အခန်း (၇၁)
Vol. 6 Ch. 71
နောက်တစ်ယောက် ရောက်လာပြန်ပြီ။
ဂါးရက် လှည့်ကြည့်လိုက်ရာ ဝမ်းသာသွားတော့သည်။
"အကြီးအကဲ ဒေါ်နယ်လ်"
သူရင်းနှီးနေကျ မျက်နှာတစ်ခုပင်။
နတ်ဘုရားမ ဘုရားကျောင်းမှ အကြီးအကဲ ဒေါ်နယ်လ် ဖြစ်သည်။ ဂါးရက်သည် သူ၏ ယခင်စူးစမ်းရှာဖွေရေးအဖွဲ့နှင့် မှားယွင်းမှုများကြောင့် ဘုရားကျောင်းတွင် သူ့ကိုမျက်နှာသာပေးသည့် တစ်ဦးတည်းသောသူ ဖြစ်သည်။ အပြစ်ပေးခံရပြီးနောက်တွင် သူပါဝင်ခွင့် ပြန်လည်ရရှိပြီဟု ထင်ရသည်။
"အကြီးအကဲ ဒေါ်နယ်လ် ခင်ဗျားတို့ ဘုရားကျောင်းလည်း လာကူညီတာလား"
"ငါ ဒီနားက မတော်တဆ ဖြတ်သွားတာပါ" ဟု အကြီးအကဲ ဒေါ်နယ်လ်က လျင်မြန်စွာ လှမ်းဝင်လာသည်။ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ ဒဏ်ရာရသူများ၏ ကိုယ်ပေါ်ရှိ အမှတ်အသားအမျိုးမျိုးကို မြင်ပြီး သူ၏မျက်လုံးများ တောက်ပလာသည်။
"ဒီအစီအစဉ်က ကောင်းတယ်။ လူငယ်လေး ဂါးရက် မင်း ငါ့အကူအညီကို ဘယ်နေရာမှာ အလိုဆုံးလဲ"
"ဒီအမျိုးသမီးပဲ"
ဂါးရက်က ဗိုက်ကိုဖိထားသည့် သတ်လတ်ပိုင်း အမျိုးသမီးတစ်ဦးကို လက်ညှိုးထိုးပြလိုက်သည်။ အကြီးအကဲ ဒေါ်နယ်လ်က အောက်သို့ ငုံ့ကြည့်လိုက်ရာ မျက်မှောင်ချက်ချင်း ကုပ်သွားသည်။
"ဒီလိုဒဏ်ရာမျိုးက... ငါ မလုပ်နိုင်လောက်ဘူးထင်တယ်..."
"တတ်နိုင်သလောက် လုပ်ပါ။ အကြီးအကဲတွေ ရောက်လာဖို့ စောင့်ပါ"
"သူတို့ လာလိမ့်မယ်"
"ဟုတ်တာပေါ့"
အကြီးအကဲ ဒေါ်နယ်လ်ပင် ငြိမ်သက်သွားသည်။ သူနှင့် သူခေါ်လာသော အောက်ခြေ ဘုန်းတော်ကြီးနှစ်ပါးတို့ ဘေးချင်းကပ်ရပ်၍ ဆုတောင်းသံများ တီးတိုးရွတ်ဆိုနေကြသည်။ အဖြူရောင်အလင်းတန်းများ ဒဏ်ရာရသူများဆီသို့ လှမ်းကျလာသည်။ ဂါးရက်လည်း အနီးကပ် လေ့လာရန် အလျင်အမြန် သွားရောက်ကြည့်ရှုလိုက်သည်။ သတ်လတ်ပိုင်း အမျိုးသမီး၏ အခြေအနေက ကုသခြင်း ဆုတောင်းအောက်တွင် တဖြည်းဖြည်း တည်ငြိမ်လာသည်။ သို့သော်လည်း ဂါးရက် စိတ်ပူပန်ခြင်းမှ မလွတ်ကင်းနိုင်ခဲ့ပေ။
အတွင်းဒဏ်ရာတွေက မြန်မြန်ဆိုးလာတတ်တယ်။ အဆင့်မြင့်ပုဂ္ဂိုလ်တွေ ဘယ်တော့မှရောက်လာမှာလဲ။
သူတို့ လာနေကြသည်မှာ အမှန်ပင်။
ထိပ်ပြောင်ဘုန်းတော်ကြီးပင် သခင်ကြီးအိမ်တော်မှ ပြေးထွက်လာပြီး ခြံဝင်းထဲတွင် စုဝေးနေသော လူအုပ်ကို လှမ်းကြည့်လိုက်သည်။ ဤမျှထူထပ်သော လူအုပ်နှင့်ဆိုလျှင် ကိုယ်တိုင်တိုးဝှေ့သွားခြင်းထက် ပိုမြန်သောနည်းလမ်း မရှိတော့ပေ။
သူ အလုအယက် ပြေးထွက်လာစဉ် လေတစ်ချက် တိုက်ခတ်လိုက်ရာ အကြီးအကဲ အယ်လ်ဝင်းက သူ၏ဝတ်ရုံ တလွင့်လွင့်နှင့် သူ နောက်မှီအောင် လိုက်လာခဲ့သည်။
သူတို့ အချင်းချင်း ကြည့်လိုက်ကြပြီး စကားတစ်ခွန်းမှ မပြောဘဲ ပြေးထွက်သွားကြသည်။ ထိုအဖိုးကြီးက ထိပ်ပြောင်ဘုန်းတော်ကြီးထက် ပိုမနှေးစေရဘူးဟု ဆုံးဖြတ်ထားပုံရသည်။ သူပြေးသွားသည်မှာ ယုန်ထက်ပင်ပိုမြန်၏။
သို့သော် နတ်ဘုရားမ ဘုရားကျောင်းမှ အဓိကဘုန်းတော်ကြီးပင် အလျင်စလိုမရှိခဲ့ပေ။ သက်တောင့်သက်သာ ထရပ်ကာ သခင်ကြီး ဂျိုအန်နှင့်အတူ ထွက်လာခဲ့ပြီး မြင်းရထားအတွက် တန်းစီရန် အချိန်ယူနေသည်။
သခင်ကြီး၊ အဓိကဘုန်းတော်ကြီး၊ မှော်ဆရာများနှင့် စူးစမ်းလိုသော မှူးမတ်များအားလုံး စနစ်တကျ တန်းစီကာ ထွက်ခွာသွားကြသည်။ မှော်ဆရာ အယ်လယော့တ်ပင် လူအုပ်ကြားထဲတွင် တန်းစီနေသည့် အမျိုးသမီးတစ်ဦး၏ တရစပ် ပြောဆိုနေသံကို ကြားလိုက်ရသည်။
"အဲဒီကောင်လေးက ဘုန်းတော်ကြီးတပည့်လေးပဲ။ အဲဒါကို သူတို့က ကိုင်တွယ်ခိုင်းရင် အသက်ရှင်နိုင်တဲ့သူတွေတောင် အသက်ရှင်မှာ မဟုတ်တော့ဘူး"
ဂါးရက်သာ ထိုမှတ်ချက်ကို ကြားခဲ့မည်ဆိုပါက သူသေချာပေါက် ပြောမိမှာက
“လူတစ်ယောက်တည်းပဲ ဖြစ်ဖြစ် သူတို့ သေဆုံးသွားတာကို ငါမမြင်ချင်ဘူး”
သူသည် ထိုသတ်လတ်ပိုင်း အမျိုးသမီးကို အကြီးအကဲ ဒေါ်နယ်လ်ထံ အပ်နှံပြီး အမှောင်ဇုန်ဘက်သို့ အပြေးအလွှားသွားခဲ့သည်။ အနီရောင်နှင့် အဝါရောင်ဇုန်တို့က အရင်ကတည်းက စီမံပြီးသားဖြစ်သည်။
နောက်ဖက်မှာရှိတဲ့ နှစ်ယောက်ကို ကယ်ဆယ်ဖို့ အခွင့်အရေးရှိခဲ့မယ်ဆိုရင် ငါလုပ်ကိုလုပ်ရမယ်။
အမှောင်ဇုန်ထဲတွင် ဒဏ်ရာရသူနှစ်ဦးသာ ရှိသည်။ အရွယ်ရောက်ပြီးသား အမျိုးသားတစ်ဦးနှင့် မိန်းကလေးငယ်တစ်ဦးဖြစ်သည်။ သဘာဝနတ်ဘုရားဂိုဏ်းမှ ဘုန်းတော်ကြီးနှစ်ပါးဖြစ်ကြသော အန်သိုနီနှင့် ဂျိုအန်နာတို့က သူတို့ကို ကုသပေးနေကြသည်။ သူတို့၏ နဖူးများပေါ်တွင် ချွေးစက်များပင် စို့နေ၏။
ဂါးရက်က သူ့ခြေလှမ်းများကို ပိုမိုမြန်စေခဲ့သည်။ အမှောင်ဇုန်နှင့် ခြေလှမ်းအနည်းငယ်သာ ကွာတော့ချိန်တွင် ဂျိုအန်နာက "သူမ အသက်မရှူတော့ဘူး" ဟု အော်လိုက်သည်။
"လီလာ….လီလာ"
စူးရှသောအော်သံတစ်သံ ပဲ့တင်ထပ်သွားသည်။ ဂါးရက်၏ ရင်ဘတ်ထဲပင် တင်းကျပ်သွား၏။ သူရပ်တန့်လုနီးပါး ဖြစ်သွားပြီး နောက်သို့ လှည့်ကြည့်လိုက်တော့သည်။
ဒီမိန်းကလေးက... ငါ မတော်တဆဖြစ်ပွားရာနေရာမှာ မြင်ခဲ့ရတဲ့ အမျိုးသမီးရဲ့သမီးလား။ ခြေထောက်ကျိုးနေတဲ့ မိခင်က သူ့ဒဏ်ရာကိုဥပက္ခာပြုပြီး ကယ်ဖို့ကြိုးစားခဲ့တဲ့ ကလေးလား။ သူက 'အနက်ရောင်' လို့ မှတ်သားခဲ့တဲ့၊ အသက်မရှူ၊ နှလုံးခုန်မရှိတဲ့ ကလေးကို နောက်ပိုင်းမှ ကယ်ဆယ်ခဲ့တာလား။
ငါသာ ပိုမြန်ခဲ့ရင်... ငါသာ သူ့ကို ဦးစားပေးခဲ့ရင်... သူ့နှလုံးခုန်သံနဲ့ အသက်ရှူသံက အရင်ကထက် မြန်လာခဲ့တာပဲ။ သူ့ကိုသာ ချက်ချင်းကုသခဲ့မယ်ဆိုရင်... ဖြစ်ကောင်းဖြစ်နိုင်တာပေါ့...
ငါမှားသွားတာလား။
မဟုတ်ဘူး ငါမမှားဘူး….
ဂါးရက်သည် အံတင်းတင်းကြိတ်ကာ သူ့ခြေလှမ်းများကို ပိုမိုမြန်စေခဲ့သည်။ ကြီးမားသော ဘေးအန္တရာယ်များကြုံလာသောအခါ ဒဏ်ရာရသူများကို ခွဲခြားပြီး ကုသမှုကို ဦးစားပေးသည့် မူများက ရေတွက်၍မရနိုင်သော အတွေ့အကြုံများနှင့် စွန့်လွှတ်အနစ်နာခံမှုများမှ ဆင်းသက်လာသော အရာများဖြစ်ပြီး ဆရာဝန်တစ်ယောက်အနေဖြင့် မလွဲမသွေ လိုက်နာရမည့် စည်းမျဉ်းတစ်ခုဖြစ်ပြီး ကျော်လွန်၍မရပေ။
"ကုသရေး မန္တန်တွေကို ဆက်ရွတ်" ဟု သူ အော်ဟစ်ကာ အပြေးအလွှားရောက်လာသည်။ "သူမကို ကြည့်ခွင့်ပေးပါ။ သူမ ခုနကမှ အသက်မရှူတာလား"
"ဟုတ်ပါတယ်"
ဂျိုအန်နာက လျင်မြန်စွာ ပြန်ဖြေသည်။ ထိုဝါကျကိုသာ ပြောနိုင်ခဲ့ပြီးနောက် ဆုတောင်းရန် ခေါင်းငုံ့လိုက်သည်။ ဂါးရက်၏ မေးခွန်းက ဆက်လာသည်။
"သူမရဲ့ နှလုံးခုန်သံကရော"
ဂျိုအန်နာက သူမခေါင်းကို ပြင်းပြင်းထန်ထန် ခါလိုက်သည်။ သူမ စကားပြောရန် အချိန်မပေးနိုင်တော့ပေ။ သူမ၏ မျက်နှာတွင် နီမြန်းသော အစင်းကြောင်းသုံးကြောင်း ထင်နေပြီး စတစ်ကာများ အလင်းပျောက်သွားသကဲ့သို့ပင်။ သူမက လျင်မြန်စွာ ရွတ်ဆိုနေစဉ် ဂါးရက်က မိန်းကလေး၏ သွေးခုန်နှုန်းကို သူ့လက်ဖြင့် ဖိစစ်ကြည့်လိုက်သည်။ ထို့နောက် သူမ၏ လည်ပင်းကို စစ်ဆေးသည်။ သူ၏ ရင်ဘတ် တင်းကျပ်သွားပြီးမှ ပြေလျော့သွားသည်။
နှလုံးခုန်သံ ရုတ်တရက် ရပ်တန့်သွားခြင်းပင်။
သို့သော် သူ၏ လက်ချောင်းများအောက်ရှိ သွေးခုန်နှုန်းက မိန်းကလေး သွေးအကုန်စီးမထွက်သေးကြောင်း ဖော်ပြနေ၏။
မျှော်လင့်ချက်ရှိသေးတယ်။ သူမကို ကယ်ဖို့ မျှော်လင့်ချက်ရှိသေးတယ်….
"ကုသရေး မန္တန်တွေကို ဆက်လုပ်ထား။ ဒီကနေ ငါ ဆက်လုပ်မယ်"
မိန်းကလေးငယ်လေးသည် အရက်ဆိုင်၏ ရှည်လျားသော စားပွဲပေါ်တွင် ဖြူဖျော့ပြီး လှုပ်ရှားမှုမရှိဘဲ လဲလျောင်းနေသည်။ သူမ၏ နှာခေါင်းပေါက်များက လည်း လှုပ်ရှားမှု မရှိပေ။ ဂါးရက်က စားပွဲ၏ အမြင့်ကို တစ်ချက်ကြည့်လိုက်ပြီး သူ့ကိုယ်သူ မိန်းကလေး၏ ဘေးနှစ်ဖက်တွင် ဒူးထောက်လိုက်သည်။
"CPR လုပ်ရမယ်။ မင်းတို့တွေ သူမကို CPR လုပ်ပေး"
သူတို့အား ယခင်က ပေးထားခဲ့သော CPR လေ့ကျင့်မှုအတွက် ကျေးဇူးတင်ရပေမည်။ သူတို့သည် ရင်ဘတ်ဖိနှိပ်ခြင်းကို လုပ်ဆောင်ရန် မလိုအပ်ဘဲ အသက်ရှူခြင်းကိုသာ အာရုံစိုက်ရမည်ဖြစ်သည်။ အားမပျော့စေနဲ့…
တစ်၊ နှစ်၊ သုံး... နှစ်ဆယ့်ကိုး၊ သုံးဆယ်…
"အသက်ရှူ"
ဂါးရက်က ဟိန်းခနဲ အော်လိုက်သည်။ ဂျိုအန်နာက လျင်မြန်စွာ ငုံ့လိုက်ပြီး မိန်းကလေး၏ ခေါင်းကို နောက်သို့လှန်ကာ သူမ၏ နှာခေါင်းကို ပိတ်လိုက်သည်။ သူမက လေကို ပြင်းပြင်းရှူသွင်းပြီး သူမ၏ နှုတ်ခမ်းများကို မိန်းကလေး၏ နှုတ်ခမ်းများပေါ်သို့ တေ့ကာ အားဖြင့် လေမှုတ်သွင်းလိုက်သည်။
ဂါးရက်က မိန်းကလေး၏ ရင်ဘတ်ကို အာရုံစိုက် ကြည့်နေသည်။
တစ်ခါ၊ နှစ်ခါ၊ ရင်ဘတ်ဖိနှိပ်ခြင်းကို ဆက်လုပ်
ရင်ဘတ်ဖိနှိပ်ခြင်း အကြိမ်သုံးဆယ်၊ နှစ်ကြိမ် အသက်ရှူသွင်းခြင်း၊ နောက်ထပ် ရင်ဘတ်ဖိနှိပ်ခြင်း အကြိမ်သုံးဆယ်၊ နှစ်ကြိမ် အသက်ရှူသွင်းခြင်း…..
မရပ်မနားဘဲ ဆက်တိုက်လုပ်….
စားပွဲကမာကျောပြီး တစ်မိနစ်နှစ်မိနစ်အတွင်းမှာပင် ဂါးရက်၏ ဒူးများမှာ ဓားဖြင့်ထိုးခံရသကဲ့သို့ နာကျင်လာသည်။ သူသည် အသက်တစ်ခါရှူပြီး ငါးကြိမ်အလှည့်ကျ လုပ်ဆောင်ခဲ့သည်။ သူ့လက်မောင်းများ နာကျင်ပြီး ချွေးများ စီးကျနေသော်လည်း သူ မရပ်ရဲပေ။
သွေးခုန်နှုန်းစစ်…အသက်ရှူစစ်…အသက်ပြန်မရှူသေးဘူး…
ဆက်လုပ်…
လမ်းညွှန်ချက်များအရ CPR တွင် ရင်ဘတ်ဖိနှိပ်သူကို ၂ မိနစ်တိုင်း သို့မဟုတ် ငါးကြိမ် အလှည့်ကျ ပြောင်းလဲရန် အကြံပြုထားသည်။ သို့သော် ဂါးရက်က အခြားသူများကို လွှဲပြောင်းရန် မရဲသေးပေ။ လက်မှတ်ရ ဆရာဝန်များပင် သူတို့၏ ပထမဆုံး ကယ်ဆယ်ရေးကြိုးပမ်းမှုတွင် အမှားလုပ်မိနိုင်သည်။ ဟောပြောပွဲများသာ တက်ခဲ့ဖူးသော ဤဘုန်းတော်ကြီးများ ဆိုလျှင် ဝေးရော….
ဇွဲမလျှော့နဲ့ ဆက်သွား…
လီလာလေးရဲ့ အသက်က ငါ့လက်ထဲမှာရှိနေတာ။
ဆက်လုပ်ထား ဂါးရက်..
မင်း လုပ်နိုင်တယ်၊ မင်း သေချာပေါက် လုပ်နိုင်တယ်။ ဝါရင့် ကုသသူတွေတောင် တစ်နာရီကျော်ကြာ တစ်ယောက်တည်း ဇွဲမလျှော့ဘဲ လုပ်ဆောင်ခဲ့ကြပြီး သေမင်းတံခါးဝကနေ လူတွေကို ပြန်ဆွဲထုတ်ခဲ့ကြတာပဲ။
အင်အားဖြည့်တင်း ကူညီသူတွေ ဘယ်တော့မှ လာမှာလဲ။
အံတင်းတင်းကြိတ်ကာ ဂါးရက်က သူ့အင်အားအကုန်ဖြင့် ဖိချလိုက်သည်။
အောက်..အပေါ်…အောက်…အပေါ်…
သူ့နဖူးမှ ချွေးစက်များ မိန်းကလေးငယ်လေးပေါ်သို့ စီးကျလာသည်။ ဂျိုအန်နာက သူ့ကို တစ်ချက်ကြည့်လိုက်သည်။ စကားပြောရန်ပင် အချိန်မရဘဲ သူမ၏ ဆုတောင်းများကို ပိုမိုမြန်ဆန်စွာ ရွတ်ဆိုနေသည်။
"ငါရောက်ပြီ"
တံခါးဝမှ အော်သံတစ်သံထွက်လာ၏။
အကြီးအကဲ အယ်လ်ဝင်းက အပြေးအလွှားဝင်လာပြီး သူ့နောက်မှ ထိပ်ပြောင်ဘုန်းတော်ကြီးက ကပ်ပါလာသည်။ သူတို့က အခြေအနေကို အကဲဖြတ်ပြီး ဂါးရက်၏ ဘေးသို့ အလျင်အမြန်သွားကာ သိမ်မွေ့ပြီး ကြွယ်ဝသော အလင်းရောင်များ ရွာသွန်းဖြိုးကျလာသည်။
သူတို့ကို ဂရုမစိုက်ဘဲ ဂါးရက်က အံတင်းတင်းကြိတ်ကာ ဖိနှိပ်ခြင်းများကို ဆက်လုပ်နေသည်။ CPR တစ်ကြိမ်ပြီးနောက် နောက်တစ်ကြိမ် ထပ်စစ်ဆေးကြည့်သည်။ လီလာ၏ လည်ပင်းအောက်သို့ သူ့လက်ချောင်းများကို ထားလိုက်ရာ ဂါးရက်ထံသို့ ကြီးမားသော ပျော်ရွှင်မှုလှိုင်းလေးတစ်ခုဖြင့် လွှမ်းခြုံသွားတော့သည်။
သူ၏ လက်ချောင်းများအောက်တွင် အသက်ဓာတ်ရှိနေပြီး တည်ငြိမ်စွာ ခုန်နေ၏။
မိန်းကလေးရဲ့ နှလုံးခုန်သံ…..ပြန်ခုန်လာပြီ….
သူမ အသက်ရှင်ပြီ...
သူမ အသက်ရှင်ပြီ။
ဂါးရက် သက်ပြင်းချကာ စားပွဲပေါ်မှ ဆင်းရန် ရုန်းကန်လိုက်သည်။ သို့သော် သူ လှုပ်ရှားလိုက်သည်နှင့် သူ့ဒူးများမှ ပြင်းထန်သော နာကျင်မှုက တရစပ်ပွင့်ထွက်လာပြီး သူ့ကိုယ်ခန္ဓာသည် ဘေးသို့ ပုံကျကာ စားပွဲဘေးရှိ မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။