သူ သေချာပေါက် ဂရုစိုက်တယ်
Vol. 9 Ch. 127
လင်းယန်သည် လည်ချောင်းနာလာသောကြောင့် ပြင်းပြင်းထန်ထန် ချောင်းဆိုးလိုက်သည်။ ဤအချိန်တွင် သူမက ဆူပွက်နေသည့် ရေနွေးအိုးတစ်လုံးကဲ့သို့ ခံစားနေရခြင်းပင်။
ပေယွီချန်က သူသဝန်တိုသည်ဟု ပွင့်ပွင့်လင်းလင်း ကြေညာလိမ့်မည်ဟု သူမ၏ အဆိုးဆုံးအိပ်မက်ထဲတွင်ပင် တစ်ခါမှ မတွေးဖူးချေ။ သူသည် ဒေါသလည်း မထွက်သလို ဆူလည်း မဆူပေ။ သူက သူမနှင့် အခြားယောက်ျားများအကြောင်း ကောလာဟလများ ကြားသောအခါ သူ စိတ်ထဲရှိကြောင်းနှင့် သဝန်တိုကြောင်းကို သူမကို သိစေချင်ရုံသက်သက်ပင်။
လင်းယန် သေလုနီးပါး ဖြစ်သလို ခံစားလိုက်ရသည်။
‘မေမေ သမီး ချစ်မိသွားပြီ ထင်တယ်…’ ‘ဒီလူအတွက် အရာအားလုံးကို စွန့်လွှတ်ရလောက်တဲ့အထိ…’
ချစ်သူမရှိသေးသည့် ပေယွီထန်မှာ စကားပင်မပြောနိုင်တော့ပေ…
ချစ်သူမရှိသေးသည့် ပေရှုနန်မှာလည်း ထိုနည်းတူစွာပင်…
သူမ ဘာလို့ တစ်ကိုယ်လုံး လင်းလက်တောက်ပနေသလို ခံစားနေရတာလဲ။
သူမအတွက် ထိုအရာက ကမ္ဘာပျက်မည့်အဆုံးသတ်ဟု ထင်ထားခဲ့သော်လည်း သူ၏စကားလုံးများကြောင့် သူမမျက်နှာတစ်ခုလုံး ပက်ဖြန်းခံလိုက်ရသလို ခံစားလိုက်ရသည်။
ပေရှုနန်က သူတို့ကို ဖြတ်တောက်ရန် ချောင်းဆိုးသံလေး ပေးလိုက်သည်။
“အစ်ကို အဲဒီကောလာဟလတွေက ကြည့်ရှုသူတိုးအောင် ဖန်တီးထားတာပဲဆိုတာ အစ်ကိုသိပါတယ်။ အဲဒါ မမှန်ပါဘူး…”
လင်းယန် ရုတ်တရက် တစ်ခုခုကို သတိရပြီး တိတ်ဆိတ်သွားသည်။ ခဏအကြာတွင် သူမ ခေါင်းမော့လိုက်ပြီး သူမဘေးက အမျိုးသားကို တုံ့ဆိုင်းစွာ ကြည့်လိုက်သည်။
သူမ သေချာ စဉ်းစားပြီးမှ “မစ္စတာပေ ကျွန်မက အွန်လိုင်းရော အပြင်မှာပါ လူတိုင်းရဲ့ ပြင်းပြင်းထန်ထန် ဝေဖန်ခြင်းကို ခံနေရတယ်ဆိုတာ ရှင့်သိထားသင့်တယ်။ ကျွန်မမှာ သရုပ်ဆောင်စွမ်းရည်မရှိဘူး၊ ကျွန်မက ရိုင်းစိုင်းပြီး မိုက်လည်းမိုက်မဲတယ်။ ကျွန်မ ညီမကိုတောင် ပူးပေါင်းကြံစည်ခဲ့ဖူးတယ်။ ကောလာဟလ ရည်းစားတွေလည်း ရေတွက်လို့မရအောင် ရှိတယ်... လူတိုင်းက ကျွန်မကို မုန်းတယ်... ရှင်... ဂရုမစိုက်ဘူးလား။”
ပေယွီချန်၏ စွမ်းရည်အရ သူမ၏ အတိတ်ကို သူ ရှာဖွေသိရှိနိုင်မည် မဟုတ်ဟု သူမ မယုံကြည်ပေ။ ထို့ကြောင့် ပေယွီချန်က သူမကို ရည်းစားအဖြစ် ဤမျှလောက်လွယ်လွယ် လက်ခံသည်ကို သူမ ထူးဆန်းသည်ဟု ထင်နေသည်။
အစတုန်းက သူ မသိခဲ့လျှင်ပင် ယနေ့ပြီးလျှင် သူ သေချာပေါက် စုံစမ်းလိမ့်မည်ပင်။ ပေယွီထန်ပင် သူမ၏ အတိတ်ကို သိသည်။ ၎င်းက လုံးဝကို ဆင်ခြင်တုံတရားနှင့် မညီညွတ်ပေ။ ထို့ကြောင့် အရာအားလုံးက လက်တွေ့မဆန်ဘူးဟု ခံစားရသည်။
ကားမောင်းနေသည့် ပေယွီထန်ပင် လင်းယန်၏ မေးခွန်းကို ကြားသောအခါ သတိထားမိပြီး စိတ်ဝင်စားသွားသည်။ သူလည်း အဖြေကို သိချင်သည်။ သူ အစ်ကိုကြီး၏ ဆက်ဆံရေးအကြောင်း ဒုတိယအစ်ကိုဆီမှ ပထမဆုံးကြားတုန်းက သူ၏အစ်ကိုကြီး ဘာတွေးနေသည်ကို သေလုအောင် သိချင်ခဲ့သည်။
လင်းယန်က ထိုအမျိုးသား၏ မျက်လုံးများ မှောင်မိုက်ပြီး အေးစက်သွားသည်ကို မြင်လိုက်သည်။ သူက “ဂရုစိုက်တယ်” ဟု ပြန်ဖြေလိုက်သည်။ လင်းယန်က ဤအဖြေကို မျှော်လင့်ထားခဲ့သော်လည်း သူမ၏ နှလုံးသား အဘယ်ကြောင့် ရုတ်တရက် တဒုန်းဒုန်းခုန်သွားသည်ကို သူမ မသိခဲ့ပေ။
သူမ ပြန်ဖြေတော့မလိုရှိသေးသည်၊ သို့သော် ထိုအမျိုးသားက “အရာအားလုံးကို ရှင်းလင်းဖို့ ကိုယ့်အကူအညီ လိုအပ်လား” ဟု ထပ်ပြောလိုက်သည်။ သူမကို ဝေဖန်နေကြသူများကြောင့် သူ စိတ်အနှောင့်အယှက် ဖြစ်နေသည်မှာ သေချာသည်။
လင်းယန်က "အာ..." ဟု ပြန်ဖြေလိုက်သည်။
ပေယွီထန်မှာ စကားပင်မပြောနိုင်တော့...
ပေရှုနန်မှာ စကားပင်မပြောနိုင်တော့...
လင်းယန်က တုန်လှုပ်စွာဖြင့် ပြင်းပြင်းထန်ထန် ချောင်းဆိုးလိုက်သည်။
"အဟွတ်... အဟွတ်... အဟမ်း... မဟုတ်ဘူး... ရပါတယ်..."
‘ဥက္ကဋ္ဌပေက ဘာလို့ ဇာတ်ညွှန်းကို အမြဲပြောင်းနေရတာလဲ’ ဟု လင်းယန် သူမဘာသာ တွေးလိုက်မိသည်။ သူ၏ ရုတ်တရက် အံ့အားသင့်စေမှုများကြောင့် သူမ၏ နှလုံးသားနှင့် အသက်က အလွန်အားနည်းပြီး မခံနိုင်တော့ပေ…
အမှန်တရားကို မသိရသေးဘဲနဲ့ ပြဿနာတွေကို ဖြေရှင်းပေးမယ်လို့ ဘယ်သူကများ ကမ်းလှမ်းလို့လဲ။
သို့သော်လည်း ပေယွီချန်၏ မယိမ်းယိုင်သည့် ယုံကြည်မှုက သူမကို ထိမိခဲ့သည်။ လူများသည် သူမကို မယုံကြည်ခြင်းကို သူမက အကျင့်ဖြစ်နေပြီဖြစ်သည်။
သို့သော် ဤလူကမူ တစ်ခါမျှ သံသယဝင်သည့်ပုံစံ မပြခဲ့ပေ။
လင်းယန်က သူ၏အကြံပြုချက်ကို ငြင်းဆန်ရန် အလျင်အမြန် လက်ဝှေ့ယမ်းလိုက်သည်။
"ဒါတွေအားလုံးက ပြဿနာသေးသေးလေးတွေပါ။ ကျွန်မ ကိုယ့်ဘာသာ ဖြေရှင်းနိုင်ပါတယ်"
ပေယွီထန်က သူ့အစ်ကို၏ ရုတ်တရက် ကြေညာချက်ကို နားလည်ရန် ခက်ခဲနေသည်။
"အစ်မကြီး အစ်မက အရမ်းနှိမ့်ချလွန်းတယ်။ ကျွန်တော် သတင်းတွေ ဖတ်ရတာ လင်းရွှေယာရဲ့ နောက်ခံလူတွေနဲ့ ဆက်သွယ်မှုတွေက ဖျော်ဖြေရေးလောကမှာ ခိုင်မာပြီး အစွမ်းထက်တယ်လို့ ကြွားဝါနေကြတယ်။ လာစမ်းပါဗျာ ဒီကိစ္စမှာ အစ်မကို ဘယ်လိုလုပ် အနိုင်ယူဖို့ အိပ်မက်မက်ရဲတာလဲ။ ထင်ရှားတာက ဖျော်ဖြေရေးလောကမှာ အစွမ်းအထက်ဆုံး ဆက်သွယ်မှုတွေက အစ်မမှာ ရှိတာလေ။ ဘာလို့ ကျွန်တော့်အစ်ကိုရဲ့ နာမည်ကို မသုံးတာလဲ"
လင်းယန်မှာ စကားပင်မပြောနိုင်တော့...
သူမ တကယ်သာ ထိုသို့လုပ်လျှင် သူမ အပိုင်းပိုင်းပြတ်သွားလိမ့်မည်ပင်။ ထို့အပြင် သူမ ပေယွီချန်ကိုပါ ထိခိုက်စေလိမ့်မည်…
ယခုချိန်တွင် သူမ အလေးထားဆုံးက သူမအပေါ် မှားယွင်းသည့် စွပ်စွဲချက်များသာ၊ သူမ ဖိနှိပ်ခံနေရခြင်းကို မဟုတ်ပေ။
ဤလူက သူမကို သဘောကျရန် မျက်စိကန်းနေရမည်ဆိုသည်ကို သူမသိသော်လည်း စိတ်ထဲတွင်မူ ပေယွီချန်၏ မိန်းမရွေးချယ်မှုကို မည်သူမျှ မေးခွန်းထုတ်သည်ကို မလိုချင်ခဲ့ပေ။