အခန်း (၈၅)
Vol. 8 Ch. 85
လင်းယောင် မျက်တောင်ခတ်လိုက်သည်။ တကယ်တော့ သူမမှာ သူခိုးလို နှလုံးသားရှိပေမယ့် သတ္တိတော့မရှိခဲ့ပေ။
မည်သို့ပင်ဆိုစေ သူမ လက်ထောက်ဒါရိုက်တာကုကို အနိုင်ကျင့်သည့်အခါတိုင်း ထိုသူက သူမကို အနိုင်ကျင့်မယ့်အစား အမြဲစားလေ့ရှိသည်။
ဤကံမကောင်းသည့်အခြေအနေမှာ သန်မာလွန်းသူကြောင့်ဖြစ်သည်။ သူနဲ့ နှိုင်းယှဥ်လိုက်ရင် ပျော့ညံ့သလို ခံစားရသည်။
လင်းယောင်သည် စိတ်ကိုအနားပေးပြီး သူ့သားလေးအား နာခံစွာပွေ့ဖက်ကာ အိပ်လိုက်သည်။
ယခုအချိန်တွင် ကလေးလေး ကုသို့သို့သည် ပုခက်ထဲတွင် အိပ်နေရခြင်းကို မကျေနပ်တော့ပါ။ သူ့မိဘတွေ အချင်းချင်းနမ်းတိုင်း ဝဝကစ်ကစ်ကောင်လေးက အတင်းကြားထဲ ဝင်လေသည်။
တစ်ခါက ကလေးက ညသန်းခေါင်မှာ အိပ်ပျော်သွားပြီး ကုရှီအန်းက သူ့ကို ပုခက်ပေါ် ညင်သာစွာပြန်ထားလိုက်သည်။ ဒါပေမယ့် နောက်တစ်နေ့မှာတော့ ကလေးက နိုးလာပြီး သူ့အိပ်ယာပေါ်မှာ မဟုတ်တော့ဘူးဆိုတာကို တွေ့လိုက်ရတော့ အရမ်းဒေါသထွက်တော့သည်။
အော်ဟစ်ပြီး အဖေဖြစ်သူက သူ့ကို ပွေ့ချီထားရသည်။ ကလေးလေးသည် လက်ထောက်ဒါရိုက်တာကု၏ ချောမောသော မျက်နှာကို သူ၏လက်ဝကစ်ကစ်လေးနှစ်ဖက်ဖြင့်ဆုပ်ကိုင်ကာ ကိုက်လိုက်လေသည်။ နောက်ဆုံးတော့ လင်းယောင်က ကောင်လေးကို ချော့မော့ခဲ့ရသည်။
ကုသို့သို့သည် လက်များကိုဆုပ်ထားပြီး ခဏတာ ဝူးဝူးဝါးဝါးပြောကာ အိပ်ငိုက်လာပြီး သူ့မိခင်၏ မွှေးပျံ့ နူးညံ့သော လက်မောင်းများထဲတွင် အိပ်ပျော်သွားခဲ့သည်။
ကုရှီအန်းသည် ဆူဖြိုးသော ကောင်လေးကို ဘေးဖက်ချပြီး သူ့ကို ခေါင်းအုံးများဖြင့် ဝိုင်းထားကာ ကလေးကို ပိုသက်တောင့်သက်သာ အိပ်ပျော်စေရန် စောင်လေးခြုံပေးထားသည်။
လင်းယောင် သမ်းဝေလိုက်သည်။ "သို့သို့က အခုမှ သေးသေးလေးပဲ ရှိသေးတယ်။ သူကြီးလာရင် ပိုတောင်ပင်ပန်းဦးမယ်။ လက်ထောက်ဒါရိုက်တာကု တကယ်ကိုအလုပ်ကြိုးစားပါပေတယ်"
ကုရှီအန်းသည် မျက်ခုံးပင့်ကာ နှုတ်ခမ်းများကွေးညွတ်သွားပြီး သူ့မျက်လုံးများတွင် သိသာထင်ရှားသော အပြုံးတစ်ခုနှင့်။
"အဲ့တော့ရဲဘော်လင်းက ဘယ်လိုများ ဆုချမလဲမသိဘူး"
ဆုလား?
ဒါကဘာလဲ?
လင်းယောင်က နားရှုပ်နေပြီး ဘာကိုဆိုလိုသည်ကို နားမလည်ကြောင်းပြောသည်။
ကုရှီအန်းက ခပ်ဖွဖွရယ်လိုက်ပြီး မီးအိမ်ကို မှုတ်လိုက်ကာ သူ့လက်ကြီးတွေကို လင်းယောင်ရဲ့ ခါးပေါ်တင်ပြီး ခေါင်းကိုငုံ့ကာနမ်းလိုက်သည်။
လင်းယောင် အနမ်းခံရတာကို သက်တောင့်သက်သာ ခံစားရသည်။ သူမသည် တစ်စုံတစ်ယောက်ကို နမ်းရုံနှင့် ပြီးသွားချင်ခဲ့သည်။ မထင်မှတ်ပဲ လက်ကြီးတစ်ဖက်က သူမရဲ့ညဝတ်အင်္ကျီကို ချွတ်လိုက်သည်။ လင်းယောင် သူ့ကိုမတွန်းမိပဲမနေနိုင်တော့ "ရှင်ဘာလုပ်နေတာလဲ။ သို့သို့ ဒီမှာရှိသေးတယ်လေ"
ကုရှီအန်းသည် သူမ၏ ဆံပင်များကြားတွင် နစ်မြုပ်နေပြီး ဖြူဖွေးနူးညံ့နေသူကို ပွေ့ဖက်ထားသည်။ သူက တိုးတိုးပြောသည်။ "လိမ္မာလိုက်ပါ။ ကိုယ့်ကိုကြည့်ခွင့်ပေး"
"အမ်?"
"ဆုချလေ"
"ဖူးးးး!"
*
ဆောင်းဦးမှ ဆောင်းရာသီသို့ ကူးပြောင်းလာသည်နှင့်အမျှ အရာအားလုံးသည် မှုန်မှိုင်းလာသည်။ ခြံအဝင်ဝရှိ ညောင်ပင်တန်းသည် စောစောစီးစီး အရွက်များ ကုန်ဆုံးသွားကာ အကိုင်းအခက်များသာ ကျန်တော့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပဲ ကလေးလေး ကုသို့သို့ ဟာ အသက်ငါးလကျော်ပြီး အခါလယ်နီးပါးရှိပေပြီ။ သူထိုင်နိုင်၊ ထနိုင်သည်။ လှည့်ပတ်ပြီးလမ်းလျှောက်နိုင်သည်။
ဝကစ်သောကောင်လေးသည် ပက်လက်လှန်နိုင်ကတည်းက သူ့ကုတင်ပေါ်တွင် လှဲအိပ်ရန်ငြင်းဆန်ခဲ့သည်။ လူကြီးတွေ မကြည့်ဘူးဆိုရင် ဒီကလေးက သူ့ကုတင်ကနေ ကုတင်အောက်ခြေအထိပင် လှိမ့်ဆင်းသွားနိုင်သည်။
လင်းယောင်၏ မီးဖွားခွင့်သည် ပြီးသွားကာ အောက်တိုဘာလတွင် အထည်စက်ရုံတွင် အလုပ်ပြန်ဝင်ရမည်ဖြစ်သည်။
ကုသို့သို့ကို နေ့ကလေးထိန်းဂေဟာသို့ မပို့ခဲ့သဖြင့် လက်ထောက်ဒါရိုက်တာကုသည် သူ၏သားကို မနက်ခင်းတွင် ပြည်သူ့လုံခြုံရေးဌာနသို့ ခေါ်ဆောင်သွားပြီး အလုပ်တွင် ကလေးအား ပြုစုစောင့်ရှောက်ရသည်။
ကံကောင်းထောက်မစွာဖြင့် အထည်စက်ရုံ၏ ထက်ဝက်သာ အလုပ်ရုံများဖွင့်ထားပြီး ထောက်ပံ့ပို့ဆောင်ရေးဌာနသည် အလုပ်မများလှပါ။ သူမ မနက်တစ်ပိုင်းအလုပ်လုပ်ပြီး နေ့လည်နှစ်နာရီဝန်းကျင်တွင် ကုသို့သို့ကို အိမ်သို့ပြန်ခေါ်ရန် ပြည်သူ့လုံခြုံရေးဌာနသို့ သွားနိုင်သည်။
လင်းယောင် အိမ်ပြန်ရောက်တာနှင့် ကလေးက သူ့အားနို့တိုက်ရန် မရပ်မနားအော်လျှင်အော် သို့မဟုတ် တစ်ခုခုကြည့်ဖို့ ခြံထဲကိုသွားရန် ဂျီကျလေသည်။
အလွန်ဆူညံနေသောကြောင့် လင်းယောင်သည် လက်ထောက်ဒါရိုက်တာကု မကြာခဏ အသုံးပြုသည့် ကလေးထိုင်ခုံလေးကို ထုတ်ယူကာ ဝဝကစ်ကစ်သားဖြစ်သူကိုကုန်းပိုး၍ လမ်းလျှောက်ထွက်ခဲ့သည်။
လင်းယောင်က ကုသို့သို့ကို ကျောပိုးထားပြီး သို့သို့ လေးဟာ ခေါင်းကိုမော့ထားပြီး သူ့ရဲ့လက် ၂ ဖက်ကို လက်သီးလေးတွေဆုပ်ထားကာ ခြံထဲက အရွက်မဲ့ သလဲသီးပင်နဲ့ ယုန်အသိုက်ကို မျက်လုံးကြီးကြီးတွေနဲ့စိုက်ကြည့်နေခဲ့သည်။
ဆောင်းဦးတွင် နေရောင်ခြည်သည် နွေးထွေးလှသည်။ လင်းယောင်သည် သူမ၏ ဝဝကစ်ကစ်သားငယ်ကိုပွေ့ချီကာ ခြံဝန်းအတွင်း လျှောက်သွားနေသည်။ ကုသို့သို့သည် ယုန်အသိုက်တွင် နှင်းလိုဖြူဖွေးကာ ပါးစပ်သေးသေးလေးဖြင့် အရွက်စားနေသော ယုန်ငယ်လေးကို တွေ့လိုက်ရသည်။ သူစိတ်လှုပ်ရှားစွာ လှမ်းကိုင်ရန် သူ့လက်သေးသေးလေးတွေကို ဆန့်ထုတ်လိုက်သည်။
မိခင်ယုန်မကြီးသည် သားပေါက်များကို အလွန်ကာကွယ်တတ်သောကြောင့် လင်းယောင်သည် သားငယ်ကို အဝေးသို့ အမြန်ခေါ်သွားခဲ့သည်။
သားအမိနှစ်ယောက် ခြံဝန်းထဲကို နှစ်ပတ်လျှောက်ခဲ့ပြီး ကုသို့သို့က နှစ်ကြိမ်အော်ဟစ်ခဲ့ပါသည်။
မိခင်တစ်ယောက်အနေနဲ့ ကလေးဗိုက်ဆာလျှင် အစာကျွေးဖို့ လိုအပ်တာကိုသိပါသည်။
သို့သော် ကလေးသည် ယခု ငါးလကျော်သာရှိသေးပြီး မိခင်နို့ကိုသာတိုက်ပါက ကလေး၏ အစာစားချင်သည့်အာသီသကို ဖြည့်ဆည်းပေးနိုင်မည်မဟုတ်ပေ။
လင်းယောင်သည် ကလေးအား အစာကြေလွယ်ကာသင့်လျော်သော ဖြည့်စွက်စာများဖြစ်သည့် ကြက်ဥအနှစ်၊ ဟင်းသီးဟင်းရွက်ပူရီ၊ ဆန်ပြုတ်စသည်တို့ကို ကျွေးသည်။
အဲဒီအထဲမှာ ကုသို့သို့ရဲ့အကြိုက်ဆုံး အစားအစာကတော့ သူ့အမေချက်ထားတဲ့ ချိုချဉ်ပန်းသီးပူရီပင်ဖြစ်သည်။
လင်းယောင်သည် ဝဝကစ်ကစ်ကောင်လေးကို ထိန်းကျောင်းပြီး သန့်ရှင်းသောအနှီးကိုလဲပေးကာ ကုမန်ဆန်အသစ်လုပ်ပေးထားသော သစ်သားပုခက်လေးထဲတွင် ထည့်ထားလိုက်သည်။ ဤပုခက်သည် နောက်ပိုင်းမျိုးဆက်များ၏ ကလေးအိပ်ယာနှင့် အနည်းငယ် ဆင်တူသည်။ အဲဒီ့ထက်ပိုကြီးကာ အတွင်းထဲမှာ ချည်မွေ့ယာသေးသေးလေးနဲ့ နင်းလိုက်တဲ့အခါ နူးညံ့ပေသည်။ မြေပြင်ပေါ်တွင် ဝါးဖျာများအပြင် အရောင်ဆင်တူ စောင်သေးသေးလေးများနှင့် ခေါင်းအုံးများလည်းရှိလေသည်။
လင်းယောင်သည် ကလေးလေးအတွက် ယုန်၊ ကျား၊ လိပ်၊ ငါးဝဝလေးစသည်ဖြင့် အရုပ်လေးများ ချုပ်ရန် သူမ၏ ကျွမ်းကျင်မှုကို အသုံးပြုခဲ့သည်။ ရေဆေးအခြောက်ခံပြီးနောက် အဆင်မများပေမယ့် လှပနေသည်။ ကုသို့သို့ ကစားရန် လုံလောက်သည်ပင်။
ကုသို့သို့သည် သူ့အမေလုပ်ပေးသော ငါးဝကစ်ကစ်ကြီးနှင့် သူ့အဖေလုပ်ပေးသော ရွက်လှေငယ်ကို အနှစ်သက်ဆုံးဖြစ်သည်။ ဝကစ်ကစ်ကောင်လေးသည် ဘာမှလုပ်စရာမရှိသောအခါ ကုတင်လေးပေါ်တွင် ထိုင်ကာငါးဝကစ်ကစ်လေးကို ကိုက်ဝါးပြီး ဝူးဝါးဝူးဝါးပြောနေတတ်သည်။
လင်းယောင် သူ့သားရဲ့ မျက်နှာဖောင်းဖောင်းလေးကို နမ်းလိုက်ပြီး ဆွေးနွေးလိုက်သည်။ "သားလေး၊ မေမေ ပန်းသီးပူရီ သွားလုပ်လိုက်ဦးမယ်။ သားလေးက လိမ်လိမ်မာမာနဲ့ မေမေ့ကိုစောင့်နေနော်။ ဟုတ်ပြီလား?"
သူနားလည်သလိုပင် ကုသို့သို့က သူ့ရဲ့ဖြူဖွေးနူးညံ့တဲ့ မျက်နှာပေါ်ကို တံထွေးပူဖောင်းတွေမှုတ်ထုတ်နေကာ ငါးရုပ်ကြီးကို လက်ညှိုးထိုးပြပြီး အော်လိုက်သည်။
လင်းယောင်ပြုံးပြီး ငါးရုပ်ကြီးကို ကောင်လေးရဲ့လက်ထဲကို ထည့်ပေးလိုက်သည်။ ကောင်လေးက ကုတင်ပေါ်မှာ လှဲလျောင်းရင်း သူ့ခြေထောက်သူ ကိုက်ဝါးနေပြီး ငါးကြီးကိုကိုင်ကာ မပီကလာပီကလာ ပြောနေလေသည်။
လင်းယောင်သည် မီးဖိုချောင်သို့သွားကာ သူ့ကိုခဏခဏ ပြန်လာကြည့်သည်။
ကောင်ကလေးက တကယ်ကို စကားနားထောင်သည်။ အမေဖြစ်သူသည် စိတ်သက်သာရာရကာ လက်လှုပ်ရှားမှုများ မြန်လာသည်။ သူမသည် ပန်းသီးနီကြီးနှစ်လုံးကို အခွံခွာပြီး အိုးထဲသို့ ရေထည့်ကာ ဆန်ခါပေါ်တင်ပြီး ပေါင်းထားသည်။
အိမ်ပြန်ရောက်တာနဲ့ ကလေးထိန်းရင်း အချိန်တွေကုန်သွားသည်။ လင်းယောင် အခန်းအတွင်းရှိနာရီကို ကြည့်လိုက်ရာ မသိလိုက်မသိဘာသာနှင့်ပင် ညနေလေးနာရီခွဲသွားပြီပင်။
ခြောက်နာရီတွင် မိသားစုသည် အိမ်ပြန်လာကြပြီး လင်းယောင်သည်လည်း ဝဝကစ်ကစ်ကလေးလေးနှင့် စကားပြောရန် ပြန်လာခဲ့သည်။ မီးဖိုချောင်မှ ရွှေဖရုံသီးကို ယူ၍ အခွံခွာကာ အစေ့များထုတ်ပြီး အပိုင်းပိုင်းဖြတ်၍ ဆန်လုံးညို အနည်းငယ်ကို ထည့်လိုက်သည်။ ရွှေဖရုံသီးယာဂုအိုးကို မီးရှိန်ရှိန်နှင့် ကျိုနေလိုက်သည်။
ရွှေဖရုံသီးယာဂု ပွက်ပွက်ဆူလာသောအခါ အိုးသေးသေးလေးပေါ်ရှိ ပန်းသီးပေါင်းများ အဆင်သင့်ဖြစ်သောအခါ လင်းယောင်သည် မီးသတ်လိုက်ပြီး ပန်းသီးများကို ဇွန်းသေးသေးဖြင့်ချေကာ ပန်းကန်လုံးတစ်လုံးထဲတွင်ထည့်ပြီး အအေးခံ၍မှုတ်ကာ ကုသို့သို့ကို တစ်ဇွန်းပြီးတစ်ဇွန်းကျွေးလိုက်သည်။
ကောင်လေးက ကလေးထိုင်ခုံလေးမှာထိုင်ပြီး ပန်းသီးပူရီကို သူ့လျှာနဲ့တစ်ချက်တို့ကြည့်သည်။ ပန်းသီးပူရီကို လျှာနဲ့တို့ကြည့်နေတဲ့ ကုသို့သို့ကို ကြောင်လေးကကြည့်ရင်း သူ့ရဲ့လှပတဲ့မျက်လုံးတွေကျဉ်းမြောင်းသွားသည်။ သူ့ခြေသည်းတွေကိုလျက်ရင်း သခင်ငယ်လေးက ဘာကြောင့် ဒီလောက်စားရတာကို နှစ်သက်လဲဆိုတာကို နားလည်ချင်မိသည်။ ငါးခြောက်က ပိုအရသာရှိတာမဟုတ်ဘူးလား။
လင်းယောင်သည် ဘေးနားတွင် ငုတ်တုတ်ထိုင်နေသော ကြောင်လေးကို မြင်လိုက်ရာ ဒီကောင်လေးက နေ့တိုင်း အပြင်ကိုထွက်ပြေးပြီး ရက်အတော်ကြာအောင် ရေမချိုးရသေးတာကို ရုတ်တရက် သတိရသွားသည်။သတိရှိရှိဖြင့် ကြောင်လေးရေချိုးရန် ရေနွေးတည်ဖို့ပြောလိုက်သည်။
ကြောင်လေးမှာထိတ်လန့်သွားပြီး နားရွက်များပင်ထောင်လာသည်။ လင်းယောင် သူ့ကိုမခေါ်နိုင်ခင်မှာပဲ အတင်းထွက်ပြေးသွားသည်။
ကုရှီအန်းသည် ညနေပိုင်းတွင် လက်ထဲ၌ ပန်းသီးနီနီတစ်ထုပ်နှင့် ပြန်ရောက်လာသည်။ လင်းယောင် မေးစရာမလိုပေ။ တစ်စုံတစ်ယောက်က အဆက်အသွယ်များမှတဆင့် ကျေးလက်ဒေသက ဝယ်ခဲ့တာဖြစ်မည်။
သူ့သားက ဒါကိုစားရတာကြိုက်သည်။
အိမ်မှာ ဘယ်သူမှမရှိတဲ့အခါ လင်းယောင်က ငှက်ပျောသီး၊ လိမ္မော်သီး၊ သစ်တော်သီး၊ စပျစ်သီးစသည်တို့ကို ကလေးလေးအတွက် ဖြည့်စွက်စာအဖြစ် နေရာလွတ်ထဲမှ ထုတ်ယူကျွေးလေသည်။
ကံမကောင်းစွာဖြင့် သို့သို့သည် ငှက်ပျောသီးမကြိုက်သောကြောင့် တစ်လုတ်မှမစားပေ။ လင်းယောင်က ဇွန်းလေးနဲ့ကျွေးသော်လည်း ကောင်လေးက လျှာလေးနဲ့ ပြန်ထုတ်သည်။
ကောင်းပြီလေ။
မကြိုက်ရင်လည်း မစားနဲ့ပေါ့။
လက်ထောက်ဒါရိုက်တာကုသည် ပန်းသီးနီနီများကို ချလိုက်ပြီး ကုသို့သို့ကိုကြည့်ရန် အိမ်သို့သွားခဲ့သည်။ ကုသို့သို့သည် အလုံအလောက်စားသောက်ပြီး ပါးစပ်ကလေးဖွင့်ကာ ငိုက်မျဉ်းနေပါသည်။ ထွက်ပြေးလွတ်မြောက်သွားသော လိမ္မော်ရောင်ကြောင်ကြီးသည် မည်သည့်အချိန်တွင် ပြန်ခိုးဝင်လာမည်မသိပေ။ ကလေးလေးက အိပ်ယာထဲမှာ သူ့လက်တွေကို ခေါင်းအုံးအဖြစ်အုံးကာ အိပ်နေလေသည်။
လင်းယောင် ဒေါသထွက်လွန်းလို့ ကုရှီအန်းကို စောဒကတက်လိုက်သည်။
" ကြောင်ကြီးက စကားနားမထောင်ပဲ ရေမချိုးတာ ရက်အတော်ကြာနေပြီ။ ကျွန်မ သူ့ကိုချိုးပေးဖို့လုပ်တာကို ထွက်ပြေးသွားတယ်"
ထိုသို့ပြောပြီးနောက် လင်းယောင် ခြေဆောင့်လိုက်သည်။ "အဲ့ကြောင်ကြီးရေမချိုးရင် သူဒီညအိပ်ရာမဝင်ရဘူး!"
ကုရှီအန်းက ကြောင်ကြီးမှာ ကလေးမလေးက သူ့ကိုထိပ်ပြောင်အောင် လုပ်မှာကိုကြောက်သောကြောင့် ဘယ်တော့မှအိပ်ယာမဝင်ဟု ပြောလိုက်ချင်သော်လည်း တိတ်တိတ်ပင်နေလိုက်သည်။
သူဒီအကြောင်းကို စိတ်ထဲမှာသာ တွေးနေလိုက်သည်။ လက်ထောက်ဒါရိုက်တာကု ပြောလိုက်သည်။ "ရပါတယ်။ ကိုယ် ကြောင်ကြီးအတွက် ရေနွေးတစ်အိုးတည်ထားလိုက်မယ်"
လင်းယောင်ပျော်သွားပြီး မီးဖိုချောင်တွင် အလုပ်ပြန်လုပ်ခဲ့သည်။
မနေ့ညက မိသားစုက ဂေါ်ဖီထုပ်နဲ့ ဝက်သားကြာဇံပြုတ်စားသည်။ ကုရှီအန်းက သူ့လက်တွေကို ဆေးပြီး အင်္ကျီလက်ကိုခေါက်တင်ကာ ကူညီလေသည်။
လင်မယားနှစ်ယောက် ပင်ပန်းမှုမရှိဘဲ အတူတူအလုပ်လုပ်ကြသည်။
ခဏအကြာတွင် လောင်ကု အိမ်မီးဖိုချောင်မှ ထမင်းနံ့သင်းလာသည်။
ခြံဝင်းအတွင်း၌ အိမ်တိုင်းသည် မီးဖိုကို မီးမွှေးကာ ချက်ပြုတ်နေကြပြီး မီးခိုးများဖုံးလွှမ်းနေသည်။ ကုမန်ဆန်သည် ခြံဝင်းထဲသို့ မျှစ်အပြည့်ထည့်ထားသော ခြင်းတောင်းကို ယူသွားသည်။ တံခါးဝသို့ဝင်လိုက်သည်နှင့် မောပန်းနွမ်းနယ်ကာ လှေကားထစ်များပေါ်တွင်ထိုင်နေ၏။
ကျန်းဆွေ့လန်သည် ကန့်လန့်ကာကိုဖွင့်ကာ အိမ်ထဲမှထွက်လာခဲ့သည်။
"အဘိုးကြီး ပြန်လာပြီလား။ ဒါကဘာလဲ"
ကျန်းဆွေ့လန်က ခင်ပွန်းဖြစ်သူကို အိမ်ထဲဝင်စေပြီး ကုမန်ဆန်အား ရေခပ်ပေးလိုက်သည်။
“ဒုတိယအစ်ကိုကြီးက ဆောင်းတွင်းပိုင်းရတဲ့မျှစ်ကို နယ်ကနေ ယူလာပေးတာ"
ကုရှီတုန်းသည် အိမ်ထဲသို့ဝင်ကာ ရေနွေးတစ်ခွက်လောင်းထည့်ပေးလိုက်သည်။ ကုမန်ဆန်ကသည် အကုန်သောက်လိုက်ပြီး အနားယူရန် လှေကားများပေါ်တွင် ထိုင်လိုက်သည်။
ယနေ့နံနက်တွင် ဦးလေးကျန်းသည် ထုတ်လုပ်ရေးအသင်းမှ စိုက်ပျိုးထားသောမျှစ်များကို ပစ္စည်းတင်သွင်းခြင်းနှင့် ဈေးကွက်ဖြန့်ချိရေးသမဝါယမသို့ ပို့ဆောင်ရန် မြို့သို့သွားကာ ကုမိသားစုအတွက် လည်း ခြင်းတောင်းတစ်တောင်းစာ ချန်ထားခဲ့သည်။
ကုမိသားစုတွင် အလုပ်သွားသူကသွား၊ ကျောင်းသွားသူကသွားနှင့် အကြီးအကဲထျဲ့က တံခါးပေါက်ကိုကြည့်ပေးလေသည်။
ဦးလေးကျန်းမှာ ရွေးချယ်စရာမရှိတော့ပဲ စတီးစက်ရုံ သူဌေးအား စီးကရက်တစ်လိပ်နှင့် မျှစ်နှစ်ခုပေးခဲ့သည်။ဧည့်ခန်းထဲတွင် မျှစ်တောင်းကိုထားခဲ့ပြီး ရွာကို အမြန်ပြန်လာခဲ့သည်။
ကုမန်ဆန် အလုပ်ကဆင်းတာနဲ့ သူက ဧည့်ကြိုကို အော်ခေါ်လိုက်သည်။
ကျန်းဆွေ့လန်က သူ့ခေါင်းကိုသူရိုက်လိုက်ပြီး "ငါ့ဦးနှောက်ကို ကြည့်စမ်း။ အစ်ကိုကြီးက ပြောထားရဲ့သားနဲ့ ဝက်ခြံက အရမ်းအလုပ်များလို့မေ့သွားတာ။ ဒုတိယအစ်ကိုက မြို့ကိုလာပြီး ရေနွေးတောင်မသောက်ပဲပြန်သွားတယ်"
လင်းယောင်က သူ့ယောက္ခမကို နှစ်သိမ့်ပြီး ဂုဏ်ယူစွာပြောလိုက်သည်။ "နောက်တစ်ခါ ဒုတိယဦးလေးလာရင် သူ့ကိုဟော့ပေါ့ လိုက်တိုက်ကြမယ်လေ"
ကုရှီတုန်းက ဝမ်းသာအားရ လက်ခုပ်တီးလိုက်သည်။ "ဟော့ပေါ့က ကောင်းတယ်။ ဟော့ပေါ့သောက်လိုက်ရင်နွေးသွားမှာ"
ကျန်းဆွေ့လန်က သူ့ကို စိုက်ကြည့်ရင်း "စား၊ စား၊ စားဖို့ပဲသိတယ်။ ဒီနှစ် စာမေးပွဲဖြေပြီးပြန်လာရင်တော့ နင်ဘဲဥပဲစားရမယ်!"
ကောင်စုတ်လေး၏ တင်ပါးများအေးစက်သွားပြီး သူ့တင်ပါးများကိုအုပ်ကာ အမြန်ထွက်ပြေးလေသည်။
ဤဆောင်းရာသီတွင် လောင်ကုတို့မိသားစုသည်သတင်းကောင်းများစွာရရှိခဲ့သည်။ ပထမဦးစွာ လင်းယောင်သည် အမြဲတမ်းနေထိုင်သူဖြစ်လာပြီး ကျေးလက်အိမ်ထောင်စုစာရင်းမှ မြို့ပြအိမ်ထောင်စုစာရင်းသို့ ကူးပြောင်းခဲ့သည်။
ယွင်ရွှေကောင်တီရှိ မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်များသည် အတော်လေးရှုပ်ထွေးသော်လည်း ကုရှီအန်းရှိသောကြောင့် လင်းယောင်၏ မှတ်ပုံတင်ခြင်းသည် အလွန်ရိုးရှင်းခဲ့ပါသည်။
တခြားသူတွေက မြို့ထဲမှာ စာရင်းသွင်းချင်ပြီး အကြိမ်ပေါင်းများစွာ ပြေးလွှားခဲ့ရသည်။ ရာသီဥတုအေးလွန်းသဖြင့် လင်းယောင်သည် သက်တောင့်သက်သာပင် အိမ်တွင်လှဲလျောင်းကာ ကျန်တာအားလုံးကို လက်ထောက်ဒါရိုက်တာကုထံ လွှဲအပ်ထားခဲ့သည်။
ယွင်ရွှေကောင်တီတွင် အောင်မြင်စွာ အခြေချရန် နှစ်ရက်သာ အချိန်ယူခဲ့ရသည်။
အိမ်ထောင်စုစာရင်းရရှိပြီးပါက အစားအသောက်စာအုပ်ကိုလည်း ထုတ်ပေးပါသည်။
ကျန်းဆွေ့လန်၏ မျက်လုံးများ ပျော်ရွှင်မှုဖြင့် ကျဉ်းမြောင်းသွားသည်။ "စားစရာရှိတာကောင်းတယ်။ ယောင်ယောင်လည်း နောင်ကျစားနိုင်သောက်နိုင်ရှိမှာပဲ"
လင်းယောင်က ဝမ်းသာအားရ ခေါင်းညိတ်လိုက်သည်။
သူမကို ပိုပျော်ရွှင်စေမယ့် အရာတွေရှိသေးသည်။
အဝေးရှိ ရှင်းကျန်းသို့ ရောက်နေသော အကြီးဆုံးအစ်ကိုကြီးလင်းရိ၏ သတင်းအား နောက်ဆုံး၌ကြားရပေပြီ။
အစောပိုင်းက လင်းယောင်ထံသို့ ပေးပို့သော အထုပ်များနှင့် စာများသည် ရှင်းကျန်းဂိုဘီသဲကန္တာရမှ တစ်လကြာမှသာ ရောက်လာခဲ့သည်။
လင်းယောင်သည် ဆောင်းရာသီ၌ ဂိုဘီသဲကန္တာရသည် အလွန်အေးသည်ဟု ယူဆသောကြောင့် အစားအသောက်နှင့် နေ့စဥ်သုံးပစ္စည်းများအပြင် လင်းယောင်သည် လက်အိတ်ဒါဇင်များစွာနှင့် ဒဏ်ကြေလိမ်းဆေးဘူးများ ထည့်ပေးလေသည်။ ကုမိသားစုဝင်လေးယောက်သည် တစ်လလျှင် တစ်စုံရသည်မှာ နှစ်ပေါင်းများစွာပင်ရှိပြီ ဖြစ်သောကြောင့် အစ်ကိုကြီးသည် ၎င်းတို့ကို ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်ကြောင်းရေးထားသည်။
လင်းရိမှာ ညီမဖြစ်သူထံမှ အထုပ်ကိုရပြီး ထိရှသွားကာ မျက်ရည်ပင်ကျလာသည်။
ဒါက တကယ်ကို ချဲ့ကားတာမဟုတ်ပေ။ သူ့မိဘများ ဆုံးပါးသွားပြီး လင်းရိ တပ်ထဲပြန်ဝင်ကတည်းက မောင်နှမနှစ်ယောက် အချင်းချင်း အဆက်အသွယ်မရှိသည်မှာ နှစ်နှစ်ကျော်နေပြီဖြစ်သည်။
လင်းရိ လင်းကျားဆွင်သို့ စာများနှင့် အသုံးစရိတ်များစွာပို့ခဲ့သော်လည်း ပြန်စာမရခဲ့ပေ။
လင်းရိသည် သူ့ညီမ၏ စိတ်နေစိတ်ထားကို သိသည်။ သူမသည် နူးညံ့သိမ်မွေ့ပြီး အားနည်းကာ အမှီအခိုကင်းသော်လည်း မိသားစုကို ပူပန်စေမည့် ကလေးမဟုတ်ပေ။
စာကိုလက်ခံရရှိသောအခါတွင် သူမသည် သေချာပေါက် စာပြန်ပေလိမ့်မည်။ အချိန်အကြာကြီး ပြန်စာမရသည်မှာ ဖြစ်နိုင်ခြေတစ်ခုသာရှိပါသည်။
ပို့လိုက်တဲ့စာတွေက ငါ့ညီမဆီ မရောက်ဘူး။
ညီမလေး လက်ထဲမရောက်ခင် တစ်စုံတစ်ယောက်က ကြားဖြတ်ဟန့်တားခဲ့တာဖြစ်ရမည်။
လင်းရိတွေးကြည့်သောအခါ လင်းတာ့ကော်၏ မိသားစုကို တွေးလိုက်မိသည်။
စာများနှင့်ငွေများသည် လီအိုက်ဖုန်းနှင့် လင်းတာ့ကော်တို့လက်ထဲသို့မရောက်ပဲ လင်းဟုန်နနှင့် လင်းဟုန်ဝူတို့မောင်နှမလက်ထဲသို့ ရောက်သွားသည်။
လင်းတာ့ကော်၏ မိသားစုသည် စက်ဆုပ်ရွံရှာဖွယ်ကောင်းကြောင်း လင်းရိသိသော်လည်း သူ့ညီမအား ကုမိသားစုထဲသို့ ပေးစားပစ်လိုက်သည်အထိ ရက်စက်ကြမ်းကြုတ်ကြလိမ့်မည်ဟု မမျှော်လင့်ထားပေ။
လင်းရိသည် သူ့ညီမ၏ စာကို မြင်သောအခါ မျက်လုံးများ နီရဲလာပြီး လက်သီးများကို တင်းတင်းဆုပ်ကာ အံကြိတ်လိုက်သည်။ အကယ်၍ သူသည် ယခုမိုင်ထောင်ချီဝေးသော ဂိုဘီသဲကန္တာရတွင်သာ မဟုတ်ပါက၊ သူသည်လင်းကျားရွာသို့ပြန်ပြီး ထိုမိသားစုဝင်အားလုံးကို သတ်ပစ်ချင်ခဲ့သည်။
သူ့ဘေးက ဌာနချုပ်တပ်ရင်းမှူးက လင်းရီရဲ့ မျက်နှာတစ်ခုခုဖြစ်နေတာကို မြင်ပြီး ကမန်းကတန်း ပြောလိုက်သည်။
"ဟေ့ကောင် အသက်ပြင်းပြင်းရှူ"
လင်းရိသည် သူအရင်ကလို မိုက်မဲသော လူငယ်လေး မဟုတ်တော့ပါ။ သူလင်းတာ့ကော်တို့ မိသားစုကို စိတ်ထဲတေးထားလိုက်သည်။ သူ့ညီမ ကုရှီအန်းကို လက်ထပ်ပြီး လင်းမိသားစုရဲ့ လှောင်အိမ်ထဲကလွတ်မြောက်သွားတာဟာ မကောင်းတာမဟုတ်ပေ။
ပြောရမည်ဆိုလျှင် လင်းရိသည် ကုရှီအန်းအပေါ် အထင်အမြင်ကောင်းရှိသည်။ သူသည် ချောမောသူဖြစ်ပြီး တစ်ချက်ကြည့်လိုက်တာနှင့် သက်တောင့်သက်သာဖြစ်စေသည်။ ထို့အပြင်၊ ကုမိသားစုမှ အကြီးအကဲနှစ်ဦးသည် သူ့ညီမကို သူတို့၏ သမီးအရင်းသဖွယ် ဆက်ဆံကြသည်။ ကြည့်ပါဦး ညီမလေးက အိမ်ထောင်ကျ ကလေးလေးရပြီး ဘဝကသာယာလိုက်တာ။ ထိုစုံတွဲရဲ့ဘဝဟာ ပျားရည်လိုချိုမြိန်နေတာကို စာကိုဖတ်ပြီး ပြောနိုင်သည်ပင်။
ဦးလေးလင်းရိသည် လက်နှစ်ဖက်စလုံးဖြင့်ပင် သဘောတူသင့်သော်လည်း မကျေနပ်သကဲ့သို့ သူ့ရင်ထဲတွင် ချဉ်စူးလာသည်။
သူ့ညီမလေးက ခုမှနှစ်ဆယ်ကျော်ပဲရှိသေးတယ်။ ကုရှီအန်းက အသက်သုံးဆယ်တောင်ရှိနေပြီ!
နွားအိုကြီးက မြက်နုကိုစားပြီး သူ့ညီမကိုယူသွားသည်။လင်းရိ အောက်မှစာကြောင်း အနည်းငယ်ကို ဖတ်ကာ ရုတ်တရက် ပြုံးလိုက်ပြီး ကျယ်လောင်စွာ ရယ်မောလိုက်သည်။
"ငါ့မှာတူလေးတစ်ယောက် ရှိပြီကွ ဟားဟား! ငါဦးလေးဖြစ်ပြီ!"