← Chapters

သူမ ချစ်နေဟန်ဆောင်နေတာ မဟုတ်ဘူးလား။

Vol. 9 Ch. 129

သူမ ချစ်နေဟန်ဆောင်နေတာ မဟုတ်ဘူးလား။

Vol. 9 Ch. 129

ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

ဒီည သူမ ညအိပ်မပျော်တော့မှာ သေချာသည်။

လင်းယန်က သူမ ပေယွီချန်နှင့် လက်ထပ်လျှင်ပင် သူက ယဉ်ကျေးစွာ ဆက်ဆံပြီး တစ်ဦးကိုတစ်ဦး လေးစားစွာ ဆက်ဆံနေလိမ့်ဦးမည်ဟု အမြဲထင်ထားခဲ့သည်။ သို့သော် တကယ်တမ်းမှာတော့… ဤသို့ပုံမပေါ်ပေ။

သူတို့ ဆက်ဆံရေးတွင် သူက ယဉ်ကျေးပြီး သူမကို မိတ်ဆွေများလို ဆက်ဆံနေပုံရသော်လည်း တစ်ခါတစ်ရံကျတော့ သူ၏စိတ်က သူမကို နစ်မြုပ်စေရန်သာ ဆုံးဖြတ်ထားသလိုမျိုး သူမနှလုံးသားကို တကယ်ပင် အရည်ပျော်သွားစေနိုင်ခဲ့သည်။ သူက သူမနှလုံးသားကို အကြိမ်ကြိမ် ခုန်အောင် လုပ်ခဲ့ပြီး သူမမှာ မကန့်ကွက်နိုင်ခဲ့ပေ။

ဘာပဲဖြစ်ဖြစ် ပေယွီချန်က ဘာအမှားမှ မလုပ်ခဲ့ပေ။

ဘာပဲဖြစ်ဖြစ် ငါတို့တွေက အခုရည်းစားတွေပဲလေ။

သူမက အိပ်ရာပေါ်တွင် လှဲလျောင်းရင်း ကိုယ့်ကိုယ်ကို ငြိမ်သက်အောင် ကြိုးစားနေခဲ့သည်။ ကံမကောင်းစွာဖြင့် နာရီပေါင်းများစွာကြာမှသာ သူမ အိပ်ပျော်သွားခဲ့သည်။

မအိပ်ခင်တွင် သူမ၏ Weibo အကောင့်ကို update လုပ်ရန် မမေ့ခဲ့ပေ။ သူမ Weibo အကောင့်အသစ် ဖွင့်တာ ရက်အတော်ကြာပြီဖြစ်ပြီး တင်စရာထူးထူးခြားခြား မရှိပါက ပုံမှန် post တစ်ခုနှင့် update လုပ်လေ့ရှိသည်။ ယခု update လုပ်ထားသည်မှာ…

'စိုးရိမ်ပူပန်မှုများကို ဖြေရှင်းရန် တစ်ခုတည်းသောနည်းလမ်းမှာ ချမ်းသာရန်ဖြစ်သည်' ဟု ရိုက်နှိပ်ထားသည်။

'ဒီနေ့ ချမ်းသာသွားပြီလား။ မဟုတ်သေးပါဘူး'

ယနေ့ လင်းရွှေယာက သတင်းထောက်များနှင့် အင်တာဗျူးပြီး သူတို့၏ ဆက်ဆံရေးကို ဖော်ထုတ်ခဲ့သည်မို့ လူအများအပြားက လင်းယန် Weibo update လုပ်တာကို စောင့်နေခဲ့ကြသည်။ တစ်နေကုန် စောင့်ပြီးနောက် သူမ ဤမျှသာ တင်လိုက်သည်။

ချမ်းသာတာကလွဲလို့ ဒီမိန်းမရဲ့ စိတ်ထဲမှာ တခြားဘာများ ရှိဦးမလဲ။

ဘာလို့ သူမ နေ့တိုင်း ဒီလို post မျိုးပဲ တင်နေရတာလဲ။

လင်းယန်က သူမ post အပေါ် ဝေဖန်မှုအားလုံးကို လျစ်လျူရှုပြီး သူမ အိပ်ပျော်သွားသည်အထိ စာအုပ်ဖတ်နေခဲ့သည်။

နောက်နေ့တွင်မူ သူမ ရိုက်ကူးစရာ အခန်းများ မရှိတော့ပေ။ အခြားအချိန်ဇယားများလည်း မရှိတော့သည်မို့ ကျောက်ဟုန်လင်းက သူမလုပ်ချင်တာ လုပ်ခွင့်ပြုလိုက်သည်။

သူမက 'Meeting One's Match' မှာ ဇာတ်ပို့နေရာကသာ ပါဝင်တာမို့ အခန်းများ သိပ်မများလှပေ။ သူမ ရက်အနည်းငယ်ကြာမှ ထုတ်လုပ်ရေးထဲသို့ ဝင်ရောက်ရမည်ပင်။

ထို့ကြောင့် လင်းယန် ဆေးရုံသို့ သွားလိုက်သည်။ သူမ နိုင်ငံခြားကနေ ပြန်လာပြီးကတည်းက ရုပ်ပိုင်းရော စိတ်ပိုင်းပါ မကောင်းသည့် အခြေအနေတွင် ရှိခဲ့သည်။ အစပိုင်းတွင်တော့ သူမ စိတ်ရောဂါကုဆရာဝန်နှင့် ပုံမှန်ချိန်းဆိုမှုများ ရှိခဲ့သည်။ သို့သော် ခဏအကြာတွင် သူမ စွန့်လွှတ်လိုက်သည်။ သူမ၏ ဘယ်ဘက်ခြေထောက်အတွက် ကာယကုထုံးကိုပင် ရပ်တန့်လိုက်၏။

အသစ်ကနေ စတင်ရန်အတွက် သူမ ကျန်းမာကြံ့ခိုင်ရန် လိုအပ်သည်။

လင်းယန်က သူ၏စိတ်ရောဂါကုဆရာဝန်နှင့် ချိန်းဆိုလိုက်သည်။ ဤစိတ်ရောဂါကုဆရာဝန်ကို သူမ၏ နိုင်ငံခြားက အသင်းဖော်က မိတ်ဆက်ပေးခဲ့ခြင်း ဖြစ်သည်။ သူမ သူ၏ အကြံပြုချက်ကို ယုံကြည်နိုင်သည်။

“မင်္ဂလာပါ မစ္စလင်း။ အချိန်အတော်ကြာပြီနော်” ဟု စိတ်ရောဂါကုဆရာဝန်က သူမကို နှုတ်ဆက်လိုက်သည်။

လင်းယန်က “မင်္ဂလာပါ ဆရာဝန်အန်း” ဟု ပြန်ဖြေလိုက်သည်။

စိတ်ရောဂါကုဆရာဝန်က သူမကို လေ့လာကြည့်ပြီး ပြုံးလိုက်သည်။

“ဒီနေ့ ဘာကူညီပေးရမလဲ”

လင်းယန်က “ကျွန်မကို စစ်ဆေးစေချင်ပါတယ်။ ဒီကြားထဲမှာ ဆေးမသောက်ခဲ့ဘူး။ ကျွန်မ ဘယ်လောက်ပြန်ကောင်းလာလဲ သိချင်လို့ပါ” ဟု ပြန်ဖြေလိုက်သည်။

စိတ်ရောဂါကုဆရာဝန်က သူမကို ကြည့်ပြီး ပြုံးလိုက်သည်။

“ကျွန်တော် ထင်တာက ကျွန်တော် စစ်ဆေးဖို့တောင် မလိုဘူး။ မင်း ဝင်လာတဲ့ ပထမဆုံး ခြေလှမ်းကတည်းက မင်း လုံးဝကောင်းနေပြီဆိုတာ သိသာနေတယ်”

လင်းယန်က သူမမျက်နှာကို ပွတ်သပ်လိုက်သည်။

“ဟင်... တကယ်လား။ ဒီလောက်တောင် သိသာလား”

ဆရာဝန်က “မင်းဆီမှာ ကောင်းတဲ့ ကိစ္စတစ်ခုခု ဖြစ်ခဲ့သလား” ဟု မေးလိုက်သည်။

လင်းယန်က မျက်တောင်လေးနှစ်ချက်ခတ်လိုက်သည်။

“ကောင်းတဲ့ ကိစ္စတစ်ခုလား”

ဆရာဝန်က စူးစမ်းစွာဖြင့် “ဒါမှမဟုတ်... အချစ်လား” ဟု မေးမြန်းလိုက်သည်။

လင်းယန်၏ မျက်လုံးများက အံ့သြစွာ ပြူးကျယ်သွားသည်။

“ဆရာ ဒါကို ဘယ်လိုများ သိတာလဲ”

သူမ စကားပြောပြီးသွားသောအခါ တစ်ခုခု မှားနေသလို ခံစားလိုက်ရသည်။

အင်း... တစ်ခုခုတော့ လွဲနေသလိုပဲ။ ငါ တကယ်တွဲနေတယ်ဆိုပေမဲ့ အဲဒါ အစစ်အမှန်မှ မဟုတ်တာ။ ငါ အရမ်းချစ်နေသလို့ ဟန်ဆောင်ပြနေရတာလေ မဟုတ်ဘူးလား။

ဆရာဝန်က ညင်သာစွာ ရယ်လိုက်သည်။

“မင်း လုံးဝပြန်ကောင်းသွားပြီနဲ့တူတယ်။ ကျွန်တော့်ဆီက ထပ်စစ်ဆေးဖို့ မလိုတော့ပါဘူး”

All Chapters