အခန်း (၇၅)
Vol. 7 Ch. 75
လင်းယောင်၏ လှပသောမျက်နှာလေးမှာ ရှုံ့မဲ့သွားပြီး သူမအစာအိမ် ပြုတ်ကျသွားသလိုပင် ခံစားလိုက်ရသည်။ သူမ တစ်ခါမျှ ကလေးမမွေးဖူးသောကြောင့် ကလေးမွေးခြင်းမှာ ဘယ်လောက်နာမှန်းမသိသော်လည်း ခုတော့နာကျင်မှုမှာစကားပင်မပြောနိုင်လောက်အောင်ပင်။
ကုရှီအန်းမှာ အများကြီး စဉ်းစားနေဖို့အချိန်မရှိသောကြောင့် သူလင်းယောင်အား ကောင်တီကျန်းမာရေးစင်တာသို့ခေါ်သွားလိုက်သည်။
နွေရက်များမှာ နေ့တာရှည်ကာ ၆ နာရီကျော်ပြီဖြစ်သော်လည်း အပြင်တွင်လင်းနေဆဲပင်။
ကောင်စုတ်လေး သုန်ဇီမှာ ကောင်တီသို့ မပြန်ရတာ နှစ်ဝက်ကျော်ပြီဖြစ်သည်။ သူပြန်ရောက်ရောက်ချင်း သူငယ်ချင်းများကိုခေါ်ကာ ပုရစ်ဖမ်းရန်သွားကြသည်။အငတ်ဘေးကျသောနှစ်တွင် မြို့မှလူဖြစ်စေ ကျေးလက်ဒေသမှလူဖြစ်စေ ကျပ်တည်းနေကြသည်ပင်။
မနှစ်က ဆောင်းရာသီတုန်းက မြို့တော်မှကလေးများမှာ အသားမစားရတာ နှစ်ဝက်ကျော်ပြီဖြစ်ကာ အသားအကြောင်းကို အလွန်ပင်တွေးနေကြသည်။ဆိုရိုးရှိသည့်အတိုင်း ကိုယ့်ဘာသာလုပ်လျှင်စားစရာ ဝတ်စရာလုံလုံလောက်လောက်ရှိပေမည်။
မြို့စွန်ရှိ ယင်းပင်သစ်တောကြီးတွင် နွေရာသီ၌ ပုရစ်များက အော်နေကြလေသည်။ ကောင်ငယ်လေးတစ်စုမှာ တုတ်များ ပုံးများသယ်လာကြကာ ငှက်များကိုလန့်စေကြသည်။
သူတို့ကပုရစ်များကို သာမကပဲ စာကလေးများကိုပါ စားရန်ဖမ်းကြသည်။ ဆေးအဖြစ် သုံးနိုင်မည့်အရာများကိုပါ ကောက်ယူကြသည်။ တစ်ခုကိုတစ်ပဲနိဖြင့်ရောင်းနိုင်သည်။ တစ်နေ့ကို တစ်ဒါဇင်ဆိုလျှင် ဆယ်ဆင့်မျှရပေမည်။ ထိုသည်မှာ ၁ နှစ် ၂ နှစ်အရွယ်ကလေးများအတွက်တော့ အလွန်များသောပိုက်ဆံပင်။
ကောင်လေးတစ်ယောက်စီမှာ လက်ထဲတွင် ပုရစ်ဒါဇင်ဝက်ကို ကိုင်ထားကြသည်။ သူတို့မျက်လုံးများမှာအရောင်တောက်နေကာ အိမ်ပြန်ပြီး မိဘများကို ပုရစ်များအားဝက်ဆီနှင့် ကြွပ်နေအောင်ကြော်ခိုင်းရန် မျှော်လင့်နေကြသည်။ အလွန်ပင်အရသာရှိသည်မှာတော့ ပြောစရာပင်မလိုချေ။
သုန်ဇီကတော့ သူ့သူငယ်ချင်းများလောက် လောဘမကြီးပေ။ သူကကျေးလက်ဒေသတွင် ပူပန်စရာမရှိပဲနေရလေသည်။ သူ့မရီးကဘအိမ်တွင်ယုန်မွေးသည်။ သူနှင့်သူ့အဖေက အချိန်ရသောအခါ အနောက်ဘက်ရှိတောင်တန်းများသို့ ယုန်ဖမ်းရန်သွားကြလေသည်။ ယုန်များက နှင်းများကြားတွင် အစာရှာရန်ထွက်လာကြသည်။ ချောက်ထဲကျသွားသည်နှင့် ပြန်မထွက်တတ်ပေ။ ကုမိသားစုက ကျေးလက်ဒေသတွင်နေကာ အသားကိုတစ်ပတ်လျှင် တစ်ခါစားရပေသည်။
ကျေးလက်ဒေသတွင် နေရသည်မှာကောင်းသော်လည်း မြို့လောက်တော့ မစည်ကားပေ။
ကောင်ကလေးအုပ်စုမှာ လမ်းကြားလေးသို့ရောက်လာကာ သူတို့မိခင်များကို ရှာရန် အိမ်သို့ပြန်သွားကြလေသည်။
သုန်ဇီနှင့် ဟူထို့တို့မှာ ပြေးလွှားရာမှ ရေပုံးများနှင့်ပြန်လာကြသည်။ ကောင်လေး ၂ ယောက်မှာချွေးများရွှဲနေကြသည်။ ကုရှီတုန်းအော်ကာ ဝန်းထဲသို့အမြန်သွားလေသည်။ သူအိမ်ပေါက်ဝသို့ညရောက်သည်နှင့် သူ့အစ်ကိုကြီးမှာ မရီးကို ပွေ့ချီကာ ထွက်လာလေသည်။ညီအစ်ကို ၂ ယောက်ဝင်တိုက်မိကြသည်။
ကုရှီတုန်း လန့်သွားသည်။ "အစ်ကိုကြီး မရီးဘာဖြစ်လို့လဲဟင်?"
သည်အချိန်တွင် လမ်းကြားထဲမှာ ဦးလေးကြီး အဒေါ်ကြီးများမှာ ညစာစားပြီးနောက် ညောင်ပင်အောက်တွင် ယပ်တောင်ခတ်ကာ အေးမြမှုကိုခံစားနေကြသည်။
"ဟယ် မွေးတော့မှာလား?"
"ကြည့်ရတာ ချက်ချင်းဆေးရုံပို့ရမယ်ထင်တယ်"
ထိုစကားကိုကြားပြီးနောက် သုန်ဇီသည် သူ့အစ်ကိုနောက်သို့ လိုက်သွားခဲ့သည်။ ကံကောင်းထောက်မစွာ၊ ကုရှီအန်းသည် ကြိုတင်ပြင်ဆင်ထားခဲ့သည်။ ခြံဘေးက ဦးလေးအိမ်က လှည်းငှားပြီး အခင်းခင်းလိုက်သည်။ မွေးရန်အတွက် အိတ်သေးသေးတစ်အိတ်၊ ကြွေဇလုံတစ်ခု၊ မျက်နှာသုတ်ပုဝါတစ်ထည်နှင့် ရေနွေးတစ်ဘူးတို့ကို ယူထားသည်။ ခြံရှေ့က ပန်းရုံအောက်မှာ လှည်းရပ်ထားသည်။ လှည်းစထွက်တာနှင့် သူမကို ကောင်တီကျန်းမာရေးဌာနသို့ ခေါ်သွားတော့သည်။
လူတိုင်းက နွေးထွေးပြီး ကူညီဖို့ အသင့်ပင်။
ကောင်တီကျန်းမာရေးဌာနသည် ဆေးရုံနှင့် လမ်းနှစ်သွယ် ဝေးသည်။ ဆယ်မိနစ်အကြာတွင် လင်းယောင်သည် ကျန်းမာရေးဌာန၏ သားဖွားခန်းတွင် လဲလျောင်းနေသည်။ ထူးဆန်းတာက ဆေးရုံရောက်သည်နှင့် ဗိုက်ကအရမ်းမနာတော့ပေ။ လက်ထောက်ဒါရိုက်တာကု၏ ငြင်းဆန်မှုကြောင့်သာမဟုတ်ပါက သူမဗိုက်ကိုကိုင်ထားရင်း ခြေလှမ်းနှစ်လှမ်းလောက်ပင် လှမ်းနိုင်သေးသည် ။
ကျန်းမာရေးဌာနမှ ဆရာဝန်က အပြေးအလွှားစစ်ဆေးပြီး ပြုံးပြုံးရွှင်ရွှင်ဖြင့် ပြောလေသည်။ "မွေးဖို့အချိန်မရောက်သေးပါဘူး။ ဒါက မီးမဖွားမီ မွေးခါနီးဗိုက်နာတာနှင့်ဆင်တူတဲ့ ဝေဒနာတစ်ခုပါ။ ပုံမှန်အားဖြင့် မီးမဖွားမီ ရက်အနည်းငယ်အတွင်းမှာ ဖြစ်တတ်တယ်။ due date ကဇူလိုင်လထဲမှာ။ ထိခိုက်မှုမရှိရင် လမစေ့ဘဲ မမွေးလာပါဘူး။ စိတ်မပူပါနဲ့"
ကုရှီအန်း စိတ်သက်သာရာရသွားသည်။ လင်းယောင် သူမဗိုက်ထဲက အရာလေးကို အနည်းငယ်ခါပစ်လိုက်သည်။ မွေးချိန်မရောက်သေးပေမယ့် ချွေးတွေတကိုယ်လုံး စိုရွှဲနေတော့သည်။ သူမ၏လှပသောမျက်နှာလေးမှာ ဖြူဖျော့လာသည်။
ယခု ဇွန်လကုန်ဖြစ်သည်။ လင်းယောင်၏ due date မှာရက်အနည်းငယ်သာ လိုတော့ပြီး လင်းယောင်ကို မွေးခန်းသို့ ရွှေ့သွားကြသည်။
ကုရှီအန်းသည် ဆေးရုံတင်ရန် လုပ်ငန်းစဉ်များကို ဆောင်ရွက်နေပြီး လင်းယောင်သည် မသက်မသာဖြစ်ကာ ကုတင်ပေါ်တွင် လဲလျောင်းနေစဉ် ကုရှီတုန်းသည် စိုးရိမ်တကြီး ပြေးလာခဲ့သည်။
ကုရှီအန်းပြန်ရောက်လာပြီး ဒီမြင်ကွင်းကိုမြင်တော့ မျက်မှောင်ကြုတ်ပြီး သူ့မိဘတွေပြန်လာတာကို စောင့်ဆိုင်းဖို့ ကောင်စုတ်လေးကို အိမ်ပြန်ခိုင်းလိုက်သည်။ တစ်ချိန်တည်းမှာပင် သူသည် ဇလုံများကို ဆေးကြောသန့်စင်ရန် အိမ်ပြန်ကာ ရေဇလုံတစ်ခုကိုယူလာပြီး လင်းယောင်၏ ခန္ဓာကိုယ်ကို ရေပတ်တိုက်ပေးရန် တဘက်ကိုလိမ်လိုက်သည်။
လင်းယောင်သည် ယခုအချိန်တွင် အိပ်ငိုက်နေပြီး ညည်းတွားကာ မလှုပ်ရှားချင်တော့ပေ။
ကုရှီအန်းက စိတ်ရှည်ရှည်နှင့် နှစ်သိမ့်ပေးရင်း မျက်နှာနဲ့လည်ပင်းကို သုတ်လိုက်ပြီး လက်တွေကိုသုတ်လိုက်သည်။ သူ့အမျိုးသမီးလေးက လှတယ်ဆိုတာသိတော့ ရေပတ်တိုက်ပြီး မျက်နှာပေါ်မှာ ခရင်မ်လိမ်းကာ ယပ်တောင်နှင့် ယပ်ခတ်ပေးလိုက်သည်။ သူမကို သေချာဂရုစိုက်လေသည်။
လင်းယောင်၏ ပင်ပန်းနွမ်းနယ်မှုနှင့် လေးလံမှုတို့သည် အေးမြမှုကြားတွင် တဖြည်းဖြည်း ပြေလျော့သွားကာ သူမ သက်တောင့်သက်သာ အိပ်ပျော်သွားခဲ့သည်။
ကုရှီအန်းသည် ခေါင်းငုံ့ကာ အမျိုးသမီးလေး၏ နဖူးကို နမ်းလိုက်ပြီး မျက်ခုံးများ ဖြည်းညှင်းစွာပြေလျော့သွားခဲ့သည်။
*
ခြံဝင်းထဲတွင် ကျန်းဆွေ့လန်နှင့် သူ့ခင်ပွန်းတို့သည် ရွှီအမေနှင့်အတူ ကျေးလက်သို့သွားကာ အသိမိတ်ဆွေတစ်ဦးထံမှ ငါးကြင်းနှစ်ကောင်ကိုဝယ်ယူခဲ့သည်။
ငါးကြင်းစားပြီး ထွက်သောနို့သည်အကောင်းဆုံးဖြစ်ပြီး ဝက်လက်ဆိုပါက ပို၍ပင်ကောင်းလိမ့်မည်။
သို့သော် ယခုခေတ်တွင် ဝက်လက်များသည် အလွန်တန်ဖိုးကြီးပါသည်။ ယမန်နှစ်က အငတ်ဘေး ကြုံခဲ့ရပြီး ကျေးလက်တွင် ဝက်သားထုတ်လုပ်မှုများ လျော့ကျခဲ့သည်။ ယခုနှစ်တွင် ဝက်များမကြီးထွားသေးဘဲ ယွင်ရွှေကောင်တီတွင်ပင် ဝက်သားဝယ်ရန်မလွယ်ကူပါ။
ရွှီအမေသည် ဆိတ်မတစ်ကောင်ဝယ်ပြီး အိမ်ပြန်ကာသူ့မြေးကိုတိုက်ချင်ကြောင်း ရွာသူရွာသားများနှင့် ဆွေးနွေးခဲ့သည်။
အသိဖြစ်သူက သက်ပြင်းချရင်း "ဆိတ်တွေမရှိဘူး။ဆိတ်မတွေမပြောနဲ့ ဆိတ်ထီးတောင်မရှိဘူး။ မနှစ်က ရွာမှာ စားစရာမရှိတော့ ဆိတ်ကို ဘယ်လိုဆက်မွေးမလဲ။ ဆိတ်တွေအားလုံးကို သတ်ပြီးမစားရင် ငတ်သေမှာ"
ယေဘူယျအခြေအနေက ဒီလိုမျိုးဖြစ်ပြီး လူတိုင်းက မျှော်လင့်ချက်မဲ့နေသည်။
ထိုအဒေါ်ကြီးက ပဲပိစပ်အိတ်သေးသေးလေးကို တိတ်တဆိတ်ယူလာပြီး ကျန်းဆွေ့လန်ကို ပေးလိုက်သည်။
"ဆွေ့လန် အိမ်မှာဘာကောင်းတာမှမရှိဘူး။ ဒီပဲပိစပ်တွေကို ပြန်ယူပြီး နို့ထွက်ဖို့အတွက် ဟင်းချိုချက်တိုက်လိုက်"
ရွှီအမေက အရမ်းကျေးဇူးတင်လွန်းလို့ ဘာပြောရမှန်းတောင်မသိတော့ပေ။ အဒေါ်ကြီး၏လက်ကို ဆုပ်ကိုင်ထားကာ ကျေးဇူးမတင်ပဲမနေနိုင်ပေ။
အကြီးဆုံးအဒေါ်ကပြောသည် "ငါတို့အားလုံးက မိသားစုဝင်တွေပဲ။ ကျေးဇူးတင်ပါတယ်လို့မပြောပါနဲ့"
ရွှီအမေသည် သူ့ဦးလေးမိသားစုအတွက် ငွေစက္ကူများကို အတင်းချန်ထားခဲ့ပြီးနောက် သူမနှင့်ကျန်းဆွေ့လန်တို့သည် နွားလှည်းဟောင်းလေးနှင့် မြို့သို့ပြန်ခဲ့ကြသည်။
သူတို့အဖွဲ့ယွင်ရွှေကောင်တီကို ပြန်ရောက်တော့ ရှစ်နာရီကျော်နေပြီဖြစ်သည်။ ယွင်ရွှေကောင်တီ၏ လမ်းများပေါ်တွင် ထောင်ပေါင်းများစွာသော မီးရောင်များ ရှိနေသည်။ ခြံဝင်းသည် တိတ်ဆိတ်နေသည်။ သုန်ဇီက တံခါးမှာရပ်ပြီး သူ့မိဘတွေပြန်လာတာကိုစောင့်နေလေသည်။
ကောင်လေးက ကျန်းဆွေ့လန်နှင့် သူမ ခင်ပွန်းကို တွေ့တာနဲ့ ချက်ချင်းပြေးသွားလေသည်။
"အဖေ အမေ!"
"မင်း ဒီမှာဘာလုပ်နေတာလဲ?"
"မရီး မီးဖွားခါနီးလို့ အခုဆေးရုံမှာ!"
သုန်ဇီသည် လေကြီးသူဖြစ်ပြီး စကားကို ရှင်းရှင်းလင်းလင်း မပြောတတ်ပေ။ မိခင်ဖြစ်သူသည် ထိတ်လန့်တုန်လှုပ်ကာ လဲကျလုနီးပါးဖြစ်သွားခဲ့သည်။
ကုမန်ဆန်သည် ကျန်းဆွေ့လန်ကို တွဲထားခဲ့ပြီး၊ ဇနီးမောင်နှံနှစ်ဦးသည် သားဖြစ်သူပြောကို နားထောင်ပြီးနောက် ကျန်းမာရေးစင်တာသို့ အလျင်အမြန် ပြေးသွားခဲ့ကြသည်။
လင်းယောင်သည် ယခုအချိန်တွင် အလွန်တက်ကြွနေပြီး ဆေးရုံမှကျွေးသော ဖက်ထုပ်စွပ်ပြုတ်ကို သောက်ပြီး ကုတင်ပေါ်တွင် လဲလျောင်းနေသည်။
နေ့လယ်ပိုင်းတွင် နှစ်နာရီကျော်ကြာအောင်အိပ်ကာ သူမရဲ့စွမ်းအင်တွေပြန်လည်ရရှိလုနီးပါးဖြစ်နေသော်လည်း ဗိုက်ကအသံမြည်လာသည်။
ကုရှီအန်းက ကန်တင်းကိုသွားပြီး ဖက်ထုပ်သေးသေးလေးတွေကို မှာလိုက်သည်။ ၎င်းတို့သည် လုံးဝိုင်းပြီး အသားပါးကာ ကြက်ဥများဖြင့် အစာသွပ်ထားသည်။ နံနံစိမ်း လက်တစ်ဆုပ်စာ အပေါ်မှထည့်ပြီး အလုတ်သေးသေးကိုက်ပြီးနောက် မွှေးပျံ့သောအဆာပလာများက ချက်ချင်းထွက်လာသည်။
လင်းယောင် တစ်လုတ်ကိုက်လိုက်ပြီး ကျေနပ်စွာဖြင့် မျက်ခုံးပင့်လိုက်သည်။
သူမ ထိုင်နေပြီး နှုတ်ခမ်းထောင့်များ အနည်းငယ်တွန့်ကွေးလာသည်။ အခန်းထဲကို စစ်ဆေးဖို့ ဆရာဝန်က အခုမှ ရောက်လာပြီး လင်းယောင်ရဲ့ ကလေးဟာ တည်ငြိမ်နေပြီး သန္ဓေသားရဲ့ အနေအထားက အရမ်းကောင်းတယ်လို့ပြောသည်။ ထို့အပြင် မိခင်သည် အိမ်တွင် နေ့တိုင်းလေ့ကျင့်ခန်း လုပ်ပေးသောကြောင့် မွေးဖွားမည့်ရက်တွင် ပြဿနာကြီးကြီးမားမားမရှိပဲ ဘေးကင်းလုံခြုံစွာ မွေးဖွားနိုင်မည်ဟုဆိုလေသည်။
ကျန်းဆွေ့လန်နှင့် သူမ ခင်ပွန်းတို့သည် အရှိန်အဟုန်ဖြင့် ပြေးလာပြီး သူတို့၏ချွေးမ အခြေအနေကောင်းနေကြောင်း တွေ့လိုက်ရသောအခါ သက်ပြင်းချလိုက်ကြသည်။
သုန်ဇီက အနောက်ဘက်မှအော်နေဆဲပင်။ "မရီး ကလေးမွေးပြီးပြီလား။ ဘာလေးမွေးတာလဲ။ ကျွန်တော်ဝင်ပြီးကြည့်လို့ရမလား?"
ဒီအရိပ်အကဲမသိတဲ့ သားကတော့။
ကျန်းဆွေ့လန်က သူ့သားကို ဘေးပို့လိုက်ပြီး "ကောင်စုတ်လေး မင်းဘာတွေပြောနေတာလဲ?မင်းမရီး ဘယ်တုန်းက မွေးရသေးလို့လဲ?"
ကုရှီတုန်းက အပြစ်ရှိစွာ လည်ပင်းလေးပုလိုက်ပြီး ရှက်ရွံ့စွာ ခေါင်းကုတ်လိုက်သည်။
သူအိမ်ကို အပြေးအလွှားသွားပြီးနောက် ဘာဆက်ဖြစ်မှန်းမသိလိုက်ပေ။
အတိုချုပ်ပြောရလျှင် ဤသည်မှာ မှားယွင်းသောအချက်ပြမှုတစ်ခုဖြစ်ပြီး ကုမိသားစုက ၎င်းကို ပေါ့ပေါ့ဆဆသဘောမထားပေ။ လင်းယောင်သည် due date ရောက်ရန် ရက်အနည်းငယ်သာ လိုတော့ကာ ဤရက်များအတွင်း သူမအား အနီးကပ် စောင့်ကြည့်သင့်သည်ဟု ဆရာဝန်မှ ပြောကြားခဲ့သည်။
လင်းယောင်သည် သားဖွားခန်းတွင် ကောင်းကောင်းစားသောက်ပြီး အားလပ်ချိန်များတွင် အိပ်ယာမှထကာ စင်္ကြံတွင် လမ်းလျှောက်လေသည်။
ကျန်းဆွေ့လန်သည် ယခုရက်ပိုင်း ရာသီဥတုကောင်းသည်ကို အခွင့်ကောင်းယူကာ အိမ်တွင် အသားများကို ဆေးကြောသန့်စင်သည်။ သူမသည် တံစက်မြိတ်အောက်တွင် အသားများကို နေပူထဲတွင် နှစ်ရက် သုံးရက်လောက် အခြောက်လှန်းထားလေသည်။
အသားခြောက်တွေကို ဆီစက္ကူနဲ့ထုပ်ပြီး အခမ်းအနားလုပ်လျှင် အိမ်မှာစားဖို့ အံဆွဲသေတ္တာထဲမှာ ထည့်ထားလေသည်။
ဇူလိုင်လ 2 ရက်နေ့ လင်းယောင်ဆေးရုံတက်သည့် ရှစ်ရက်မြောက်နေ့တွင် ကျန်းဆွေ့လန်သည် နေ့လည်တွင်သူမ၏ချွေးမအတွက် ချက်ပြုတ်ရန်အိမ်သို့ပြန်လာခဲ့သည်။ စတီးစက်ရုံသည် စတင်လည်ပတ်နေပြီး ကုမန်ဆန်သည် စက်ရုံတွင် အလုပ်များနေပါသည်။
ကုရှီအန်းသည် လင်းယောင်ဆေးရုံတွင် ကလေးမွေးဖွားရန်အတွက် ရက်အနည်းငယ်ခွင့်ယူချင်ခဲ့သည်။
လူသား၏ တွက်ချက်မှုသည် ဘုရားသခင်၏ တွက်ချက်မှုလောက် မကောင်းပါ။ နဂိုက ကြည်လင်ကာ နေသာနေတဲ့ကောင်းကင်ကြီးက ရုတ်တရက်ပြောင်းလဲသွားသည်။ ရာသီဥတုက အုံ့မှိုင်းနေသည်။ မိုးခြိမ်းသံ အများအပြား ထွက်ပေါ်လာပြီးနောက်မိုးသည်းထန်စွာ ရွာသွန်းမှုများ တစ်ခုပြီးတစ်ခုဖြစ်ပွားခဲ့သည်။
တစ်ပတ်လျှင် ငါးရက် ခြောက်ရက် မိုးရွာသည်။ ယွင်ရွှေကောင်တီ၏ ပထမမြို့၌ ရက်အတော်ကြာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြစ်ရေ တက်လာပြီး ရုတ်တရက် ရေလွှမ်းမိုးမှု ဖြစ်ပေါ်ခဲ့သည်။ မြစ်အောက်ပိုင်းရှိ ကျေးရွာအချို့ ရေနစ်မြုပ်ခဲ့သည်။ အဝေးကကြည့်လျှင်တော့ သာယာလှပတဲ့ တောင်တန်းတွေနဲ့ စိမ်းလန်းတဲ့ရေတွေရှိတဲ့ ကျေးလက်ဒေသသည် နောက်ကျိနေသော ပင်လယ်ပြင်ကြီးဖြစ်သွားသည်။
ကံကောင်းထောက်မစွာပင် အနီးနားရှိ ရွာအများအပြားမှ ရွာသားများသည် အနောက်ဘက်တောင်တန်းရှိ လိုဏ်ဂူများသို့ ကြိုပြီး ရွှေ့ပြောင်းခဲ့ကြရသည်။ ကောင်တီခေါင်းဆောင်များက ရဲတပ်ဖွဲ့ဝင်များအားလုံးကို ကျေးလက်ဒေသသို့ ပို့ဆောင်ပြီး လက်နက်ကိုင်တပ်ဖွဲ့များနှင့် ပြည်သူ့စစ်အဖွဲ့များကိုလည်း စေလွှတ်ခဲ့သော်လည်း လူအင်အား မလုံလောက်သေးကြောင်း သိရသည်။
မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ ဒုတိယတပ်မတော်မှ အမိန့်ရပြီး ကယ်ဆယ်ရေးအတွက် ကျေးလက်သို့ကာ PLA စစ်သားများလည်း လမ်းတွင်ရောက်နေပြီဖြစ်သည်။
ကောင်တီပြည်သူ့လုံခြုံရေးဌာနမှ လူငယ်များသည် သဲအိတ်များကို တစ်လုံးပြီးတစ်လုံးထမ်းကာ သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေး၏ ရှေ့တန်းတွင် တာဝန်ထမ်းဆောင်နေကြသည်။
လွန်ခဲ့သည့် ရက်အနည်းငယ်က မြစ်အောက်ပိုင်းရှိ ရေစီးဆင်းမှု မြန်ဆန်လွန်းသဖြင့် ရုတ်တရက် ရေကြီးရေလျှံမှုများသည် ရံဖန်ရံခါ လှိုင်းလုံးကြီးများဖြင့် ရိုက်ခတ်ခဲ့သည်။ လွန်ခဲ့သည့် ရက်အနည်းငယ်က နေထွက်ပြီးနောက် မြစ်ရေသည် အများအပြား ကျဆင်းခဲ့သည်။
ကယ်ဆယ်ဖို့ ရောက်လာတဲ့ PLA စစ်သားတွေလည်း ရှေ့တန်းကို ရောက်လာသည်။ ပြည်သူ့လုံခြုံရေးဌာနမှ ယောက်ျားလေးများနှင့် ပြည်သူ့စစ်သည်များသည် မြစ်ကမ်းပါးကို အားဖြည့်ရန်အတွက် သဲအိတ်များနှင့် သစ်သားများကို အပုံလိုက်သယ်ဆောင်ကြသည်။ သဲအိတ်များ ငြိမ်စေရန် သစ်သားအပုံများကို အောက်တွင်ထားခဲ့သည်။
ညနေပိုင်းတွင် မိုးထပ်မံရွာသွန်းခဲ့သော်လည်း ယခုအခါတွင်တော့ မိုးလေးဖွဲနေကာ လာမည့်ရက်အနည်းငယ်အတွင်း ပိုပြီးပင်မိုးရွာဦးမည်ဖြစ်သည်။
ယခုနှစ်တွင် ဝါးဖောင်သည် လူအနည်းငယ်သာ သယ်ဆောင်နိုင်ပြီး အချို့သောဒုက္ခသည်များမှာ ဖောင်ပေါ်တက်ရန် အပြေးအလွှား သွားလာနေကြသည်။
ရွှီရှန်းချန်သည် မိုးကာအင်္ကျီကို ဝတ်ဆင်ထားပြီး သံတူရွင်းကို ကိုင်ဆောင်ကာ ရင်တထိတ်ထိတ်ဖြင့် အော်နေလေသည်။
"အလျင်စလိုမလုပ်ပါနဲ့၊ တန်းစီကြပါ။ သက်ကြီးရွယ်အိုတွေနဲ့ ကလေးတွေက ဝါးဖောင်ပေါ်အရင်တက်၊ မိန်းမတွေက နောက်ကလိုက်၊ ယောက်ျားတွေက နောက်ဆုံးကလိုက်သွားကြပါ"
"ဟေ့လူ ဘာလုပ်နေတာလဲ။ ခင်ဗျားနောက်မှာ ဝါးဖောင်တွေအများကြီးရှိတယ်။ လူကြီးဖြစ်ပြီး လုနေတာမရှက်ဘူးလား"
"သောက်ကျိုးနည်း မင်းသေမှာကိုကြောက်နေတာလား။ အရမ်းကြောက်နေတယ်ဆိုလဲ တန်းစီပြီးစောင့်"
"အဒေါ် တန်းစီတာကိုကျော်ဝင်လို့မရဘူး။ သက်ကြီးရွယ်အိုတွေနဲ့ ကလေးတွေကရှေ့မှာ အဒေါ်ကနောက်မှာ"
"အဘိုးအလှည့်ရောက်ပြီ။ တစ်ယောက်ယောက်က ဖောင်ပေါ်တက်ဖို့ ကူညီပေးလိုက်ပါဦး။"
"ဝါးဖောင်ပေါ်တက်ရင် ခေါင်းမထုတ်နဲ့ မြစ်ထဲမှာ လှိုင်းတွေကြီးတယ်။ ခေါင်းကို မထုတ်နဲ့နော်!"
အစ်ကိုကြီးထို့ထို့က အော်ပြောနေပေမယ့် သတိမမူသူအချို့ကတော့ သူ့စကားတွေကို လျစ်လျူရှုပြီး တန်းစီဖို့ အလျင်အမြန် ပြေးသွားကြသည်။
သူဒေါသထွက်နေချိန်မှာပဲ စိုရွှဲနေတဲ့ အမျိုးသားတစ်ယောက်က သဲအိတ်တွေကို သူ့ပုခုံးပေါ်တင်ပြီး မြစ်ကမ်းနားကို ဖြတ်လျှောက်လာသည်။
"မင်းသွားနားတော့။ ငါထိန်းထားလိုက်မယ်"
ရွှီရှန်းချန်က ရှေ့ကို ခဏလောက် လှမ်းပြီး အသံက ဘာကြောင့် ဒီလောက် ရင်းနှီးနေသလဲလို့ တွေးနေမိသည်။ ပြန်ကြည့်လိုက်တော့ ကျဉ်းမြောင်းပြီး မည်းနက်သောမျက်လုံးတစ်စုံကို သူတွေ့လိုက်ရသည်။
ဟေး ဒါလောင်ကု မဟုတ်ဘူးလား။
အစ်ကိုကြီးထို့ထို့ အလွန်ပင်ပျော်ရွှင်သွားသည်။ " လောင်ကု မင်းပြန်လာပြီ။ ငါ့အဖေက ဆန်းရှန်းရွာက ရွာသူရွာသားတွေကိုခေါ်ဖို့ အဖွဲ့တစ်ဖွဲ့ကို မင်းဦးဆောင်သွားတယ်လို့ပြောတယ်။ အဲ့က အန္တရာယ်တွေက အဆိုးဆုံးပဲ။ မင်းကလေးလေးကတော့ ကံကောင်းခြင်းတွေနဲ့ ကောင်းချီးပေးခံတာမို့ ယောင်ယောင်က ဆေးရုံမှာ မွေးဖွားပြီး မင်းပြန်သွားတဲ့အခါ ကလေးဝဝလေးကိုချီရမှာပါ "
သူ့ဇနီးက ဆေးရုံမှာ စောစောမွေးတော့မှာဖြစ်တာကြောင့် ကုရှီအန်း၏ နှလုံးသား အနည်းငယ်နာကျင်သွားသည်။ သူစိတ်ငြိမ်ငြိမ်ထားပြီး ဆေးရုံကကိစ္စတွေကို မတွေးဖို့ကြိုးစားလိုက်သည်။
ကုရှီအန်းမြစ်ကမ်းခြေမှာ ရပ်လိုက်တာနဲ့တပြိုင်နက် မငြိမ်မသက်ဖြစ်နေကြတဲ့ဒုက္ခသည်တွေ ချက်ချင်းငြိမ်သက်သွားကာ ဆူးနဲ့တူတဲ့သူတချို့က ရှေ့ကို မထွက်ရဲကြတော့ပေ။ ကုရှီအန်းသည် သာမန်ကယ်ဆယ်ရေးစစ်သားများကဲ့သို့ စစ်စိမ်းဘောင်းဘီဝတ်ထားသော်လည်း သူတို့သည်အရူးမဟုတ်ပေ။ သူသည် ဘောင်းဘီရှည်နှင့် အနက်ရောင် ရာဘာဖိနပ်ကို ၀တ်ထားသော်လည်း ထိုလူ၏မျက်လုံးများသည် အေးစက်ပြီးစူးရှကာ အေးစက်စက်နှင့်ခံစားချက်မရှိပဲ လူများကိုကြည့်နေလေသည်။
ဒီလိုလူနဲ့ သွားရှုပ်ရင်မလွယ်ဘူး။
ကောင်တီကျန်းမာရေးစင်တာ။
နံနက်ခင်းတွင် လင်းယောင်သည် ကုတင်ပေါ်တွင် အေးအေးဆေးဆေး အိပ်ကာ စာအုပ်ဖတ်နေသည်။ နေ့ခင်းဘက်တွင် ကြက်ဥပြုတ်နှစ်လုံးကိုစားပြီး ကျန်းဆွေ့လန်သည် သူ့ချွေးမအတွက် ကြက်စွပ်ပြုတ်ချက်ရန် အိမ်ပြန်သွားသည်။
ကျန်းဆွေ့လန်ထွက်သွားသည်နှင့် ကုတင်ပေါ်တွင် လဲလျောင်းနေသော လင်းယောင်သည် တစ်ခုခုမှားနေပြီဟု ခံစားလိုက်ရသည်။ ဗိုက်က တဆတ်ဆတ်တုန်လာပြီး ပြုတ်ကျသလိုဝေဒနာနဲ့အတူ ဆရာဝန်ညွှန်ကြားချက်အတိုင်း မြန်မြန်ဆန်ဆန် ကျွမ်းကျင်စွာ အသက်ရှူသွင်းလိုက်ပြီး သုန်ဇီကို ဆရာဝန်ခေါ်ခိုင်းလိုက်သည်။
သုန်ဇီက အမြန်ထွက်သွားလေသည်။
မိနစ်အနည်းငယ်ကြာတော့ သားဖွားခန်းထဲက အမျိုးသမီးဆရာဝန်နဲ့ သူနာပြုဆရာမတို့ လင်းယောင်အားစစ်ဆေးရန် အမြန်လာကြလေသည်။ "မီးဖွားချိန်ရောက်ပြီ။ လက်နှစ်ချောင်းစာတောင် ကျယ်နေပြီ။ မိခင်ကို မြန်မြန်ခွဲခန်းထဲကိုပို့လိုက်ပါ"
ဆေးရုံရှိ ဆရာဝန်များနှင့် သူနာပြုများ အလုပ်ရှုပ်နေကြသည်။ လင်းယောင်သည် သူမ၏ ဗိုက်ကို ကိုင်ကာ အကောင်းမြင်စိတ်ဖြင့် တွေးလိုက်သည်။ လက်နှစ်ချောင်းစာပဲရှိသေးတယ်။ ကြည့်ရတာကလေးမွေးတာက ဒီလောက်နာလှတာမဟုတ်လောက်ပေ။
သို့သော်တကယ့် လက်တွေ့က ပါးရိုက်လိုက်တော့သည်။
လင်းယောင် သားဖွားခန်းထဲကို ရောက်တာနဲ့ ဗိုက်ထဲက နာကျင်မှုတွေက လှိုင်းလုံးတစ်ခုပြီးတစ်ခု ရိုက်ခတ်လာသည်။ ဆယ်မိနစ်ကြာတိုင်း နာကျင်လာပြီး ထို့နောက် ငါးမိနစ် ခြောက်မိနစ်ကြာတိုင်း ... နောက်ဆုံး ဒီရေလိုရောက်လာသည်။ နာကျင်မှုကြောင့်သူမမှာ ရေခမ်းခြောက်သွားတဲ့ ငါးတစ်ကောင်လိုပင်။အံကြိတ်ပြီး အိပ်ယာခင်းတွေကိုဆုပ်ကိုင်ကာ ဆရာဝန်ရဲ့ညွှန်ကြားချက်ကိုနားထောင်ပြီး သူမဗိုက်ထဲက အရာလေးကို ညှစ်ထုတ်ဖို့ကြိုးစားနေသည်။ တတ်နိုင်သမျှ အမြန်ဆုံးမွေးဖို့ ကြိုးစားနေသည်ပင်။
ကျန်းဆွေ့လန်သည် ထမင်းဘူးတစ်ခုနှင့်အတူ အစားအသောက်များကို ပို့ဆောင်ရန် ရောက်လာသည်။မွေးခန်းတံခါးဝမှာရှိနေတဲ့ သားငယ်ဖြစ်သူကို သူမ တွေ့လိုက်ရသည်။ မေးမြန်းပြီးနောက် ချွေးမဖြစ်သူက သားဖွားခန်းထဲ ဝင်သွားကြောင်း သိလိုက်ရသည်။
ကုမန်ဆန်သည် စာရပြီးနောက် ဆေးရုံသို့ အမြန်လာခဲ့သည်။
သူရောက်လာသောအခါ လင်းယောင်သည် အထဲတွင် အလွန်ကြိုးစားရုန်းကန်နေပြီး ကျန်းဆွေ့လန်သည် စင်္ကြံတွင် စိတ်ပူပန်နေသည်။
ကုမန်ဆန်က သူ့ခေါင်းကချွေးတွေကိုသုတ်လိုက်ပြီး မိန်းမဖြစ်သူကို စိတ်မပူဖို့ပြောလိုက်သည်။ တကယ်တော့ သူ့ခြေထောက်တွေက လမ်းလျှောက်ဖို့ပင် အားနည်းလွန်းနေတော့သည်။
ပထမအချက် သူလမ်းပေါ်မှာ ပြေးလာခဲ့ရလို့ မောပန်းနေခဲ့သည်။ ဒုတိယအချက် သူ့ဇနီးဖြစ်သူသည် သားဖြစ်သူကို မွေးဖွားပြီး နာကျင်ရသည့်အချိန်ကို သတိရမိသွားသောကြောင့်ပင်။ အံကြိတ်ကာ ချွေးမရဲ့ဝေဒနာအတွက် စိတ်မကောင်းဖြစ်နေခဲ့သည်။
မိသားစုဝင်များသည် စင်္ကြံတွင် လမ်းလျှောက်ပြီး တံခါးပေါက်များမှ အက်ကြောင်းများကို မှီနေကြသည်။
ညလယ်ခေါင် ဆယ့်တစ်နာရီခွဲတွင် ကလေးငယ်၏ ကျယ်လောင်စွာ အော်ဟစ်သံက ညဥ့်ကောင်းကင်၏ တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။ တစ်ချိန်တည်းမှာပင် ကုရှီအန်းသည်လည်း ဆေးရုံသို့ ရောက်ရှိလာခဲ့သည်။