ကားတိုက်မှုကြီးတစ်ခု
Vol. 9 Ch. 125
လင်းယန်က ပေယွီထန်၏ ရုတ်တရက် ထွက်ပေါ်လာသောအသံကြောင့် လန့်သွားတော့သည်။ “ဘာဖြစ်တာလဲ... တတိယမောင်လေး... မင်းလည်း ဘာလို့ ဒီမှာပါ ရောက်နေတာလဲ”
“ဒီနေ့က စနေ၊ တနင်္ဂနွေဆိုတော့ စာသင်ချိန်မရှိဘူးလေ။ ကျွန်တော် အစ်ကို့ရဲ့ ယာဉ်မောင်းအဖြစ် အလကားလာလုပ်ပေးတာ”
ပေယွီထန်က သူ၏ ချစ်စရာကောင်းသည့် အရှေ့သွားလေးများ ပေါ်အောင် သွားအကုန်ဖြဲပြီး ရယ်လိုက်သည်။ သူ အရင်အမှားလုပ်ခဲ့ပြီးကတည်းက သူ၏ အကောင်းဆုံးအပြုအမူများကို ပြသရန် အခွင့်အရေးအတွက် နောင်တရပြီး ကြိုးစားနေပုံရသည်။
“ယွီထန် ငါတို့ ဒီမှာသိပ်ကြာကြာ မနေသင့်ဘူး။ အရင်ထွက်ရအောင်” ဟု ပေရှုနန်က သူ့ကို သတိပေးလိုက်သည်။
“ဟုတ်ကဲ့”
ပေယွီထန်က အင်ဂျင်ကို နှိုးပြီး မောင်းထွက်သွားသည်။
လင်းယန်က သူမ၏ ဒူးများကို တစ်ခုနှင့်တစ်ခု ကပ်ပြီး ကျောင်းသူလေးတစ်ယောက်လို နာခံစွာ ထိုင်နေခဲ့သည်။ မကြာခင်မှာပင် သူတို့ ကားပါကင်မှ ထွက်ခွာခဲ့ကြသည်။
သူတို့ထွက်လာပြီးနောက်မှာတော့ အံ့မခန်း မြင်ကွင်းတစ်ခု သူတို့ကို ကြိုဆိုနေခဲ့သည်။ ပရိသတ်ပင်လယ်ကြီးက တကယ်ကို နေရာတိုင်းမှာပင်။ ပရိသတ်အချို့က ကြီးမားသည့် ပိုစတာများကို ကိုင်ထားကြပြီး တချို့ကမူ နဖူးစည်းများကို ကိုင်ထားကြသည်။
လင်းယန်က သတင်းများကို အစောပိုင်းကတည်းက ကြည့်ခဲ့သည်မို့ သူမနှင့် လင်းရွှေယာအကြောင်း သတင်းများ ပေါက်ကြားသွားပြီဆိုသည်ကို သိသည်။ ယခုဆို ဝေဖန်မှုများက အနည်းဆုံး ဆယ်ဆ တိုးလာပြီး လေးဘက်လေးလံမှ ပေါ်ထွက်လာသည်။
အပြင်မှာ သူမနောက်မှ လိုက်နေသည့် ပရိသတ်အများစုကမူ လင်းရွှေယာ၏ ပရိသတ်များဖြစ်ပြီး သူမကိုယ်စား တရားမျှတမှုကို ရှာဖွေရန် ဤနေရာသို့ ရောက်နေကြခြင်း ဖြစ်သည်။ ကျန်သည့်သူများမှာ ဟန်ရီရွှမ်၏ ပရိသတ်များနှင့် အခြားအမျိုးသားနာမည်ကြီးအချို့၏ ပရိသတ်များတို့ ဖြစ်သည်။ ၎င်းက တကယ်ကို အံ့မခန်း မြင်ကွင်းတစ်ခုပင်။
ဥပမာအားဖြင့် သူမက ‘လင်းယန် ဖျော်ဖြေရေးလောကမှ ထွက်သွား’ ဟု ရေးထားသည့် နဖူးစည်းများ အများကြီး တွေ့ရသည်။ စကားလုံးများဘေးမှာတော့ ဝေရွှီဖုန်း၏ ပရိသတ်များကို ကိုယ်စားပြုသည့် လေရဟတ်ပုံလေးများ ပါရှိသည်။ မလှမ်းမကမ်းမှာတော့ ‘လင်းယန်နှင့် ခွေးများ ငါတို့ အစ်ကိုနားကပ်ခွင့်မရှိ’ ဟု ရေးထားသည့် နဖူးစည်းများ ရှိသည်။ ထန်ကျားရဲကို ကိုယ်စားပြုသည့် အုန်းသီးလုံးပုံလေးများ ပါရှိသည်။ ‘လင်းယန်က မိုးကြိုးပစ်ခံရသင့်တဲ့ ခွေးမ’ ဟု ရေးထားသည့် နဖူးစည်းများကိုမူ ဟန်ရီရွှမ်၏ ပရိသတ်များက ကိုင်ထားကြသည်။
ကားမောင်းနေသည့် ပေယွီထန်က ထိုနဖူးစည်းများကို ကျယ်လောင်စွာ အော်ဖတ်ပြီး ကြည့်နေသည်။
“အစ်မကြီး ဒါက အရမ်းမိုက်တာပဲ။ အစ်မရဲ့ ကောလာဟလ ရည်းစားတွေက မာဂျောင်းစားပွဲတစ်လုံးကို ပြည့်အောင်လုပ်ဖို့တောင် လုံလောက်လိမ့်မယ်”
လင်းယန် သူ၏စကားကိုကြားတော့ မျက်နှာတည်သွားသည်။ သူ၏ လက်ရှိရည်းစားဖြစ်သည့် သူ၏အစ်ကိုလည်း ရှိနေသည်ကို သူ၏ ကောလာဟလ ရည်းစားများအကြောင်း ပြောရဲသည်ပေါ့။ သူ သူမကို သေစေချင်နေတာလား။
ပေယွီထန်က သူ မသင့်တော်သည့် စကားတစ်ခွန်း ပြောလိုက်မိပြီဆိုသည်ကို အလျင်အမြန် သဘောပေါက်သွားသည်။ စိတ်မသက်မသာဖြစ်နေသည့် တင်းမာမှုကို ဖြေလျော့ရန် ရေဒီယိုကို ဖွင့်လိုက်ပြီး ချောင်းဆိုးလိုက်သည်။
“အဟမ်း သီချင်းနားထောင်ရအောင်... ရေဒီယိုဖွင့်လိုက်ဦးမယ်...”
သီချင်းက ပြီးခါနီး၍ DJ က ယခု သတင်းများ စတင် ကြေညာတော့မည်။
သူမက “ဒီနေ့ ကျွန်မတို့ ကောလာဟလ ရည်းစားအများဆုံး အမျိုးသမီးနာမည်ကြီးအကြောင်း ပြောပြသွားမှာ ဖြစ်ပါတယ်...” ဟု ပြောလိုက်သည်။
လင်းယန်မှာ စကားပင်မပြောနိုင်တော့...
သူမကို မကောင်းသည့် ခံစားချက်တစ်ခု ရိုက်ခတ်လာသည်။ DJ က စကားဆက်ပြောလိုက်သည်။
“အားလုံး အဖြေကို သိကြမှာပါလို့ ကျွန်မယုံကြည်ပါတယ်။ သူကတော့ လင်းရွှေယာရဲ့ အစ်မလို့ ဖော်ထုတ်ခံရတဲ့ နာမည်ကြီး လင်းယန်ပါပဲ။ သတင်းရင်းမြစ်များအရ ရည်းစားစာရင်းမှာ ဟန်ရီရွှမ်၊ ရှန်းချောင်မူ၊ ထန်ကျားရဲ၊ ဝေရွှီဖုန်း... တို့ ပါဝင်ပါတယ်” ဟု ဆိုသည်။
ပေယွီထန်မှာ စကားပင်မပြောနိုင်တော့...
ပေယွီချန်မှာ စကားပင်မပြောနိုင်တော့...
လင်းယန်မှာ စကားပင်မပြောနိုင်တော့...
နာမည်တစ်ခုစီကို ကြေညာလိုက်တိုင်း လင်းယန်က သူမ၏ ပုံရိပ်ကို ဝုန်းခနဲ ရိုက်ချခံလိုက်ရသလို ခံစားရသည်။ သူမ မကြာခင်မှာပင် ပြာကဲ့သို့ ပြိုကျသွားတော့မလို ဖြစ်ခဲ့သည်။ ကားတိုက်မှုကြီးတစ်ခုကတောင် ၎င်းနှင့်ယှဉ်လျှင် ဘာမှမဟုတ်ပေ။
လင်းယန်က ပေယွီချန်၏ တုံ့ပြန်မှုကို ခိုးကြည့်ရန် ခက်ခက်ခဲခဲ လှည့်ကြည့်လိုက်သည်။ သူက အနေအထားမပျက်ဘဲ သူ့ခေါင်းကို အနည်းငယ်စောင်းပြီး ပြတင်းပေါက်အပြင်ကို ကြည့်နေသည်။
ထိုရူးသွပ်နေသည့် ပရိသတ်များကို တိတ်တိတ်ဆိတ်ဆိတ် ကြည့်နေသောအခါ သူ၏မျက်လုံးထဲတွင် ရစ်ဝဲနေသည့် ခံစားချက်များကို မည်သူမျှ နားမလည်နိုင်ခဲ့ပေ။ ပေယွီချန်က ပို၍ တည်ငြိမ်ပြီး လျစ်လျူရှုလေ လင်းယန်က ပို၍ ကြောက်ရွံ့လေပင်။
ပေယွီထန်လည်း အံ့အားသင့်နေပုံရသည်။ သူ့အစ်မကြီး၏ သတင်းက ရေဒီယိုဖွင့်ဖွင့်ချင်း ကြေညာလိမ့်မည်ဟု သူ လုံးဝမသိခဲ့ပေ။ ပေယွီထန်က လိုင်းပြောင်းရန် ခလုတ်များကို မှန်းဆနှိပ်လိုက်သည်။ သူ နောက်ထပ်ရေဒီယိုလိုင်းတစ်ခုကို ပြောင်းလိုက်သောအခါ သူတို့ နောက်ထပ်အသံတစ်ခု ကြားလိုက်ရသည်...
“မကြာသေးခင်က လင်းယန်က ထိပ်တန်းဆုရမင်းသား ပေရှုနန်နဲ့ အရှုပ်တော်ပုံဖြစ်နေခဲ့ပါတယ်…”
ပေရှုနန်မှာ စကားပင်မပြောနိုင်တော့...
လင်းယန်မှာ စကားပင်မပြောနိုင်တော့။
သူ သူမကို ရည်ရွယ်ချက်ရှိရှိ ရှင်းပစ်ဖို့ ကြိုးစားနေတာလား။