အခန်း (၇၅)
Vol. 6 Ch. 75
လူအုပ်ပြုံတိုးမှုဖြစ်ရပ်ကြောင့် ဂါးရက်က ညနေအထိ အလုပ်များနေခဲ့သည်။ ဒဏ်ရာရရှိသူများက ကုသခြင်းမန္တန်အောက်တွင် တစ်ဦးပြီးတစ်ဦး ချက်ချင်းပြန်လည်ကျန်းမာလာကြပြီး ကိုယ်တိုင်ထွက်သွားကြသည် သို့မဟုတ် မိသားစုများက လာရောက်ခေါ်ဆောင်သွားကြသည်။ ဆိုင်အပြင်ဘက်တွင် ဘုန်းတော်ကြီးတစ်ပါးက ရပ်၍ ပြန်လည်ထွက်ခွာသူ တစ်ဦးစီကို သတိပေးနေသည်။
"ကုသခြင်းမန္တန်က ခန္ဓာကိုယ်ကို သိသိသာသာ ထိခိုက်စေတယ်။ ပြန်ရောက်ရင် ကိုယ့်ကိုယ်ကို အလွန်အကျွံ အားမထုတ်မိအောင် သတိထားပါ။ ကောင်းကောင်းစားဖို့ မမေ့ပါနဲ့..."
ပြီးတော့ ဘာဆက်ဖြစ်တာလဲ။ ဒီလိုပဲ ထွက်ခွါခွင့်ပြုလိုက်တာလား။
ဂါးရက်က လူနာတစ်ဦးပြီးတစ်ဦး ထွက်ခွာသွားသည်ကို ပါးစပ်အဟောင်းသားဖြင့် ဖြည်းဖြည်းချင်း ကြည့်နေသည်။
နောက်ဆက်တွဲလူနာစောင့်ရှောက်မှု မရှိသလို ပြန်လည်လာရောက်ပြသရန် မလိုပေ။
ဆေးမှတ်တမ်းများ စုစည်းရန်ပင် မလိုအပ်ချေ။
အိုး ဒီကမ္ဘာမှာတော့ အရာအားလုံးကို ကုသခြင်းမန္တန်တွေနဲ့ လုပ်ဆောင်တာဆိုတော့ လူနာတွေက အမြန်ဆုံးပြန်ကောင်းပြီး သူတို့ဘာသာ ပြန်သွားကြတယ်၊ မှတ်တမ်းတွေ ဘာမှမလိုဘူး...
ဆေးမှတ်တမ်းမရှိတဲ့ ကမ္ဘာ။ ဒါက ကောင်းကင်ဘုံပဲ ညလုံးပေါက် ကယ်ဆယ်ရေးလုပ်ပြီးနောက် ဆေးမှတ်တမ်း ဒါဇင်ပေါင်းများစွာကို မျက်လုံးမှိတ်ပြီး ကြည့်နေရတာ၊ စည်းမျဉ်းစည်းကမ်းတွေအတိုင်း အပြည့်အစုံ စနစ်တကျ စုစည်းထားရတာက ဘယ်လောက်တောင် အိပ်မက်ဆိုးဆန်လဲ။
ဆေးမှတ်တမ်းများကို စနစ်တကျ မှန်မှန်ကန်ကန် ထိန်းသိမ်းခြင်းက အလွန်အရေးကြီးသည့်အချက်ပင်။
ဆေးမှတ်တမ်းတွဲတစ်ခုလုံးတွင် ရှေ့စာမျက်နှာ၊ ဆေးမှတ်တမ်း၊ စစ်ဆေးမှုစာရွက်များ၊ ပုံများ၊ ခွဲစိတ်မှုမှတ်တမ်းများ၊ သဘောတူညီချက်ပုံစံများ စသည့် အချက်အလက်အားလုံးကို စနစ်တကျ ပြည့်စုံစွာ ထည့်သွင်းထားရမည်။
စစ်ဆေးမှုစာရွက်များကို သွေး၊ ဆီး၊ ဝမ်းစစ်ဆေးမှုများ၊ အသည်းနှင့် ကျောက်ကပ်လုပ်ဆောင်မှု (LFT/RFT)၊ သွေးခဲမှု၊ အသည်းရောင်အသားဝါ စသည်တို့ကဲ့သို့ သက်ဆိုင်ရာအလိုက် သီးခြားခွဲ၍ စနစ်တကျ စီစဉ်ထားရမည်။ စာရွက်တစ်ရွက်စီကို ညီညီညာညာဖြစ်အောင် စီစဉ်ပြီး၊ နောက်စာရွက်ကို ယခင်စစ်ဆေးမှု၏ နံပါတ်စဉ်အောက်တွင် မြဲမြဲဖိထားရန် လိုအပ်သည်။
ဆရာဝန်၊ လူနာနှင့် သူနာပြု တို့၏ လက်မှတ်များပင် တစ်ခုမျှ မကျန်စေဘဲ ပြည့်စုံနေရမည်ဖြစ်သည်။ ဆေးဘက်ဆိုင်ရာဌာနမှ ကျပမ်းစစ်ဆေးမှုများ ပြုလုပ်သည့်အခါ ဆေးမှတ်တမ်းတစ်ခုတည်း မှားယွင်းနေသည်ကို တွေ့ရှိပါကပင် ဒဏ်ငွေရာဂဏန်းမှ စတင်၍ ချမှတ်ခံရနိုင်သည်။ ထို့ကြောင့် မှတ်တမ်းအားလုံး မှန်ကန်တိကျရန် မဖြစ်မနေ လိုအပ်သည်။
ဒါပေမဲ့ မှတ်တမ်းတွေမရှိရင် အတွေ့အကြုံတွေနဲ့ သင်ခန်းစာတွေကို ဘယ်လိုအကျဉ်းချုပ်နိုင်မလဲ။
ဂါးရက်က ဆေးရုံဖွင့်မယ်ဆိုရင် ဆေးမှတ်တမ်းစနစ်ကို မြှင့်တင်သင့်၊ မသင့် စဉ်းစားရင်း စိတ်ပူနေခဲ့သည်။
ဒဏ်ရာရရှိသူများနှင့် သူတို့၏ မိသားစုများ ထွက်ခွာသွားချိန်တွင် ရရှိသည့် ကုသကြေးကြောင့် အနည်းဆုံးတော့ အခြေအနေ ကောင်းမွန်ခဲ့သည်။ လူနာများမှာ အလွန်ပင် ကျေးဇူးတင်ကြပြီး၊ အချို့က သူတို့၏ ပိုက်ဆံအိတ်များကို ချက်ချင်း ထုတ်ပေးကြကာ အချို့မှာ ဘုရားကျောင်းသို့ လှူဒါန်းပါမည်ဟု အကြိမ်ကြိမ် ကတိပြုခဲ့ကြသည်။ ဂါးရက်က ဘယ်ညာကြည့်ရှုပြီး အကြီးအကဲ အယ်လ်ဝင်း ဝီလ်ကင်ဆန် ဘေးနားသို့ တိတ်တဆိတ် ချဉ်းကပ်ကာ သူ၏လက်မောင်းကို ဆွဲလျက် "ကျွန်တော်တို့ အဖွဲ့မှာ ဘုရားကျောင်း မရှိဘူးမလား" ဟု မေးလိုက်သည်။
“တိတ်စမ်း” ဟု အကြီးအကဲ အယ်လ်ဝင်းက သူ့အား တိတ်ဆိတ်စေခဲ့သည်။
ထိုအတောအတွင်း မှော်ဆရာ ဂယ်မန်က သွက်လက်စွာ လှမ်းလာပြီး သူတို့ဘေးတွင် ရပ်လိုက်သည်။
"အကြီးအကဲ ကုသမှု ပြီးပြီလားခင်ဗျ။ ဒီနေ့ သူ့ကို ပြန်ခေါ်သွားရပါမယ်၊ ကောင်စီရဲ့ မှော်ဆရာဂိုဏ်းချုပ် ရောက်လာပြီ၊ အကဲဖြတ်ခြင်းကို နှစ်ရက်အတွင်း စတင်ဖို့ သတ်မှတ်ထားပါတယ်"
မှော်ဆရာတပည့်၏ စွမ်းအင်အများစုကို ကုသခြင်းမန္တန်များတွင်သာ အာရုံစိုက်နေမှုတို့မှာ အလွန်ပင် စိတ်ပျက်ဖွယ် ကောင်းလှသည်။ ပရိယာယ်များစွာ သင်ယူနေသော်လည်း သူတို့၏ စွမ်းအားကို မည်သို့မြှင့်တင်ရမည်ကို မစဉ်းစားဘဲ ကုသရန်နှင့် ပျောက်ကင်းအောင် မည်သို့အသုံးပြုရမည်ကိုသာ စဉ်းစားနေခြင်းက လုံးဝမသင့်တော်ချေ။
သူ၏ ဆရာက အကဲဖြတ်သူ ဖြစ်သော်လည်း သူသည် ထိုအကဲဖြတ်မှုကို ခံနိုင်ရည်ရှိမည်ဟု အာမခံနိုင်မည် မဟုတ်ပေ။
ဂါးရက်အား သုံးလှမ်းတစ်လှမ်းဖြင့် မှော်မျှော်စင်သို့ ပြန်လည်ဆွဲခေါ်ခဲ့သည်။ ဆေးမှတ်တမ်းများ မရေးခဲ့ရခြင်း၊ ကုသမှုအတွက် ငွေကြေးများ မစုဆောင်းခဲ့ရခြင်း၊ လမ်းများ ရှင်းလင်းခြင်းနှင့် ကပ်ရောဂါများ ကာကွယ်ခြင်းအတွက် အရေးပါသော ပုဂ္ဂိုလ်တစ်ဦးကို မစည်းရုံးနိုင်ခဲ့ခြင်းတို့ကြောင့် သူသည် နေရာတိုင်းတွင် စိတ်မသက်မသာ ဖြစ်နေခဲ့ရသည်။
အကဲဖြတ်သူက ဘယ်သူလဲ။
ဒါနဲ့ အကဲဖြတ်တာကို ဘယ်သူတာဝန်ယူတာလဲ။
ဤမေးခွန်း၏ အဖြေမှာ လျင်မြန်စွာ ပေါ်ထွက်လာခဲ့သည်။ မြင်းရထားက မှော်မျှော်စင်ရှေ့တွင် ရပ်တန့်သည်နှင့်တစ်ပြိုင်နက် အတွင်းမှ လူများ ဆင်းသက်လာခဲ့သည်။ ထိုစဉ် လူ့အမြောက်လုံးတစ်လုံးကဲ့သို့ ပြေးထွက်လာသော ကလေးငယ်တစ်ဦးသည် မှော်ဆရာ ဂယ်မန်နှင့် မြင်းရထားအတူစီးလာသော မှော်ဆရာအဖိုးအိုကြီးထံ တန်းတန်းမတ်မတ် ပြေးသွားပြီး "အဘိုး အဘိုး အဘိုး နောက်ဆုံးတော့ ရောက်လာပြီ။ ဒီလအနည်းငယ်က အရမ်းပျင်းဖို့ ကောင်းနေတာ~~~" ဟု အော်ဟစ်ခဲ့သည်။
ဂါးရက် သေချာကြည့်လိုက်ရာ ထိုသူမှာ ဆိုးသွမ်းသော ကလေးငယ်ပင်။
သူသည် ဂါးရက်ကဲ့သို့ပင် မှော်ဆရာတပည့်တစ်ဦးဖြစ်သော်လည်း ဒုတိယထပ်တွင် နေထိုင်ခြင်းမရှိဘဲ ပဉ္စမထပ်တွင် နေထိုင်သူဖြစ်သည်။ ထိုနေရာသည် မှော်ဆရာများနှင့် ဂုဏ်သရေရှိ ဧည့်သည်များအတွက် သီးသန့်ထားရှိသော နေရာဖြစ်ပြီး မှော်ဆရာ ဂယ်မန်နှင့်အတူ နေထိုင်ခဲ့သူပင်။
မှော်ဆရာတပည့်များ ဖတ်ရှုရန် လိုအပ်သော စာအုပ်များကို ဤဆိုးသွမ်းသော ကလေးငယ်က အချိန်အများစု သယ်ပေးရသည်။ သူ စာဖတ်လိုသည့်အခါတိုင်း အပေါ်ထပ်သို့တက်ကာ ချော့မော့မှုများစွာ ပြုလုပ်ပြီးမှသာ ရရှိလေ့ရှိပြီး အမြဲတမ်းလည်း အောင်မြင်ခြင်း မရှိသောကြောင့် အမှန်တကယ် စိတ်ရှုပ်စရာ ကောင်းလှသည်။
ဂါးရက် စိတ်ထဲကနေ မျက်လုံးလှန်လိုက်သည်။ မှော်ဆရာအဖိုးအိုကြီးက သူ၏ မြေးကို အလွန်ချစ်မြတ်နိုးပုံရသည်။ မြေးဖြစ်သူ အမြောက်လုံးကဲ့သို့ ပြေးလာသည်ကို မြင်သောအခါ မှော်ဆရာအဖိုးအိုကြီး၏ လက်ထဲတွင် အလင်းတန်းလေးတစ်ချက် လျှပ်ခနဲဖြစ်သွားပြီး မန္တန်တစ်ခုခုကို ရွတ်ဆိုခဲ့သည်။ ထို့နောက် သူ၏မြေးကို တည်တည်ငြိမ်ငြိမ် ဖမ်းလိုက်ပြီး မြှောက်ကာ လှည့်ပတ်လိုက်သည်။
"အဘိုးရဲ့ ဂျော့ချ်လေး… ဒီလအနည်းငယ် ဘယ်လိုနေလဲ။ မန္တန်အနည်းငယ် သင်ယူပြီးပြီလား။ ထူးချွန်မှုတွေ ရခဲ့လား"
"ဘာမှမရဘူး"
မျက်နှာဖောင်းဖောင်းရှိသော ကလေးငယ်၏မျက်နှာက ရှုံမဲ့သွားတော့သည်။ အဖိုးကြီး၏ လက်ထဲကနေ ရုန်းကန်ပြီး လွတ်မြောက်ကာ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
"အဘိုးက ထူးချွန်မှုပဲ ဂရုစိုက်တာ ထူးချွန်..ထူးချွန်..ထူးချွန်..လမ်းလျှောက်ထွက်တာနဲ့ ထူးချွန်မှုရလိမ့်မယ်လို့ ကတိပေးပြီး ကျွန်တော့်ကို အတင်းဆွဲထုတ်လာပြီး ဒီမှာထားခဲ့တာ။ ကောင်းကောင်းမစားရဘူး၊ ကောင်းကောင်းမနားရဘူး၊ ဘယ်လိုလုပ် ထူးချွန်နိုင်မှာလဲ"
ဂါးရက်: "..."
ဂါးရက်၏ အမြင်တွင် မှော်မျှော်စင်၏ အခြေအနေများက အတော်ပင် ကောင်းမွန်သည်ဟု ထင်ရသည်။ ထို့အပြင် ကောင်းကောင်းမစားရ၊ မနားရဘူးဆိုသော ဆင်ခြေက ဘာကြီးလဲ။
အခြားထိပ်တန်းပုဂ္ဂိုလ်ကြီးများမှာ စွန့်စားခန်းများတွင် အခက်အခဲများ ရင်ဆိုင်ပြီး အရေးကြီးသောအချိန်များတွင် ထူးချွန်မှုများ ရရှိခဲ့ကြသည် မဟုတ်ပါလား။
ဂါးရက် ခေါင်းငုံ့လိုက်ပြီး သူ မရှိသကဲ့သို့ ဟန်ဆောင်ကာ အဖိုးကြီး၏ ဆူပူသံနှင့် ကလေးငယ်၏ ဒေါသထွက်နေသောအသံများကို နားထောင်နေခဲ့သည်။ ဘယ်မှညာသို့ တိတ်တဆိတ် ကြည့်လိုက်ရာ မှော်ဆရာ အယ်လယော့တ်နှင့် မှော်ဆရာ ကာရင်တို့ တစ်ဖက်တစ်ချက်စီတွင် မျက်လုံးများနှင့် နားများ ရုတ်တရက် ချို့ယွင်းသွားသကဲ့သို့ ရှေ့ကို စိုက်ကြည့်နေကြသည်။
မှော်ဆရာ ဂယ်မန်ပင် ဝင်ရောက်မစွက်ဖက်ခဲ့ပေ။ သူခဏတာ စောင့်ကြည့်နေပြီး အဘိုးအဘွားနှင့် မြေးနှစ်ဦး တည်ငြိမ်လာသောအခါမှ ရှေ့သို့ တိုးလာပြီး အကြံပေးခဲ့သည်။
"မှော်ဆရာ ထူးချွန်မှုတွေက အခွင့်အရေးကို ဖမ်းဆုပ်တာပဲ... ဂျော့ချ်က ငယ်ပါသေးတယ်။ ဆယ်နှစ်သားမှာ မှော်ဆရာတပည့် ဖြစ်နေတာက တော်တော်ကို ထူးခြားနေပါပြီ။ ဒါ့အပြင် ဒီလအနည်းငယ်က သူ တကယ်ကြိုးစားခဲ့ပါတယ်..."
"သူ့ကို ငါမသိဘူး"
မှော်ဆရာအဖိုးအိုကြီးက ပြင်းပြင်းထန်ထန် နှာမှုတ်လိုက်သည်။
"လအနည်းငယ်အတွင်းမှာ တခြားသူတွေက ဘာမှမရှိဘဲ စတင်ပြီး မှော်စာလုံးတောင် မသိတာတောင် မှော်ဆရာတပည့်ရဲ့ အမြင့်ဆုံးအဆင့်ကို ထိုးဖောက်နိုင်ပြီး ကုသခြင်းပညာကိုပါ သင်ယူကြတယ်။ ဒါပေမဲ့ သူကတော့ ငါထွက်သွားတုန်းကလည်း အတူတူပဲ၊ ငါပြန်လာတော့လည်း အတူတူပဲ"
ဂါးရက်: "……"
မဖြစ်နိုင်ဘူး။ အဘိုးကြီးရယ် ခင်ဗျားမြေးကို ကြိုက်သလောက် ဆူနိုင်ပါတယ် ဒါပေမဲ့ ကျွန်တော့်ကို ပစ်မှတ်လာမထားနဲ့လေဗျာ….
အဘိုး နှိုင်းယှဉ်နေတဲ့ တစ်ခြားသူရဲ့ ကလေးဖြစ်ချင်စိတ် မရှိဘူး။
ဆိုးသွမ်းသည့် ကလေးလေးက ဂါးရက်ကို ပြင်းပြင်းထန်ထန် စိုက်ကြည့်ပြီး မျက်လုံးလှန်ပြပြီး လျှာထုတ်ကာ မျက်နှာရှုံ့မဲ့ပြလိုက်သည်။
မျက်နှာရှုံ့မဲ့ပြီးနောက် သူ၏ ညာလက်ကို ပါးပြင်နားသို့ မြှောက်ကာ ဂါးရက်ဘက်သို့ ချိန်ရွယ်ပြီး လေထဲတွင် ခဏခဏ ကုတ်ခြစ်ပြနေသည်။
သူ့အမူအရာအရ သူ့လက်ဖျားကနေ မှော်ဓားတွေ ထွက်လာနိုင်ရင် ဂါးရက်ကို ချက်ချင်း ဖမ်းချုပ်ထားလိမ့်မည်ပင်။
“ဒီသောက်ကလေးကတော့…”
ဂါးရက် ခေါင်းငုံ့လိုက်ပြီး မမြင်ဟန်ဆောင်လိုက်သည်။
ဒေါသကို မဖြေနိုင်တော့သည့်အခါ ထိုကလေးက ခြေဆောင့်ပြီး အော်လိုက်သည်။
"အဘိုးက ကျွန်တော့်ကို သူများတွေနဲ့ပဲ နှိုင်းယှဉ်တာပဲ။ ဆယ်ရီနာ ထူးချွန်လာတော့ ကျွန်တော် ကြိုးစားမှုမရှိဘူး ပြောတယ်။ အလက်ဇန္ဒား မှော်ပညာအသစ်သင်တော့ ကျွန်တော်ကို ဆိုးတယ် ပြောတယ်။ ကျွန်တော် ဆယ်နှစ်ပဲ ရှိသေးတယ်ဗျ ဆယ်နှစ်ပဲ။ ကျွန်တော် ၁၆ နှစ်ရောက်ရင် အဆင့် ၂ မှော်ဆရာ ဖြစ်နေလိမ့်မယ်"
မှော်ဆရာအဖိုးအိုကြီးက သက်ပြင်းချလိုက်သည်။ သူသည် သူ့မြေး၏ ပါးဖောင်းဖောင်းများကို ညှစ်လိုက်ပြီး သူ့ကို လှည့်လိုက်သည်။
"ကိုယ့်ကိုယ်ကို သူများနဲ့ မနှိုင်းယှဉ်နဲ့။ သူတို့ရဲ့ အခြေအနေတွေက ဘာတွေလဲ။ မင်းရဲ့ အခြေအနေတွေက ဘာတွေလဲ။ သူများတွေက လွန်ခဲ့တဲ့ နှစ်လလောက်ကမှ မှော်စာလုံးတွေကို စသင်နိုင်ခဲ့တာ၊ မင်း ကလေးလေးတုန်းကတော့ ပျော်ဖို့အတွက် မှော်စာအုပ်တွေကို ဆုတ်ဖြဲခဲ့တာ။ မင်းက သူများတွေထက် နှေးကွေးနေပြီး တိုင်တန်းဖို့ အကြောတင်းနေတုန်းပဲ"
ဂျော့ချ်သည် အလိမ်ခံလိုက်ရသောကြောင့် မျက်ရည်ဝဲနေ၏။
နာကျင်မှုကြောင့်လား ဒေါသကြောင့်လား မသိပေ။ သူ မှော်ဆရာအဖိုးအိုကြီးကို အားကုန်တွန်းထုတ်လိုက်ပြီး "ကျွန်တော် အဘိုးကို အမုန်းဆုံးပဲ" ဟု အော်ဟစ်လိုက်သည်။
ထို့နောက် ဦးတည်ရာပြောင်းပြီး မှော်မျှော်စင်ထဲသို့ ဝင်သွားတော့သည်။
မှော်ဆရာအဖိုးအိုကြီးက ခေါင်းကို မကူညီနိုင်စွာ ခါလိုက်သည်။ ဂယ်မန်ဘက်သို့ လှည့်လိုက်ပြီး သူ သက်ပြင်းချကာ ပခုံးတွန့်လိုက်သည်။
"ဒီလအနည်းငယ်က ဒီကလေးက မင်းကို ဒုက္ခပေးခဲ့တယ်မလား။ ကဲ ဒီနှစ်ရဲ့ အကဲဖြတ်ခြင်းကို မြန်မြန်ဆန်ဆန် ပြီးအောင်လုပ်ကြရအောင်။ ဒီနေ့ပြီးတာနဲ့ မနက်ဖြန် ဂျော့ချ်ကို ငါခေါ်သွားမယ်"
"ဒါ... မှော်ဆရာ၊ ဒီနေ့က ညဉ့်နက်နေပါပြီ။ နားပြီး မနက်ဖြန်မှ အသစ်ပြန်စတာ ပိုမကောင်းဘူးလား"
"မနက်သေးပါဘူး။ ဒါက မင်းရဲ့ ပထမဆုံး အကဲဖြတ်ခြင်း မဟုတ်ဘူးလား။ ပရောဂျက်တွေကို မင်းသိတယ်။ တစ်ခုပြီးတစ်ခု လုပ်သွားကြမယ်၊ ရပြီလား"