ မျက်လုံးကိုကြည့်လိုက်သည်။ သူမ ကျောချမ်းသွားပြီး ရှူးပေါက်ချင်သည်ဟု အကြောင်းပြကာ စွင်းအိမ်သို့ပြန်လာခဲ့သည်။ အထုပ်အပိုးပြင်ပြီး စွင်းမိသားစုအား ၁၀ ယွမ်ပေးပြီးနောက် တုန်းဖန်းဟောင်ထုတ်လုပ်ရေးအသင်းသို့ ပြန်သွားခဲ့သည်။

စွင်းမိသားစု၏ မျိုးဆက်ကိစ္စမှာအရေးကြီးလှသောကြောင့် စွင်းမိသားစုတစ်ခုလုံး စီရင်စုမြို့တော်သို့သွားကြကာ စွင်းကျားရုန်ကိုသာ အဖွားကြီးနှင့် လင်းဟုန်နတို့အား ကြည့်ရှုစောင့်ရှောက်ရန်ထားခဲ့လေသည်။

စွင်းမိသားစု၏ မြေးလေးကို စီရင်စုမြို့တော်တွင် ၂ ရက်ကြာကုသပြီး နောက်ဆုံးတွင်ကယ်တင်နိုင်ခဲ့သည်။ဆရာဝန်ဆီက ထိုစကားကြားရမှသာ စွင်းမိသားစုဝင်များ သက်ပြင်းချနိုင်တော့သည်။

"ဒီကလေးက လမစေ့ပဲမွေးလာပြီးတော့ အမေရဲ့ဗိုက်ထဲမှာထိခိုက်မှုပြင်းပြင်းထန်ထန်ရခဲ့လို့ အဆုတ်ထဲပိုးဝင်ပြီး အားနည်းနေတယ်။ နောင်ကျရင်လည်း သူ့ကိုသေချာဂရုစိုက်ရမယ်။ သူကောင်းကောင်းမွန်မွန်ကြီးပြင်းလာမယ်ဆိုရင်တောင် အားအင်စိုက်ထုတ်ရတဲ့ပင်ပင်ပန်းပန်း အလုပ်မျိုး လုပ်လို့မရဘူး။ ကလေးကို ပင်ပန်းတာတွေ မလုပ်စေဖို့သတိပြုပေးပါ …"

ဆရာဝန်ပြောသည်မှာ အလွန်ပင်တည့်တိုးဆန်ပြီး ဆိုလိုသည်မှာ ယခုအချိန်မှစ၍ သည်ကလေးမှာနာမကျန်းသော သူတစ်ယောက်ဖြစ်ကာ တစ်လှမ်းစာလမ်းလျှောက်ပြီး သုံးလှမ်းစာပြန်အသက်ရှူရပေမည်။သည်လိုကလေးမျိုးက မိသားစုအတွက် ဘယ်လိုထင်ပေါ်ကျော်ကြားမှုမျိုးကို ဆောင်ယူလာနိုင်မှာလဲ။

စွင်းကျားယွီမှာ သူမ၏ တူကိုထိခိုက်စေသည့်လီအိုက်ဖုန်းကို သည်းမခံနိုင်တော့ပဲ ဆေးရုံမှာပင် ကျိန်ဆဲမိတော့သည်။

စွင်းအဖေမှာ ဆေးရုံခုံတန်းပေါ်တွင်ထိုင်ကာ တိတ်တဆိတ် ငိုကြွေးနေလေသည်။

စွင်းကျားလျန်မှာ ဆေးရုံကုတင်ပေါ်တွင်လဲလျောင်းနေရသော တစ်ကိုယ်လုံးတွင် ပိုက်များဖြင့်ထိုးသွင်းခံထားရသည့်သားဖြစ်သူကို တွေ့သောအခါ သူ့နှလုံးသားတွင်စူးအောင့်သွားတော့သည်။

သူသည်ယောက်ျားကောင်းတစ်ယောက်မဟုတ်သော်လည်း အဖေကောင်းတစ်ယောက်မဟုတ်ဟု မဆိုလိုပါ။ သည်ကလေးမှာ သူ၏ သားဦးဖြစ်သည်။

ကိုယ်တိုင် အဖေတစ်ယောက်ဖြစ်လာမှသာ အဖေတစ်ယောက်ဖြစ်ရသည့် ခံစားချက်ကို နားလည်နိုင်လေသည်။

စွင်းကျားလန်မှာ သားဖြစ်သူကို ဆေးရုံတွင် ၃ ရက်ထားကာ သူမျက်လုံးဖွင့်သည်နှင့် သူ့သားမရှိတော့မည်စိုး၍ သူ့ကိုစောင့်ရှောက်ရန် တစ်ညလုံးမအိပ်ပဲနေလေသည်။

စွင်းအဖေမှာ ထိုသည်ကိုမြင်တော့ မျက်ခုံးများပြေလျော့သွားသည်။ မည်သို့ပင်ဆိုစေ သူတို့မှာသွေးသားတော်စပ်သူများပင်။ စွင်းကျားလျန်၏ ယခုစွမ်းဆောင်ချက်မှာ သူ့ကိုစိတ်သက်သာရာရသွားစေသည်။

၃ ရက်ကြာပြီးနောက် ကလေး၏ ရုပ်ပိုင်းဆိုင်ရာအခြေအနေမှာ တည်ငြိမ်သွားကာ စွင်းကျားယွီက လီအိုက်ဖုန်းကို ဘယ်လိုလုပ်မလဲဟု မေးလေသည်။

"ရဲကိုခေါ်လိုက်!"

သူ့သားကို ထိရဲသည်ဆိုလျှင် နတ်သမီးဖြစ်ဖြစ် နတ်ဆိုးဖြစ်ဖြစ် ဒုက္ခရောက်ရမည်ပင်။ စွင်းကျားယွီကတော့ ဒါကို လုံးဝကိုထောက်ခံလေသည်။ အဖေစွင်းမှာ တစ်ခဏလောက် တိတ်ဆိတ်သွားပြီးနောက် သက်ပြင်းချကာ မျက်စိမှိတ် ခေါင်းငြိမ့်လိုက်လေသည်။

ဤရက်များတွင် ထုံးတမ်းဥပဒေများမှာ ရိုးရှင်းလေသည်။ အထက်လူကြီးများက လူများကိုကိုယ့်အားကိုယ်ကိုးပြီး ကိုယ့်ခြေကိုယ့်လက်နှင့်ဘဝတိုးတက်အောင် စွမ်းဆောင်ကြရန် ပြောလေသည်။ လူတိုင်းက အလုပ်ကြိုးစားပြီး ကိုယ့်အားကိုယ်ကိုးရသည်ကို ဂုဏ်ယူကြသည်။ သူခိုးတစ်ယောက်‌ဆိုလို့ကတော့ အဆူအ‌ဆဲခံရပေမည်။

ထို့ပြင် ခိုးမှုမှာသာမန်ပြစ်မှုမဟုတ်ကာ ထိခိုက်မှုကိုဖြစ်စေသော လီအိုက်ဖုန်းလိုမျိုး ဆိုလျှင်တော့ ပိုဆိုးပေသည်။

လီအိုက်ဖုန်း အိမ်ကို ပြန်ပြေးသွားပြီးနောက် လွန်ခဲ့သောရက်များအတွင်း ဆက်တိုက်ထိတ်လန့်နေခဲ့လေသည်။သူမတော့ ဒုက္ခရောက်ပြီဆိုတာကို သိကာ စွင်းမိသားစုလိုလူမျိုးတွေက သက်ညှာပေးမှာ မဟုတ်တာကြောင့် ဘာဖြစ်လာနိုင်သလဲဆိုတာကို တွေးနေခဲ့သည်။

မြေးဖြစ်သူ အဆင်ပြေလျှင်တော့ ထိုကိစ္စကိုရေးကြီးခွင်ကျယ် လုပ်လောက်မည် မဟုတ်ပေ။ မြေးဖြစ်သူမှာ သူမသမီး၏ ဗိုက်ထဲတွင် ၇ လကြာအောင်နေခဲ့သည်ပင်။ နှစ်အနည်းငယ်အတွင်း သူမတောင်းပန်လိုက်လျှင် ပြန်ပြီးပျော်ပျော်ရွှင်ရွှင် နေထိုင်နိုင်မည်ဖြစ်သည်။

လီအိုက်ဖုန်းမှာ ထိုသို့လျှောက်တွေးနေကာ အိပ်မပျော်နိုင်ပေ။ သူမ၏ အိပ်မက်များမှာ ထူးဆန်းနေတော့သည်။ ကလေးလေးမှာ သွေးအိုင်ထဲတွင်လဲနေပြီး စွင်းမိသားစုဝင်များက သူမကို အမဲလိုက်သလို လိုက်နေကြသည်။ ရက်အနည်းငယ်အတွင်းမှာပင် လီအိုက်ဖုန်းမှာ ချုံးကျသွားတော့သည်။

ထို့နောက် ပြည်သူ့လုံခြုံရေးဌာန ယူနီဖောင်းဝတ်ထားသောရဲသားများ တုန်းဖန်းဟောင် ထုတ်လုပ်ရေးအသင်းတွင်ပေါ်လာလေသည်။

လီအိုက်ဖုန်း ကြောက်လန့်သွားပြီး ရဲများကိုမြင်လိုက်သောအခါ အမူအယာပြောင်းလဲသွားသည်။သူမမှာတုန်ယင်နေကာ ရဲများခေါ်သွားသည့်နောက် ပါသွားရတော့သည်။

လင်းတာ့ကော်မှာ ကြောင်သွားကာ လင်းဟုန်ဝူမှာ ထိုနောက်ကို လိုက်သွားလေသည်။

လီအိုက်ဖုန်း၏ အသံမှာစူးနေကာ လက်များခြေများကို ရုန်းကန်နေလေသည်။ "ကျွန်မ ပြစ်မှုမကျူးလွန်ခဲ့ပါဘူး။ ဘာလို့ ကျွန်မကို ဖမ်းကြတာလဲ။ ဟုန်ဝူရေ ကျေးဇူးပြုပြီး အမေ့ကိုကယ်ပါဦး!"

ရဲအရာရှိများမှာ ကိုယ်လုံးကိုယ်ထည်ထောင်ထောင်မောင်းမောင်းရှိကာ လီအိုက်ဖုန်းမှာ သူတို့ကြားထဲတွင် ကြက်ကလေး ငှက်ကလေးအတိုင်းပင်။

တုန်းဖန်းဟောင် ထုတ်လုပ်ရေးအသင်းမှ ရွာသားများလည်း ပွဲကိုကြည့်နေကြသည်။ လမ်းလျှောက်ဟန် လုပ်နေသော်လည်း အမှန်က လင်းမိသားစုမှာ ဘာတွေဖြစ်နေလဲဆိုတာကို လည်ပင်းကိုစောင်းကာကြည့်နေလေသည်။

ရဲအရာရှိများ လီအိုက်ဖုန်းကို ရဲကားထဲသို့ ထည့်လိုက်သောအခါ လူများ၏ မျက်လုံးများပြူးကျယ်သွားကြသည်။

မယုံနိုင်စရာပဲ လီအိုက်ဖုန်းတော့ ထောင်ထဲဝင်ရတော့မယ်။

*

မေလသို့ နောက်တစ်ကြိမ် ရောက်လာပြန်ပြီဖြစ်ကာ လင်းယောင် အချိန်ကူးပြောင်းလာသည်မှာ ၂ နှစ်ရှိပြီဖြစ်သည်။

မနှစ်က လင်းယောင်မှာ လက်ထပ်ပြီးကာစ ချွေးမလေးဖြစ်ကာ သူမခင်ပွန်းဖြစ်သူကို မမြင်ဖူးသေးပေ။

သည်နှစ်တွင်တော့ လက်ထောက်ဒါရိုက်တာကု၏ ကလေးလေးပင် သူမ ဗိုက်ထဲမှာ ရှိနေပြီဖြစ်သည်။ဘဝ၏ အခွင့်အလမ်းများမှာ အမှန်ပင်မျက်လှည့်ဆန်ကာ ခန့်မှန်းလို့မရနိုင်အောင်ပင်။

သည်နှစ်တွင် နွေရာသီရောက်တာ အလွန်ပင်စောလေသည်။ မေလပင်ရှိသေး ပူနေပြီဖြစ်သည်။ နေ့လည်ပိုင်းတွင်အပူရှိန်က ကုမိသားစုကို လွှမ်းခြုံထားပြီး ပြတင်းပေါက်အပြင်မှ ယင်းပင်ကြီး၏ အရွက်များလည်း အပူဒဏ်ကြောင့် လိပ်နေလေသည်။

စတီးစက်ရုံမှ လုပ်ငန်းဆောင်တာများကိုလည်း ယာယီရပ်ဆိုင်းထားသည်။

အကြောင်းပြချက်မှာ ရာသီဥတုပူလွန်းသောကြောင့်ပင်။

ရုတ်တရက် မြင့်တက်လာသော ရာသီဥတု ပူသည့်ဒဏ်အပြင် စတီးကျိုရာမှ အပူရှိန်ကြောင့် လူများကိုအပူလွန်သေဆုံးစေသည့်အထိ ဖြစ်နိုင်လေသည်။ အပူရှပ်ခြင်းကြောင့် အဖွဲ့ဝင်အများအပြားကို ဆေးရုံတင်ထားရသည်။

အထက်လူကြီးများမှာ စတီးလုပ်ငန်းများကို ဆိုင်းငံ့ထားရသည်။

ကျန်းဆွေ့လန်မှာ သည်ရက်ပိုင်းတွင် အနည်းငယ် စိတ်ပူနေလေသည်။ လင်းယောင်မှာတော့ အိမ်တွင်အိပ်လိုက်စားလိုက်နှင့် တက်ကြွနေကာ စိတ်မပူပေ။

ကျန်းဆွေ့လန်မှာ သမီးဖြစ်သူ ကုချွင်မေအား စိတ်ပူနေခြင်းဖြစ်သည်။

တွက်ကြည့်ရသလောက် ကုချွင်မေ ဗိုက်ထဲမှ ကလေးမှာ ၇ လကျော်ပြီဖြစ်သည်။ အခုမှာ ကိုယ်ဝန်တတိယပိုင်းကိုရောက်လာပြီဖြစ်ကာ မွေးရန်ရက်သတ္တပတ်အနည်းငယ်သာ လိုတော့သည်။

သို့သော် ကုချွင်မေမှာ ကံမကောင်းရှာပေ။ သူမ၏ ဗိုက်မှာ အံံ့သြစရာကောင်းလောက်အောင်ပင် ကြီးနေကာ ကြီးထွားလာသော သန္ဓေသားက အပေါ်ကိုတက်လာပြီး အစာအိမ်နေရာကို ကျဥ်းသွားစေကာ အက်ဆစ်များအပေါ်ကို ပြန်တက်စေတော့သည်။ သူမ ဘာကိုစားစား အန်နေတော့သည်။

ကျန်းမာရေးစင်တာသို့ သွားပြီး ဆရာဝန်နှင့် ပြရလေသည်။

ရွှီအမေက ချွေးမဖြစ်သူမှာ အမွှာလေးများကိုကိုယ်ဝန်ဆောင်ထားရသည်ဟု ထင်နေခဲ့သည်။ ဆရာဝန်က ထိုသည်ကိုကြားသောအခါ ရယ်လေသည်။ ဘယ်ကအမွှာဖြစ်ရမလဲ။ ကလေးကတစ်ယောက်တည်းကို ဗိုက်က ဘာလို့ အရမ်းကြီးနေရတာလဲ။

ကုချွင်မေမှာ ကိုယ်ဝန်ရှိနေစဉ်တွင် အစားများများစားနိုင်နေကာ အမေရွှီကလည်း သူမခန္ဓာကိုယ်အားပြည့်စေရန်အကောင်းဆုံး ကြိုးစားပေးလေသည်။ အိမ်တွင်အခြားသူများ မစားနိုင်သော ဆီများသည့်အရာများကို ကုချွင်မေက စားနိုင်လေသည်။

လင်းယောင်နှင့် မတူစွာ ကုချွင်မေမှာ အိမ်တွင်နေ့တိုင်းလမ်းလျှောက်လေသည်။

ရွှီအမေမှာ ထိုသည်ကိုကြားပြီးနောက် အလွန်ပင် စိတ်မကောင်းဖြစ်သွားလေသည်။ သူမမှာ ချွေးမဖြစ်သူ မအိပ်နိုင်မစားနိုင် ဖြစ်နေသည်ကိုမသိပေ။

ကျန်းမာရေးစင်တာက ကုချွင်မေအား ဂလူးကို့စ်ထိုးပေးပြီး ခေါင်းအုံးနှင့်အ်ိပ်၊ နေ့တိုင်းလေ့ကျင့်ခန်းလုပ်ပြီး အာဟာရပြည့်ဝကာ ပေါ့ပေါ့ပါးပါးဖြစ်သော အစားအစာများကိုသာ စားခိုင်းလေသည်။

​

လင်းယောင်မှာ ကုချွင်မေဆီ တစ်ကြိမ်သွားလည်လေသည်။ ညီအစ်မ ၂ ယောက် တွေ့ကြသောအခါ မျက်ရည်များ ကျလာလေတော့သည်။

ညီအစ်မ ၂ ယောက်မှာ ကိုယ်ဝန်ကြောင့် ပင်ပန်းနေရကာ တစ်ယောက်နှင့်တစ်ယောင် မတွေ့ရတာ လပေါင်းများစွာ ကြာသွားပြီဖြစ်တော့ တွေ့တာနှင့်ငိုကြတော့သည်။

အစ်ကိုကြီးထို့ထို့ကတော့ တစ်ခါတစ်ရံ သူ့ဇနီးလေးအတွက် ရေယူလာပေးကာ တစ်ခါတစ်ရံ လာကြည့်လေသည်။

ကုချွင်မေ သူ့ကိုမြင်တော့ ဒေါသမထွက်ပဲ မနေနိုင်တော့ပေ။

ဒီလူအတွက်သာ ကလေးမွေးမပေးရဘူးဆိုရင် သူမဒီလိုတွေခံစားနေရပါ့မလား။

ထို့ကြောင့်ရွှီရှန်းချန်မှာ ဇနီးဖြစ်သူဆီမှာ အဆူခံရလေတော့သည်။

လက်ထောက်ဒါရိုက်တာကုကတော့ ဉာဏ်ကောင်းကာ တိတ်တိတ်လေး နေနေလေသည်။

ညနေပိုင်းတွင် ကျန်းဆွေ့လန်က သမီးဖြစ်သူကို ဆေးရုံတွင်စောင့်ပေးလေသည်။ ကုမန်ဆန်ကလည်း စိတ်ပူကာ သူမနှင့်အတူ နေပေးလေသည်။

ကုရှီအန်းနှင့် သူ့ဇနီးတို့မှာတော့ အိမ်သို့ပြန်သွားကြကာ ကုရှီတုန်းမှာ အိမ်တွင် နွေးနွေးထွေးထွေး နေနေရလေသည်။ သူ့အစ်ကိုကြီးနှင့် မရီးကိုတွေ့လိုက်တော့ သူစိတ်လှုပ်ရှားသွားတော့သည်။

လင်းယောင်မှာတစ်လမ်းလုံး မြည်းလှည်းစီးလာရတော့ တင်ပါးများကျိန်းနေကာ ဗိုက်ဆာပြီးရေလည်းဆာလေသည်။ ထို့ပြင် သူမဗိုက်ထဲက ဟာလေးကလည်း ကန်ကျောက်နေသေးသည်။

သည်အချိန်တွင် အိမ်မှာ ဘာမှစားစရာမရှိပေ။ ကုရှီအန်းမီးဖိုချောင်ထဲသို့ သွားပြီး ကြက်ဥ ၂ လုံးပြုတ်လိုက်သည်။ လင်းယောင်မှာ ကြက်ဥ ၂ လုံးကို တစ်ထိုင်တည်းနှင့်စားလိုက်ပြီး စွပ်ပြုတ်ကို သောက်လိုက်သည်။ ရင်ထဲအေးသွားကာ အိပ်ယာမှထပြီး လမ်းလျှောက်ရန်ပြင်လိုက်သည်။

ကုရှီတုန်းက ပြေးလာပြီး ပြောလေသည်။ "မရီး ကျွန်တော်ကူပေးမယ်။ ကျွန်တော်ကူပေးမယ်"

လင်းယောင် ပြုံးကာပြောလေသည်။ "အိုး ငါတို့သုန်ဇီလေးတောင် အရွယ်ရောက်လာပြီပဲ"

သုန်ဇီမှာ ပြုံးဖြီးနေတော့သည်။

နေ့လည်ပိုင်းတွင် သုန်ဇီတစ်ယောက် ယုန်သားကိုလောဘတက်နေကာ ယုန်ကိုသတ်ပြီး စတူးလုပ်ဖို့ သူ့အစ်ကိုကြီးကို ပြောပေးရန် မရီးဖြစ်သူကို ကူညီစေချင်တာဖြစ်ကြောင်း သိလိုက်ရသည်။

အခုဆိုလျှင် ကုမိသားစုမှ ယုန်အသိုက်ထဲတွင် ယုန်အကောင် ၂၀ ရှိနေပြီဖြစ်သည်။ ယုန်တွေက များတော့ အသီးအရွက်တွေလည်း ခြင်းအများအပြားကုန်လေသည်။ သုန်ဇီက မနက်ပိုင်းတွင် မြက်ရိတ်ကာ ယုန်လေးများက နေ့ခင်းပိုင်းတွင် စားလို့ကုန်သွားလေသည်။ သုန်ဇီ သက်ပြင်းရှည်ကြီး ချလိုက်သည်။ နေ့လည်ပိုင်းတွင် သူထပ်ပြီး မြက်သွားရှာရပြန်လေသည်။ သူ့နေ့တိုင်းပင်ပန်းနေကာ မရီးဖြစ်သူအား သူပင်ပန်းကြောင်းပြောပြလိုက်လေသည်။

ယုန်တွေက မျိုးပွားတာ အရမ်းမြန်တာကြောင့် လင်းယောင်လည်း အများကြီးမွေးဖို့ တွေးမထားပေ။ စားဖို့လုံလောက်လျှင်ရပေပြီ။

ခြံဝန်းထဲတွင် ကုရှီအန်းမှာ အင်္ကျီလက်ကို မတင်ထားပြီးသန်မာသော လက်မောင်းများကို ဖော်ပြထားကာ ရေခပ်၊ ထင်းခုတ်ပြီး ယုန်များကို အစာကျွေးနေလေသည်။

လင်းယောင် ဝဖီးနေသော ယုန် ၂ ကောင်ကို ကောက်ကိုင်လိုက်ကာ ကုရှီအန်းအား သတ်ပြီး တစ်ကောင်ကိုနှပ်ကာ တစ်ကောင်ကို ပေါင်းရန်ပြောလေသည်။

လင်းယောင်မှာ အလွန်ပင် လောဘကြီးနေလေသည်။ပြောရမည်ဆိုလျှင် သူမအသားမစားရသည်မှာ လဝက်လောက်ရှိပေပြီ။

ရှေးလူကြီးများက ယုန်လိုနှုတ်ခမ်းကွဲ ကလေးလေးမွေးလာမည်စိုးသောကြောင့် ကိုယ်ဝန်ဆောင်ချိန်တွင် ယုန်သားမစားခိုင်းပေ။

မစားတာက ဗိုက်ထဲက ကလေးအတွက်ကောင်းပေသည်။ မစားခိုင်းသည်မှာ မိသားစု၏ နောက်မျိုးဆက်များကောင်းကျိုးအတွက်သာ။

မဟုတ်တာတွေ။

နှုတ်ခမ်းကွဲသည်မှာ မျိုးရိုးဗီဇချို့ယွင်းမှုကြောင့်ဖြစ်သည်။ အရင်မျိုးဆက်များမှတစ်ဆင့် ဆင်းသက်လာသော မျိုးရိုးဗီဇချို့ယွင်းမှုကြောင့်ပင်။ ယုန်သားစားတာနဲ့ဘာဆိုင်လို့လဲ။

ပြီးတော့ အငတ်ဘေးကျနေတဲ့အချိန်မှာ ယုန်သားစားလို့ရတာကိုတောင် ကျေးဇူးတင်ရမှာ။

တစ်ယောက်ယောက်ကသာ လင်းယောင်ရှေ့မှာ လာပြီး အဲ့လိုအယူသည်းပြရင် အဆော်ခံရမည်ဖြစ်သည်။

ချန်းထို့ရွာမှ အမေတစ်ယောက်က ကုမိသားစုအား ဇီးသီးခြောက်များနှင့် အသီးအရွက်များ ပေးလေသည်။ယုန်သားကို ဆီးသီးများ အသီးအရွက်များနှင့် နှပ်လိုက်တော့ ရှယ်ပင်။

ကျန်းဆွေ့လန် သူမ၏ ကိုယ်ပိုင်ဥယျာဉ်မှ ပဲများလက်တစ်ဆုပ်စာ ယူလာလေသည်။ ညနေပိုင်းတွင် ယုန်သားနှပ်နှင့် ဟင်းသီးဟင်းရွက် ဆားရည်စိမ်နံ့များ မီးဖိုချောင်တွင် မွှေးပျံ့နေတော့သည်။ ခြံထဲမှာ စိုက်ထားသော ပူဒီနာမှာလည်း သန်ကာစိမ်းလန်းနေလေသည်။

လင်းယောင် ပူဒီနာပင်များကို ရေလောင်းပြီးနောက် နားရန် တရုတ်နှင်းသီးပင်အောက်တွင် ထိုင်လိုက်သည်။အကိုင်းများမှာ အုပ်ဆိုင်းနေကာ ထီးအကြီးကြီးတစ်ခုလိုပင်။ ကုရှီအန်းမှာ ဇနီးဖြစ်သူအတွက် စားပွဲအသေးလေးလုပ်ပေးထားကာ ဝါးထိုင်ခုံ ၂ ခုချပေးထားပြီး စားပွဲပေါ်တွင် ဖရဲသီးနှင့် သစ်သီးရေနွေးရှိလေသည်။ကြောင်လေးမှာ သူမဘေးတွင် ထိုင်နေကာ ကြက်များမှာအော်ပြီးခြံစည်းရိုးအပြင်ဖက်တွင် လျှောက်သွားနေကြသည်။ လင်းယောင် ဝါးထိုင်ခုံလေးပေါ်တွင် ထိုင်ကာ အဝေးတွင်ရှိနေသော စိမ်းလန်းသည့် တောင်တန်းများကိုကြည့်လိုက်သည်။

ညနေပိုင်းတွင် မိသားစုဝင်များသည် ဆားစိမ်အသီးအရွက်များနှင့် အာလူးနှပ်တို့ကို ပါးစပ်တွင်ဆီများဖြင့် ပေကျံနေသည်အထိ စားကြတော့သည်။

လင်းယောင် သူမဗိုက်ကိုကိုင်ကာ ကျေကျေနပ်နပ်စားနေလေသည်။ ကုရှီအန်းမှာ ညဖက်တွင် ပြည့်ဖြိုးလာသောဇနီးဖြစ်သူအား ဖက်လိုက်ကာ တစ်ခဏလောက်မြည်းစမ်းကြည့်လိုက်ရာ အလွန်ပင်ကျေနပ်သွားတော့သည်။

လင်းယောင်၏ မျက်လုံးများမှာနီရဲနေကာ အစတည်းကအများကြီး မပြောထားသင့်ဘူးဆိုပြီး နောင်တရနေလေသည်။ ကိုယ်ဝန်ဆောင်ချိန်လည်း ထိုသို့လုပ်လို့်ရကြောင်း သူမ ပြောထားမိသည်ပင်။

လင်းယောင် လူးလှိမ့်နေကာ အိပ်လို့မရပေ။တစ်စုံတစ်ယောက်မှာ မျက်လုံးများကိုမှိတ်ကာ အိပ်နေသောကြောင့် သူမ၏ဖြူဖွေးသွယ်လျသောလက်ချောင်းများဖြင့် လိမ်ဆွဲလိုက်သည်။ အကြိမ်ပေါင်းများစွာ လိမ်ဆွဲလိုက်တာတောင် တုတ်တုတ်မှလှုပ်မလာပေ။

ကုရှီအန်း အမှောင်ထဲတွင်ပြုံးလိုက်ပြီး လှိမ့်လိုက်ပြီးနောက်လက်ကို ဆန့်ကာ လင်းယောင်မှာ နောက်တစ်ကြိမ်ထပ်ပြီးထွေးပွေ့ခံလိုက်ရပြန်သည်။

"…"

ဇွန်လတွင် ယွင်ရွှေကောင်တီမှ သတင်းကောင်းကြားရလေသည်။ ကုချွင်မေ မီးဖွားပေပြီ။

All Chapters