သူ့ရည်းစားက အကောင်းဆုံးပဲဖြစ်ရမယ်
Vol. 9 Ch. 128
လင်းယန် ခေါင်းခါလျက် နှုတ်ခမ်းစေ့ကာ “ထားလိုက်ပါတော့။ သူတို့တွေ အစ်ကိုကြီးကို မျက်စိကွယ်နေတယ်လို့ တိုက်ခိုက်ရင် ဘယ်လိုလုပ်မလဲ။ အနည်းဆုံးတော့ ကျွန်မ သူတို့ကို ပြန်လှန်တိုက်ခိုက်နိုင်တဲ့အထိ စောင့်သင့်တယ်” ဟုပြောလိုက်သည်။
ပေယွီထန်က သူ့အစ်ကိုကို ခိုးကြည့်လိုက်သောအခါ ပေယွီချန်က လင်းယန်ကို တကယ်ပင် နှစ်သက်နေကြောင်း လုံးဝသေချာသွားသည်။
ပေယွီထန်က ဖြတ်ပြောလိုက်သည်။
“ဘာပြဿနာရှိလို့လဲ။ အစ်ကိုကြီးက သေချာပေါက် ဂရုစိုက်မှာ မဟုတ်ဘူး”
လင်းယန်က ဘာမှမစဉ်းစားဘဲ ပြောလိုက်သည်။
“မဖြစ်ဘူး။ သူ ဂရုမစိုက်ဘူးဆိုရင်တောင် ကျွန်မ ဂရုစိုက်တယ်။ အစ်ကိုကြီးက ဘက်ပေါင်းစုံကနေ အကောင်းဆုံးနဲ့ အပြည့်စုံဆုံးလူပဲ။ သူ့ရည်းစားကလည်း အကောင်းဆုံးပဲ ဖြစ်ရမယ်”
လင်းယန် စကားပြောပြီးသွားသောအခါ ကားထဲတွင် တိတ်ဆိတ်မှုက ထပ်မံ၍ လွှမ်းခြုံသွားသည်။
ပေယွီချန်၏ မျက်လုံးများက သိမ်မွေ့သည့် အရောင်အလင်းလေးဖြင့် ခေတ္တခဏ လင်းလက်သွားတော့သည်။
ပေယွီထန်က ကားမောင်းနေရင်း မနာလိုစိတ်ဖြင့် ပြန်ပြောလိုက်သည်။
“ကောင်းပါပြီ အစ်မကြီး။ ကားထဲမှာ ချစ်သူမရှိသေးတဲ့ ယောက်ျားနှစ်ယောက် ကျန်သေးတယ်ဆိုတာ မမေ့နဲ့နော်”
ပေရှုနန်က ညင်သာစွာ ချောင်းဆိုးပြီး ရယ်လိုက်သည်။
လင်းယန် သူ၏စကားကိုကြားသောအခါ သူမပါးများ နီရဲသွားတော့သည်။ သူမ အသိစိတ်မရှိဘဲ ဤစကားကို ရုတ်တရက် ပြောလိုက်မိခြင်းပင်။ သူမ ကိုယ့်ဘာသာတောင် အံ့အားသင့်သွား၏။
အိုး ငါ သရုပ်ဆောင်တာ အရမ်းလွန်သွားပြီလား။
အံ့ဩစရာကောင်းသည်မှာ သူမသည် ပေယွီချန်ကို ချော့မော့နေခြင်းလား၊ သို့မဟုတ် ထိုစကားလုံးတို့က သူမ၏ ရင်ထဲမှ စကားလုံးများလားဆိုသည်ကို တကယ်ပင် မပြောနိုင်တော့ပေ။
လင်းယန်က ညင်သာစွာ ချောင်းဆိုးလိုက်သည်။
“ဘယ်လိုပဲဖြစ်ဖြစ်၊ ကျွန်မကို ယုံကြည်တဲ့အတွက် ကျေးဇူးတင်ပါတယ် မစ္စတာပေ။ ဒီကိစ္စတွေကို ကျွန်မ ကိုယ့်ဘာသာ ဖြေရှင်းပါ့မယ်”
ထိုသူသည် သူ၏ ပုံမှန် လျစ်လျူရှုမှုပုံစံကို ပြန်လည်ရရှိသွားပြီး သူမ၏ ဆုံးဖြတ်ချက်ကို လေးစားကြောင်း ပြသရန် အတင်းအကြပ် မလုပ်တော့ပေ။
စကားပြောနေစဉ်မှာပင် ကားက ပရိသတ်ပင်လယ်ကြီးကို အောင်မြင်စွာ ခါချပြီး ချောမွေ့စွာ မောင်းထွက်သွားတော့သညိ။
လင်းယန်က ပြတင်းပေါက်အပြင်ဘက်သို့ ကြောက်ရွံ့စွာ အမြန်ခိုးကြည့်လိုက်သည်။ တစ်နေ့တွင် သူမသည် ပေရှုနန်၊ ပေယွီထန်နှင့် ပေယွီချန်တို့နှင့် ကားတစ်စီးတည်း အတူတူ ထိုင်ရလိမ့်မည်ဟု ဘယ်သူကထင်မှာလဲ။
လင်းယန်က ပေယွီထန်ကို သူမ၏ လိပ်စာကို ပြောပြလိုက်ပြီး မကြာမီမှာပင် သူမ၏ တိုက်ခန်းအဆောက်အအုံသို့ ရောက်ရှိလာခဲ့ကြသည်။
ပေယွီချန်က လင်းယန်ကို အိမ်ပြန်လိုက်ပို့ရန် ကားပေါ်မှ ဆင်းလိုက်သည်။ သူတို့နှစ်ဦးစလုံး သူမတိုက်ခန်း၏ မြေညီထပ်သို့ တိတ်ဆိတ်စွာ လျှောက်သွားကြသည်။
လင်းယန်သည် ထိုသူ၏ ရှေ့တွင် ရပ်နေချိန်တွင် အမြဲတမ်း သစ်သားတုံးကြီးကဲ့သို့ ရဲရင့်သည့် ကောင်မလေးက ရုတ်တရက် အကူအညီမဲ့သလို ခံစားလိုက်ရသည်။
“အဟမ်း... ဒီနေ့ ကျွန်မကို အိမ်လိုက်ပို့ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် မစ္စတာပေ”
“ရပါတယ်။ ဒါက ကိုယ်လုပ်သင့်တာပဲလေ”
ပေယွီချန်က ဆေးလိပ်တစ်လိပ် မီးညှိရင်း နူးညံသိမ်မွေ့သော လေသံဖြင့် ပြောလိုက်သည်။ ထိုသူ၏ စိတ်များ လွင့်မျောနေသလို ဂနာမငြိမ်ဖြစ်နေသည်ကို သူမ ခံစားမိ၏။ သူ အလုပ်ကိစ္စများနှင့် ရှုပ်နေသည်ဟု သူမ ထင်လိုက်မိသည်။ သူ သူမကို ကိုယ်တိုင်လာခေါ်ခြင်းဖြစ်သောကြောင့် သူ၏အချိန်များ တော်တော်ကုန်သွားပြီဟု သူမ ယူဆလိုက်မိသည်။
လင်းယန်က အလျင်အမြန် ပြောလိုက်သည်။
“အင်း... တခြားဘာမှ မရှိတော့ရင် ကျွန်မ အပေါ်တက်တော့မယ်နော်”
ပေယွီချန်က ခေါင်းညိတ်ပြလိုက်သည်။
လင်းယန်သည် သူမခြေထောက်များကို တရွတ်တိုက်ဆွဲကာ မြင်ကွင်းမှ အမြန်ထွက်ပြေးရန် ကြံရွယ်နေဆဲတွင်...
“မစ္စလင်း”
ခြေလှမ်းအနည်းငယ်သာ လှမ်းရသေးသည်။ ထိုသူ၏ အသံက သူမနောက်ဘက်မှ ထွက်ပေါ်လာသည်။
“ဟင်”
လင်းယန်က အလိုလို လှည့်ကြည့်လိုက်သည်။
“ဘာလို့...”
ထိုသူသည် သူမဆီသို့ အလျင်အမြန် လျှောက်လာပြီး သူမ၏ မေးခွန်းမဆုံးမီ သူ၏လက်ထဲမှ ဆေးလိပ်ကို ခြေဖြင့်နင်းချေလိုက်သည်။ သူ၏ ဆေးရွက်ကြီးနံ့သင်းပျံ့နေသည့် အသက်ရှူသံနှင့်အတူ သူမ၏ နှုတ်ခမ်းထောင့်များဆီသို့ အကြင်အနာအနမ်းတစ်ပွင့်ဖြင့် ညင်သာစွာ ထိတွေ့လိုက်တော့သည်။
လင်းယန်က ရုတ်တရက် နမ်းလိုက်သည့် ထိုသူကို ငေးကြည့်ရင်း ကျောက်ရုပ်ကဲ့သို့ တောင့်တင်းသွားသည်။ အတော်ကြာသည့်တိုင် သူမ သတိမဝင်နိုင်သေးပေ။
ထိုသူသည် သူမကို စူးစူးစိုက်စိုက် ကြည့်နေပြီး သူ၏မျက်လုံးများထဲတွင် သူမ၏ ပုံရိပ်များဖြင့်သာ ပြည့်နှက်နေသည်။
ထိုသူ၏ မျက်လုံးများထဲတွင် ရစ်ဝဲနေသည့် ခံစားချက်များ လင်းလက်နေရင်း သူမ၏မျက်နှာကို စူးစိုက်ကြည့်နေသည်။
တစ်စက္ကန့်အကြာတွင် သူ ခါးဆန့်လိုက်ပြီး နောက်တစ်ကြိမ် ငုံ့ပြီး နမ်းလိုက်သည်။
“ကောင်းသောညပါ”
သူ၏မျက်လုံးများထဲတွင် ခံစားချက်များ လှိုင်းလုံးကဲ့သို့ ပေါက်ကွဲထွက်နေပုံရသော်လည်း သူက အတင်းအကြပ် ထိန်းချုပ်ထားခဲ့သည်။