#နည်းလမ်းမရှိဘူး၊ သက်ရှိရတနာစုန့်ရှောင်#
Vol. 76 Ch. 1075
ဒါကမဖြစ်နိုင်သည့်တာ၀န်တစ်ခုပင်။
အခြေခံအားဖြင့် ရှိနေသောပါရမီရှင်အားလုံးက ဒီလိုတွေးနေကြသည်။
ဒီမတိုင်ခင်လေးက အတိုင်းဆိုပါက ဖြတ်သန်းရန်အတွက် နည်းလမ်းတစ်ခု ရှိပါသေးသည်။
သို့သော် သူတို့၏ရှေ့လမ်းကြောင်းကို လုံး၀ပိတ်ဆို့ထားသည့် ပင်လယ်လေဆင်နှာမောင်းကိုးခုနှင့် ပတ်၀န်းကျင်က ဆူနာမီကို ရင်ဆိုင်ရသောအခါ ကမ္ဘာကြီးက ပြောင်းပြန်ဖြစ်သွားသည့်အလားပင် ထင်ရသည်။
လေဟာနယ်ပုံပျက်မှုနှင့် ပင်လယ်ထဲက မှော်သားရဲများ၏ တောင့်တနေသည့် အကြည့်ကိုပါ ပေါင်းစပ်လိုက်ပါက ဒါက သူတို့၏ယုံကြည်မှုကို လုံး၀နင်းချေပစ်ခဲ့သည်။
အတင်းအဓမ္မ၀င်ရောက်မည်ဆိုပါကရော၊ ဒါက သေခြင်းတရားကိုသာ ဦးတည်စေလိမ့်မည်။
တစ်နည်းအားဖြင့် သေခြင်းတရားကို ရေတွက်နေခြင်းသာ။
လေဆင်နှာမောင်းနံရံကို ရင်ဆိုင်ရသောအခါ နန်ကောင်းယင်ပြောလိုက်သည်။
"ကောင်းပြီ၊ နောက်ဆုတ်တော့"
ထိုလူအမိန့်ကို ကြားသောအခါ သွားရာလမ်းအတိုင်း စတင်ပြန်လာခဲ့သည်။
သူပြန်ဆုတ်သွားသောအခါ သူ့တစ်ကိုယ်လုံးက ဒဏ်ရာများနှင့် ပြည့်နှက်နေလေပြီ။
လေဆင်နှာမောင်းနှစ်ခုက သူ့ကိုဒုက္ခအများကြီးပေးခဲ့သည်မှာ ရှင်းနေသည်။
နန်ကောင်းယင် လူအုပ်စုကြီးကို ကြည့်ပြီး လေးနက်စွာပြောသည်။
"အခြေအနေက ဒီလိုပဲ၊ ပထမအဆင့်ကို ဖြတ်ကျော်ဖို့ နည်းလမ်းတစ်ခုရှိလောက်ပေမယ့် ဒုတိယအဆင့်က လူတိုင်းအတွက် တကယ့်စမ်းသပ်မှုတစ်ခုပဲ"
ဒါကိုဖြတ်သန်းရန်အတွက် တစ်ခုတည်းသောနည်းလမ်းက လေဆင်နှာမောင်း လိမ့်ဝင်လာသောအခါ တစ်ကြိမ်ပြီးတစ်ကြိမ် ပေါ်လာတတ်သည့် အက်ကြောင်းလေးပင်။
သို့သော် ဒီအက်ကြောင်းပိတ်သွားသည့် အမြန်နှုန်းက အရမ်းမြန်ဆန်ပြီး ပေါ်လာသည့် ပုံစံကလည်း အတော်လေးမတည်ငြိမ်ပေ။
"ငါတို့ကြီးကြပ်ရေးဗိမာန်ရှိရင်တောင် လူဆယ်ယောက်မှာ နှစ်ယောက်ပဲ ဖြတ်ကျော်နိုင်တယ်"
"ဒီတော့ မင်းတို့ဆက်တိုးမလား၊ မတိုးဘူးလားဆိုတာ မင်းတို့အပေါ်မူတည်တယ်"
"မင်းတို့ဒါကို ကျော်လွှားနိုင်မယ်ဆိုရင် ဒါက ကြီးမားသည့် အခွင့်အလမ်းတစ်ခု ဖြစ်လာလိမ့်မယ်၊ မဟုတ်ဘူးဆိုရင်တော့ ကိုယ့်ကံတရားအတွက် မင်းတို့ဆုတောင်းနေရုံပဲတတ်နိုင်မယ်"
နန်ကောင်းယင် လူအုပ်ကြီးကို လေးနက်သည့်အမူအရာဖြင့် စိုက်ကြည့်သည်။
အကယ်၍ သူတို့တွင် စိန်ခေါ်ရန် သတ္တိမရှိပါက ဖြတ်ကျော်ရန်ဟူသည် သေချာပေါက် မဖြစ်နိုင်ပါ။
တစ်ခဏတာစိတ်ပျက်မှုနှင့် အကြောက်တရားက လူတစ်ယောက်၏ အမြန်နှုန်း သို့မဟုတ် ဆင်ခြင်တုံတရားကို အနည်းနှင့်အများ သက်ရောက်သည်။
ဒီသေးငယ်သည့်အက်ကြောင်းလေးကို ရှာဖွေကြီး အချိန်မီဖြတ်ကျော်လိုပါက ဒီစိတ်သဘောထားနှစ်ခု ပေါ်လာ၍မရပေ။
နန်ကောင်းယင်ခေါင်းညိတ်ပြီးပြောသည်။
"နောက်ဆုံးစမ်းသပ်မှုရှိပါသေးတယ်၊ ဒါပေမယ့် နောက်ဆုံးစမ်းသပ်မှုက အသက်အန္တရာယ်မရှိဘူး၊ အဲဒါက ပါရမီစစ်ဆေးမှုပဲ၊ ဒါတွေကိုမကျော်လွှားနိုင်သူတွေက ရှေးဟောင်းစစ်မြေပြင်ထဲကို ၀င်လို့မရဘူး"
ဒါကိုကြားသော် လူတိုင်းတိတ်ဆိတ်သွားကြသည်။
ဒီသေခြင်းရှင်ခြင်းစမ်းသပ်မှုကို သူတို့မဖြတ်ကျော်နိုင်လောက်သည့် ဖြစ်နိုင်ချေက မြင့်မားသည်။
ဒါက သူတို့ကို ဒီလောက်ကြီးမားသည့် စွန့်စားမှုတစ်ခုလုပ်တာက ထိုက်တန်သလားဆိုတာ တွေးမိစေသည်။
နန်ကောင်းယင်ထပ်ပြောသည်။
"မင်းတို့ထွက်သွားချင်တယ်ဆိုရင် အရင်ဆုံးထွက်သွားလို့ရတယ်၊ ကြယ်နယ်မြေအတားအဆီးကို မပိတ်ထားဘူး၊ မင်းတို့ရဲ့ဂိုဏ်းတွေဆီ ပြန်သွားလို့ရတယ်"
ဒီစကားလုံးများကို ပြောပြီးသည်နှင့်တစ်ပြိုင်နက် လူတိုင်း၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားကြသော်လည်း မည်သူမှ ထွက်သွားခြင်းကို မရွေးချယ်ခဲ့ကြပါ။
ဒါကိုကြားသော် ကျင်းဝူကျင်းနှာခေါင်းရှုံ့သည်။
"ဘယ်လိုတောင်ရက်စက်တဲ့ အကြံအစည်လဲ"
ယဲ့ချိုးပိုင်နှင့် ကျန်သောသူများကလည်း အနည်းငယ် မျက်မှောင်ကြုတ်လိုက်ကြ၏။
"သူတို့ထွက်သွားမယ်ဆိုရင် အဆင်ပြေသေးတယ်၊ ဒါပေမယ့် နန်ကောင်းယင်ရဲ့ စကားလုံးတွေအပြီးမှာ သူတို့ထပ်ပြီးထွက်သွားဦးမယ်ဆိုရင် ဒါက သေချာပေါက် သူတို့နှလုံးသားထဲမှာ စိတ်နတ်ဆိုးကို ဖြစ်လာစေလိမ့်မယ်၊ ပြီးတော့ သူတို့ရဲ့ အနာဂတ်ကျင့်ကြံခြင်းနဲ့ အဆင့်ချိုးဖျက်မှုအတွက် သေစေလောက်တဲ့ အရာတစ်ခု ဖြစ်လာလိမ့်မယ်"
အကယ်၍ နန်ကောင်းယင်သာ ဒီစကားလုံးများကို မပြောခဲ့ပါက သူတို့ထွက်သွားသောအခါ ဘာ၀န်ထုပ်၀န်ပိုးကိုမှ ခံစားရမည်မဟုတ်။
နန်ကောင်းယင်၏ စကားလုံးများက တစ်ချက်ကြည့်ရုံနှင့် အရမ်းကြီးအဓိပ္ပာယ်မရှိသလို ခံစားရသော်လည်း တကယ်တမ်းတွင် လူတိုင်း အထင်အမြင်သေးခံရသည့် ခံစားချက်တစ်ခုကို ခံစားရသည်။
ဒါက လက်ရှိပါရမီရှင်များ၏ နှလုံးသားထဲက ၀န်ထုပ်၀န်ပိုးကိုလည်း တိုးလာစေသည်။
ကျင့်ကြံသူတစ်ယောက်၏ ပင်ကိုယ်စွမ်းရည်က ပိုမြင့်လေလေ၊ စိတ်တည်ငြိမ်ရန် ပိုအရေးကြီးလေလေပင်။
နယ်ပယ်ချိုးဖျက်ခြင်းက အတွင်းနတ်ဆိုးဟူ၍မရှိဘဲ တည်ငြိမ်သည့် စိတ်အခြေအနေတစ်ခုကို လိုအပ်သည်။
အတွင်းပိုင်းနတ်ဆိုးပေါ်လာတာနှင့် အဆင့်ချိုးဖျက်သောအခါ ၎င်းက အခွင့်အရေးကို အသုံးချပေလိမ့်မည်။ ဒါကို စနစ်တကျ မကိုင်တွယ်နိုင်ပါက သေချာပေါက် ရူးသွပ်သွားသည့် အခြေအနေကို ကျရောက်သွားစေလိမ့်မည်။
နန်ကောင်းယင်၏ စကားလုံးများက သူတို့နှလုံးသားထဲက စိတ်နတ်ဆိုးကို ရှင်းလင်းစွာပင် ပုံကြီးချဲ့ပေးနေသည်။
ဒါကလည်း ဒီပါရမီရှင်များ၌ ကြည့်ရဆိုးသည့် အမူအရာများ ရှိနေကြသော်လည်း ထွက်သွားရန် ဆန္ဒမရှိရသည့် အကြောင်းပြချက်တစ်ခုပင်။
အကယ်၍ သူတို့သာထွက်သွားပါက အတွင်းနတ်ဆိုးအစေ့ကို သေချာပေါက် စိုက်ပျိုးခံရပေလိမ့်မည်။
အသက်ကို တခြားအရာများထက် ပိုတန်ဖိုးထားသည့် နှလုံးသားမဲ့သူတစ်ယောက် မဟုတ်နေသရွေ့ ဒီစိတ်အခြေအနေကို သူတို့လျစ်လျုရှုထား၍မရပေ။
ဥပမာအားဖြင့် လုချန်ရှန်းဖြစ်သည်။
ကံဆိုးစွာပင် ဒီကျင့်ကြံခြင်းကမ္ဘာတွင် လူတိုင်းက ကျင့်ကြံခြင်းကို ဦးစားပေးကြသည်။ ယခုလိုစိတ်နေစိတ်ထားမျိုးရှိနိုင်သည့်လူက မရှိသလောက်ရှားသည်။
ဒီအချိန်မှာပင် ယဲ့ချိုးပိုင်ပြုံးသည်။
"ကြည့်ရတာ ဒါက ကြီးကြပ်ရေးဗိမာန်ရဲ့ အကြံအစည်ကို အတည်ပြုပေးလိုက်ပုံပဲ"
"အခုငါတို့ထွက်သွားချင်ရင်တောင် ထွက်သွားလို့မရတော့ဘူး"
ဒါ့အပြင် ယဲ့ချိုးပိုင်နှင့် ကျန်သောသူများ နောက်ဆုတ်ရန်အတွက် အစီအစဉ်မရှိပါ။ မည်သို့ပင်ဆိုစေကာမူ ရှေးဟောင်းစစ်မြေပြင်တွင် ရှောင်ဟိုင် အရေးတကြီး လိုအပ်နေသော အရာတစ်ခုရှိသည် မဟုတ်ပေလော။
ဤသည်သာမက နတ်ဆိုးနယ်မြေ၏ ဖိအားအောက်တွင် သူတို့ခွန်အားကို အလျင်အမြန် တိုးစေရန်အတွက် သူတို့အခွင့်အလမ်းတိုင်းကို ဖမ်းဆုပ်ထားရန် လိုအပ်သည်။
နန်ကောင်းယင် လူတိုင်း၏ အပြုအမူများကို ငုံ့ကြည့်ကာ နှလုံးသားထဲကနေ လျစ်လျူရှုပြီးနောက် ပြောသည်။
"ဘယ်သူမှ မထွက်သွားချင်ဘူးဆိုမှတော့ လူတိုင်းစလို့ရပါပြီ"
ထို့နောက် သူဟင်းလင်းပြင်ထဲတွင်ထိုင်ပြီး မျက်လုံးအစုံမှိတ်ကာ ကမ္ဘာကြီးကို လျစ်လျူရှုထားလိုက်သည်။
ဒီမြင်ကွင်းကို မြင်သောအခါ လူတိုင်း အမုန်တရားနှင့် ပြည့်နှက်သွားရသည်။
သို့စေကာမူ တစ်ဘက်လူ၏ပုံရိပ်နှင့်ခွန်အားကြောင့် သူတို့ဒေါသမထွက်နိုင်သဖြင့် ပင်လယ်လေဆင်နှာမောင်းများကို ကြည့်ရဆိုးသည့် အမူအရာဖြင့်သာ ကြည့်လိုက်ကြသည်။
ဒီအခိုက်အတန့်မှာပင် ဟုန်ရင် ရုတ်တရက် ပင်လယ်လေဆင်နှာမောင်းဆီသို့ ပြေး၀င်သွားသည်။
ယဲ့ချိုးပိုင်နှင့် ကျန်သောသူများပင်လျှင် မတုံ့ပြန်နိုင်ခဲ့ကြပေ။
သို့စေကာမူ နင်းချန်ရှင်းပြုံးသည်။
"ဒုတိယစီနီယာအစ်မမှာ အင်ပါယာဆန္ဒရှိတယ်၊ သူက ဧကရီဖြစ်ဖို့အတွက် မွေးဖွားလာတာဆိုတော့ ပြတ်သားပြီး နောက်မဆုတ်တတ်ဘူး"
နောက်ဆုတ်ချင်သူများ၊ သူရဲဘောကြောင်သူများ သို့မဟုတ် ကြောက်နေသူများက အင်ပါယာဆန္ဒကို ထိန်းသိမ်းနိုင်မည်မဟုတ်။
မု၀မ်အာပြုံးသည်။
"ဒီလိုဆိုမှတော့ သွားကြရအောင်"
ရှောင်ဟိုင်ပခုံးတွန့်သည်။
"ဒီအခေုအနေမှာ သူတို့အရင်သဲလွန်စတွေ ရသွားဖို့အတွက် သွားနေတာကို မျှော်လင့်နေဖို့ဆိုတာ မဖြစ်နိုင်ဘူး"
ထို့နောက် ယဲ့ချိုးပိုင်နှင့် ကျန်သောသူများကလည်း ဟုန်ရင်နောက်ကလိုက်ပြီး ပြေးသွားကြ၏။
ဒါကိုမြင်သော် ကျင်းဝူကျင်း ကျယ်လောင်စွာရယ်မောသည်။
"ကျင့်ကြံသူတစ်ယောက်ဆိုတာ ဒီလိုဖြစ်သင့်တာ"
ကျိချန်းယောင်၏ အမူအရာကလည်း လေးနက်နေပြီး သူမနှလုံးသားထဲတွင် ၀တ်စုံဖြူနှင့်လူတစ်ယောက် ပေါ်လာခဲ့သည်။
သူက လုချန်ရှန်းပင်။
ဒါကသူမအခွင့်အလမ်းဖြစ်သည်။ သူမသာ မဖမ်းဆုပ်ထားပါက သူ့ဘေးတွင် ရပ်ရန်အတွက် အခွင့်အလမ်းမရှိလောက်ပါ။
သူတို့နှစ်ယောက်ကလည်း တစ်ချိန်တည်းမှာပင် လိုက်သွားကြသည်။
လူတိုင်းဒီမြင်ကွင်းကို မြင်သော် တစ်ချို့က ဆက်လက်စောင့်ကြည့်ရန်အတွက် စီစဉ်ခဲ့ကြသည်။
သို့စေကာမူ နောက်လိုက်သွားသော ယုံကြည်မှုရှိသည့် လူများလည်းရှိသည်။
ထို့ထဲတွင် အော်ရာကို လုံး၀မထုတ်လွှတ်ခဲ့သည့် လူအနည်းငယ်လည်းရှိသည်။
နန်ကောင်းယင် မျက်လုံးဖွင့်ကာ တစ်ချက်ကြည့်လိုက်မိသည်။ သူအေးစက်သည့် အရိပ်အယောင်တစ်ခုကို ဖော်ပြသည်။
မျှော်လင့်ထားသလိုပဲ သူတို့လှုပ်ရှားနေကြတုန်းပဲ....!
ဒါပေမယ့် ဒီလိုဆိုရင်တောင် ငါသူတို့ကို အထဲမှာ သေသွားတဲ့အထိ ဆော့ကစားပစ်နေသရွေ့ အဆင်ပြေတာပဲလေ!
......
ပထမအဆင့်က ယဲ့ချိုးပိုင်နှင့် ကျန်သောသူများအတွက် မခက်ခဲဘဲ ချိုးဖျက်ရန် အချိန်အနည်းငယ်မျှသာ ကြာခဲ့သည်။
အခက်ခဲဆုံးအပိုင်းက ဒုတိယအဆင့်ဖြစ်လောက်သည်။
ယဲ့ချိုးပိုင်လေဆင်နှာမောင်းရှေ့တွင် ရပ်နေပြီး မဆင်မခြင်မလုပ်ရဲပေ။
ဒီအချိန်မှာပင် အတော်လေးပေါ့ပြက်ပြက်နိုင်ပုံရသောလူတစ်ယောက် ရောက်လာပြီး အပြုံးဖြင့်ပြောသည်။
"မင်းတစ်ခုခုတွေ့ခဲ့လား"
သူကဆက်ပြုံးသည်။
"ဒီလိုဆိုရင် ငါတို့ပူးပေါင်းကြမယ်ဆိုရင်ရော၊ ဒီနည်းနဲ့ ငါတို့ပိုအောင်မြင်နိုင်တာပေါ့..." ဒီနေရာတွင် ထိုလူပျာယာခတ်သွားသည့်အသွင် ဟန်ဆောင်ရင်း လက်ဝှေ့ယမ်းကာ စိုးရိမ်ပူပန်စွာပြောသည်။
"ငါမင်းကို ဆွဲချသလိုဖြစ်နေမှာကို မင်းစိုးရိမ်နေစရာမလိုပါဘူး၊ ကြည့်"
ထို့နောက် သူနတ်အင်ပါယာနယ်ပယ် အစောပိုင်းအဆင့်ခွန်အားကို ထုတ်ဖော်ပြသလိုက်သည်။
ယဲ့ချိုးပိုင်သဘောတူတာပိုပင် စောင့်မနေတော့ဘဲ ထိုလူက ယဲ့ချိုးပိုင်၏ လက်ကို စိတ်အားထက်သန်စွာကိုင်ပြီး နှုတ်ဆက်သည်။
"အိုက်ယား၊ ကျေးဇူးပါ၊ ကျေးဇူးပါ၊ ငါ့နာမည်က စုန့်ရှောင်ပါ၊ ကျေးဇူးပြုပြီး ငါ့ကို လမ်းညွှန်ပေးပါဦး"
ယဲ့ချိုးပိုင်နှင့် ကျန်သောသူများ စိတ်ရှုပ်ထွေးသွားကြသည်။
ဒါက..... ဒီလူရွှင်တော်က ဘယ်ကလာတာလဲ!
သို့စေကာမူ စုန့်ရှောင် ရှေ့တိုးလာသောအခါ အမျိုးသားနှင့် အမျိုးသမီးတစ်ဦး မျက်နှာလွှဲလိုက်ကြ၏။
ဒါကို မုဖူရှန်းနှင့် နင်းချန်ရှင်းတို့လည်း သတိထားမိသွားကြသည်။
အပိုင်း(1076) coming။